"ဒီအချိန်ရောက်မှတော့ မပြန်ပါနဲ့တော့ဆရာ..အပိုအဖော်
တစ်ယောက်လောက်ထည့်ပေးဖို့လည်း တစ်ယောက်မှ
မရှိတော့ဘူး...အကုန်ပြန်သွားကြပြီ"
"သားလေးအမေကို စိတ်မပူလို့ပြောနေတာမဟုတ်ပါဘူး
ဟိုကိုချက်ချင်းပြန်ရောက်မှာမှ မဟုတ်တာ...."
"မဟုတ်ဘူး Kim.. Yoona ကိုစိတ်ပူတာသက်သက်ပဲ
မဟုတ်ဘူး..."
"hannie ကိုဒီမှာဆက်နေခိုင်းလို့ အဆင်မပြေတာ
လေကြီးမိုးကြီးပြန်မရတော့မှ ကျွန်းပေါ်မှာမုန်တိုင်းမိပြီး
ဒုက္ခရောက်သွားမယ်...ကျုပ်ကဘာဖြစ်ဖြစ်ကိစ္စမရှိဘူး..."
"hannie ကတော့ ဒီကျွန်းပေါ်မှာ မုန်တိုင်းမိသွားလို့
လုံးဝမဖြစ်ဘူး...Yoona တို့အရမ်းစိုးရိမ်ကြလိမ့်မယ်"
"ကျွန်းပေါ်မှာ မုန်တိုင်းမိသွားလည်း ဘာစိုးရိမ်စရာရှိလို့လဲ
ဆရာရယ်...ကျွန်းမြုပ်ရလောက်အောင်တော့ ရေမကြီးပါဘူး
ကြီးလည်း ကျွန်တော်တို့ Hotel ကကုန်းမြင့်မှာ
ရေဘယ်လောက်တက်တက် အပေါ်ထိမရောက်ပါဘူး
လေတိုက်ရင်လည်း အလုပ်သမားတန်းလျားထဲဆင်းနေရင်
တောင် တောင်နှစ်လုံးကြားထဲရောက်သွားတော့ အဆင်ပြေ
တယ်..လေကွယ်ပြီးသားပဲ..."
"အလွန်ဆုံးလေပြင်းလို့ ဟိုဘက်ကမ်းကူးမရတာလောက်ဘဲ
ဒုက္ခဖြစ်မယ်...ဒါလည်းကျွန်တော်တို့ဆီမှာ ရိက္ခာအစုံအလင်
ရှိပြီးသား ပြီးတော့ မုန်တိုင်းသတိပေးထားလို့သာ ကြိုတင်
ပြင်ဆင်ထားတာ Jeju မှာဘယ်တုန်းကများ မုန်တိုင်း
ကြီးကြီးမားမားတိုက်ဖူးလို့လဲ..."
hannie ကိုသေချာနားချပြီး သူငယ်ချင်းတွေနဲ့အတူ
ပြန်ခိုင်းသင့်ပါလျက် hannie သဘောအတိုင်းနေခဲ့မယ်
ဆိုတာကို ခွင့်ပြုခဲ့မိသည့်က သူ့အပြစ်မို့မပြောသာ။
သူဋ္ဌေးက သူ့ကိုအပြစ်မတင်ပေမယ့် ကိုယ့်ကိုယ်ကို
အပြစ်ရှိသလို ခံစားမိ၏ ခုတော့ သူ hannie ကို
အလိုလိုက်မိတဲ့အဖြစ်ကြောင့် နေလည်းသိပ်မကောင်းသေးဘဲ ဆရာခရီးထွက်ရတော့မည်။
Sehun ရီဆက်ရှင်မှာထိုင်နေရင်း Lobby မှာ
တစ်ယောက်တည်းထိုင်ပြီး ဖုန်းခေါ်နေသည့် hannie ကို
လှမ်းကြည့်မိသည်။
hannie ကအောက်ကဘောင်းဘီရှည်ပွပွနှင့် T-shirt
ပွပွအဖြူလေးကိုဝတ်ဆင်ထားသည်။ လေတိုက်နေ၍
ချမ်းနေသည် ထင်သည်။ ကုတ်ကုတ်လေးဖြစ်နေ၏
သူကြည့်နေစဉ်မှာပင် မိုးမရွာဘဲအခြောက်တိုက်ထခြိမ်း
လိုက်သည့် မိုးခြိမ်းသံကြောင့် hannie ကိုယ်လေး
ဆတ်ခနဲတုန်သွားပြီး လက်ထဲကဖုန်းလွတ်ကျသွားသည်။
ဖုန်းကိုချက်ချင်းငုံ့ကောက်ပြီးသည်နှင့် hannie သူ့ဆီ
ပြေးလာပြီး ဘေးမှာဝင်ထိုင်၏
"သားလေးက ဆံပင်စည်းထားလိုက်ပါလား...
Speed boat ပေါ်မှာလေအရမ်းတိုက်မှာ..
တော်ကြာ မျက်နှာကိုလာရှုပ်နေလိမ့်မယ်..."
hannie ပြေးလာတော့ဆံပင်တွေဝဲလွင့်နေသည်မို့
မန်နေဂျာ Kim က ဝင်ပြောပေးသည်။ hannie
သူ့ဘေးဝင်ထိုင်ရုံမက သူ့လက်မောင်းကိုပါလှမ်းကိုင်ပြီး
သူ့ကို မော့ကြည့်လာ၏
Sehun hannie ကိုင်ထားသည့်လက်ကိုရုန်းလိုက်ပြီး
စကားမရှိစကားရှာကာ...
"ဆံပင်တွေစည်းလိုက်လေ...hannie ရဲ့..."
သူပြောတော့ hannie က သူ့အင်္ကျီအိပ်ကပ်လေးအတွင်း
ကခေါင်းစည်းကွင်းလေးထုတ်ယူပြီး သူ့လက်ထဲထည့်ပေးပြီး
မျက်နှာလေးကိုမော့ကာ အသင့်စောင့်နေ၏
"ကိုကိုခေါင်းစည်းပေး" လို့ပြောပြီး သားဘေးမှာ
ဒီလိုလာထိုင်တတ်တာကို သူမြင်ဖူးနေကြပါ။
စာကျက်နေတာဖြစ်ဖြစ် တစ်ခုခုစားသောက်နေတာဖြစ်ဖြစ်
ဘာလုပ်နေပါစေ "ကိုယ့်ဘာသာစည်းပါလား" hannie
ရာလို့ ဘယ်တော့မှငြီးငြူလေ့မရှိဘဲ သားသည် hannie
ဆံပင်တွေမပြတ်အောင် တယုတယညင်ညင်သာသာ
စိတ်ရှည်လက်ရှည် လုပ်ပေးတတ်သည်။
သူကတော့ ခေါင်းစည်းကွင်းကိုင်ထားပြီး ဆံပင်တွေကိုပင်
ဘယ်လိုစကိုင်ရမှန်းမသိ....။
"ဦးမစည်းတတ်ဘူးကွ..."
"ဟွန့်...ဦးကလည်း..."
hannie ကသူ့လက်ထဲကိုင်ထားသည့် ခေါင်းစည်းကွင်းကို
ပြန်ယူလိုက်လျှင် သူ့ဘာသာစည်းတော့မည်ထင်သော်လည်း
မစည်းဘဲ အိတ်ထြဲပန်ထည့်လိုက်၏
ပြီးတော့ သူ့ကိုစကားမပြောတော့ဘဲဖုန်းခေါ်နေပြန်သည်။
သူလည်း hannie အနားမှာဆက်မထိုင်ချင်သည်မို့
ဟိုဒီလမ်းလျှောက်နေလိုက်သည်။
"ဦး..hannie တောက်လျှောက်ခေါ်နေတာ ခုထိမရဘူး
မေမေ ဘာဖြစ်နေပြီလဲ မသိဘူး..."
"ခဏလေးပါ hannie ရယ်ခုပဲ ဦးတို့ထွက်တော့မှာပဲ စိတ်အေးအေးထားပါ..."
"ဦးက ဘာရပ်လုပ်နေတာလဲ...hannie အနားမှာလာနေ
ပါ..ကြောက်ပါတယ်ဆိုမှ..."
သူ hannie အနားကိုသွားဖို့ ခြေလှမ်းတွေတုံ့ဆိုင်းနေသည်။ ကံကောင်းထောက်မကာ မန်နေဂျာ Kimနှင့်
Speed boat မောင်းပေးမယ့်ကောင်လေးတစ်ယောက်တို့ရောက်လာရာ သူသက်သာရာရသွားသည်။
ကမ်းစပ်ကိုဆင်းတော့ လေတိုက်လို့အေးနေသည့်အပြင်
ပင်လယ်ရေကပါ အေးစိမ့်နေသည်။
"အား..အေးလိုက်တာ ရေကလည်း..."
Speed boat ဆီရောက်အောင် ရေစပ်စပ်ထဲဆင်းရသည်
မို့ hannie ညည်းသံလေးထွက်လာသည်။ Speed
boat ဆီတက်တော့ hannie လက်လေးကိုလှမ်းကိုင်
ခေါ်ရစဉ် လက်ဖျားလေးတွေအေးစက်နေတာကို သတိထား
မိ၏
"အေးလိုက်တာ...ဦးပြန်ဖျားတော့မှာပဲ"
"ဦးကဘာမှမဖြစ်ပါဘူး..hannie ချမ်းနေရင်လက်တွေ
အိတ်ထဲထည့်ထားလေ..."
"ဟုတ်..." လို့ပြောပေမယ့် ထည့်ထားလို့မရပါ။
လေနဲ့အတူ လှိုင်းကြီးနေ၍ Speed boat မငြိမ်မသက်မို့
ဘေးကတန်းကို ကိုင်ထားရသည်။ အပေါ်တစ်ချက်မြောက်သွားတိုင်း ပြန်အကျမှာ လူကတခြားလွင့်သွားပြီလားထင်ရ
၏
သို့သော် ကံကောင်းထောက်မကာ တစ်ဖက်ကမ်းဆီ
ချောချောမောမော ရောက်သွား၏
မန်နေဂျာ Kim မှာထားသည်မို့ ဒီဘက်ကမ်းကကမ်းစပ်
ကနေ Coral ပိုင်သည့် ကားပါကင်ဆီသို့ ပို့ပေးမည့်
ဝန်ထမ်းကောင်လေး ကြိုစောင့်နေ၏
"ဒါနဲ့ ဆရာနေမကောင်းဘူးဆို...ကားမောင်းနိုင်ရဲ့လား
မဟုတ်ရင် ကျွန်တော်လိုက်ပို့ပါတယ်ဆရာရယ်
အိမ်မှာကလေးရော ယောက္ခကြီးပါနေမကောင်းဖြစ်နေလို့ပါ
မုန်တိုင်းကလည်းရှိတော့ ကျွန်တော်မရှိလို့မဖြစ်ဘူးဖြစ်နေတယ်"
ဘာမှမပြောရသေးခင်ကတည်းက...ကောင်လေးကသူ့
အခက်အခဲကိုပြောနေသဖြင့် မောင်းပို့ဖို့သူလည်း
မပြောမိတော့ပါ။
hannie ကတစ်ချိန်လုံးမျက်နှာလေးငယ်လျက်
အမေဖြစ်သူကိုစိုးရိမ်ကာ စကားသံလုံးဝမထွက်ဘဲ
တိတ်ဆိတ်နေသည်။ ကားပါကင်မြေကွက်ဆီရောက်တော့
သူ့ကားပေါ်ပြောင်းတက်ပြီး Jeju မှထွက်လာကြသည်အထိ
အားလုံးကောင်းမွန်နေခဲ့၏
သို့သော်....။
⚡⚡⚡⚡⚡⚡⚡⚡⚡⚡
ဝှိုက်ဘာမနိုင်တော့ပြီ။ ရှေ့ကိုသဲသဲကွဲကွဲမမြင်ရသည်အထိ
မိုးကြီးနေပြီဖြစ်၏ hannie ကိုအလိုလိုက်ပြီးထွက်လာခဲ့
မိတာ မှားပြီ။
တကယ်ဆို hannie ပြောတာကိုလက်မခံဘဲ
ဒီအခြေအနေကို hannie သိအောင်သေချာဖျောင်းဖျရမှာ။
"မင်းတို့ကလည်း ကလေးကိုမလုပ်သင့်တာမလုပ်ရအောင်
ဆုံးမပေါ့ကွ...သူပြောသမျှလက်ခံပေးနေရလား..."ဟု
Siwon တို့ကို hannie နဲ့ပတ်သက်ပြီးသူ အပြစ်တင်
ဖူးသည်။
"hannie ကသူဖြစ်ချင်တာဆို ဇွတ်ဖေဖေရဲ့..."ဟု
သားညည်းညည်းညူညူပြောတာလည်း သူကြားဖူးသည်။
ခုတော့သူကိုယ်တိုင်ဖြစ်လာ၏
သူရှေ့ကိုသတိကြီးစွာထားပြီး စူးစိုက်ကြည့်နေရင်း
သက်ပြင်းချမိ၏ လှည့်ကြည့်လိုက်တော့ ဘေးမှာ hannie
ဖုန်းကိုင်ရင်း တရှုံ့ရှုံ့ငိုနေ၏
"hannie...ငိုနေတာလား..."
"မေမေဖုန်းမကိုင်ဘူး...မေမေတစ်ယောက်တည်း
ဘယ်လောက်တောင် ဒုက္ခရောက်နေမလဲမသိဘူး..."
"ဦးကားကလည်း လိပ်ကြီးကျနေတာဘဲ...
hannie မေမေ့ဆီရောက်မှာကို မဟုတ်တော့ဘူး.."
ပြဿနာပါလား...hannie ငိုနေတာYoona ကို
စိတ်ပူလို့လား...။
သူ့ကား နှေးနေလို့လား....။
"မိုးဒီလောက်ရွာနေတာ အရမ်းမောင်းရင်အန္တရာယ်ရှိတယ်
hannie ရဲ့..."
"ကိုကိုဆို အမြန်မောင်းပေးမှာ..."
တကယ့်ကို ခလေးပဲကွာ...။
ခုမှ Jeju ကစထွက်စပဲရှိသေးသည်။
လမ်းက အကွေ့အကောက်များသည်။
ကျဉ်းလည်း ကျဉ်းသည်။
အရမ်းမောင်းလို့ အဆင်မပြေ။
သို့သော် လူကိုမျက်စောင်းထိုးပြီးနှုတ်ခမ်းစူနေသည့်ခလေး
ကြောင့် သူကားကိုနည်းနည်းအရှ်ိန်တင်လိုက်ရ၏
အကွေ့တွေရောက်တိုင်း ကားကသူ့ဘာသာအရှိန်ထိန်းပေး
နေသည်မို့ သူခပ်မြန်မြန်ပဲမောင်းမိတော့သည်။
ရှေ့ကိုအတင်းအာရုံစိုက်မောင်းနေရ၍ "တိတ်တော့နော်"
ဘာညာလည်း ပြောမနေနိုင်။ ကားမောင်းနေရင်း
မသိမသာပြန်လှည့်ကြည့်မိလျှင် သူကားမြန်မြန်မောင်းပေးလို့
စိတ်ချမ်းသာသွားလို့လားတော့မသိ။
အငိုတိတ်မျက်ရည်သုတ်ပြီး မျက်နှာရှေ့ကျနေသည့်ဆံပင်တွေကို နားမှာညပ်ကာဖုန်းခေါ်နေသည်။ ဖုန်းကိုငုံ့ကြည့်နေ
တုန်း ဆံပင်ကနားကြားထဲကနေလျှံပြီး ရှေ့ကိုထပ်ကျလာပြန်သည်။
"ဟာ...ဒီဆံပင်ကလည်းကိုယ့်ဘာသာ မနေဘူး.."
ဆံပင်နဲ့လည်း ရန်ဖြစ်တာပဲ...။
ဒုန်း...။
"ဟာ..."
ကျွီ...။ဒုန်း...ဒုန်း။
သူ hannie ဆီစိတ်တစ်ချက်လွင့်သွားစဉ် ကားသည်
ဘာနဲ့တိုက်မိသည်မသိ။ ဒုန်းခနဲဆောင့်ခုန်ကာ လမ်းဘေးသို့
အရှိန်နှင့် ထိုးဆင်းသွား၏
"အား...မေမေရေ..."
hannie အော်သံကို သူနောက်ဆုံးကြားလိုက်ရပြီးနောက်...။