တိတ်ဆိတ်လှသော ညနေခင်းတစ်ခုတွင် အံ့မဟော်တို့ မိသားစုသုံးယောက် ညစာစားနေကြသည်။
ဇွန်းခရင်းသံမှတစ်ပါး မည်သည့်အသံမျှ မကြားရလောက်အောင် တိတ်ဆိတ်မှုက ထိုထမင်းဝိုင်းရှိ လူသုံးယောက်ကြားမှာ ကြီးစိုးလျက်ရှိသည်။
တစ်ယောက်နှင့်တစ်ယောက်ကြားမှာ အချင်းချင်း နွေးထွေးမှုလည်းမရှိ၊ ကြင်နာစွာ ဟင်းထည့်ပေးခြင်းမျိုးလည်းမရှိ။ ကိုယ့်ထမင်းပန်းကန် ကိုယ်စားကာ အားလုံးက ကိုယ့်အာရုံနဲ့ကိုယ် နေနေကြသည်။
ထိုတိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူက ထမင်းစားပွဲ၏ အလယ်တွင် ရှိသော ဒေါ်ခင်မျိုးမြတ်။
"မဟော်နဲ့ အငယ့်ကို ပြောစရာရှိတယ်၊ ခဏလောက် နားထောင်ပေးကြပါ"
ဒေါ်သဇင်ငယ်ကတော့ စားလက်စကို ရပ်ကာ ဒေါ်ခင်မျိုးမြတ်ကို အကြောင်းပြန်လိုက်သည်။
"ဘာပြောမလို့လဲ မမ... ပြောလေ"
သူကတော့ စကားဝိုင်းကို နားစွင့်ထားရင်း စားလက်စ ထမင်းကိုသာ ပုံစံမပျက် ဆက်စားနေလိုက်သည်။
"မဟော်"
မာမီ့ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ယခုအကြိမ်က အရင်တစ်ခါနဲ့မတူ။ အနည်းငယ်ခန့် အားပါသည့် အသံမျိုး။
သူ မာမီ့ကို ကြည့်လိုက်တော့ မျက်ဝန်းတို့က တစ်ခုခုကို အလိုမကျဟန်။
"မာမီ စကားပြောနေတယ်လေ၊ နည်းနည်းလောက် အာရုံစိုက်ပေးလို့ ရမလား"
"ပြောလေ မာမီ"
စားစရာရှိတာ ဆက်စားနေတုန်း မာမီ့စကားသံက ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။
"ယဉ်ကျေးမှုရှိရှိနဲ့ တစ်ဖက်လူ စကားပြောတာကို နားထောင်ပေးလေ မဟော်"
မာမီကတော့ ခက်ပြန်ပြီ။
မာမီစကားစကတည်းက နားထောင်ပေးနေခဲ့တာပဲလေ။ ယဉ်ကျေးမှုက ရှိရဦးမယ်တဲ့လား။
"နားထောင်ပေးနေတယ် မာမီ၊ ဘာထပ်ဖြစ်စေချင်သေးလို့လဲ၊ စားနေတာကို ရပ်ပေးရဦးမှာလား၊ မာမီပြောတဲ့ ယဉ်ကျေးမှုဆိုတာက သူတစ်ပါး စားသောက်နေတာကို အနှောက်အယှက်ဖြစ်စေတဲ့ အရာလား"
မာမီ့ မျက်ခုံးတို့ တဖြည်းဖြည်း စုကျုံ့သွားသည်။
"အရေးကြီးတဲ့ စကားပြောမှာမို့လို့ မင်းကို အပြုအမူနဲ့ပါ attention ပေးခိုင်းနေတာ၊ မလိုအပ်ဘဲ စကားအပိုတွေ မာမီမပြောတတ်ဘူး"
မာမီ့စကားအဆုံးမှာ သူ သက်ပြင်းတစ်ခုကို ချလိုက်ရင်း လက်ထဲက ဇွန်းနဲ့ခက်ရင်းကိုပါ ပန်းကန်ထဲ၌ ချထားလိုက်သည်။
"ပြောပါ မာမီ၊ attention အပြည့်အဝ မာမီ့ကို ပေးလိုက်ပြီ"
မာမီက သူ့ကို မကြည်သလို တစ်ချက်ကြည့်ပြီး သူမ ပြောလက်စ စကားကို ဆက်လိုက်သည်။
"မာမီ လက်ထပ်တော့မယ် မဟော်"
"..........."
"ရှေ့တစ်ပတ်မှာ မင်္ဂလာပွဲကျင်းပမယ်၊ မာမီ့ ခင်ပွန်းလောင်းနာမည်က ဦးခန့်သာတဲ့၊ ခန့်သာကော်ပိုရေးရှင်းရဲ့ စီအီးအို၊ ကိုခန့်သာကလည်း မာမီ့လို မုဆိုးဖိုတစ်ယောက်၊ သူ့မှာ မဟော့်ထက် လေးနှစ်ကြီးတဲ့ သမီးတစ်ယောက်ရှိတယ်"
"မမ ဗြုန်းစားကြီးပါ့လား... ငယ်တို့ကိုလည်း အရင်က ဘာမှမပြောထားဘဲ"
"ဟုတ်တယ် အငယ်၊ အမှန်တိုင်းပြောရရင် တို့လည်း လက်မထပ်ချင်ပါဘူး၊ အငယ်သိတဲ့အတိုင်း ကိုအံ့မော် ဆုံးပြီးကတည်းက အိမ်က စီးပွားရေးအခြေအနေကို၊ ခုချိန်ထိ အကြွေးတွေက မကျေနိုင်သေးဘူး၊ မိန်းမသားတစ်ယောက်တည်းအနေနဲ့ တို့ဆက်မလုပ်နိုင်တော့တာ အမှန်ပဲ အငယ်၊ ကိုခန့်သာက တို့နဲ့ ဟိုးကတည်းက မိတ်ဆွေတွေပါ၊ သူက စိတ်ရင်းလဲ ကောင်းရှာတယ်၊ အားလည်းအားကိုးလို့ ရနိုင်တဲ့ လူကြီးလူကောင်းတစ်ယောက်၊ မဟော်နဲ့လည်း အသင့်တော်ဆုံးဖြစ်..."
"ကျွန်တော့်ကို ဆွဲမထည့်ပါနဲ့ မာမီ"
"............."
ကြားထဲမှ သူ အမြန်ဖြတ်ပြောလိုက်သဖြင့် မာမီ့စကားတို့ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။
"မာမီလက်ထပ်မယ့် ကိစ္စကို ကြိုက်တဲ့ ခေါင်းစဉ်တပ်နိုင်တယ်၊ ကျွန်တော့်အတွက်ဆိုပြီး အကြောင်းပြချက် သေးသေးလေးတောင် မပေးပါနဲ့"
"မဟော်… မာမီဆုံးဖြတ်သမျှကိစ္စတွေ အားလုံးက ဒီမိသားစုအတွက်ချည်းပဲ၊ အားလုံးအတွက် အဆင်ပြေမယ့်လမ်းကို မာမီရွေးချယ်တာ၊ မာမီတစ်ယောက်တည်း ကောင်းဖို့ မဟုတ်ဘူး၊ ဒီမိသားစုအတွက် အားလုံးအတွက် နားလည်လား မဟော်"
မာမီ့စကားကြောင့် သူ ဟက်ခနဲ တစ်ချက် ရယ်လိုက်မိသည်။
လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်က ထွက်သွားတုန်းကရော...။
အဲ့တာကိုလည်း မိသားစုအတွက် ဆိုပြီး ခေါင်းစဉ်တပ်ချင်သေးလား မာမီ။
"သားသား... မမပြောတာကို ဆုံးအောင် နားထောင်လိုက်ပါဦး"
ငယ်ငယ်က သူ့အား တားသည်။
မာမီကတော့ သူ့အား ပြောပြီးသည်နှင့် ထုံးစံအတိုင်း ဆက်လက်အမိန့်ပေးပြန်သည်။
မာမီ့စကားတို့တွင် သဘောတူညီချက်ဆိုတာ ကင်းမဲ့သည်။ မည်သူတစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒကိုမျှ မာမီလုံးဝထည့်မတွက်တတ်။ သူ့နှုတ်မှ ထွက်သမျှကို အားလုံးက လိုက်နာပေးရမည်။ နားထောင်ပေးသူတို့မှာ စောဒကတက်ခွင့်ဆိုတာ အလျဉ်းမရှိ။
"ရှေ့တစ်ပတ် မင်္ဂလာပွဲကို အငယ်ရော မဟော်ရော တက်ပေးရမယ်၊ မန္တလေးက ကိုကြီးတို့ကို အငယ့်စိတ်ဆန္ဒရှိရင် ဖိတ်နိုင်တယ်၊ အကျဉ်းချုံးပဲ လုပ်မှာမို့လို့ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ဖိတ်ပါ မဟော်"
စိတ်မကောင်းစရာကောင်းတာက အံ့မဟော်ဆိုသော သူသည် မာမီ့စကားကို တစ်သွေမတိမ်း လိုက်နာမည့် ကြောင်ပေါက်လေးတစ်ကောင် မဟုတ်ခြင်းပင်။
စိတ်မကောင်းပါဘူး မာမီ။
"သူငယ်ချင်းဆိုတာလည်း မရှိသလို မာမီ့မင်္ဂလာပွဲကိုလည်း ကျွန်တော်တက်မှာ မဟုတ်ဘူး"
"မင်းကို ငြင်းပိုင်ခွင့် မာမီပေးမထားဘူး၊ ကလေးတစ်ယောက်လို ကလန်ကဆန်မလုပ်စမ်းနဲ့ မဟော်၊ မာမီ အားလုံးကောင်းမယ့် ကိစ္စကိုလုပ်တာ၊ နည်းနည်းပိုပြီး ရင့်ကျက်ပေးစမ်းပါ"
ခုချိန်ထိ အားလုံးအတွက်ဆိုပြီး အသံကောင်းဟစ်နေသော မာမီသည် ဒယ်ဒီပြောခဲ့သလို သိပ်ပြီးသွေးအေးပြတ်သားလှသည်။
မာမီ့ကို သူ စိတ်ပျက်စွာ ကြည့်ပြီး ထိုထမင်းဝိုင်းမှ ထထွက်လိုက်သည်။
"မဟော်... မာမီပြောနေတာ မပြီးသေးဘူး၊ မင်း ဘယ်ကို သွားမလို့လဲ၊ နောက်တစ်ပတ် မင်္ဂလာပွဲပြီးတာနဲ့ ကိုခန့်သာတို့ သားအဖနဲ့ မာမီတို့ အတူနေရမယ် ကြားလား"
"မာမီ ဒီအိမ်မှာလည်း နေနိုင်သလို ကြိုက်တဲ့နေရာမှာလည်း သွားနေလို့ရတယ်၊ ဒါပေမဲ့ မာမီတစ်ယောက်တည်းပဲနော်၊ ကျွန်တော်နဲ့ ငယ်ငယ်က လိုက်မှာလည်းမဟုတ်သလို မာမီလည်း ဒီအိမ်ထဲကို သူစိမ်းတွေ ခေါ်ခွင့်မရှိဘူး"
"မဟော်... မင်း မာမီ့ကို ဒေါသထွက်အောင် မလုပ်လို့ မရဘူးလားဟမ်၊ ငယ်တော့တဲ့အရွယ်လည်း မဟုတ်တော့ဘူး"
"ကျွန်တော် ကလေးဆန်နေတာ မဟုတ်ဘူး မာမီ၊ ဒါ ဒယ်ဒီ့အိမ်၊ ဒယ်ဒီ့အိမ်ပေါ်ကို သူစိမ်းယောကျ်ားတစ်ယောက် တက်နေမှာကို ကျွန်တော်လုံးဝခွင့်မပြုနိုင်ဘူး"
ပြောပြီးသည်နှင့် ထမင်းစားခန်းထဲမှ သူထွက်လာလိုက်သည်။ ဇွဲကောင်းသော မာမီ့အသံက သူ့နောက်ကျောမှ ကပ်လျက်လိုက်ပါလာသေးသည်။
"မင်္ဂလာပွဲကို မင်း မဖြစ်မနေတက်ရမယ်"
သူ မာမီ့ဘက်သို့ ပြုံးရင်း ပြန်လှည့်လိုက်သည်။
"မိသားစုအတွက် အနစ်နာခံလက်စနဲ့ ဆက်အနစ်နာခံလိုက်ပါဦး မာမီ၊ မင်္ဂလာပွဲလည်း မာမီတစ်ယောက်တည်း ဆင်နွှဲပြီး မာမီ့ယောကျ်ားအိမ်မှာလည်း မာမီတစ်ယောက်တည်း သွားနေလိုက်ပါဗျာ၊ ကျွန်တော်တို့က ဒီအိမ် ဒီနေရာကနေ ခြေတစ်ဖဝါးမှ ရွှေ့မှာမဟုတ်လို့"
နှစ်သိမ့်စကားတစ်ခွန်းမဆို။ သူ့အား သူမ ကြိုးဆွဲရာ ကရမည့် ခံစားချက်မရှိသည့် ရုပ်သေးရုပ်လေးတစ်ရုပ်နှယ် မာမီ သတ်မှတ်ထားသည်။
ဝမ်းနည်းစရာပဲ...။
မာမီဆွဲထားတဲ့ အံ့မဟော်ဆိုတဲ့ ကလေးတစ်ယောက်ပေါ်က ကြိုးတွေကို မာမီပေးခဲ့တဲ့ ဆွဲကြိုးလေးနဲ့အတူ ဒယ်ဒီမရှိတော့တဲ့နေ့ကတည်းက ကျွန်တော်ကိုယ်တိုင် ဖြတ်ပစ်လိုက်ပြီ မာမီရဲ့။
°°°°°°°
"သားရေ... အောက်မှာ သမီးကျူးရင့်ရောက်နေတယ်၊ ရေချိုးပြီးရင် မြန်မြန်ဆင်းခဲ့"
ရေချိုးခန်းထဲတွင် သီချင်းလေးညည်းရင်း ဇိမ်ပြေနပြေ ရေချိုးနေတုန်း မေမေ့အသံကြောင့် ရေချိုးခြင်းကို အမြန်လက်စသတ်လိုက်သည်။
အိမ်နေရင်း တီရှပ်တစ်ထည်ကို ဘောင်းဘီဒူးကျတစ်ထည်ဖြင့် တွဲဖက်ဝတ်ဆင်ပြီးသည်နှင့် ကျူးရောက်နေသည်ဆိုသောကြောင့် အောက်သို့ အမြန်ဆင်းခဲ့သည်။
အောက်သို့ရောက်သောအခါ ဧည့်ခန်းထဲတွင် တီဗီကြည့်နေသော ဖေဖေနှင့် ညီမလေးကို တွေ့လိုက်ရသည်။
"ဖေဖေ... ကျူး ရောက်နေတယ်ဆို"
"အေး... မင်းမေမေ ဟင်းချက်တာကို ဝင်ကူနေတယ်၊ အထဲမှာ ရှိတယ်"
ဖေဖေက ထမင်းစားခန်းထဲသို့ ညွှန်ပြပြီးတာနှင့် တီဗီဆီသို့ အကြည့်ကို ပြန်ပို့လိုက်သည်။
သူလည်း ထမင်းစားခန်းထဲသို့ ကျူးကို တွေ့ရန် ဝင်သွားခဲ့လိုက်သည်။
"ကျူး..."
သူ့အသံကြားသောအခါ ကျူးက ဟင်းရွက်ထွင်နေရာမှ မော့ကြည့်လာသည်။
"မောင်... ရေချိုးလို့ ပြီးပြီလား"
"အင်း... မေမေ့ကို ဟင်းကူချက်နေတာလား"
"ကူချက်နေတာ မဟုတ်ပါဘူး မောင်ရယ်၊ ကျူးမှ မချက်တတ်ဘဲ... အန်တီ့ကို ဟင်းရွက်ကူထွင်ပေးနေတာ"
"ဒီအသက်အရွယ်ရောက်နေပြီ၊ ခုထိ မချက်တတ် မပြုတ်တတ်နဲ့၊ ဪ...အိမ်ထောင်ကျပြီးရင် လင်းသန့်မောင်တို့ ဘဝက မတွေးရဲစရာပဲ"
"မောင့်... ဘာတွေ လျှောက်ပြောနေတာလဲ"
ကျူးက ဘေးမှာ မေမေရှိသဖြင့် မျက်နှာပူစွာဖြင့် သူ့စကားအား ဟန့်တားသည်။
"ဘာပြောလို့လဲ၊ ကျူးက ခုချိန်ထိ ဟင်းမချက်တက်တော့ မောင်တို့ယူပြီးရင် ဘယ်သူက ချက်ကျွေးမှာလဲဆိုတာ တွေးမိပြီး ကိုယ့်ဘဝကိုယ်ဝမ်းနည်းလို့ပါ"
"မောင့်..."
ကျူးက ဟင်းချက်နေသော မေမေ့အား မျက်စပစ်ပြကာ နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်၍ သူ့အား ပါးစပ်ပိတ်ရန် အချက်ပြသည်။
မေမေရှိနေသဖြင့် ရှက်နေသော ကျူးအား ကြည့်ကာ တဟားဟားအော်ရယ်ရင်း ဘေးတွင်ဝင်ထိုင်လိုက်သည်။
"ပရော်ပရီပြောနေတာတွေ ရပ်တော့၊ ဇွန်းခွက်နဲ့ ခေါင်းကို ခေါက်ထည့်လိုက်မယ်"
မေမေက ပြောရင်းဆိုရင်း သူ့အနောက်ရောက်လာကာ သူ့ခေါင်းအား ဂွက်ခနဲနေအောင် လက်ထဲက ဇွန်းဖြင့် ခေါက်လိုက်သည်။
"ဟာ...တကယ်လုပ်တယ်ဟ"
မေမေက သူ့အား အဖက်မလုပ်ဘဲ ကျူးရှေ့မှ ထွင်ထားသော ဟင်းရွက်ခြင်းကို ယူသည်။
"တော်ပြီ သမီး၊ ကျန်တာတွေက နောက်နေ့အတွက်"
"ဟုတ် အန်တီ"
"လက်ဆေးလိုက်ဦး၊ ကန်စွန်းရိုးက အစေးတွေရှိတယ်"
"ဟုတ်"
ကျူးက ခဏထကာ ဘေစင်သို့ လက်သွားဆေးသည်။ ထို့နောက် သူ့ဘက်သို့ လှည့်၍
"မောင်... ကျူး မောင့်ကို ပြောစရာရှိတယ်"
"ပြောလေ"
"အပြင်ခဏသွားရအောင်၊ ကျူး ဝယ်စရာလေးလည်းရှိလို့"
"သွားလေ ဒါဆို၊ မေမေ သားတို့ အပြင်ခဏသွားဦးမယ်၊ ဘာမှာစရာရှိလဲ"
"မရှိပါဘူး... ကားယူသွားချေလေ"
"မယူတော့ဘူး အန်တီ... လမ်းထိပ်လေးတင်ပဲ"
"အေး အေး"
သူနှင့်ကျူးတို့ မေမေ့ကို နှုတ်ဆက်ကာ အပြင်သို့ လမ်းလျှောက်၍ ထွက်လာခဲ့ကြသည်။
အတန်ကြာ လမ်းလျှောက်ပြီးသော် လမ်းထဲရှိ ပန်းခြံငယ်တစ်ခုတွင် ကျူးက ခြေလှမ်းတို့ကို ရပ်တန့်လိုက်သည်။
"မောင်... ကျူးတို့ ဒီမှာ စကားပြောကြမယ်"
ကျူးစကားကြောင့် ပန်းခြံထဲရှိ ခုံတန်းလျားလေးတစ်ခုပေါ်တွင် သူတို့နှစ်ယောက် ဝင်ထိုင်လိုက်ကြသည်။
သာယာသော ညနေခင်းသည် ချစ်ရသူ နံဘေးမှာ ရှိနေမှ ပို၍ ပြည့်စုံလှပနေသလို။
"ကဲ...ပြော၊ ဘာတွေများ ပြောစရာရှိနေသလဲ အမိ"
"ဒယ်ဒီ လက်ထပ်တော့မယ်တဲ့၊ နောက်တစ်ပတ်ထဲမှာ မင်္ဂလာပွဲလုပ်လိမ့်မယ်"
ကျူးစကားကြောင့် သူအနည်းငယ် အံ့ဩသွားသည်။ ကျူးမျက်နှာကို သူဖတ်ကြည့် လိုက်တော့ စိတ်မကောင်းဖြစ်နေသည့် အရိပ်အယောင်တို့ကို မတွေ့ရ။
"ဗြုန်းစားကြီးပါ့လား ကျူး"
"ဗြုန်းစားကြီးတော့လည်းမဟုတ်ပါဘူး၊ တကယ်တော့ ကျူးသဘောကို ဒယ်ဒီက သွယ်ဝိုက်ပြီး မေးဖူးတာတော့ ကြာပါပြီ၊ ကျူးကို သူတစ်ယောက်တည်း ကျွေးမွေးစောင့်ရှောက်လာတာလည်း နှစ်ပေါင်းမနည်းတော့ဘူးလေ၊ ဒယ်ဒီ့ကို တခြားသူတွေလိုပဲ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေစေချင်တယ်၊ ကျူးလက်မခံဘဲ ဒယ်ဒီက နောက်အိမ်ထောင်ပြုမယ့်လူမျိုးမှ မဟုတ်တာ"
"မောင့်ကိုလည်း ပြောမပြဘူး"
"စကားမစပ်မိလို့ပါ မောင်ရယ်"
ကျူးမှာရှိတဲ့ သူမကြိုက်တဲ့ အချက်က ထိုအရာပင်။
ကျူးက သူ့အပေါ်မှာ သူ့လောက် ပွင့်လင်းမှုမရှိ။ သူ့အတွက်တော့ ကျူးက သူ့မိသားစုနှင့် တန်းတူဟု သတ်မှတ်ကာ တစ်ခုခုဆို အမြဲဖွင့်ဟတိုင်ပင်တတ်သည်။ ကျူးကတော့ ထိုသို့မဟုတ်ချေ။ တစ်ခုခုဆို သူလုပ်ချင်တာကို လုပ်ပြီးမှ နောက်ဆုံးအနေဖြင့် သူက သိရသည်။ သူ့အနေနဲ့ သူ့ကို အလေးမထားတာ မကြိုက်ပေမဲ့ သူတို့နှစ်ယောက်ကြားမှာ အဖုအထစ်သေးသေးလေးတောင် အဖြစ်မခံစေလိုသဖြင့် အမြဲမြိုသိပ်ထားခဲ့သည်။ အခုလည်း ထပ်လုပ်ပြန်ပြီ။
"ကျူး အဆင်ပြေတယ်မလား"
"ပြေပါတယ် မောင်ရဲ့... ဒယ်ဒီနဲ့ အဲ့အမျိုးသမီးက ငယ်ချစ်တွေလေ၊ သူက မောင့်လိုပဲ ဆရာဝန်တဲ့၊ ပါရဂူဘွဲ့ကို နိုင်ငံခြားက ရလာတာလို့ပြောတယ်၊ သူ့မှာ ညီမတစ်ယောက်နဲ့သားတစ်ယောက်ရှိတယ်၊ ကျူးထက် လေးနှစ်ငယ်တယ်လို့ ပြောတာပဲ၊ လက်ထပ်ပြီးရင် ကျူးတို့ဆီမှာ သူတို့လာနေကြမှာ၊ မနက်ဖြန်ကျရင် မိသားစုတွေ့ဆုံပွဲရှိတယ်၊ မောင်ပါလိုက်ခဲ့ပါ့လား"
"မနက်ဖြန် မောင်မအားဘူး ကျူးရဲ့၊ ဟန်သာနဲ့မောင်တို့ ဆေးရုံမှာ ဂျူတီရှိတယ်"
"ဟုတ်လား... ဒါဆိုလည်း ထားလိုက်ပါ... ကိစ္စမရှိဘူး၊ တကယ်တော့လေ...ကျူး မောင့်ကို ပြောစရာ ရှိသေးတယ်"
ကျူးက တစ်ခုခုကို အပြောရကျပ်နေဟန်ဖြင့် သူ့အား မဝံ့မရဲကြည့်နေသည်။
"ပြောလေ..."
"ကျူး....ကျူးလေ...ဟိုဟာ"
ကျူးက စကားကို ရပ်လိုက်သဖြင့် သူက ဆက်ပြောလေဟူသော သဘောဖြင့် မျက်ခုံးတို့ကို ပင့်ပြလိုက်သည်။
"ကျူးကိုလေ... သိလား"
"ကဲ...ပြောမှာဖြင့် ပြော၊ စိတ်က မရှည်ရင် ဖက်နမ်းပစ်လိုက်မှာ"
"မောင်ကလည်းကွာ၊ ဒီမှာပြောမထွက်လို့ အားယူနေရတဲ့ဟာကို နောက်နေသေးတယ်"
"ဘာတွေများပြောမထွက်ဖြစ်နေရတာလဲ ကျူးရဲ့၊ ပြော... ဒီမှာ နားထောင်ပေးနေတယ်"
ကျူးက သက်ပြင်းသဲ့သဲ့ချလိုက်ပြီး အားယူလိုက်သည်။
"ကျူးတို့ ချောင်းသာက ပြန်တဲ့နေ့ကလေ... ပရိုဂျူဆာတစ်ယောက်က ဖုန်းဆက်တယ်၊ ကျူးကို သူတို့နောက်ရိုက်မယ့် ဇာတ်လမ်းတွဲအတွက် ရွေးလိုက်တယ်တဲ့"
"ဘာ"
သူ ကျူးကို အံ့ဩစွာဖြင့် ကြည့်လိုက်သည်။
"ကျူးလည်း မောင့်ကို ပြောမယ် ပြောမယ်နဲ့ မပြောရဲဖြစ်နေလို့ ခုမှပြောဖြစ်တာ၊ လက်ခံပေးနော် မောင်"
"ဘယ်အချိန်ကတည်းက အဲ့လူတွေနဲ့ အဆက်အသွယ်ရှိနေတာလဲ ကျူး"
"ကျူး အသိတစ်ယောက်က အနုပညာလောကမှာ နှံ့စပ်တယ်၊ သူက ကျူးကို မိတ်ဆက်ပေးတာ၊ ကျူးကို အဲ့ပရိုဂျူဆာက သဘောကျသွားလို့ သူတို့ခုရိုက်မယ့် ဇာတ်လမ်းထဲမှာ ကျူးကိုထည့်ချင်တယ်တဲ့၊ အခုမှ အစဆိုတော့ အရံအနေနဲ့ပေါ့"
"ငါ့ကိုတောင် တစ်ခွန်းမှ မဟနိုင်လောက်အောင်ပေါ့လေ"
သူ့လေသံက ပြောင်းသွားကာ အခေါ်အဝေါ်တွေကလည်း ပုံမှန်သူငယ်ချင်းပြောမျိုး ဖြစ်သွားသည်။
"ကျူးပြောရင် မောင်က သဘောတူမှာမှမဟုတ်တာ"
"အေး... ငါသဘောမတူမှာ နင်သိရဲ့သားနဲ့ ဘာလို့ဆက်တိုးတာလဲ"
"ဒါပေမဲ့ ကျူးအိပ်မက်ဆိုတာကို မောင်လည်းသိတယ်လေ၊ ကျူးငယ်ငယ်လေးကတည်းက ကျူးစိတ်ကူးခဲ့ရတဲ့ အရာလေ... မောင်သိသားနဲ့"
"ငါလက်မခံဘူး ကျူး... နင် မင်းသမီး လုံးဝမလုပ်ရဘူး"
"မောင့်... ကျူး ဒီအခွင့်အရေးကို ဘယ်လောက်ခက်ခက်ခဲခဲနဲ့ ရထားတယ်ဆိုတာ မောင်သိလား"
"အဲဒီ့အခွင့်အရေးနဲ့ ငါနဲ့ လဲနိုင်ရင် နင်ကြိုက်တာ ဆက်လုပ်လိုက် ကျူး၊ ငါ နင့်ကို ဟိုးကတည်းက အကြိမ်ကြိမ်ပြောပြီးသား၊ မင်းသမီးလုပ်တာကလွဲရင် နင်ကြိုက်တာလုပ်လို့၊ ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်နေလည်း ရတယ်ကျူး၊ ဒါ ငါ့ဘက်က သဘောထားပဲ...ရွေး"
သူပြောပြီးသည်နှင် မတ်တပ်ထရပ်လိုက်သည်။ ကျူးကတော့ သူ့ကို အံ့ဩနပန်းဖြင့် ကြည့်နေသည်။
"မောင့်... မောင် ကျူးကို သက်သက်ညစ်နေတာ၊ ကျူးဘက်ကိုလည်း တွေးကြည့်ပေးပါဦး၊ ကျူးအဖေကတောင် ခွင့်ပြုပေးတဲ့ ကိစ္စ၊ မောင်က ဘာလို့ အဲ့လောက်ခါးခါးသီးသီး ဖြစ်နေရတာလဲ၊ မောင့် အပြုအမူက လက်တွဲဖော်ကောင်းတစ်ယောက်ရဲ့ အပြုအမူမျိုး လုံးဝမဟုတ်ဘူးနော်"
"ကြိုက်သလို သတ်မှတ်လိုက် ကျူး၊ ယောင်္ကျားတကာနဲ့ ဖက်လိုက် နမ်းလိုက် လုပ်ရမှာကို နင့်အဖေက ခွင့်ပြုပေမဲ့ ငါကတော့ မကြည်ဖြူနိုင်ဘူး ကျူး၊ ငါက နင့်ချစ်သူ..."
ကျူးက သူ့စကားအား ဒေါသထွက်သွားကာ မတ်တပ်ရပ်လိုက်လာသည်။
"နင်ဘယ်လိုပြောလိုက်တာလဲ၊ ငါက အခု မကောင်းတဲ့ အလုပ်ကို လုပ်မှာမဟုတ်ဘူး၊ သရုပ်ဆောင်ဆိုတာ ငါ့ဝါသနာ၊ နင်လည်း နင့်ဝါသနာအတိုင်း နင်ကြိုက်တဲ့လမ်းကို နင်လျှောက်ခဲ့တာပဲ၊ နင်ဘာလို့ အဲ့လောက် သဘောထားသေးသိမ်ရတာလဲ မောင်"
"ငါ့အလုပ်က နင့်ကို ဘာတွေများ ထိခိုက်စေလို့လဲ"
"မထိခိုက်ပေမဲ့ နင်လည်း နင့်လမ်းနင် ရွေးခဲ့သလို ငါလည်း ငါ့လမ်းငါ ရွေးရမှာပဲ၊ သိကြားမင်းက ဆင်းတားမယ်ဆိုရင်တောင် ငါကတော့ ဆက်လျှောက်မှာပဲ"
သူ ကျူးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ကျူး မျက်ဝန်းတို့သည် သူမပြောသလို သူမရဲ့ ဆုံးဖြတ်ချက်ကို ဘာအကြောင်းနဲ့မှ ပြင်တော့မည့်ဟန်မရှိ။
"ကောင်းပြီလေ... နင် ရွေးတဲ့လမ်းကို တစ်ယောက်တည်း ပျော်ပျော်ကြီး ဆက်လျှောက်လိုက်၊ နောက်ပြန်မလှည့်နဲ့"
ပြောပြီးသည်နှင့် သူ ကျူးကို ကျောခိုင်းကာ ထားခဲ့သည်။
နောက်မှ ဆွဲထားလေမလားဟူသော မျှော်လင့်ချက်နဲ့ ခြေလှမ်းတို့ကို ပုံမှန်ထက် နှေး၍ လျှောက်ပါသော်လည်း ကျူးသည် သူထားခဲ့တဲ့နေရာမှာ မလှုပ်မယှက် ငြိမ်သက်စွာ ရပ်ကျန်ခဲ့ပါသည်။
ထိုညနေတွင် ဆယ်နှစ်နီးပါး ခိုင်မာသော သံယောဇဉ်တွေဖြင့် ကျစ်ထားသော သူတို့နှစ်ယောက်၏ အချစ်ကြိုးလေးသည် တစ်ခဏလေးအတွင်းမှာ မယုံကြည်နိုင်လောက်အောင် လွယ်လွယ်ကူကူ ပြတ်တောက်သွားခဲ့သည်။
ငါတို့ တစ်ယောက်နဲ့တစ်ယောက် မချစ်တော့လို့ ဝေးခဲ့ကြတာ မဟုတ်ဘူး ကျူး...။
ငါတို့အတ္တတွေက ငါတို့ခြေထောက်တွေကို နီးစပ်ဖို့အတွက် မလှုပ်နိုင်အောင် ဆွဲထားခဲ့ကြတာ။
°°°°°°°