ဒီနေ့တော့ ဂျွန်မြောင် အစောကြီးနိုးလာခဲ့သည်။
သေချာတာပေါ့...ဂျွန်မြောင့်ဘာသာနိုးလာခြင်းတော့ မဟုတ်။ အထက်တန်း ပထမနှစ်တုန်းက ဂျွန်မြောင် တွဲခဲ့သည့် ရည်းစားဟောင်းက ဖုန်းဆက်၍ နိုးလာခြင်းသာ။
လက်ရှိဂျွန်မြောင်ရောက်နေသည်က ၂၀၀၅ ခုနှစ် ဂျူလိုင်လ ဆယ်ရက်..။
တနင်္ဂနွေနေ့ဖြစ်သလို သူနှင့် အွန်းဟယ်တို့ ပထမဆုံး တွေ့ဆုံရန် ချိန်းဆိုသည့်နေ့လည်းဖြစ်သည်။
အရင်ဂျွန်မြောင်သာဆိုရင်တော့ မနက်၆နာရီလောက်ထဲက ထကာ ကော်ဖီဆိုင်ကို တစ်နာရီလောက် စောရောက်နေမှာ အသေအချာ။ ပန်းတစ်ပွင့်နှင့်အတူ "အစ်ကို့ကိုသတိရပေးနော်" ဘာညာပင် ရေး၍ပေးမိဦးမည်ထင်သည်။
အခုဂျွန်မြောင်ကတော့ ရီရှင်းကိုသာ လိုတော့သည်မို့ ကော်ဖီဆိုင်အစား အင်ချွန်းကိုသွားရန် ဆုံးဖြတ်လိုက်သည်။ အွန်းဟယ်ကိုတော့ နေမကောင်းဟု အကြောင်းပြချက်ပေးလိုက်သည်။ အတိတ်ဘဝက လုံလုံလောက်လောက် ဂရုစိုက်ပေးခဲ့သည်မို့ ရီရှင်းဆီသွားသည်မှာ မလွန်ဟု ဂျွန်မြောင်ထင်သည်။
အင်ချွန်းကိုရောက်တော့ နေ့လည်စာစားချိန်ပင် ကျော်နေပြီ။ ရှင်းဖိုဈေးကိုဝင်ကာ ရီရှင်းအတွက် ငါးပေါင်မုန့်ဝယ်ပြီးချိန်တွင်တော့ နှစ်နာရီပင် ထိုးလုပြီဖြစ်သည်။ ငါးပေါင်မုန့်များ မအေးခင် ရီရှင်းဆီသွားရန် ကြံပြီးကာမှ ဂျွန်မြောင် သတိရသည်။
ရီရှင်းက ဘယ်မှာနေတာလဲ...?
အရင် ရီရှင်းက သွားရလွယ်အောင်ဆိုပြီး ဆိုးလ်မှာပဲ တိုက်ခန်းငှါးနေတာလေ
အခု ရီရှင်းက ဘယ်မှာနေတာလဲ...?
အရင်ကတည်းက ယောက္ခမများဆီသို့ သွားကာ မျက်နှာချိုသွေးခဲ့သင့်သည်ဟု ဂျွန်မြောင်နောင်တ ရလာခဲ့သည်။ အခုတော့ အိမ်လိပ်စာပင်မသိ၍ ဒုက္ခရောက်နေပြီမဟုတ်လား..။
ရီရှင်းလက်ကိုဆွဲကာ ကျန်းအိမ်တော်သို့ ဝံ့ဝံ့ကြွားကြွား တက်မည့် စိတ်ကူးများသည် ဖန်စများနှယ် တစစီကွဲကြေသွားသည်။
အခုတော့ ဂျွန်မြောင်မှာ ငါးပေါင်မုန့်ကို ပိုက်ထားရုံသာ တတ်နိုင်တော့သည်...။
.........
"ဟေး မစ္စတာ... ကျွန်မဆွဲကြိုး ပျောက်သွားလို့ ကျေးဇူးပြုပြီး ကူရှာပေးနိုင်မလားမသိဘူး...?"
အပြာနုရောင်ဂါဝန်နှင့် အမျိုးသမီးငယ်က ဂျွန်မြောင့်ရှေ့တွင်ပေါ်လာသည်။ နတ်သူငယ်ဆန်ဆန်နားရွက်များက ငွေမှင်ရောင်ဆံနွယ်ထက်တွင် ထိုးထိုးထောင်ထောင်...။
"ကျွန်မက အယ်လာပါ။ ဟိုးရှေ့က တောင်ပေါ်မှာ ဆေးရွက်ခူးနေတာ။ ကျွန်မ ခူးမပြီးခင် တောင်အရပ်က မှင်စာတွေက ကျွန်မဆီကို ရောက်လာကြလို့ ထွက်ပြေးရင်း လမ်းမှာ ကျကျန်ခဲ့တယ်ထင်တယ်။ အဘွားမဆုံးခင် ပေးထားခဲ့တဲ့ ပစ္စည်းမို့ ကူရှာပေးလို့ အဆင်ပြေမလားရှင်.."
ထိုအမျိုးသမီးငယ်နောက်သို့ ဂျွန်မြောင်လိုက်ရန် ဆုံးဖြတ်လိုက်ချိန်မှာပဲ ရင်းနှီးနေသော အသံက နားထဲသို့ ဝင်လာသည်။
"အင်ဂျွန်းနား...ငါ့အလှည့်ရောက်ပြီလေ။ မင်းပဲ တစ်ယောက် တစ်နာရီလို့ ပြောထားတယ်မဟုတ်လား"
"ခဏနေရင် ငါပေးမယ်လို့ပြောထားတယ်လေ။ ငြိမ်ငြိမ်နေစမ်းကွာ။ အာရုံနောက်လိုက်တာ"
"မင်းပြောတဲ့ ခဏဆိုတာ နာရီဝက်နီးပါးဖြစ်နေပြီလေ။ မဖယ်ပေးရင်လည်း ငါ့ပိုက်ဆံတော့ ပြန်ပေးကွာ"
အခြေအတင်ဖြစ်နေသော ကောင်လေးနှစ်ယောက်တည်းမှ တစ်ယောက်သည် ရီရှင်းနှင့် တူလှသည်။
လေးထောင့်မျက်မှန်နှင့် လည်ပင်း၌ ကြိုးပေါင်းစုံဆွဲထားသော ရီရှင်းသည် ဂျွန်မြောင့်အိမ်မက်ထဲမှ ရီရှင်းအူကြူးကြူးနှင့် လားလားမျှမဆိုင်။
"ဂျန်ရယ်ဟွန်း...ငါက ခဏလေးဆို ခဏလေး စောင့်လိုက်လေကွာ။ မင်းဘယ်တုန်းက အထွန့်တက်ရဲသွားတာလဲ။"
ရယ်ဟွန်း...?
ဂျယ်ရယ်ဟွန်း...?
ကျန်းရီရှင်းမှာ အမွှာရှိတယ်လို့တော့ မကြားမိပါဘူး။ ဒါဆို ရယ်ဟွန်းက ဘယ်သူလဲ...?
အင်ဂျွန်းဆိုသည့် ကောင်လေးပြောသမျှကို ငြိမ်ခံနေသော ရယ်ဟွန်း၏ပုံစံကို ရီရှင်းထံတွင် တစ်ခါမှ မမြင်ဖူး။
ဒါပေမဲ့ ဘာလို့ ရယ်ဟွန်းကို ရင်းနှီးနေသလို ခံစားနေရတာလဲ...?
"ဂျန်ရယ်ဟွန်း...ငါမင်းကို မေးနေတယ်လေ။ မင်းဘယ်တုန်းက ငါ့ကို ပြန်ပြောရဲတဲ့ သတ္တိရှိသွားတာလဲ"
ရယ်ဟွန်းက ခေါင်းငုံ့ကာ လက်သီးဆုပ်ထားရင်း အင်ဂျွန်းမေးသမျှကို မကြားချင်ဟန်ဆောင်နေသည်။ စကားသံထွက်မလာသော ရယ်ဟွန်းကို အင်ဂျွန်းက စိတ်မရှည်တော့ထင့် လက်ဖြင့်ရွယ်လာသည်မို့ ဂျွန်မြောင်က ဝင်ပါရန်ဆုံးဖြတ်လိုက်သည်။
"မင်းတို့ကလည်းကွာ...အချင်းချင်းပဲကို။ ဒီကိစ္စသေးသေးလေးကို ပုံကြီးချဲ့နေစရာမလိုပါဘူး။ နောက်မှ အေးဆေးရှင်းကြပေါ့"
ဂျွန်မြောင်က အင်ဂျွန်းပုခုံးပေါ်လက်တင်၍ ရွှေပြည်အေးတရားဆိုသော်ငြား ပြန်ရလိုက်သည်က ခပ်စူးစူးအကြည့်တစ်ချက်မျှသာ...။
"မင်းက ငါတို့နဲ့ ဘာဆိုင်လို့ ဝင်ပြောနေတာလဲ"
ဂျွန်မြောင် ဘာမှပြန်မပြောရသေးခင် ရယ်ဟွန်းကခေါင်းမော့လာသည်။
"အခုလိုကူညီတာကျေးဇူးပါပဲ။ ဒါက ကျွန်တော်တို့ နှစ်ယောက်ကြားက ပြဿ နာမို့ အဲ့ဒီဘက်က ဝင်မပါရင် ကောင်းမယ်ထင်တယ်"
ဘယ်လို...ဂျွန်မြောင်က အခု အသက်တောင်မပြည့်သေးတဲ့ ကလေးဆီကနေ အငြင်းခံလိုက်ရတာလား?
ပြီးတော့ အနိုင်ကျင့်ခံနေရတဲ့ အခြေအနေကြီးမှာတောင်လေ..?
၁၈နှစ်သားဂျွန်မြောင်က အင်ဂျွန်းထက် နည်းနည်း သေးနေပေမဲ့ ရယ်ဟွန်းကိုကူညီဖို့အထိတော့ သန်မာသည်။ ပြီးတော့ ရယ်ဟွန်းက ရီရှင်းရဲ့ ညီတောင်ဖြစ်နိုင်သေးတာလေ...ရူးနေလို့ ဂျွန်မြောင်ကဝင်မပါပဲနေရမှာလား။
ရယ်ဟွန်းရဲ့ အကူအညီနဲ့ဆို ရီရှင်းက ဂျွန်မြောင့်ကို သေချာပေါက် ပြန်ကြိုက်လောက်မှာ..။
ဂျွန်မြောင်က pcရှေ့ပြန်သွားကာ ပိုက်ဆံနှင့် ငါးပေါင်မုန့်ထုတ်ကို ယူသည်။ ပြီးတော့ အင်ဂျွန်းရဲ့ ခြေသလုံးကို အားနှင့် ခပ်ပြင်းပြင်းကန်ပြီး ရယ်ဟွန်းလက်ဆွဲကာ ထွက်ပြေးလာခဲ့သည်။
အနောက်မှာ ဆူညံနေသော်လည်း ဂျွန်မြောင်ဂရုမစိုက်...။
ဂျွန်မြောင့်ခေါင်းထဲတွင် အတွေးတစ်ခုသာရှိသည်လေ.။
ရယ်ဟွန်းကို ကယ်ခဲ့မှန်းသိရင် ရီရှင်းက ပြန်မချစ်ပဲ နေမှာမဟုတ်ဘူး..။