ကနူးလှေငယ်နှစ်စီးသည် ကန်ရေပြင်ပေါ် လျှပ်တိုက်ပြေးနေသလို ရွေ့လျားနေသည်။ ရေ၀ပ်ကျွန်းမျှောများကြားတွင် ပိုးမွှားကောင်ငယ်များ၏ အော်မြည်သံကို ကြားရသည်။ လူ့ခါးတစ်ဝက်လောက်ရှိနိုင်သည့် မြက်ရိုင်းပင်များသည် ထူထပ်လှသည်။ နေပူရှိန်သည် မပြင်းတော့သော်လည်း အကြွင်းအကျန်ပူလောင်မှုက ကျန်ရှိနေဆဲပင်။
ဆောင်းကိုနှင့် ဒဲရစ်ခ်သည် လူနှစ်ယောက်ထိုင်လှော်၍ရသော ကနူးလှေငယ်နှင့်ဖြစ်ပြီး နှင်းဖြူရိပ်ကတော့ တစ်ဦးတည်းစီးရသည့် လှေမျိုးဖြစ်သည်။ မနက်ခင်းအချိန် စထွက်လာကြတုန်းက ဖြူ့ကို အနောက်ကမ်းမှသည် အရှေ့ကမ်းအထိ လှော်နိုင်ပါ့မည်လားဟု သံသယဖြစ်ခဲ့သည်။ တကယ်တမ်း အရှေ့ကမ်းရောက်ချိန်မှာတော့ လက်ပင် မမြှောက်ချင်တော့သည်မှာ ဆောင်းကို ဖြစ်နေသည်။
ယနေ့တစ်နေ့လုံး အရှေ့ကမ်းဘက်ခြမ်းရှိ ရေ၀ပ်ဒေသများမှ ရေပျော်ငှက်များကို လေ့လာခဲ့သည်။ စက်လှေနှင့်သွားခြင်းထက် အသံတိတ်ဆိတ်ကာ ငှက်များကို အနှောင့်အယှက်မပေးသော ကနူးလှေကို ရွေးချယ်ဖြစ်ခဲ့ကြသည်။ နယ်မြေကျွမ်းကျင်နေသောဖြူက ယနေ့တစ်ရက်သာ လမ်းပြအနေနှင့် လိုက်ခဲ့ခြင်းဖြစ်ပြီး နောက်နေ့များတွင် သူတို့နှစ်ယောက်သာ ထပ်လာရမည်။
သုတေသနလုပ်ငန်းများသည် အချိန်ပေးရသည်ထက် စိတ်ရှည်ရသည်။ မြေပုံပေါ် ၂ လက်မအရွယ်ကွက်ငယ်များချကာ သတ်မှတ်ရက်များတွင်လာသည်။ တိရစ္ဆာန်လေးများကို အနှောင့်အယှက် မဖြစ်စေဘဲ လေ့လာခြင်းမျိုးဖြစ်ပြီး အကွာအဝေးကီလိုမီတာ မည်မျှအတွင်း၊ အချိန်ကာလ ဘယ်လောက်တွင် ကောင်ရေ မည်မျှ တွေ့ရှိရသည် အစရှိသဖြင့် မှတ်တမ်းပြုစုကာ အချက်အလက်များ ထည့်သွင်းကြရသည်။
သူတို့လေးတွေ၏ သဘာဝ၊ အစာရှာပုံ၊ အသိုက်ဖွဲ့စည်းမှု အားလုံးသည် အရေးကြီးသလို ရေမှော်နှင့် ရေညှိများကအစ ပိုးကောင်ငယ်များသည်လည်း ထူးခြားနေတတ်ပြန်သည်။ ပုစဉ်းကောင်ငယ်များမှစ၍ ပိုးစုန်းကြူးအပါအ၀င် တစ်တီတူးငှက်လေးများအထိ စိတ်ဝင်စားစရာ ကောင်းလှသည်ကို နားလည်ဖြစ်ခဲ့သည်။
နေပူရှိန်အောက်တွင် တစ်နေကုန် အချိန်ကုန်သွားသည်ကိုပင် မြန်လွန်းလှသလို ခံစားရသည်။ ပင်ပန်းတာကတော့ အမှန်။ အင်းတော်ကြီးသူ မိရွှေဖြူကတော့ အပြန်လမ်းတွင်လည်း နှစ်ယောက်လှော်နေသော လှေငယ်ကို အမီလိုက်နိုင်အောင် လှော်ခတ်နိုင်သည်။
"ဥပန်းငှက်တွေ ကျက်စားတာ မြောက်ပိုင်းနော် ဖြူဖြူ"
"ဟုတ်တယ် ဒဲရစ်ခ်... အင်းတော်ချောင်းနားက မြက်ခင်းပြင်တွေမှာ"
ဖြူသည် အင်္ဂလိပ်လိုအကျွမ်းကျင်ကြီးမဟုတ်သော်လည်း နားလည်အောင် ပြောတတ်သည်။ သိပ္ပံပညာရပ်ဆိုင်ရာ အချို့စကားလုံးများကိုတော့ ဆောင်းကိုက ဘာသာပြန်ပေးရသည်။ ယနေ့ နှင်းဖြူရိပ်သည် တစ်လမ်းလုံး စကားများနေသည်။ မေးခွန်းတွေလည်း မဆုံးနိုင်။
"လက်ပတ်လေးက ဘယ်ကလဲ"
"ဒီဟာကို ပြောတာလား"
လက်တစ်ဖက်မြှောက်ပြသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရပြီး ဖြူထံမှ "ဟုတ်တယ်၊ ဘယ်သူပေးတာလဲ" ဆိုသည့်မေးခွန်းကိုပါ နောက်ထပ် ကြားရသည်။ ငွေလက်ပတ်လေးသည် အဆန်းတကြယ် မဟုတ်ပါ။ သို့သော် ရွှေအိုရောင်ဆံပင်များပိုင်ရှင်သည် အမြတ်တနိုး အမြဲဝတ်ထားတတ်သည်။ စကားပြောသည့်အခါများလျှင် ထိုလက်ပတ်ကြိုးကို မသိမသာ ထိကိုင် ပတ်ချာလှည့်ရင်း ပြောတတ်သည့် အချိန်များရှိသည်။
"အဘိုးလက်ဆောင်ပေးထားတာ"
"မသိပါဘူး၊ ရည်းစားက ပေးထားတာလားလို့"
"ဒါ ဖြူဖြူ ကိုယ့်အကြောင်း စပ်စုတာ"
ဖြူက လှော်တက်ကို ရှေ့မှာချသည်။ နေပူခံနိုင်အောင် ခေါင်းတွင်ခြုံပြီး လည်ပင်းအောက် သိုင်းစည်းထားသော ခေါင်းစည်းကို ပြင်ချည်ရင်း ရယ်မောသည်။
"စပ်စုရမှာပေါ့၊ ခွန်းနောင်နဲ့ ဖြူနဲ့ လောင်းကြေးထပ်ထားတယ်"
"ဘုရားရေ.. ဥက္ကဌကြီးကပါ သိချင်နေပြီပေါ့"
Oh.. God ဆိုသည့် အာမေဋိတ်သံကြောင့် သူရော ဖြူပါ မရယ်ဘဲ မနေနိုင်။
"ရှင့်ကောင်မလေး ဘယ်တော့လိုက်လာမလဲ စောင့်နေကြတာ"
"ဘာလဲ၊ ဧည့်သည်တိုးစေချင်လို့လား"
ပျံသန်းလာသော ရေဘဲသုံးကောင်ကို တွေ့လိုက်ရသည်။ ၎င်းတို့၏တောင်ပံခတ်သံသည် ဆောင်းကို၏နှလုံးသားကိုပါ တိုက်ခတ်စေသည်လားမသိ။ ထိန်းမရအောင် လှုပ်ရှားနေသော စိုးရွံ့ရင်ခုန်သံကို ကြားနေရသည်။
ရေဘဲငှက်များကတော့ ကန်ရေပြင်နားအရောက် ခြေနှစ်ချောင်းကို ရှေ့ပို့ကာ ကန်ရေကို လျှောတိုက်ဖြတ်သန်းပြီးမှ အရှိန်သတ်သည်။ အတောင်များကို ရုပ်သိမ်းကာ ရေပြင်ပေါ် ရပ်နားသည်။ အမြီးများကို လှုပ်ခါရင်း ဆက်လက်ကူးခတ်နေကြပြီ။
"ကိုယ့်ကို မမေးနဲ့၊ ဖြူ့ ချစ်သူရော ဘယ်တော့လာလည်မှာလဲ"
"အတွဲဆိုရင် ရေဘဲနှစ်ကောင်တောင် တွဲပြီး မတွေ့ချင်ဘူး"
ဖြူ့ အဖြေကြောင့် ရယ်နေသံကို ကြားရသည်။ ထိုရယ်သံသည် လှော်တက်ငယ် ရေခတ်မိချိန် ဖြစ်ပေါ်လာသော ရေသံသဲ့သဲ့လို နှစ်လိုဖွယ်ကောင်းနေပြန်သည်။ ကနူးလှေပေါ်တွင် ဆောင်းကိုက ရှေ့မှာထိုင်နေခြင်းဖြစ်သောကြောင့် နောက်လှည့်ကြည့်ဖို့ မ၀ံ့ရဲသော်လည်း မြင်နေကြဖြစ်သော ပါးချိုင့်ငယ်ကို စိတ်ကူးနှင့်ပင် ပုံဖော်ဖြစ်သည်။
"ခွန်းနောင်ကိုရော"
"ဟာ.. သူနဲ့က အရမ်းခင်နေပြီ၊ နောက်ပြီး အလုပ်ကလူတွေက Off-Limits လေ ဒဲရစ်ခ်ရာ"
ခံစားချက်ပိုင်းဆိုင်ရာများအကြောင်း၊ လုပ်ငန်းခွင်မှာ စောင့်စည်းအပ်သည့်အကြောင်းအရာများကို ဖြူတို့နှစ်ယောက် ဆက်ပြောနေကြသည်။ အဖွဲ့အစည်းအတွင်းမှ ၀န်ထမ်းအချင်းချင်း တွယ်ငြိတတ်သော စိတ်ခံစားချက်ဖြစ်လာလျှင် အတူယှဉ်တွဲအလုပ်လုပ်ရန် ခက်ခဲသည့်အကြောင်း၊ တစ်ဦးဦးက အလုပ်ထွက်မှသာ သင့်တော်နိုင်ကြောင်းများ ဖြစ်သည်။ ဒါတွေကို ဆောင်းကို သိထားခဲ့တာ ကြာပါပြီ။ ဘာ့ကြောင့်ရယ်မသိ။ အပြစ်ရှိသူတစ်ယောက်လို မလုံမလဲခံစားရကာ ရင်တွေပူလာသည်။ ဖြစ်နိုင်လျှင် ဆက်မကြားချင်တော့။
"ရှင့်မှာချစ်သူမရှိဘူးဆိုတာတော့ မယုံပါဘူး ကိုလူချောရာ"
ဖြူ့ရဲ့ ရယ်သံရောသော အသံကို ကြားရပြန်သည်။ ဒဲရစ်ခ်ရဲ့အဖြေကို ဆောင်းကို ကြားချင်သည်။ ကြားလည်းမကြားရဲ။
"ကိုယ်တို့ယဉ်ကျေးမှုက ဒီကနဲ့ကွာတယ်လေ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လိုအပ်ချက်အတွက်ဆိုရင် အများစုက ပွင့်လင်းလက်ခံထားတော့ ချစ်သူ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာတွေ၊ ချစ်လား မချစ်ဘူးလားဆိုတာတွေက သိပ်အရေးမကြီးတော့ဘူး"
"အဲဒါတော့ဟုတ်တယ်နော်၊ ဖြူတို့နဲ့တော့ အကွာကြီးပေါ့၊ မေမေဆိုရင် မိဘသဘောတူသူကို ယူခဲ့ရတယ်၊ အိမ်ထောင်မကျခင်က ဖေဖေ ဘယ်ရုပ်လဲဆိုတာတောင် မသိဘူးတဲ့၊ ဖေဖေနဲ့တွေ့တိုင်း ကြောက်ပြီး ခေါင်းငုံ့နေတယ်လို့ပြောဖူးတယ်"
"အမှန်အတိုင်းဝန်ခံရရင် ကိုယ်က လူငယ်လေ ဖြူဖြူရာ၊ အတွေ့အကြုံအများကြီး ရှိခဲ့တာပေါ့၊ ဒါပေမဲ့ ချစ်သူရည်းစားဆိုပြီး အတည်တွဲတာမျိုးတော့ တစ်ခါမှမရှိခဲ့ဖူးဘူး"
"မလိုဘူးပေါ့နော် ဒဲရစ်ခ်"
"လိုသလား၊ မလိုသလားတောင် သိပ်မတွေးမိခဲ့တာ၊ ဘယ်လိုပြောရမလဲ၊ ကိုယ့်အတွက် ချစ်သူ ဟုတ် မဟုတ်ဆိုတာမျိုးက သိပ် အရေးမကြီးဘူးဆိုတော့"
ရင်ညွှန့်နေရာမှ စူးအောင့်အောင့် ခံစားချက်။ လေတွေခပ်ပြင်းပြင်းတိုက်ခတ်ဖို့ရန်ကို မျှော်လင့်မိသည်။ လေသံတ၀ူးဝူးကျယ်လောင်လာလျှင် နောက်နားဆီက ပြောစကားတွေကို ဆောင်းကို ကြားရတော့မည် မဟုတ်။
"ဆောင်း..အဲ့ဒီ့လောက် စကားမပြောနဲ့လေ၊ မောနေဦးမယ်"
"ဟာဗျာ.. ဖြူကလည်း.."
အင်္ဂလိပ်လို ပြောခြင်းဖြစ်သောကြောင့် မိမိနောက်မှာရှိနေသူပါ နားလည်ကာ ရယ်နေပြီ။ သူက မလိုအပ်လျှင် စကားမပြောတတ်။ ခင်ခင်မင်မင်အချင်းချင်းနောက်ပြောင်ကာ စကားမပြတ်နိုင်သည့် ဖြူတို့နှစ်ယောက်ကြားမှာ ဆောင်းကို ယနေ့အဖို့ပိုပြီး အသံတိတ်နေဖြစ်သည်။ အချိန်တိုင်းမှာ ငေးနေ၊ တွေးနေတတ်သူမို့ မိမိအတွေးနှင့်သီးသန့်နေတတ်သည်မှာ အကျင့်ဖြစ်နေပြီ။
"ဆောင်းက ပုံပြောကောင်းတယ် ဖြူဖြူ"
"ဖြူ့ကိုတော့ တစ်ခါမှ မပြောဖူးဘူး"
"အင်းတော်ကြီး ဖြစ်လာပုံကို ပြောဖူးတယ်"
"အောင်မယ်.. တယ်ဟုတ်၊ ဒါဆို အခုပြောပြဦး ပြန်ရောက်ဖို့ အဝေးကြီး လိုသေးတယ်"
"ဖြူပဲပြောပါ"
ငြင်းသော်လည်း ပါးမို့မို့ကောင်မလေးက လက်မခံဘဲ ခေါင်းခါသည်။
"တစ်လမ်းလုံးစကားပြောနေတာ ဘယ်သူလဲ၊ ပြောပါ ဆောင်းရ၊ ပုံပြင်တစ်ပုဒ်လောက်တော့ ပြောစမ်းပါ"
"သိပြီးသား ဖြစ်မှာပါ"
"ဘာဖြစ်လဲ၊ ထပ် နားထောင်ရတာပေါ့"
နှစ်ယောက်စလုံးက ၀ိုင်းပြောနေသည့်အပြင် ညစာ ရှမ်းခေါက်ဆွဲကိုပါ သူတာဝန်ယူပါမည်ဟု ဖြူက အာမခံတော့ ဆောင်းကို မငြင်းနိုင်တော့ဘဲ သစ်ခုတ်သမားပုံပြင်ကို အစပြုသည်။ ရိုးသားသောသစ်ခုတ်သမားက ရွှေပုဆိန်၊ ငွေပုဆိန်အားလုံး ရရှိခဲ့သော်လည်း မရိုးသားသူ သူငယ်ချင်းကတော့ သူပိုင်ဆိုင်သော ပုဆိန်ပါ ဆုံးရှုံးခဲ့ရသည့် ပုံပြင်လေးဖြစ်သည်။ ပုံပြင်ကို အဆုံးသတ်ပြီးသည်နှင့် နောက်မှလူကို ငဲ့ကြည့်မေးခွန်းထုတ်ဖြစ်သည်။
"သိပြီးသားမဟုတ်လားဗျ"
"အင်း.. ဒါပေမဲ့ မင်းပြောရင် နားထောင်လို့ကောင်းတယ်၊ ဆွဲဆောင်မှုရှိတယ်နော် ဖြူ"
ဖြူကပါ ခပ်ပြုံးပြုံးထောက်ခံတော့ ဆောင်းကို မျက်နှာမထားတတ်တော့။ ရေပြင်ကျယ်ရှိရာ မျက်နှာမူထား၍သာ တော်သေးသည်။
"ကျွန်တော်သာ အဲ့ဒီ့သစ်ခုတ်သမား ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ"
"ရွှေပုဆိန် တောင်းမလို့လား"
"ရွှေပုဆိန်ရယ်၊ ငွေပုဆိန်ရယ် ဘာလုပ်ဖို့လဲ ဖြူရာ၊ ကျွန်တော်ကတော့ နတ်ဘုရားနဲ့တွေ့ရင် သစ်ပင်တွေကို ပြန်တောင်းမယ်၊ လူတွေခုတ်လို့ ကုန်သွားတဲ့ သစ်တောကြီးတွေ ပြန်ဖြစ်လာရင် ဘယ်လောက် ကောင်းမလဲ"
"ငါကတော့ ကန်ထဲက အမှိုက်တွေ ပြန်ဆယ်ခိုင်းမယ်"
ဖြူက ပြောပြီး ရယ်နေသည်။ ဒဲရစ်ခ်က ခေါင်းတခါခါ။
"အပင်စိုက်ခိုင်းမယ့်သူနဲ့ အမှိုက်ဆယ်ခိုင်းမယ့်သူနဲ့၊ အေး.. မင်းတို့ကိုကြောက်ပြီး နတ်ဘုရားက ကိုယ်ထင်ပြမှာ မဟုတ်ဘူး"
ရယ်သံများသည် ကန်ရေပြင်ကို ဖြတ်ပြေးသည်။ ဟိုးအဝေးတွင် တံငါလှေငယ်တစ်စီးကို လှမ်းမြင်နေရသည်။ အင်းရေပြင်တွင် ဗေဒါပင်သိုက်တစ်ခု မျောပါဖြတ်သန်း သွားသည်။ ညနေခင်းလေပြည်အေးကပါ အမောပြေအောင် ဖျော်ဖြေနေသည်။
"ဆောင်း ရပ်ဦး၊ ရေကူးချင်တယ်"
"ဗျာ"
ခန့်မှန်းရခက်သူက ကန်လယ်ကြီးမှာ ရေကူးချင်သည်ဟု ပြောနေပြန်ပြီ။ နောက်ပြောင်နေသည် ထင်သောကြောင့် နောက်လှည့်ကြည့်တော့ အင်္ကျီကိုပင် ဆွဲချွတ်ပြီးနေပြီ။
"တကယ် ကူးမလို့လား ဒဲရစ်ခ်"
"မင်း ရေကူးတတ်တယ် မဟုတ်လား၊ ဖြူဖြူရော.."
"ကူးကြပါ၊ လှေကြည့်ထားပါ့မယ်"
ဖြူက လှေနှစ်စီးကို ပူးကပ်သည်အထိ အနားတိုးသည်။ နောက်နားမှာထိုင်နေသူကို သူ့ကိုပင် မစောင့်တော့ဘဲ ဗွမ်းခနဲ ခုန်ဆင်းသွားသောကြောင့် ကနူးလှေလေးသည် ယိမ်းထိုးသွားသည်။ ဆောင်းကို ရေကူးတတ်ပါသည်။ ပင်လယ်ကမ်းခြေမှာ၊ ရေကူးကန်များမှာ ရေကူးဖူးသည်။ ယခုလို ကန်လယ်ကြီးမှာတော့ တစ်ခါမှ မကူးဖူး။
"ဟိတ်.."
လန့်အော်မိရန် အနည်းငယ်သာလိုသည်။ လှေနံရံနားမှာ ခေါင်းဖော်လာသည့် ရေစိုနေသော ရွှေအိုရောင်ဆံပင်များပိုင်ရှင်။ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။
"လာလေ ဆောင်း"
"မကူးတော့ဘူး"
"မကူးတတ်လို့လား"
"ကူးတတ်တယ်"
"ဒါဆိုလာလေ"
ကနူးလှေကို ဆွဲခါနေပြန်ပြီ။ သူ ရေထဲမဆင်းမချင်း အလျှော့ပေးမည့်ပုံမရှိ။
"သွားပါ၊ ကြောက်ရင် သက်ကယ်အင်္ကျီဝတ်သွား"
ဖြူကပါ ၀င်ပြောသည်။ ရင်ထဲမှ တဒိန်းဒိန်း။ ကြောက်တာလည်းပါသည်။ စိတ်လှုပ်ရှားတာလည်း ပါသည်။
"ဆင်အိုကြီးက ရေကြောက်လား"
"ဟာဗျာ"
"ဘာဖြစ်လို့လဲ ဒဲရစ်ခ်..ဘာလို့ ဆင်အိုကြီးလဲ"
ဖြူက နားမလည်ဘဲထပ်မေးတော့ ပါးချိုင့်နှစ်ဖက်စလုံးပေါ်အောင် ရယ်နေပြန်သည်။
"ဒီကောင်လေးလေ၊ တောထဲသွားရင် ဆင်အိုကြီးလိုပဲ"
"ရန်ကုန်သား အပြောခံရပြီဟေ့"
ဖြူကပါ ၀င်ပြောတော့ မခံချင်စိတ်နှင့် နှာခေါင်းရှုံ့မိသည်။
"အရင်တုန်းကပါဗျာ၊ ကျွန်တော် အခု တောင်တက်နိုင်နေပါပြီ"
"ဟုတ်တယ်.. ဟုတ်တယ်.. အခုနောက်ပိုင်း မင်း ဆင်အိုကြီးနဲ့ မတူတော့ဘူး"
"ဒါဆို ဘာနဲ့တူလဲ"
ဖြူက ရယ်သံနှင့်မေးသည်။ သူတို့နှစ်ယောက်သည် မိမိကို စနောက်ရမည်ဆိုလျှင် အတိုင်အဖောက်ညီညီ။
"သစ်ပင်ပေါ်က ပြုတ်ကျလာတဲ့ မျောက်အိုကြီးနဲ့ တူတယ်"
"ဟာ. ဟေ့လူ.. ကျွန်တော် ရေထဲပြုတ်ကျရင် အင်္ကျီတွေပါ စိုကုန်မယ်"
"ဒါဆို ဆင်းခဲ့လေ"
လှေကို ခပ်ပြင်းပြင်း ထပ်လှုပ်နေသောကြောင့် ဆောင်းကို အင်္ကျီကို ခပ်မြန်မြန်ဆွဲချွတ်သည်။ ခပ်ပိန်ပိန်ကိုယ်ခန္ဓာကို ရှက်သောကြောင့် အချိန်မဆွဲတော့ဘဲ ကနူးလှေပေါ်မှ ရေထဲသို့ လျှောဆင်းလိုက်သည်။
အေးခနဲ..
မျက်လုံးထဲမှာ ရုတ်တရက် မှောင်သွားကာ နှလုံးခုန်ရပ်မတတ်။ နဂါးတို့တိုင်းပြည်ရှိရာ ကန်ကြီးထဲသို့ သူ ရောက်နေပြီ။ ကိုယ်ဖော့ပြီး ရေပေါ် ခေါင်းဖော်ချိန် လှမ်းပက်သော ရေစက်များက မျက်နှာမှာ စင် သည်။ ထို့နောက် ဆောင်းကို နောက်ကျောရှိရာ လက်ညှိုးညွှန်ပြပြီး တအံ့တသြပြောသည်။
"ဟာ.. ဆောင်း.. ဟိုမှာကြည့်..ဟိုမှာကြည့် ဘဲခေါင်းပန်းရောင်.."
"ဗျာ.. ဘယ်မှာလဲ"
"ဟိုမှာ ဟိုမှာ.."
ရယ်သံတွေကို ကြားရသည်။ ဖြူရော ဒဲရစ်ခ် ပါ အားရပါးရ ရယ်မောနေခြင်းဖြစ်သည်။ ဒီတော့မှ စနောက်နေမှန်း သတိရသည်။ ဘဲခေါင်းပန်းရောင်ငှက်မျိုးစိတ်သည် ကမ္ဘာမြေပေါ်မှာ မရှိတော့။ ရေ၀ပ်ဒေသများ၊ ရွှံ့နွံမြက်ခင်းများတွင် ကျက်စားနေထိုင်ခဲ့သည့် ရှားပါးငှက်မျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အင်းတော်ကြီးဒေသမှ ပျောက်ဆုံးသွားချိန်မှစပြီး ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းခဲ့ပြီ။
သိထားသော်လည်း ရုတ်တရက် မတွေးမိ။ တကယ်ထင်ကာ လိုက်ရှာမိသည့် မိမိကို ရယ်နေကြသည်။
"မင်းက ကလေးလိုပဲ ဆောင်းရာ၊ ပြောသမျှယုံတယ်"
အတော်ကြာအောင် ရယ်မောနေပြီးမှ ရေထဲပြန်ငုပ်သွားသည်။ အတန်ကြာသည်အထိ ပြန်မပေါ်လာသောကြောင့် စိုးရိမ်မိချိန်မှာ ခေါင်း ပြန်ပေါ်လာသည်။ ရေစိုနေသော ပြုံးစစ မျက်နှာ။
"ဆောင်း.. ငါ ရေငုပ်ပြီး လှေအောက်ကဖြတ်ပြီး ဟိုဖက်ခြမ်းသွားမယ်၊ မင်း လိုက်ဖမ်း"
"ဖြေပါဦး မစ္စတာ ဒဲရစ်ခ်၊ ကျွန်တော်တို့နှစ်ယောက်မှာ ဘယ်သူက ကလေးလဲဗျ"
အပြုံးနှင့် ပြန်မေးဖြစ်သည်။
ကောင်းကင်ယံတွင် သိမ်းငှက်တစ်ကောင် လေဟုန်စီးပြီး ၀ဲပျံကာ အမြင့်သို့ပျံတက်သည်။ တိမ်စိုင်များသည် နေ၀င်ခါနီး ရောင်ခြည်များကြောင့် ရွှေရောင်ပြောင်းကာ ၀င်းဝင်းဝါသည်။