ဆူညံနေသည့် သီချင်းသံတွေကြားထဲမှာ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားကြသော လူများသည် အပြုံးကိုယ်စီဖြင့် အချင်းချင်းနှုတ်ဆက်နေကြသည်။ တချို့က ဧည့်ခံစားပွဲ၌ ထိုင်ကာ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စများကို ဆွေးနွေးနေကြ၍ တချို့ကတော့ ရေကန်ဘေးက မြက်ခင်းပြင်ပေါ်တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စည်းချက်ကျကျ ကခုန်နေကြလေသည်။
ညအမှောင်သည် ဤခြံဝန်းထဲ၌ ကျင်းပနေသော ပါတီပွဲတစ်ခုသို့ ၎င်း၏ အမှောင်ထုအား အလုံးစုံ ဖုံးအုပ်နိုင်ခြင်းငှါ မစွမ်းသာချေ။ အစွမ်းကုန် ထိန်ညီးနေသော မီးလုံးကြီးများနှင့် တလက်လက် အရောင်စုံတောက်ပနေသော မီးသီးငယ်များက ပါတီပွဲသို့ ခန့်ညားထည်ဝါစွာ အလင်းဓာတ် အလုံအလောက် ပေးနေကြသည်။
ထိုပါတီပွဲသည် ဤအိမ်ကြီး၏ ပိုင်ရှင်ဖြစ်ကြသော ဦးအံ့မော်နှင့် ဒေါ်ခင်မျိုးမြတ်တို့၏ တစ်ဦးတည်းသောသားလေး အံ့မဟော်၏ အသက်ကိုးနှစ်ပြည့် မွေးနေ့ပွဲပင်ဖြစ်လေသည်။
လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်သော သူဌေးကြီးဦးအံ့မော်နှင့် အထူးကုဆရာဝန်ဖြစ်သည့် ဒေါ်ခင်မျိုးမြတ်တို့ ဇနီးမောင်နှံမှ မွေးဖွားလာခဲ့သော အံ့မဟော်သည် လူတိုင်း၏အမြင်၌ ရွှေဘုံတွင် စံနေရသော မင်းသားလေးကဲ့သို့ အားကျဖွယ်အတိပင်။
အဖြူရောင် အနောက်တိုင်းဝတ်စုံဖြင့် အံ့မဟော်လေးသည် ယခုညရဲ့ နတ်သားလေးတစ်ပါးကဲ့သို့ လူအများကြားတွင် တောက်ပနေလေသည်။ မွေးနေ့ပွဲသို့ လာကြသော လူကြီး လူငယ် ကလေး အရွယ်မရွေး အားလုံးက မွေးနေ့လက်ဆောင် ကိုယ်စီဖြင့် အံ့မဟော်လေးအား ပညာတက်ကြီးဖြစ်ပါစေ၊ မိဘအားကိုးရတဲ့ သားလိမ္မာလေးဖြစ်ပါစေ၊ အသက်ရှည်ပြီး အနာမဲ့စွာနေရပါစေ စသဖြင့် ဆုမွန်ကောင်းများ ပေါပေါသီသီ ဝေဆာနေအောင် တောင်းပေးကြသည်။ အပြုံးကိုယ်စီချိတ်ဆွဲကာ လာရောက်နှုတ်ဆက်ကြသော လူအားလုံးကို အံ့မဟော်တို့မိသားစုကလည်း ကျေးဇူးတင်ကြောင်း မနားတမ်း ပြောနေကြရသည်။
ဤသို့ အံ့မဟော်၏ ပျော်ရွှင်စရာကောင်းသော ထိုအချိန်လေးအား တစ်စစီ ဖျက်စီးပစ်မည့် နတ်ဆိုးတစ်ကောင်သည် မွေးနေ့ပွဲအတွင်းသို့ ဖိတ်ခေါ်မထားပါဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလို့ လာချေသည်။
အနီရောင် လည်ဟိုက်ဂါဝန်နှင့် အမျိုးသမီးတစ်ဦးသည် လက်ထဲ၌ မွေးနေ့လက်ဆောင်ဖြစ်ဟန်တူသည့် ကတ်ထူဘူးတစ်ခုကို ပိုက်ကာ အံ့မဟော်တို့ မိသားစုရှိရာ စားပွဲဝိုင်းသို့ ခြေလှမ်းမှန်မှန်နှင့် လျှောက်လှမ်းလာသည်။ ထိုအမျိုးသမီးကို မြင်တွေ့လိုက်သောအခါ ဦးအံ့မော်၏ မျက်နှာအမူအယာသည် ထိန်းမရနိုင်အောင် ပျက်ယွင်းသွား၏။
"ဟက်ပီဘတ်ဒေး အံ့မဟော်လေး၊ မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ မမက ဆုတောင်းပေးတယ်နော်"
သူမသည် ရယ်သံနှောလျက် ပြုံးရွှင်နေသော မျက်နှာဖြင့် အံ့မဟော်ဆီသို့ မွေးနေ့လက်ဆောင်ကို ကမ်းပေးလိုက်သည်။ ထို့နောက် အံ့မဟော်၏ ညာဘက်ဘေးတွင် ရှိသော ဦးအံ့မော်ကို ကြည့်၍
"ကိုကြီးကနော်... ကိုကြီးသားလေး မွေးနေ့ပွဲရှိတာတောင် ချို့ကိုမဖိတ်ဘူး၊ ဘာလဲ ချိုက မွေးနေ့လက်ဆောင် မပေးမှာစိုးလို့လား"
"မင်းဒီကို ဘာလာလုပ်တာလဲ၊ ဒီနေရာမှာ မင်းကို ကြိုဆိုမယ့်သူမရှိဘူး၊ ခုပြန်တော့"
"ဟော... စိမ်းကားလိုက်တာ၊ ကိုကြီးက မတွေ့ရတာကြာတော့ လေသံတွေက ပြောင်းလို့ပါ့လား၊ ချိုကတော့ ကိုကြီးကို လွမ်းနေလိုက်ရတာ"
သူမ၏ ညုတုတုဟန်စွက်သော စကားအဆုံးမှာ အံ့မဟော်၏ ဘယ်ဘက်နံဘေးရှိ ဒေါ်ခင်မျိုးမြတ်သည် ထိုင်နေရာမှ ထလိုက်သည်။
"မင်းက နှင်းဆီချိုဆိုတဲ့ မိန်းမလား"
"အိုး... မမက ချို့ကို သိတယ်လား၊ မမက ချိုထင်ထားတာထက် အများကြီးပိုလှတယ်နော်၊ တွေ့ရတာ ဝမ်းသာပါတယ် မမ"
"ငါ့သားရဲ့ မွေးနေ့ပွဲမှာ မင်းမျက်နှာကို မြင်လိုက်ရတာ ကျက်သရေတွေ ကုန်ခမ်းသွားတယ်၊ ကျေးဇူးပြုပြီး လာရာလမ်းအတိုင်း လှည့်ပြန်လိုက်ပါ နှင်းဆီချို"
အနည်းငယ် ပုံမှန်မဟုတ်သော စကားဝိုင်းသို့ ကိတ်ခွဲရန် စောင့်နေသည့် အနီးအနားရှိ လူတွေက သိသိသာတစ်မျိုး မသိမသာတစ်မျိုး တဖြည်းဖြည်း အာရုံစိုက်လာကြသည်။
"နှစ်ယောက်လုံးက ဇွတ်နှင်လွှတ်နေကြတာပဲ၊ ချိုကလည်း မအားတဲ့ကြားထဲက ကိုကြီးကိုလွမ်းလို့ လာတွေ့တာပါ၊ မွေးနေ့ပွဲရှိတယ်ဆိုတာ လမ်းရောက်မှ သိလိုက်ရလို့ လက်ဆောင်လေးတစ်ခု အမြန်စီစဉ်ပြီး လာပေးတာ"
ဘာတွေဖြစ်နေကြသလဲဆိုတာကို အသေအချာနားမလည်သော အံ့မဟော်လေးသည် ကိတ်ခွဲကော်ဓါးနှင့် ကတ်ထူဘူးအား လက်တစ်ဖက်စီမှာ ကိုင်လျက် သူတို့သုံးယောက်ကြားထဲ၌ အူကြောင်ကြောင်လေးဖြစ်နေသည်။
"မောင်လေး... မမပေးတဲ့လက်ဆောင်ကို အခုဖွင့်ကြည့်ပါ့လား၊ အထဲမှာ အရမ်း ထူးဆန်းတဲ့အရာလေး ထည့်ထားတယ်"
ဦးအံ့မော်လည်း ထိုင်မနေနိုင်တော့ဘဲ နေရာမှ မတ်တပ်ရပ်လာသည်။
"နှင်းဆီချို... ငါတောင်းပန်တယ်၊ ကျေးဇူးပြုပြီး မင်းပြန်လိုက်ပါကွာ"
"ကိုကြီးကလည်း ချိုက ဘာလုပ်နေလို့လဲ၊ ကိုကြီးသားလေးကို ချစ်လို့ မွေးနေ့လက်ဆောင်လေး ပေးတဲ့ဟာကို၊ မောင်လေး... ဖွင့်ကြည့်လိုက်လေ၊ သေချာတယ် မမလက်ဆောင်ကို မောင်လေးသဘောကျမှာ သိလား၊ ဖွင့်ကြည့်ကြည့်"
အံ့မဟော်လည်း သူမ အတင်းဖွင့်ခိုင်းနေသော ထိုဘူးလေး၏ အဖုံးအား သိချင်စိတ်ဖြင့် ဖွင့်ကြည့်လိုက်လေသည်။ အထဲတွင် ရှိနေသော လက်ဆောင်ဆိုသည်က အရုပ်လည်းမဟုတ်သလို ကစားစရာပစ္စည်းလည်း မဟုတ်ချေ။ ဒယ်ဒီနှင့် ထိုအမျိုးသမီးတို့ အိပ်ယာပေါ်၌ အတူအိပ်နေကြပုံ၊ တစ်ယောက်နှင့်တစ်ယောက် မုန့်ခွံ့ကျွေးနေပုံ၊ ဒယ်ဒီ့ရင်ခွင်ထဲ၌ သူမက မှီနွဲ့နေပုံ အစရှိသဖြင့် ဒယ်ဒီနှင့်ထိုမိန်းမတို့ ကြည်နူးနေကြသည့် ပုံများပင်ဖြစ်လေသည်။
"မာမီ"
သူ မယုံကြည်နိုင်စွာဖြင့် မာမီဟု ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်တမ်းတမိသည်။ မာမီက အံ့မဟော်လက်ထဲက ပုံတွေကို ဆတ်ခနဲ ဆွဲယူကာ ထိုဘူးထဲသို့ ပြန်ထည့်၍ အဖုံးကို အမြန်ပိတ်လိုက်သည်။
"ဘယ်လိုလဲ လက်ဆောင်ကို သဘောကျရဲ့လား ဟင်းဟင်း..."
မာမီသည် သူ့ရှေ့က ထိုဘူးအားယူ၍ အနားရှိ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ဘေးမှာ ဝိုင်းကြည့်နေကြသော လူအုပ်ကြီး ဟာခနဲဖြစ်ရလောက်အောင် အံ့ဩဖွယ်လုပ်ရပ်ကို မာန်ပါပါ လုပ်ပစ်လိုက်လေသည်။
ဖြန်း...။
"မိန်းမယုတ်... နင် ငါ့အိမ်ထဲက အခုချက်ချင်းထွက်သွားစမ်း"
"ခင်... စိတ်လျှော့ လူတွေရှိတယ်"
ဒယ်ဒီက နှင်းဆီချိုဆိုသည့် မိန်းမအား ပါးရိုက်လိုက်သည့် မာမီ့ကို ပျာပျာသလဲ ဝင်၍တားသည်။
"ဘာ... စိတ်လျှော့ ဟုတ်လား ကိုအံ့မော်၊ ရှင့်ကြောင့် ဒီမိန်းမ... ဒီမိန်းမယုတ်မ... ကျွန်မတို့သားအမိကို ဒီလိုစော်ကားနေတာ ရှင်သိလား၊ ရှင့်ကြောင့် သိလား"
မာမီ့တစ်ကိုယ်လုံးသည် တုန်ယင်နေကာ မာမီ့မျက်လုံးတို့တွင် ဒေါသမျက်ရည်ကြည်တို့ ရစ်သိုင်းနေသည်။
"ဒီမှာ ဒေါ်ခင်မျိုးမြတ်... လက်ခုပ်ဆိုတာ တစ်ဖက်ထဲတီးလို့ မမြည်ဘူး၊ ရှင်လည်း အရှက်ကွဲသလို ကျွန်မလည်း လူကြားထဲမှာ ပါးရိုက်ခံလိုက်ရတဲ့အတွက် အရှက်ကွဲရတာပဲ၊ ကာမပိုင်ရှိတဲ့ ယောကျ်ားတစ်ယောက်ကို စွဲလမ်းမိတဲ့အတွက် ရလိုက်တဲ့ ပြစ်ဒဏ်လို့ပဲ သတ်မှတ်လိုက်မယ်"
အနီရောင်မိန်းမသည် မာမီ့အား မျက်နှာကြောတင်းတင်းနှင့် ထိုသို့ပြောပြီး တစ်ဖန် ဒယ်ဒီ့ဘက်သို့ လှည့်ကာ
"ကိုကြီး ပြတ်ချင်နေတဲ့ ချိုတို့ရဲ့ရေစက်ကို ချို့ဘက်က ဒီမှာဖြတ်လိုက်ပြီနော် ကိုကြီး၊ ချိုက ငတ်ပြတ်ဆင်းရဲနေတဲ့သူ မဟုတ်တော့ ကိုကြီးမိန်းမ ချို့အိမ်ကိုပို့လိုက်တဲ့ ဟောဒီ့စေတနာလက်ဆောင်လေးကို ချိုက ပြန်ပေးခဲ့မယ်နော်၊ ခွင့်ပြုပါဦး"
နှင်းဆီချိုဆိုသော မိန်းမသည် သူမ၏ ပိုက်ဆံအိတ်ထဲမှ စာအိတ်တစ်အိတ်ကို မွေးနေ့ကိတ်ရှိရာ စားပွဲပေါ်၌ တင်ခဲ့၍ ခပ်ပြုံးပြုံးဟန်ဖြင့် လှည့်ထွက် ပြန်သွားလေသည်။
ဘာတွေဖြစ်သွားတာလဲ။
လွန်ခဲ့သော မိနစ်ပိုင်းအချိန်အထိ ကြည်လင်ပျော်ရွှင်နေသော အံ့မဟော်၏ စိတ်အာရုံတို့သည် ရှုပ်ထွေးနောက်ကျိသွားသည်။ သူ့ခေါင်းထဲတွင် အံ့ဩခြင်း၊ မယုံကြည်နိုင်ခြင်းနှင့် ရှက်ရွံ့ခြင်းတို့ ရောပြွန်းနေသည်။
သူသိထားသည့် ဒယ်ဒီက ဒီလိုလူစားမျိုး မဟုတ်ပေ။ သူတို့သားအမိကို လွန်စွာချစ်၍ ဂရုစိုက်တတ်သော ယောကျ်ားကောင်းတစ်ဦးပင်။
သူသိထားတာတွေက မှားယွင်းနေသည်လား။
ဘယ်အချိန်ထဲက မှားယွင်းနေခဲ့တာလဲ။
ဒယ်ဒီဟာ တကယ်ကို အိမ်ထောင်ရေး ဖောက်ပြန်နေသည့် မကောင်းတဲ့ လူတစ်ယောက်လား။
ဟင့်အင်း... သူ မယုံကြည်ပါ။
ဒယ်ဒီသည် ယခုလိုစက်ဆုပ်ဖွယ် လုပ်ရပ်ကို လုပ်မည့်သူ လုံးဝမဟုတ်ပေ။
ဘေးနားမှ မာမီနှင့်ဒယ်ဒီတို့သည် သူ့အား အလယ်တွင်ထား၍ အကြီးအကျယ် အငြင်းပွားရန်ဖြစ်ပြီး သူ့အနားမှ ထွက်ခွာသွားတာသိပေမဲ့ နောက်မှ လိုက်မသွားမိခဲ့။ သူ့ခြေထောက်တို့သည် နေရာမှာ ကျောက်ချထားသကဲ့သို့ လှုပ်ရှား၍မရချေ။ မျက်လုံးပေါင်းမြောက်များစွာက သူ့အာ ဝိုင်းကြည့်နေကြကာ တီးတိုးတီးတိုးဖြင့် တစ်ယောက်တစ်ပေါက် အတင်းတွေပြောနေကြသည်။
လွန်ခဲ့တဲ့အချိန်အထိ ထိုလူများ၏ မျက်လုံးများထဲ၌ သူ့အား အားကျခြင်း၊ ချီးမွမ်းမြှောက်ပင့်ခြင်းများကို ရှာတွေ့နိုင်သော်လည်း ယခုအချိန်တွင် သူတို့၏မျက်လုံးများထဲ၌ သနားခြင်း၊ ကဲ့ရဲ့ရှုံ့ချလိုခြင်းတို့ကိုသာ အတိုင်းသား မြင်တွေ့နေရသည်။
ပြောင်းလဲသွားသော ထိုမျက်လုံးတွေကို သူ မနှစ်သက်ချေ။ သူ့အား သနားစရာ အထူးအဆန်းသတ္တဝါသဖွယ် ဝိုင်းကြည့်နေကြနေသာ ထိုမျက်လုံးတွေသည် မုန်းဖို့သိပ်ကောင်းလှသည်။ ရေနစ်နေသူကို မကယ်ကြဘဲ ဝါးကူထိုးမည့် အရိပ်အယောင်တွေသာ ရှိသော ထိုလူအုပ်ကြားတွင် သူ တဖြည်းဖြည်း မွန်းကြပ်လာသည်။ လူတွေ၏ တစ်ယောက်တစ်ပေါက် စကားပြောနေကြသံ၊ ဆူညံနေသော သီချင်းသံတို့ကြောင့် သူ့နားနှစ်ဖက်သည် တဖြည်းဖြည်း အူလာကာ ခေါင်းတွေမူးကိုက်လာသည်။ ကြာလာလျှင် အသက်ရှူကြပ်ပြီးတောင် သေနိုင်လောက်သည်ဟု သူ ထင်မိသည်။
သူ့အဖြစ်က နေ့တောင်မကူး။ မျက်တောင်တစ်မှိတ်အတွင်းမှာတွင် ရွှေဘုံပေါ်က မင်းသားလေးအဖြစ်ကနေ ကြိုးစင်ပေါ်မှ အပြစ်သားတစ်ဦးသဖွယ် ချက်ချင်းလက်ငင်း ပြောင်းလဲသွားသည်။ သူ့ခြေထောက်တွေ ယိုင်နဲ့လာသည်။ သူ့လက်တွေ တုန်ယင်လာသည်။
တစ်ယောက်လောက် လာခေါ်ပေးကြပါ။
မုန်းဖို့ကောင်းတဲ့ မျက်လုံးကြားထဲက ခေါ်ထုတ်ပေးကြပါ။
အံ့မဟော် စိတ်ထဲမှ တိတ်တိတ်လေး ရေရွတ်ကာ နားနှစ်ဖက်ကိုပိတ်၍ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။
အဲ့ဒီ့မျက်လုံးတွေနဲ့ ဝိုင်းမကြည့်ကြပါနဲ့။
သူ တကယ်ကြောက်ရွံ့လာပြီမို့ မကြည့်ကြပါနဲ့တော့။
"ညီလေး အဆင်ပြေရဲ့လား"
ရှုပ်ထွေးနေသည့် ဆူညံသံတွေကြားထဲက ထူးထူးခြားခြား အေးချမ်းလှသည့် အသံလေးတစ်သံ...။
နားထဲတွင် ပီပီသသ ကြားလိုက်ရသည်။ ထို့နောက် ပခုံးပေါ်သို့ ကျရောက်လာသော နွေးထွေးသည့် အထိအတွေ့တစ်ခု။
ထိုအသံနှင့် အထိအတွေ့ ပိုင်ရှင်ကို ရှာဖွေရန် မျက်ဝန်းတို့ကို ဖြည်းညှင်းစွာ မဝံ့မရဲ ဖွင့်ကြည့်လိုက်မိသည်။
မီးရောင်စူးစူးကြားမှာ မြင်လိုက်ရသော မပီပြင်ဝိုးတဝါး မျက်နှာတစ်ခု။ ကိုယ်ကိုကိုင်း၍ နှုတ်မှ သူ့ကို တစ်ခုခုပြောနေဟန်ရသည်။
အံ့မဟော် အမြင်တွေကို ကြည်လင်စေရန် မျက်လုံးတွင်းရှိ မျက်ရည်တို့အား လက်ခုံဖြင့် ပွတ်သုတ်လိုက်သည်။
ပူလောင်လွန်းလှသည့် ချော်ရည်တွေကြားထဲ ပိတ်မိနေချိန် အေးမြ၍ လှပလွန်းသည့် ရေတံခွန်တစ်ခုကို ကံကောင်းထောက်မစွာ ဘွားခနဲ တွေ့လိုက်ရသလိုမျိုး...။
နွေးထွေးသော ထိုမျက်ဝန်းများ။
အေးချမ်းသော ထိုနှုတ်ခမ်းများ။
အမြင်အာရုံတို့ အဆုံးစွန်ထိ ပိတ်ကျမသွားခင် နောက်ဆုံးလက်ကျန်အားဖြင့် စကားတစ်ခွန်းကို ခက်ခက်ခဲခဲ သူ ပြောလိုက်သည်။
"ဒီနေရာကနေ ခေါ်ထုတ်ပေးပါ"
ကျေးဇူးပြုပြီး ရေတံခွန်လိုမျိုး ကျွန်တော်ရှိရာအရပ်ကို စီးဆင်းလာခဲ့ပေးပါ။
°°°°°°°