ကံတရားက ဆန်းကြယ်လွန်းလှသည်။ ဒေါ်ခင်မျိုးမြတ်ထွက်သွားပြီးနောက်ပိုင်း အရာအားလုံး ပြောင်းလဲသွားသည်။
ဦးအံ့မော်သည် သားဖြစ်သူနှင့် မိမိအား ထားခဲ့ကာ အောင်မြင်မှုလမ်းကြောင်းကိုသာ ရွေးချယ်သွားသော မိန်းမဖြစ်သူကို စိတ်အနာကြီးနာမိသည်။ သူ့ကို ခွင့်မလွှတ်နိုင်ရလျှင်တောင် တစ်ဦးတည်းရှိသော သည်သားလေးမျက်နှာကိုတော့ ထောက်သင့်သည်။
ဒေါ်ခင်မျိုးမြတ် ခေါင်းမာတာကို သိပေမဲ့ ဒီလောက်ထိတော့ မလုပ်ရက်လောက်ဟု သူထင်ခဲ့မိသည်။ ပြတ်သားလွန်းလှသော မိန်းမဖြစ်သူအား မိမိဘက်မှလည်း ဖုန်းနံပါတ်အားလုံး ပြောင်းလဲပစ်ကာ သားဖြစ်သူနှင့်ပါ အဆက်အသွယ်ဖြတ်စေခဲ့သည်။
ထိုကိစ္စတွေဖြစ်ပြီးကတည်းက သားကလည်း သူ့အပေါ် အရင်လို တရင်းတနှီးမရှိတော့ချေ။ သူ့အဒေါ်မှလွဲ၍ တခြားဘယ်သူ့မှ အနားအကပ်မခံ။ သူ့ဘက်က အတင်းရောပါမှ တစ်ခွန်းတလေ ပြန်ဖြေဖော်ရသည်။
ယခုတော့ သူ့ဘဝကြီးက မိန်းမလည်းဆုံး သားကလည်းစိမ်းနှင့် တစ်ဖြည်းဖြည်းလုံးပါးပါးကာ ညရောက်တိုင်း အရက်နှင့်သာ ဖြေသိမ့်နေရသည်။
ဒေါက် ဒေါက်...။
"ဘယ်သူလဲ...အငယ်လား"
အခန်းထဲ၌ ဝီစကီတစ်ခွက်လောက် ဇိမ်ပြေနပြေ သောက်နေစဉ် အပြင်မှ တံခါးခေါက်သံကြား၍ သောက်လက်စခွက်ကို ချခဲ့ကာ ထွက်လာခဲ့လိုက်သည်။
"ကိုလေး...သ ားသားက ထမင်းမစားဘူးဆိုပြီး ဂျီကျနေလို့"
"သေချာချော့မော့ကျွေးလေ၊ ထမင်းမစားရင်လည်း သူကြိုက်တဲ့ မုန့်လေးဖြစ်ဖြစ်ကျွေးလိုက်ပါ့လား"
"ဘာကျွေးကျွေးမစားလို့၊ မာမီ့ကို ခေါ်ပေးပဲ ပြောနေတယ်၊ နေ့ခင်းကလည်း ဘာမှမယ်မယ်ရရ စားမထားဘူး၊ ကြာရင် ကလေးကျန်းမာရေး ထိခိုက်တော့မယ်"
"အေး… ငါအောက်ဆင်းခဲ့မယ်၊ နင်သွားနှင့်လိုက်"
အငယ် ထွက်သွားသည်နှင့် အခန်းထဲပြန်ဝင်ကာ သွားတိုက်မျက်နှာသစ်လိုက်သည်။ သားရှေ့မှာတော့ သူ့ပုံစံဟာ ဘယ်တော့မှ စုတ်ပြတ်မနေစေရ။ ပါးစပ်မှ အရက်စော်နံမနံ စမ်းကြည့်ပြီး သေချာအောင် သွားထပ်တိုက်ပြီးမှ အောက်သို့ဆင်းခဲ့သည်။
အောက်သို့ရောက်သောအခါ ထမင်းစားခန်းထဲ၌ သားကိုချော့မော့ကာ ထမင်းကျွေးနေသော အငယ်နှင့် မျက်ရည်တို့ဖြင့် ထမင်းပန်းကန်ကို အတင်းတွန်းလွှတ်နေသော သားကို တွေ့လိုက်ရသည်။
"သား… ငယ်ငယ့်ကို မဆိုးရဘူးလေ၊ ထမင်းစားမှ အားရှိမှာပေါ့ သားရ၊ သားပဲဒယ်ဒီ့လို လူကောင်အကြီးကြီးဖြစ်ချင်တယ်ဆို၊ လူကောင်ကြီးချင်ရင် အာဟာရပြည့်အောင် ထမင်းစားရတယ်ကွ"
သားထိုင်နေသော ခုံဘေးတွင် ဝင်ထိုင်လိုက်ကာ သူပါဝင်၍ ချော့မော့ပြောလိုက်သည်။
"မစားဘူး... မစားချင်ဘူး"
"ဒယ်ဒီ့သားက လိမ္မာပါတယ်၊ ရော့ တစ်ဇွန်းလောက်စားကြည့်ပါဦး၊ ငယ်ငယ့်လက်ရာကို သားသိပ်ကြိုက်တာလေ၊ ဒယ်ဒီခွံ့ကျွေးရမလား"
"မစားချင်ဘူးလို့ဆို... မာမီ့ကို ခေါ်ပေး"
သားက သူတိုးပေးလိုက်သော ထမင်းပန်းကန်ကို ပြန်တွန်းထုတ်သည်။
"အံ့မဟော်... ဒယ်ဒီစိတ်မဆိုးချင်ဘူး၊ အခုစား... အဲ့ထမင်းကို မင်းကုန်အောင်စားရမယ်"
ချော့ပြော၍မရသောအခါ လေသံကိုမာ၍ ခြောက်ပြောလိုက်သည်။ ထိုသို့ပြောလိုက်မှ သားကပိုဆိုးတော့သည်။ ကြူကြူပါအောင် ထငိုကာ ပန်းကန်ကိုပါ လွှင့်ပစ်လိုက်လေသည်။
"မာမီ့ကို ခေါ်ပေး... မာမီ့ကိုခေါ်ပေးမှ စားမယ်... အီးဟီး"
ပန်းကန်ကို လွှင့်ပစ်လိုက်၍ ထွက်သွားသော ဒေါသသည် သား၏ပါးစပ်မှ မာမီဟူသောအသံကို ကြားလိုက်ရသောအခါ မီးခဲပေါ်သို့ ရေနံဆီလောင်းချလိုက်သကဲ့သို့ အရှိန်တညီးညီး ဖြစ်သွားရသည်။
"အံ့မဟော်... မင်းကအလိုက်ထားတော့ ပျက်စီးနေတယ်ပေါ့ ဟုတ်လား၊ မင်းကိုငါ ဘာပြောထားလဲ၊ အဲဒီ့မိန်းမအကြောင်း မင်းပါးစပ်လုံးဝမထွက်ရဘူးလို့ မှာထားတယ်မလား ဟမ်"
"မာမီ့ကိုခေါ်ပေး... မာမီရေ"
ဘယ်လိုပြောပြော မာမီဟုသာ တနေသောကြောင့် ထိန်းထားသော သူ့စိတ်တို့ လွတ်ထွက်သွားသည်။
သူသည် မုန်ယိုနေသော ဆင်ရိုင်းကြီးပမာ မြင်မြင်သမျှကို သဲကြီးမဲကြီး နင်းချေဖျက်စီးပစ်မိသည်။ ဆင်ခြင်တုံတရားတို့သည် စက္ကန့်ပိုင်းမျှ သူ့ထံမှ ပျောက်ကွယ်သွားသည်။
ပြန်လည်သတိဝင်ချိန်၌ အငယ်က သူ့အား ကျားကုတ်ကျားခဲ အတင်းဆွဲထားကာ သားက သူ့အား အလွန်တရာမှ ထိတ်လန့်ကြောက်ရွံ့နေသော မျက်လုံးရွဲကြီးများဖြင့် စိုက်ကြည့်နေသည်။ အစောပိုင်းကလို ငယ်သံပါအောင် အော်ဟစ်ငိုယိုနေခြင်းမျိုးဖြင့်မဟုတ်ဘဲ အသံမထွက်အောင် အံကြိတ်လျက် မျက်ရည်ဥကြီးများသာ တလိမ့်ချင်း စီးကျနေခြင်းမျိုးဖြင့် အသံတိတ်ငိုနေသည်ကို တွေ့လိုက်ရသည်။
"တော်ပါတော့ ကိုလေး၊ ကလေးကိုမရိုက်ပါနဲ့၊ အငယ် ရအောင်နားချလိုက်ပါ့မယ်၊ မရိုက်ပါနဲ့တော့ ကိုလေးရယ်"
အငယ်က ငိုသံပါဖြင့် သူ့လက်တစ်ဖက်ကို အတင်းချုပ်ထားသည်။
အဆုံးမှာ 'ငါဘာတွေ လုပ်လိုက်မိတာလဲ။ ငါ ငါ့သားကို ငါ့လက်နဲ့ မညှာမတာ ရိုက်နေမိတာလား...' ဟု သူ အထိတ်တလန့်ဖြင့် ဆင်ခြင်မိသွားသည်။
သားအား ဆွဲထားသော မိမိလက်ကို အယောင်ယောင်အမှားမှားဖြင့် လွှတ်ပေးလိုက်မိတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ထိုလက်သီးဆုပ်သေးသေးလေးထံမှ ပြင်းထန်လှသော တင်းမာမှုကို အလိုလိုခံစားလိုက်ရသည်။
သားမျက်ဝန်းထဲရှိ သူ့အား နာကြည်းကြောက်ရွံ့နေမှုတို့သည် ထွင်းဖောက်ကြည့်စရာမလိုဘဲ အတိုင်းသား။
"သား... ဒယ်ဒီကလေ..."
ရှင်းပြပြီး ချော့ရန် ဟန်ပြင်လိုက်စဉ် သားပါးစပ်မှ ထွက်လာသော စကားက အရှိန်ပြင်းပြင်း မြားတစ်စင်း သူ့ရင်ဘတ်သို့ ထုတ်ချင်းပေါက် ဝင်ရောက်လာသလို စူးအောင့်နာကျင်သွားစေ၏။
"ဒယ်ဒီ့ကို မုန်းတယ်"
°°°°°°°
ရက်ကိုလစား လကိုနှစ်စားကာ အချိန်ရာသီစက်ဝန်းက ပုံမှန်အတိုင်း လည်ပတ်နေသည်။ မာမီထွက်သွားသည်မှာလည်း သူ့မွေးနေ့ ငါးခါပြည့်ပြီး၍ ငါးနှစ်တောင်ကြာခဲ့လေပြီ။
လက်ငါးချောင်းစလုံး ချိုးလို့ပြီး၍ လက်သီးဆုပ်ပုံလေး ပြောင်းလဲသွားသည့်အခါကျ ပြန်လာခဲ့ပါမည်ဟူသော ကတိအား မာမီသည် မေ့သွားခဲ့ပြီ ထင်ပါသည်။
ဒီငါးနှစ်အတွင်းမှာ ပြောင်းလဲခဲ့သည်များက အတော်များသည်။ ဒယ်ဒီလည်း စီးပွားရေးတွေကျဆင်းကာ အခြေအနေတွေက အရင်လိုမဟုတ်တော့ချေ။
လူတွေက ကြောက်ဖို့ကောင်းလှသည်။ သူတို့လိုချင်တာရှိတုန်းသာ ကိုယ့်အပေါ် ကောင်းချင်ယောင်ဆောင်ပေးကြသည်။ ကိုယ့်ဆီမှာ ဘာမှမရှိတော့ချိန်တွင် ဟန်ဆောင်မျက်နှာဖုံးများကို ခွာချကာ လက်ပြနှုတ်ဆက်သွားကြသည်။
လူဆိုသည့် အမျိုးက လာပါဟု ကိုယ်က မဖိတ်ခေါ်ပေမဲ့ နည်းလမ်းမျိုးစုံဖြင့် ဘဝထဲသို့ အတင်းဝင်ရောက်ဖို့ ကြိုးစားကြသည်။ တချို့က ကူညီဖေးမမည့်ဟန်၊ တချို့က အကူအညီလိုအပ်နေသည့်ဟန်။ ထိုမျက်နှာဖုံးများ၏ နောက်ကွယ်တွင်တော့ တူညီသည့် မျက်နှာက တစ်ခုတည်းသာ ရှိသည်။ မလိုအပ်လျှင် စွန့်ခွာမည် သို့မဟုတ် လိုချင်တာ မရလျှင် နောက်ကျောကို ဓားနှင့်ထိုးမည်။ ဤသည်မှာ ဒယ်ဒီ့အားကြည့်ရင်း သင်စရာမလိုဘဲ အံ့မဟော် တက်မြောက်လိုက်ရသည့် လောကနိယာမတစ်ခုပင်။
လူရင်းတွေက သစ္စာဖောက်သဖြင့် လုပ်ငန်းများ အရှုံးပေါ်ကာ ဒယ်ဒီသည် အရက်ကျွန်လုံးလုံး ဖြစ်နေရှာသည်။ အရက်၏ဒဏ် စိတ်၏ဒဏ်တွေကြောင့် နုပျိုမှုများ ပျောက်ဆုံးကာ ရှိရင်းစွဲအသက်ထက်ပင် အိုမင်းရင့်ရော်နေပုံပေါ်နေသည်။ အရက်သောက်သည့် အချိန်တိုင်း မာမီ့မကောင်းကြောင်းကို အမြဲပြောကာ ယောကျ်ားတန်မဲ့ ငိုယိုနေတတ်သည့် ဒယ်ဒီ့ပုံစံသည် သိပ်စိတ်ပျက်စရာကောင်းလှသည်။ တစ်ချိန်က သူလဲကျလို့ အော်ငိုတတ်သည့် အချိန်တိုင်း ယောကျ်ားဆိုတာ မပျော့ညံ့ဖို့ မျက်ရည်မကျဖို့ အမြဲပြောပြီး နံဘေးမှ အားပေးခဲ့သူမှ ဟုတ်ပါလေစ။
လွန်ခဲ့သည့်နှစ်တွေက ဒယ်ဒီ့ပုံစံကို ယခုလက်ရှိ ဒယ်ဒီ့ထံတွင် အစအနတောင် ရှာလို့မတွေ့ရပါတော့ချေ။ ကလေးဘဝအမြင်အရ ဒယ်ဒီသည် လေးစားစရာ လူစွမ်းကောင်းတစ်ဦးဟု ဆိုခဲ့ပါလျှင် ယခုအရွယ်ရောက်ချိန်၌ ဒယ်ဒီသည် ခပ်ညံ့ညံ့ လူဖျင်းတစ်ဦးဟုသာ သူ့အတွက် သတ်မှတ်ရတော့မည်။
ဒီငါးနှစ်လုံး သူ့အား ဖုန်းဖြင့်တောင် အဆက်အသွယ် လုံးဝမလုပ်သော မာမီသည်လည်း တကယ်ချီးကျူးဖို့ကောင်းလှသည်။ သူ့အဖြစ်က လိုချင်တာ မရလို့ ငိုယိုနေသည့် ကလေးတစ်ယောက် ငိုရလွန်းပြီး မောသွားသဖြင့် အငိုတိတ်သွားသည်နှင့် ဆင်တူသည်။ ဖိုးလမင်းထံ ရွှေလင်ပန်းနှင့် ထမင်းဆီဆမ်းကိုသာ လှမ်းတောင်း၍ ရကောင်းရနိုင်မည်။ မာမီပြန်လာပါဟု မည်သည့်ဘုရားထံတွင်မှ ဆုတောင်း၍ ပြည့်နိုင်မည် မဟုတ်ကြောင်း နောက်ဆုံးတော့ သူ လက်ခံလိုက်ရတော့သည်။
မာမီဘေးမှာမရှိသည့် ညအမှောင်အား ကြောက်ရွံ့အားငယ်တတ်ရာမှ တဖြည်းဖြည်း အမှောင်ထဲတွင် နေရသည်ကို အသားကျလာသည်။ ယခင်က လူအများအမြင်တွင် လူလိမ္မာတစ်ယောက်ဟု ချီးကျူးခံရအောင် စာကြိုးစားပြရခြင်းထက် အတန်းပြေး ရည်းစားထား ဆေးလိပ်သောက်ရသည်က ပိုအရသာရှိကြောင်း သိလာသည်။
စာတော်သည့် သူဌေးသား မဟုတ်တော့သောအခါ အပေါင်းအသင်းဆိုသည်ကလည်း သူ့အတွက် အတော့်ကို ရှားပါးလာသည်။ လက်တစ်ဘက်တောင် မပြည့်တော့သော သူငယ်ချင်းဆိုသည့် လူတွေအပေါ်လည်း အရင်ကလို တွယ်တာမနေတော့။ အတုအယောင်တွေ ဖြစ်မည်ကို တကယ်စိုးရိမ်တာကြောင့် သူ့ဘက်ကပဲ အကြောင်းအရင်းမရှိ ခပ်ခွာခွာနေဖြစ်သည်။
အချိန်တန်လျှင် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုတွေ နည်းနိုင်သမျှနည်းအောင် သံယောဇဉ်ဆိုသည့်အရာကို ထိန်းချုပ်ထားနိုင်မှ အဆင်ပြေမည်။ ကိုယ့်စိတ်ကိုယ်တောင် ယုံလို့မရတာကြောင့် ဘယ်သူ့ဆီမှာမှ ယုံကြည်မှုတွေကို စိတ်ချလက်ချ အပ်နှင်းမထားချင်ပါ။
သေချာတာတစ်ခုကတော့ အံ့မဟော်သည် ဟိုအရင်တုန်းကလို ရိုးသားပြီး လိမ္မာသော ကလေးတစ်ယောက် လုံးဝလုံးဝ မဟုတ်တော့ပေ။
°°°°°°°
လူတွေနဲ့ ဝေးတဲ့ တစ်နေရာမှာ ခြံဝန်းလေးတစ်ခုရှိတယ်။
ခြံစည်းရိုးပေါ်မှာ သံဆူးကြိုးတွေနဲ့ ကာထားတယ်။
အထဲကို ဝင်ဝင်ချင်း ပန်းရိုင်းတွေ တစ်ခြံလုံး ပေါက်နေတာကို တွေ့ရလိမ့်မယ်။
အဲ့ပန်းတွေကြားထဲမှာ ခလုတ်ကန်သင်းတွေနဲ့ မညီညာတဲ့ လမ်းကျဉ်းလေးတစ်ခုရှိတယ်။
လမ်းကလေးက အရိုင်းပန်းတွေ ဖုံးအုပ်ထားတာမို့ သေချာလေး ကြည့်မှ မြင်ရလိမ့်မယ်။
လမ်းကျဉ်းလေးရဲ့ အဆုံးမှာတော့ တိတ်ဆိတ်နေတဲ့ အိမ်လေးတစ်လုံး ရှိတယ်။
အိမ်လေးထဲမှာ အလင်းရောင်တွေ ကင်းမဲ့တယ်။
ချစ်ခြင်းမေတ္တာတွေ ရှားပါးတယ်။
အဲ့အိမ်ကလေးထဲမှာ အတောင်ကျိုးနေတဲ့ ငှက်ကလေးတစ်ကောင် ငိုကြွေးနေတယ်။
°°°°°°°