သိင်္ခငြိမ်းချမ်း
Present
**********************************
ဆေးရုံကန်တင်းရှိတဲ့ ပန်းခြံက တဖြေးဖြေးနဲ့ အုံ့မှိုင်းလာတယ်။ ဒီနေ့လည်း မိုးတွေလေတွေ သည်းဦးမယ်ထင်တယ်။ ဒီနှစ်က မနှစ်ကထက် ပိုပြီးတော့ မိုးကြီးတယ်။
နားနေခန်းထဲက ထီးကို မယူမိပဲ ဒီအတိုင်း ထွက်လာခဲ့မိတော့ ချက်ချင်း အခန်းထဲပြေးမှရမယ်လို့တွေးလိုက်မိတယ်။
အဲ့ဒီအချိန် ကျွန်တော်ထိုင်နေတဲ့ ခုံတန်းတွေရှိတဲ့နေရာကို ဧရာက ထီးတစ်ချောင်းကိုင်ရင်း လျှောက်လာတာကို တွေ့လိုက်ရတယ်။
ကျွန်တော့်ကို လက်တွေပြ ပြုံးပြရယ်ပြရင်း လျှောက်လာတာ ။
ဧရာသက်လွင်ဦး ထီးကိုင်ပြီး ကန်တင်းပန်းခြံကို လျှောက်လာတာ ဖြတ်သွားဖြတ်လာ သူနာပြုဆရာမလေးတွေရော တခြားကောင်မလေးတွေပါ ဝိုင်းကြည့်နေကြတယ်။
ဧရာကလည်း သူ့ကို ကြည့်နေကြတဲ့ ကောင်မလေးတွေအကုန်လုံးကို တစ်ယောက်ချင်းဆီ လိုက်ပြုံးပြတယ်။
ပေါ့ပေါ့ပါးပါးနဲ့ နေတတ်တဲ့ ဧရာကို ကျွန်တော် အားကျတယ်။
"ရော့ မင်းအတွက်"
အနားရောက်လာတဲ့ ဧရာ့အသံနဲ့အတူ ကျွန်တော့်လက်ထဲကို Gong Cha Greentea တစ်ဗူးရောက်လာပြန်တယ်။ ကျွန်တော့် မျက်နှာချင်းဆိုင်မှာ လာထိုင်တဲ့ဧရာက ကျွန်တော့်ကို ကြည့်နေတယ်။ အိပ်ချင်နေလို့ ကျွန်တော် Greentea ကို လုံးဝမငြင်းနိုင်ပေမယ့် ဧရာ့ကို အားနာတယ်။
"ဒီတစ်ခါတော့ ပိုက်ဆံယူ"
"မယူပါဘူး ဒီတစ်ဘူးက ဘယ်လောက်မှ ပေးရတာ မဟုတ်ဘူး ..သောက်စမ်းပါ ညနေ အလုပ်ရှုပ်ရင် ညနေစာတောင် စားနိုင်မှာ မဟုတ်ဘူး .. "
ဧရာက ကျွန်တော့်လက်ထဲကို Greentea ဘူးကို အတင်းထည့်ပေးတယ်။
"ငါ မင်းကို တစ်ခုခုဝယ်ကျွေးမယ်လေ အကင်ဖြစ်ဖြစ် ဟော့ပေါ့ဖြစ်ဖြစ် မာလာရှမ်းကောဖြစ်ဖြစ် မင်းစားချင်တာပြော"
ကျွန်တော် ပြောလိုက်တော့ ဧရာ့မျက်နှာ ဝင်းလက်သွားတယ်။
"အကုန်ကြိုက်တယ်... အကုန်စားတယ် ..ခုညသွားလည်းရတယ် ..."
ကျွန်တော်လည်း ဆေးရုံ၊ အိမ် နဲ့ ကျူရှင်သင်တဲ့ အိမ်တွေချည်း လှည့်သွားနေရတာ တော်တော်ကြာနေပြီ။ ရင်ထဲက ဝေဒနာအကြောင်းမတွေးမိအောင် ကိုယ့်စိတ်ကို အနားမပေးပဲ အလုပ်တွေချည်းလုပ်နေမိတာ ကြာတော့ အရမ်းမွန်းကြပ်လာတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စကားတွေပြောပြီးတော့ စိတ်ထွက်ပေါက် ပေးလိုက်ရင် ညစ်နွမ်းနေတဲ့ ကျွန်တော့်စိတ်တွေ နည်းနည်းတော့ ကြည်လင်သွားနိုင်တယ်။
အနည်းဆုံး ကျွန်တော့်ကို ပျော်ရွှင်စေနိုင်မယ့် တခြားနည်းလမ်းတွေ ရှာဖို့သင့်ပြီလို့ ထင်တယ်။
"အေး.. သွားကြမယ်လေ... မိသော်ကို မေးလိုက်ဦးမယ် .."
ကျွန်တော် မေးလိုက်တော့ ဧရာ့မျက်နှာ နည်းနည်း အလိုမကျဟန်ပေါက်သွားတယ်။
"မင်းနဲ့ငါ နှစ်ယောက်တည်း သွားလို့မရဘူးလား"
ဧရာနဲ့ House အတူတူဆင်းခဲ့ရတာဆိုတော့သူ့အကြောင်းကို ကျွန်တော် သိသင့်သလောက်သိတယ်။ ဧရာက ကျွန်တော်တို့လို ဟန်ဆောင်တတ်တဲ့လူမဟုတ်ဘူး ။ သူ့စိတ်ထဲက အတိုင်း မျက်နှာပေါ်မှာ မကွယ်မဝှက်ပဲ ဖော်ပြတတ်တယ်။
အခုလည်း သူ့စိတ်ထဲမှာ ဘာတွေ စဉ်းစားနေတာလဲ ကျွန်တော် သိနေသလိုပဲ ။
ဒါပေမယ့် ကျွန်တော် ဒီကိစ္စကို တွေးဖို့ဆိုတာ မဖြစ်နိုင်သေးဘူး ။ ခဲမှန်ထားတဲ့ ဒဏ်ရာက ဘယ်တော့ အနာကျက်မယ်မှန်းမသိဘူး ။ အနာရှိနေတဲ့ နှလုံးသားက တစ်ပတ်ရစ်အနွမ်းဖြစ်နေပြီဆိုတော့ သူများကို မပေးသင့်တော့ဘူးထင်တယ်။
ဒီထက်ပိုဆိုးတာက ကျွန်တော် ကိုမိုးဒေဝါကို ချစ်နေတုန်းပဲ။ တခြားလူကို မေ့မရနိုင်တဲ့လူကို ချစ်နေရတာ ဘယ်လောက်ခက်ခဲပင်ပန်းလဲဆိုတာ ကျွန်တော်အသိဆုံးပဲ။
ဒါကြောင့် မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကျွန်တော် တံခါးတွေပိတ်ထားမှရမယ်။
ရုတ်တရတ် ကျွန်တော်နဲ့ ဧရာ့ကြားမှာ awkward ဖြစ်လာတော့ ကျွန်တော် ဘာလုပ်ရမယ်မှန်း မသိဘူးဖြစ်သွားတယ်။
အဲ့ဒီအချိန်မှာပဲ ကျွန်တော်တို့ ထိုင်နေတဲ့ နေရာကို မိသော် လျှောက်လာတာကို တွေ့လိုက်ရတယ်။
"ဒေါသကုမ္မာရ ဘာဖြစ်လာပြန်တာလဲမသိဘူး .."
မိသော်က စိတ်ဆိုးနေတဲ့ ပုံစံနဲ့ လျှောက်လာတာမလို့ ဧရာက မိသော်ကို ကြည့်ရင်း ပြောလိုက်တာ ။ မိသော်က မီးတဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ တစ်ခုခုကို စိတ်တိုနေပုံပဲ ။ ကျွန်တော်နဲ့ဧရာရှိတဲ့ အနားကို ဘောက်ဆတ်ဘောက်ဆတ်နဲ့လျှောက်လာတယ်။ ပြီးတော့ ကျွန်တော်ဘေးနားက ခုံမှာ ဝင်ထိုင်ပြီး ကျွန်တော့်လက်ထဲက Greentea ဘူးကို ဆတ်ခနဲဆွဲယူပြီး သောက်ချလိုက်တယ်။
"ဟာ အဲ့ဒါ ချမ်းလေးအတွက် ငါဝယ်ထား.."
ဧရာက အလန့်တကြားထအော်လိုက်ပေမယ့် ဧရာ့အသံက မိသော် ခပ်စူးစူး တစ်ချက်ကြည့်လိုက်တာကြောင့် တစ်ဝက်မှာတင်တန့်သွားတယ်။ ဧရာက စွာတဲ့ မိသော်ကို ကြောက်လည်းကြောက်ခင်လည်း ခင်ပုံရတယ်။
ဧရာငြိမ်ကျသွားတော့မှ မိသော်က ကျွန်တော့်ဘက်ကို လှည့်ပြီးတော့ အားရပါးရပြောတယ်။
"မိုးဒေဝါနဲ့ နင် ပြန်ပတ်သက်နေတာလား ချမ်းလေး ...."
မိုးဒေဝါ ဆိုတဲ့ နာမည်ကို ကြားတာနဲ့ ကျွန်တော့် စိတ်တွေ ဘောင်ဘင်ခတ်လာပြန်တယ်။ ဧရာက စူးစမ်းကြည့်နဲ့ ကြည့်နေတာတောင် ဟန်မဆောင်နိုင်ပဲ ကျွန်တော် မျက်နှာ ပျက်သွားတယ်။
"မ.. မဟုတ်ပါဘူး ..."
"ဘာလို့မဟုတ်ရမှာလဲ ငချမ်း နင် နော် ...နင်သေချင်လို့လား ..."
မိသော်ရဲ့ အသံက ပိုကျယ်လာလို့ ကျွန်တော် လန့်ပြီး ဘေးပတ်ဝန်းကျင်ကို ကမန်းကတန်းကြည့်လိုက်မိတယ်။ ဧရာ့ကိုလည်း မလုံမလဲကြည့်မိတယ်။
"မဟုတ်ပါဘူးဆိုဟာ ... နင်က အခုဘာဖြစ်လာတာလဲ ..."
"နင့် မိုးဒေဝါလေ .."
မိသော်စကားကြောင့် ကျွန်တော် အလန့်တကြားပြန်ငြင်းချက်ထုတ်မိတယ်။
"ငါ့မိုးဒေဝါ မဟုတ်တော့ပါဘူး ဟာ"
စကားကြောင့်ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် ကျွန်တော့်စိတ်တွေ အစကို ပြန်ရောက်သွားမှာ ကျွန်တော် ကြောက်တယ်။
အနားမှာရှိနေတဲ့ ဧရာကြောင့် ကျွန်တော် စကားပြောရခက်နေတယ်။ ဒါကို ဧရာက ရိပ်မိပုံရတယ်။
"ငါ အအေးထပ်သွားဝယ်လိုက်ဦးမယ်.. ချမ်းလေး မင်း Speed သောက်မှာမလား..."
ဧရာက ထိုင်နေရာကနေ ခပ်လှမ်းလှမ်းက ကန်တင်းအအေးဆိုင်ဘက်ကို ပြေးသွားတယ်။ အလိုက်တသိ ရှောင်ပေးတယ်ဆိုတာ သိလို့ ကျွန်တော့်စိတ်ထဲ ဧရာ့ကို ကြိတ်ပြီးတော့ ကျေးဇူးတင်မိတယ်။ ဒီကိစ္စကို ဧရာသိမှာ ကြောက်လို့ တမင်မပြောတာမျိုးမဟုတ်ဘူး ။ ဒီအတိုင်း ကျွန်တော်ကို မိုးဒေဝါနဲ့ ပတ်သက်တာတွေကို မစဉ်းစားချင်တော့တာ ။
ဧရာ ထွက်သွားတော့ မိသော်က စကားပြန်စတယ်။
"မိုးဒေဝါ က သူ့တစ်ယောက်နဲ့ ဆေးရုံကိုလာတယ်..ပြီးတော့ အရေးပေါ်ဌာနအထိ ရောက်လာပြီး နင်ဘယ်မှာလဲ ငါ့ကို လာမေးနေတယ်... ငါက ဘာလုပ်မလို့လဲမေးတော့ တွေ့ချင်လို့တဲ့ ...သူ့တစ်ယောက်က အနားရောက်လာပြီး ဘာလုပ်နေတာလဲမေးတော့ ဘာမှမဟုတ်ပါဘူးတဲ့... အဲ့လူ မျက်နှာပြောင် တိုက်တာလား အရှက်မရှိတာလား နှစ်ခုလုံးလားပဲ .."
ကျွန်တော် အံ့ဩသွားတယ်။ အကို ဘာလို့ ကျွန်တော့်ဆီ လာနေတာလဲ ။ ကိုမိုးဒေဝါ ဘာဖြစ်ချင်နေတာလဲဆိုတာ ကျွန်တော် တကယ် နားမလည်တော့ဘူး။ ။ စိတ်တွေက လေးလံသွားပြန်တယ်။
"သူနဲ့ငါက တွေ့စရာဘာအကြောင်းမှ မရှိတော့ဘူးလေဟာ ...
အေးနင် သိနေရင် ပြီးတာပဲ ... နင် ပြန်ပတ်သက်လို့ကတော့နော် ငါ့လက်ထဲတင် နင်အရိုးတခြားအသားတခြားဖြစ်ပြီ ..."
"မပတ်သက်ပါဘူးဟာ .. နင်ကလည်း"
မိသော်က ကျွန်တော့်ကို မယုံဘူးဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။
"နင်နဲ့ မပြတ်ခင် သူ့ Ex ဆီ တငင်ငင်သွားနေတုန်းကတောင် မသိချင်ဟန်ဆောင်ခဲ့တာလေ.. ငါပြောတုန်းက နင်ငါ့ကို ဘာပြောခဲ့လဲ...အဲ့တော့ မိုးဒေဝါနဲ့ ပတ်သက်ရင် နင့်ကိုငါမယုံဘူး ...ဟိုက ချမ်း လို့ တစ်ခွန်းတည်းခေါ်လိုက် နင်က ကောက်ကောက်ပါသွားမှာ ..."
ကျွန်တော် သက်ပြင်းချမိပြန်တယ်။ အကို့စိတ်တွေ ကျွန်တော့် ဆီမှမရှိတော့ဘူးဆိုတာကို သိနေတာတောင် ကျွန်တော် ဆွဲနိုင်သမျှ ဆွဲထားခဲ့မိသေးတယ်လေ။ နောက်ဆုံး ဆွဲထားလို့မရတော့ဘူးဆိုမှ ကျွန်တော် လက်လျှော့ခဲ့တာ ။ လက်လျှော့ပြီး ထားခဲ့တဲ့နေရာမှာ နေခဲ့ရတာ။
ဒီတစ်ခါကတော့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတာ သိနေတယ်။
ထားခဲ့တဲ့ နေရာမှာ ဒီအတိုင်း နေတာထက် ကျောခိုင်းပြီး အဝေးကို ပြေးတာက ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ရာရောက်မယ်လို့ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးဖြစ်တဲ့ မမိုးနှောင်းငယ်ကို ကျွန်တော် အားနာသင့်တယ်။
"သူငါ့ကို မေးတော့ နင်ဘာပြန်ပြောလိုက်လဲ.."
"နင်နဲ့ ဘယ်တော့မှ လာမပတ်သက်နဲ့လို့ပြောလိုက်တယ်... ဘယ်နှယ့် အစစ်မကို မပြတ်နိုင်ပဲ နင့်ကိုလာ ပတ်သက်နေတာ .. ဒီလိုလူမျိုးကို ငါအမုန်းဆုံးပဲ ..."
ကျွန်တော့် အစားမခံမရပ်နိုင် ဒေါသထွက်ပေးနေတဲ့ မိသော်ကို ကျွန်တော် ပြုံးကြည့်လိုက်မိတယ်။ ကျွန်တော်သာ ပြတ်ပြတ်သားသားမေ့ပစ်နိုင်ပြီး အခုလို ခံစားနေရတာကို မမြင်ရရင် ကျွန်တော့်သူငယ်ချင်းလည်း ဒီလိုဒေါသထွက်နေရမှာမဟုတ်ဘူး။
"သူ မမိုးနှောင်းငယ်ကို ဘယ်လိုမှ ပစ်ပယ်နိုင်မှာမဟုတ်ဘူး... မမိုးနှောင်းကလည်း ပစ်ထားလို့ရတဲ့ အခြေအနေမဟုတ်ဘူးလေဟာ ..အဲ့တော့ သူနဲ့ငါက ဘယ်တော့မှမဖြစ်နိုင်တော့ဘူး"
ဒီစကားကိုပြောရတာ ရင်နာလိုက်တာ ။ အဆုံးသတ်သွားခဲ့တာတောင်မှ အနာကျန်ခဲ့တာ ကျွန်တော် အရမ်းငြိတွယ်ခဲ့လို့နေမှာ ။
"အေး နင်သိရင်လည်း ပြီးတာပဲ .. ငါကတော့ နင့်ကို ဧရာသက်လွင်ဦးနဲ့ပဲ သဘောတူတယ်.."
ကန်တင်းမှာ သူနာပြုဆရာမလေးတွေကို ရယ်မောနှုတ်ဆက်နေတဲ့ ဧရာ့ကို မေးငေါ့ပြပြီးတော့ မိသော်ကပြောတယ်။
"တော်ပါပြီဟာ ... ငါ တစ်ယောက်တည်းပဲနေပါတော့မယ်..."
မိသော်က ကျွန်တော့်ကို လေးလေးနက်နက်စိုက်ကြည့်တယ်။
"နင် ကိုမိုးဒေဝါကလွဲရင် တခြားတစ်ယောက်ကို မချစ်နိုင်တော့ဘူးလို့ ထင်နေတာမဟုတ်လား ..."
ကျွန်တော် ခပ်ဖြေးဖြေးခေါင်းရမ်းပြလိုက်တယ်။
"ထင်နေတာ မဟုတ်ဘူး .. ငါ့စိတ်ကို ငါသိနေတာ ..."
မိသော်ကပြုံးတယ်။
"အဲ့ဒါ နင်က နင့်ရင်ထဲကို ဘယ်သူမှအဝင်မခံတော့ဘူးလို့ ဆုံးဖြတ်ထားလို့.. မချစ်ဘူး ချစ်တယ်ဆိုတာထက် နင့်အနားကို အချစ်တွေ လာဖို့လက်ခံလိုက်ရင် နင် မပျော်ရဘူးလို့ နင်မပြောနိုင်ဘူး ... ပြီးတော့ အဲ့ဒီလိုလုပ်တာလည်း နင့်အပြစ်မဟုတ်ဘူး ... ငါပြောတာ နင်သဘောပေါက်တယ်မလား ..."
ကျွန်တော် သက်ပြင်းချမိပြန်တယ်။ ပြီးတော့ ဧရာရှိနေတဲ့ ဘက်ကို လှမ်းကြည့်လိုက်မိတယ်။
မိသော်ပြောတာကို သဘောပေါက်ပေမယ့် ကျွန်တော် မလုပ်သင့်ဘူးလို့ထင်တယ်။
ဧရာက အအေးဘူးတွေကိုင်ပြီး ကျွန်တော်တို့ အနားကို ပြုံးဖြီးဖြီးနဲ့ပြန်ရောက်လာတယ်။ ကျွန်တော့်လက်ထဲကိုSpeed ဘူးကို ထည့်ပေးရင်း
"သောက်လိုက်ဦး ချမ်းလေး.."
"အေးအေး ကျေးဇူးပါကွာ .."
"သွားကြမယ်လေ မိုးဖွဲတွေကျနေပြီ"
မိုးရာသီက ကျွန်တော့်စိတ်ကို လိုက်ပြီး အခြေအနေပြောင်းနေတာလားမသိဘူး ။ စောစောက ကောင်းကင်ကြီးက နည်းနည်းလေးပဲ အုံ့မှိုင်းနေတာ ။ အခုတော့ မည်းမှောင်ပြီး မိုးဖွဲတွေပါ ကျနေပြီ။
"ငါ ကန်တင်းက ထီးတစ်ချောင်းထပ်တောင်းလာတယ်... သော်သော်ပါနဲ့ဆို ငါ့ထီးနဲ့ ပြန်ဖို့မလောက်ဘူး..."
ကျွန်တော်တို့ နှစ်ယောက်အခြေအနေကို မိသော်က ပေါ်တင်ကြီး အကဲခတ်နေတာ ။ ကျွန်တော်က နေရခက်နေပေမယ့် ဧရာကတော့ အနေရခက်နေပုံမပေါ်ဘူး။
အဲ့ဒီအချိန်မှာပဲ ဆေးရုံထဲက ထွက်လာတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတယ်။
ကိုမိုးဒေဝါနဲ့ မမိုးနှောင်းငယ် ။
မမိုးနှောင်းငယ်က ကိုမိုးဒေဝါရဲ့ လက်မောင်းကို အားကိုးတကြီး ဆုပ်ကိုင်ထားရင်း ဆေးရုံထဲက ထွက်လာနေတာ ။ အကို့မျက်နှာကတော့ ပုံမှန်ပါပဲ။ ခပ်လှမ်းလှမ်းက မြင်နေရတာဆိုတော့ အကို့စိတ်ထဲဘာတွေဖြစ်နေလဲ ကျွန်တော် မသိနိုင်ဘူး ။
ရုတ်တရတ် ကျွန်တော့် ကမ္ဘာကြီး တဝုန်းဝုန်းနဲ့ ပြိုကျနေသလိုပဲ။ ဘယ်လောက်ပဲ အားတင်းထားထား ဒီမြင်ကွင်းက ကျွန်တော့်ကို ဆူးချွန်တွေနဲ့ ထိုးပြီး အက်ဆစ်လောင်းနေသလို ခံစားရတယ်။
မမိုးနှောင်းငယ်က တစ်စုံတစ်ခုပြောလိုက် လို့ထင်တယ် အကိုက မမိုးနှောင်းငယ်ကို ပြုံးပြတာကို မြင်လိုက်ရတယ်။ အကိုပျော်နေပုံပါပဲ။ ဒါဆိုရင် ဘာလို့များ ကျွန်တော့်ကို သံယောဇဉ်မပြတ်သေးတဲ့ ပုံစံမျိုးတွေ လာပြရတာလဲအကိုရယ်။ ကျွန်တော် ယုံပြီး ပျော်ဝင်မိတော့မလို့ ။
ဝမ်းနည်းနာကျင်မှုတွေက မိုးကြိုးပစ်သလို ကျွန်တော့်ကို တိုက်ခိုက်လာတယ်။ ဒီအရာတွေကို အပြုံးမပျက်ပဲ ရင်ဆိုင်ဖို့အထိ ကျွန်တော် မရင့်ကျက်သေးဘူးထင်တယ်။ ကျွန်တော် မွန်းကြပ်ပြီး အသက်ရှုရကြပ်လာပြန်တယ်။
ကျွန်တော် မြင်လိုက်တာကို ဧရာရော မိသော်ပါ မြင်လိုက်တယ်။
ဧရာကလည်း မေးခွန်းတွေအပြည့်နဲ့ ကျွန်တော်နဲ့ မိသော်ကို ကြည့်နေပြီ။
မိသော်က ချက်ချင်း ထရပ်ပြီးတော့ ကျွန်တော့်ဘေးမှာ ချထားတဲ့ ဧရာ့ထီးကို ကောက်ယူလိုက်တယ်။
"သွားမယ် .. ငါက ဒီထီးကို တစ်ယောက်တည်းဆောင်းမယ်.. နင်တို့နှစ်ယောက်က ဟိုထီးနဲ့ နှစ်ယောက် အတူတူဆောင်းကြ ..."
မိသော် ဘယ်လမ်းကြောင်းကို သွားနေလဲဆိုတာ ကျွန်တော်သိတယ်။ မျက်လုံးပြူးပြပြီး အရိပ်အခြေပြပေမယ့်လည်း မိသော်က ဂရုမစိုက်။ မိန်းကလေးကို တစ်ယောက်တည်း ပေးမဆောင်းရင်လည်း ကပ်သပ်ရာကျဦးမည်။
နောက်ဆုံးတော့ မိသော်က ရှေ့က ထီးတစ်ချောင်းတည်းဆောင်း၊ ကျွန်တော်နဲ့ ဧရာက ထီးကို နှစ်ယောက် တစ်ချောင်းဆောင်းပြီးတော့ ဆေးရုံထဲဝင်လာခဲ့ရတယ်။
မိသော်က ရှေ့ကသွားတာဆိုတော့ မိသော်နောက်ကို လိုက်လာကြတာ။ ဆေးရုံပေါက်ဝမှာ ထီးဆောင်းပြီး ကားပါကင်ဘက်ကို သွားဖို့လုပ်နေတဲ့ ကိုမိုးဒေဝါတို့အတွဲကို မတွေ့မိချင်ဘူး။ မိသော် ဆေးရုံဘေးအပေါက်ကနေ ဝင်ဖို့ ကျွန်တော် ကြိတ်ပြီးတော့ ဆုတောင်းနေမိတယ်။
ကျွန်တော် အကိုနဲ့ မတွေ့ချင်ဘူး။ အထူးသဖြင့် အကို့မျက်လုံးတွေနဲ့ ဆုံမိသွားမှာကြောက်တယ်။ ပြီးတော့ အကိုနဲ့သူ သိပ်ချစ်တဲ့ မမိုးနှောင်းငယ်တို့ အတူတူရှိနေတာကို မြင်ရင် ကျွန်တော် ရက်ပေါင်းများစွာ တွေးပြီး ခံစားနေရတော့မှာ ။
ကျွန်တော့် ဆုတောင်းတွေ မပြည့်ခဲ့ဘူး။ မိသော်က ပေါ်တင်ကြီးကို အကိုတို့ ရှိတဲ့နေရာကို ဦးတည်သွားတယ်။ ဘေးမှာ ဧရာရှိနေတော့ မိသော်ကို လှမ်းတားလို့လည်းမရဘူး။ ကျွန်တော် မျက်နှာပျက်မသွားအောင်သာ ကြိုးစားနေရတယ်။
ကိုမိုးဒေဝါရော မမိုးနှောင်းငယ်ပါ ကျွန်တော်တို့ကို မြင်သွားပြီ။ မမိုးနှောင်းငယ်ကတော့ ကျွန်တော့်ကိုသိပုံမရဘူး။
ကျွန်တော် အကို့ကို မကြည့်မိအောင် ကြိုးစားပေမယ့် ကြည့်မိသွားခဲ့တယ်။ အကို ကျွန်တော့်ကို စူးစိုက်ပြီးကြည့်နေတာ ။
အကို့မျက်လုံးတွေထဲမှာ ဝမ်းနည်းမှုတွေလား ဒေါသတွေလား မချင့်မရဲစိတ်တွေလား ။ ဘာတွေလဲမသိတော့ဘူး။
ကျွန်တော် သိတာကတော့ မပြတ်သားခြင်းပဲ။ မပြတ်သားဘူးဆိုတာ သိပေမယ့် ကျွန်တော်က ရွေးချယ်ခံခဲ့ရတဲ့လူမဟုတ်ဘူးလေ။ ကျွန်တော့်ကို မျှော်လင့်ချက်တွေပေးပြီး နှိပ်စက်နေတာလား။
ကိုမိုးဒေဝါက ဧရာ့ကို စားမတတ်ဝါးမတတ်ကြည့်နေတယ်။ ဧရာနဲ့တောင် မျက်လုံးချင်းဆုံသွားခဲ့ပြီ။ မမိုးနှောင်းငယ်ကလည်း အကို့ကြောင့် ကျွန်တော်တို့ဘက်ကို စူးစမ်းကြည့်နေပြီ။
ကျွန်တော်မျက်နှာပျက်နေပြီ။ တကယ်အဆင်မပြေတော့ဘူး၊။ ဒီလိုမျိုး အဘက်ဘက်က ထိုးနှက်လာတဲ့ ဒဏ်တွေကို မခံနိုင်ဘူး။
အဲ့ဒီအချိန်မှာပဲ ဧရာက ကျွန်တော့် ပုခုံးကို ဆွဲယူပြီး သူနဲ့ပိုနီးအောင်လုပ်လိုက်တယ်။ ကိုမိုးဒေဝါမျက်နှာပိုပျက်သွားသလို ကျွန်တော်လည်း အံ့ဩပြီး ဘေးက ဧရာ့ကို မော့ကြည့်လိုက်မိတယ်။
ဧရာက ပြုံးပြီးတော့ ကျွန်တော့်ကို ရွှန်းရွှန်းစားစားကြည့်နေတယ်။
"မင်း မိုးရေတွေ စိုနေလို့ ငါ့ဘက်တိုးခိုင်းတာ ..."
ဧရာက ဒီလောက်ပဲ ပြောပြီးတော့ လမ်းဆက်လျှောက်နေပြီ။ ကျွန်တော့်ပုခုံးကို ဖက်ထားတာ မဖယ်ပေးသေးဘူး။ ဧရာ ဘာသဘောနဲ့လုပ်တာလဲ ကျွန်တော် မသိဘူး ။ ဒါပေမယ့် ကိုမိုးဒေဝါကြောင့် ဧရာခင်းပေးတဲ့ လမ်းကို ကျွန်တော် အလိုက်သင့် လျှောက်ချင်မိတယ်။
ပြုံးကြည့်စမ်း သိင်္ခငြိမ်းချမ်း။ ပျော်နေတဲ့ ပုံစံမျိုး ဖြစ်အောင် ပြုံးနိုင်ဖို့ ကြိုးစားကြည့်စမ်းကွာ ။
ကျွန်တော် ကိုယ့်ကိုယ်ကို အထပ်ထပ်သတိပေးရင်း အားမွေးလိုက်တယ်။
ပြီးတော့ ဧရာ ကျွန်တော့်ဘက်ကို ပြန်လှည့်ကြည့်လာတဲ့အခါ ကျွန်တော် ဧရာ့ကို ရွှန်းရွှန်းစားစားကြည့်ပြီး ပြုံးပြနိုင်သွားတယ်။
ကိုမိုးဒေဝါ ဟန်မဆောင်နိုင်အောင် မျက်နှာပျက်ယွင်းသွားတာကိုလည်း ကျွန်တော်မြင်လိုက်ရတယ်။
ကျွန်တော် သရုပ်ဆောင်ကျွမ်းနေပြီ။ စိတ်ထဲကမပါလည်း ပီပြင်အောင်ပြုံးပြနိုင်နေပြီ။ အသည်းကွဲခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။
ကိုမိုးဒေဝါ ဘာဖြစ်ကျန်ခဲ့လည်း ကျွန်တော် မကြည့်တော့ဘူး။ ပြန်ကြည့်ဖို့လည်း သတ္တိမရှိတော့ဘူး။
တမင်ခံစားရအောင် လုပ်တယ်လို့ သတ်မှတ်ချင်ရင်လည်း သတ်မှတ်လို့ရပါတယ် အကို။ ဒါပေမယ့် အကိုကျွန်တော့်ကို ထပ်ပြီး မျှော်လင့်ချက်ပေးမှာစိုးလို့ အကို့မျှော်လင့်ချက်ကို ကျွန်တော် ဖျက်ဆီးပစ်မှရမယ်။
ပထမတစ်ခေါက်တုန်းကလို ကျွန်တော် တတ်နိုင်သလောက်ဆွဲထားဖို့ လုံးဝအားအင်တွေမရှိတော့လို့ပါ။
**************************************************************************************
Author's Note
ဒီတစ်ပတ် Updateထပ်ရှိဖို့ မသေချာပါဘူးနော်။ စနေသို့ တနင်္ဂနွေမှာတော့ ကျန်တဲ့ Part 2 ကိုရအောင် တင်ပေးပါ့မယ်။Comment တွေReply မလုပ်မိတာလည်း စိတ်မရှိပါနဲ့နော် ။ ဒါပေမယ့် ထင်မြင်ချက်လေးတွေပေးပါဦးလို့ ။ ပြီးတော့ Facebook မှာ Feedback Review ဖြစ်ဖြစ် ပေးထားရင် #ဒုတိယလူဆိုတာလေးနဲ့ တင်ပေးနော် ။ ညမွှေးရှာကြည့်လို့ရအောင်ပါ။ ကျေးဇူးပါ။