ပျော်လားဆိုတော့ ပျော်ချင်လို့ ထားခဲ့တာလဲမဟုတ်ပြန်ဘူး။ မကျေနပ်ဘူးလားဆိုတော့လည်း TaeYeon ဘာဖြစ်နေသလဲဆိုတာ ကိုယ့်ကိုကိုယ်သိသွားလို့ ကျေနပ်တယ်။ TaeYeon ဘာဖြစ်နေလဲဆိုရင် ကိုယ့်ကိုကိုယ်ပျောက်ဆုံးနေတာ။ ဒါကို အဖြေမရှာခဲ့ပဲ အမေ့ကိုပဲအကုန်ပုံချပြီး ပြဿနာကိုရှင်းခဲ့တာ။ အမေဟာလဲ TaeYeon အပေါ်မှာ ငါးဆယ်ရာခိုင်နှုန်းလောက်တောင်မကောင်းခဲ့လို့ နောင်တတော့မရပါဘူး။
အိမ်ပြန်ရောက်လာတော့ စိတ်ထဲပေါ့နေသယောင်ထင်ရတယ်။ ချစ်လွန်းလို့ရူးသွားတာလားတော့မသိပေမယ့် Tiffany ကိုထားခဲ့ရလို့ စိတ်တွေပေါ့ပါးနေတယ်ဆို TaeYeon လွန်ရာကျမလား။
"သမီးအမေနဲ့ပြဿနာရှင်းပြီးပြီလား"
ဒန့်ဦးလေးက အိမ်ရှေ့မှာရပ်နေတဲ့ TaeYeon နားကိုလာရပ်ပြီးမေးလာတယ်။ ညဘက်တောင်ရောက်နေပြီမို့ ပထွေးဖြစ်သူရဲ့မျက်နှာကိုတောင် TaeYeon သေချာမမြင်ရဘူး။
"ကျွန်မတို့က ရန်ဖြစ်နေကြပါ စိတ်မပူပါနဲ့"
ဒီလောက်ပဲပြောပြီး အခန်းထဲဝင်လာလိုက်တယ်။ ပထမဦးဆုံးခြေလှမ်းမှာတင် Tiff ကို သူမ လွမ်းနာကျလာတယ်။ ဖြစ်သင့်ပါတယ်။ သူမက မုန်းလို့ထားခဲ့တာမှမဟုတ်ပဲ။ Tiffany မပါပဲ သူမကိုယ်သူမ တည်ဆောက်တတ်အောင်အရင်ကြိုးစားဦးမယ်လေ။ သူ့အနားမှာနေပြီး ကိုယ့်ကိုကိုယ်ပျောက်နေတဲ့ခံစားချက်ကြီးကိုပိုက်နေရမှာထပ်စာရင် ဒီအခြေအနေကပိုကောင်းမွန်တယ်လို့ခံစားရတယ်။
🌻
လူတစ်ယောက်ကိုချစ်ရင် သူ့ရဲ့အတွေးတွေကို ဝင်ပြီးခံစားပေးကြရတယ်။ မခံစားပေးနိုင်ရင် အချစ်မဟုတ်ဘူး။ အပေါ်ယံ သာမန်စွဲလန်းမှုတစ်ခုပဲ။
✨
"ပြိုင်ပွဲမတိုင်ခင် ရှင့်ကိုစိတ်အနှောင့်အယှက်ပေးရမှာ ကျွန်မတကယ်အားနာတယ် Jin Tauk"
"ရပါတယ် အမြန်ပြောပြီး အမြန်ပြန်ကြတာပေါ့ကွာ။ ကိုယ်လဲအလုပ်မအားသလို မင်းလဲအတူတူပဲကို"
Jin Tauk က အရှေ့မှာရှိတဲ့ ကော်ဖီပူပူတွေကို မော့သောက်နေတယ်။ အသားဖြူဖြူ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ခန့်ညားတဲ့မျက်နှာပေါက်နဲ့ယောက်ျားက Tiffany နဲ့စေ့စပ်ထားတာ နှစ်အတော်ကြာပြီ။ လက်ထပ်ဖို့ ဘာဖိအားမှပေးမလာတာဟာ Tiffany သူ့ကို တစ်နေ့မှာသေချာပေါက် လက်ထပ်မယ်လို့ယုံကြည်နေတာကြောင့်ပဲဖြစ်လိမ့်မယ်။
"ကျွန်မချစ်ရတဲ့သူရှိနေပြီ Jin Tauk"
Jin Tauk ရဲ့ ထူထူထဲထဲမျက်ခုံးတွေ ပင့်တက်သွားတယ်။
(Lee Dong Wook ကိုပဲပြေးမြင်ပေးကြပါ ဟန်ပုံဖော်လိုက်တာ သူပဲထွက်လာလို့)
"အင်း ဆက်ပြောလေ"
Jin Tauk က ခန့်မှန်းပြီးသားကိစ္စတစ်ခု တကယ်ဖြစ်လာသလို တုံ့ပြန်မှုမျိုးပေးတယ်။ ကော်ဖီခွက်ကို အသံမထွက်အောင် ခုံပေါ် ငြင်ငြင်သာသာပြန်တင်ပြီး Tiffany ကို သေချာငေးကြည့်နေတယ်။
"ကျောင်းသူတစ်ယောက်နဲ့"
တည်ငြိမ်နေတဲ့သူ့မျက်ဝန်းတွေ အပြေးအလွှားလှုပ်ရှားသွားကြတယ်။ ခုံပေါ်တင်ထားတဲ့လက်တွေကို ဆတ်ခနဲရုတ်လိုက်ပြီး သူ့ဆံပင်တွေကိုသပ်တင်နေတယ်။
"မဖြစ်သင့်ဘူးလေ Tiffany ... ကိုယ်လက်မခံနိုင်ဘူး။ ကိုယ့်အနေနဲ့ ဒီကိစ္စကို စွက်ဖက်ပိုင်ခွင့် ငါးဆယ်ရာခိုင်နှုန်းလောက်ရှိနေတာ မင်းသဘောပေါက်တယ်မလား။ မင်းတို့ကိုအမြန်ပြတ်ဆဲပေးဖို့ ကိုယ်တောင်းဆိုချင်တယ်"
သူ့အသံကိုထိန်းပြောနေပေမယ့် Jin Tauk တဖြည်းဖြည်းစိတ်ဆတ်လာတာကို Tiffany ရိပ်မိတယ်။ ဆိုင်အပြင်နား လမ်းမကျယ်ကြီးမှာ ကားတွေဖြတ်သွားနေကြပေမယ့် အသံတွေတော့မကြားရဘူး။ Tiffany သက်ပြင်းငွေ့ငွေ့ကိုချလိုက်တယ်။
"ကျွန်မမှာလဲ ရှင့်တောင်းဆိုမှုကိုငြင်းဖို့ ငါးဆယ်ရာခိုင်နှုန်းအခွင့်အရေးရှိနေတာ သိတယ်မလား"
Jin Tauk မျက်နှာ ပျက်ကျသွားတယ်။
"အဲ့တော့ မင်းက စေ့စပ်ပွဲကိုဖျက််ချင်တာလား"
"မဟုတ်ပါဘူး။ လက်ထပ်ပွဲမလုပ်ချင်တာ"
"ဘာကွ"
Jin Tauk က ဒေါသတကြီးဆိုပေမယ့် လေသံကိုထိန်းပြီးအော်တယ်။
"ကိုယ်နဲ့အပြတ်မဖြတ်ပဲ မင်းကောင်မလေးနဲ့ပတ်သတ်ဖို့စိတ်ကူးထားတာလား"
Tiffany ဆိုင်အပြင်ဘက်ကိုလှမ်းငေးမိတော့ ကျောင်းသူတစ်စု လမ်းဖြတ်ကူးပြီး ဆိုင်ဘက်ကိုလာနေကြတာတွေ့လိုက်ရတယ်။ ပြီးတော့ အရှေ့တည့်တည့်က Jin Tauk ကို သေချာပြန်ငေးကြည့်ပြီး ပြောလိုက်တယ်။
"စေ့စပ်လက်စွပ်တောင်ဝတ်မထားကြတဲ့ ကျွန်မတို့ရဲ့ လျော့တိလျော့ရဲပတ်သတ်မှုက ဖြတ်ဖို့ရောလိုသေးလို့လား"
အမှန်တရားဟာ တစ်နေ့ကျလက်ထပ်မယ်ဆိုတဲ့စိတ်နဲ့ မိတ်ဆွေတွေလိုနေထိုင်ကြခဲ့တာပဲလေ။
"မိန်းကလေးတစ်ယောက်နဲ့တော့မဖြစ်ဘူးလေ Tiffany ... ယောက်ျားလေးတစ်ယောက်နဲ့သာဆို ကိုယ်ကိုယ်တိုင် မိတ်ဆက်မှာပါ။ ကိုယ်အဲ့လောက်သဘောထားမသေးပါဘူး။ မင်းရဲ့အလုပ်အကိုင် အသက်အရွယ်တွေကိုပြန်စဉ်းစားပါဦး"
Jin Tauk က Tiffany ကို ဖြောင်းဖြဖို့ကြိုးစားနေပုံရတယ်။
"ကျွန်မလောက် အဲ့အရာတွေကိုထည့်တွေးတာ ကျွန်မပဲရှိပါတယ်။ ဒါပေမယ့် Jin Tauk ရယ် ... ကျွန်မ ...
သူနဲ့လက်ထပ်လိုက်တော့လို့ အော်ပြောခဲ့တဲ့ ကလေးငယ်ရဲ့စကားသံက နားထဲပဲ့တင်လာတော့ Tiffany စိတ်တွေယိုင်နဲ့သွားတယ်။ နှုတ်ခမ်းဖျားကို လျှာနဲ့တစ်ချက်သပ်ပြီး အကောင်းဆုံးအကြောင်းပြချက်ကိုပေးဖို့အရှိန်ယူလိုက်ရတယ်။
"ကျွန်မ အဲ့ကလေးမ မရှိရင် ဘာမှမထိန်းသိမ်းတတ်တော့ဘူး။ သူမရှိပဲရှင်သန်လို့ရပေမယ့် ရှင်သန်နေရတဲ့ဘဝကခက်ခဲနေမယ့်အဖြစ်မျိုးလေ။ ကျွန်မသူ့ကိုချစ်တာ ရပ်တန့်လို့မရတော့ဘူး"
ရပ်တန့်ကြည့်ဖို့လဲ မကြိုးစားမိခဲ့ကြောင်းတော့ မပြောလိုက်တော့ဘူး။
"ကိုယ်အဆုံးထိတားမယ်ဆိုရင်ရော?"
ဆိုင်ထဲဝင်လာတဲ့ ကျောင်းသူတစ်သိုက်က Tiffany ကိုသိနေတော့ အတူထိုင်နေတဲ့ Jin Tauk ကို စပ်စပ်စုစုလှမ်းကြည့်နေကြတယ်။ Tiffany သူတို့ကို တစ်ချက်ပြုံးပြလိုက်ပြီး Jin Tauk မျက်နှာကိုပြန်လှည့်ကြည့်လို့ တစ်ခွန်းချင်းဖြေမိသည်။
"ကျွန်မ အဆုံးထိ သူ့ဆီပဲသွားမှာ"
Jin Tauk က သက်ပြင်းချတယ်။ သူလို လူကောင်းတစ်ယောက်ကို စိတ်ညစ်အောင်လုပ်ရလို့ Tiffany အပြစ်ရှိသလိုခံစားရပါတယ်။ ဒါလူ့ကျင့်ဝတ်အရဆို မလျော်ညီဘူးလေ။ Tiffany က ဒီယောက်ျားကိုဖောက်ပြန်နေတာဆိုလဲမမှားဘူး။
"ကိုယ်တောင်းပန်ပါတယ် နောက်တစ်ခေါက်ပြန်စဉ်းစားပေးဖို့လဲတောင်းဆိုတယ်။ တကယ်ကိုနောက်ဆုံးတစ်ခေါက်လောက် ပြန်စဉ်းစားပေးပါလား လက်မထပ်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်အတွက်"
စားပွဲပေါ်တင်ထားတဲ့ Tiffany လက်ဖမိုးတစ်ဖက်ကို Jin Tauk က သူ့လက်ဖဝါးနဲ့အုပ်ကိုင်လာပြီး ပြောတယ်။
"ပြန်စဉ်းစားလဲဒီအဖြေပဲရမှာ Jin Tauk ရဲ့"
Tiffany ပြုံးပြီးပြန်ဖြေလိုက်တယ်။ သူမ TaeYeon အပေါ် မည်မျှသက်ဝင်နေသလဲဆိုတာစဉ်းစားမိလို့ ရုတ်ချည်းပြုံးမိတာမျိုးပါပဲ။
"ဒါပေမယ့် ...
"Tiffany"
စားပွဲခပ်လှမ်းလှမ်းကခေါ်သံ။ Tiffany ဆတ်ခနဲလှမ်းကြည့်တော့ ...
"Runo"
TaeYeon အကြည့်တွေက စားပွဲပေါ်က ထိနေတဲ့လက်တွေဆီပဲရောက်နေတယ်။ ဒေါသထွက်နေတာမျိုးလဲမဟုတ်ပဲ ... ဘာမှမရှိနေတဲ့မျက်ဝန်းတွေပါ။ TaeYeon ဆိုင်ထဲကထွက်သွားတယ်။ Tiffany , Jin Tauk ကို နှုတ်ဆက်စကားပြောပြီး ဆိုင်အပြင်ကိုခပ်မြန်မြန်ထွက်လို့ Runo အနောက်ကိုလိုက်ရတော့တယ်။
"TaeYeon ခဏလေး"
သူရပ်စောင့်နေခဲ့ပါတယ်။ Tiffany မျက်နှာကိုလဲစေ့စေ့ကြည့်နေခဲ့တယ်။ ရင်ထဲမှာခံစားနေရတဲ့ အေးစက်မှုတွေက Tiffany ကို စပြီးခြောက်လှန့်လာတယ်။ မဖြစ်သင့်တာတွေ သို့မဟုတ် မဖြစ်ချင်တာတွေဖြစ်နေရသလိုမျိုးပေါ့။
"ပြောလေ ကျွန်မ နားထောင်နေတယ်"
တကယ်ဆို ရှင်တို့ဘာလို့လက်တွေကိုင်ထားရတာလဲဆိုတဲ့ မေးခွန်းမျိုးကို လေသံမာမာနဲ့မေးရမည်ဖြစ်ပြီး TaeYeon မျက်ဝန်းတွေဟာ ဤမျှထိတည်ငြိမ်နေဖို့မလိုအပ်ပါ။ Tiffany ယုံကြည်ထားသမျှကို တစ်ခုချင်းစီ အေးအေးဆေးဆေးရိုက်ချိုးခံနေရသယောင်အခြေအနေမျိုးကို စတင်ခံစားလာရသည်။
"မင်း ... တကယ် တို့ကိုနေရာမပေးတော့တာလားဟင်"
ထိုမေးခွန်းကိုမေးရလိမ့်မယ်လို့ တစ်ခါမှပင်စိတ်မကူးခဲ့ဖူး။ စတင်ချစ်ကြိုက်သည့်ရက်တွင် နောက်တစ်နှစ်လောက်ရောက်တာနဲ့ "တို့နဲ့အတူလာနေပါတော့လား" ဆိုတဲ့မေးခွန်းကိုသာမေးဖို့ ကြိုတင်ပြင်ဆင်ခဲ့ဖူးသည်။ အသက်သုံးဆယ်ကျော်မိန်းမတစ်ယောက်ရဲ့ သွေးပျက်မှုဟာ လူမြင်ကွင်းမှာ သိပ်တော့ကြည့်လို့မကောင်း။
"ကျွန်မ ပြောပြီးပြီပဲ။ ကျွန်မ ရှင်နဲ့ရှိနေရတဲ့ခံစားချက်ကိုမုန်းတယ်ဆိုတာ"
ချာခနဲလှည့်ထွက်လာလိုက်တယ်။ ဟုတ်တယ်။ သူ့ကို မေးခွန်းတစ်ခုလောက်ထပ်မေးဖို့တောင် Tiffany အားမရှိတော့လို့။ ကားသော့ကိုင်ထားတဲ့လက်တွေက တုန်ယင်နေတယ်။ ကားဘယ်နားမှာရပ်ခဲ့လဲတောင်ပြန်စဉ်းစားဖို့မေ့နေတယ်။ TaeYeon အသက်အရွယ်နဲ့ စဉ်းစားနိုင်စွမ်းကို Tiffany ညှိလို့မရတော့ဘူး။ အဓိကကတော့ သူမတို့ ခံယူချက်ချင်းမတူဘူး။ ကားပေါ်ရောက်တော့ စိတ်ငြိမ်အောင် ခဏထိုင်နေရတယ်။ ဘာဆက်လုပ်ရမလဲဆိုတဲ့အတွေးနဲ့ သူမ ချာချာလည်လာတယ်။
"ချစ်ခဲ့တာက အိမ်မက်တစ်ခုလို ဆတ်ခနဲထလိုက်တာနဲ့ ကျန်ခဲ့မှာလား"
အိမ်ထဲကိုဝင်ဝင်ချင်း သူမ ရွတ်မိတယ်။ တကယ်လည်း သိချင်သည်လေ။ Irene ကတော့ ကျောင်းစာလုပ်နေတဲ့ပုံပဲ။ Irene အတွက် နေ့လည်စာပြင်ပေးပြီး Tiffany ပါ သူနဲ့အတူတူစားဖို့ပြင်လိုက်တယ်။ Tiffany အရွယ်က အသည်းကွဲပြီး ထိုင်ငိုနေရမယ့်အရွယ်မဟုတ်တာမို့ ပုံမှန်လိုနေဖို့ ကြိုးစားလိုက်တယ်။
"အဆင်ပြေရဲ့လား"
Irene ဆီကမေးခွန်း။ Tiffany ခေါင်းခါပြလိုက်တယ်။ ထမင်းဝါးနေပေမယ့် အရသာတွေသိမနေဘူး။ မျက်ရည်ကိုသာ ခံစားလို့ရပြီး ခေါင်းထဲမှာ မူးနောက်လာတယ်။
"ငိုချလိုက်လေ ... ညီမ ရှိတယ်"
တူမ ဆိုပေမယ့် irene က သူ့ကိုယ်သူ ညီမလို့ပြောလေ့ရှိတယ်။ သူ့အမေနဲ့ Tiffany က အသက်တော်တော်ကွာတာမို့ သူနဲ့ Tiffany အသက်ကွာခြားမှုက ကလန့်ကလားဖြစ်နေတာ။
Tiffany ငိုနေတယ်လို့ထင်တာပါပဲ။ Irene က Tiffany လက်ဖမိုးကို သူ့လက်မနဲ့ ခပ်ဖွဖွပွတ်ပေးနေတယ်။
"ဟိုကောင်မလေးနဲ့ပတ်သတ်တာမလား"
အကဲခတ်တော်လွန်းတဲ့ irene ရဲ့အမေးကို Tiffany မအံ့ဩတော့ပဲ ခေါင်းငြိမ့်ပြလိုက်တယ်။
"သူက သူ့အတွေးတွေကိုဘောင်ခတ်ထားရတာမကြိုက်တဲ့ပုံပါပဲ။ တီလေးက အရာရာကိုဘောင်ထဲကနေစဉ်းစားတတ်တဲ့သူ။ ညီမတော့ မဖြစ်နိုင်ဘူးထင်တာပဲ။ သူပြောင်းလဲဖို့လိုတာလို့ထင်တယ်။ သူ့အတွေးတွေဘောင်မခတ်ဘူးဆိုရင်တောင် တီလေးရဲ့ခံယူချက်တွေကို သူလေးစားပေးရမယ်လေ"
Tiffany တစ်ချိန်လုံးမျက်ကွယ်ပြုနေတဲ့အချက်ကို irene က TaeYeon ကို တစ်ကြိမ်တည်းတွေ့ဖူးရုံနဲ့သိနေတယ်။ TaeYeon ဟာ Tiffany ရဲ့ စိတ်ခံယူချက်တွေကို မလေးစားဘူး။ မှန်တယ်လို့မထင်ဘူး။ ထင်ရင်တောင် ဒါဟာ ဝတ္တရားအရပဲဖြစ်ပြီး သူတကယ်လက်ခံနိုင်လို့မဟုတ်ဘူး။ နားလည်လွယ်အောင်ပြောရရင် Tiffany ဆောက်ထားတဲ့အိမ်ထဲမှာ သူနေရင် မွန်းကျပ်တယ်။ ဒါပေမယ့် သူနေခဲ့တယ်။ ဒါပေမယ့် ဆက်ပြီးမနေနိုင်တော့ဘူး မနေရဲတော့ဘူးဖြစ်လာတယ်။ အိမ်တစ်လုံးတော့မဟုတ်ခဲ့ပါဘူး။ သူ့အတွက် မိမိအတွက် Tiffany စဉ်းစားစီစဉ်နေခဲ့တဲ့ ဘဝလေးတစ်ခုသပ်သပ်ပါပဲ။
"ကျေးဇူးပဲ irene ... ပြိုင်ပွဲအတွက်ပြင်ရမှာတွေသွားလုပ်တော့မယ်။ ထမင်းဆက်စားလိုက်နော်"
အခန်းထဲဝင်လာပြီး စားပွဲရှေ့မှာထိုင်၊ ဖုန်းကိုအရင်ဖွင့်ပြီး TaeYeon ဆီစာပို့ဖို့ပြင်လိုက်တယ်။ ဒီစာတွေအကုန်ကို TaeYeon ရဲ့ဆုံးဖြတ်ချက်ကိုလေးစားတဲ့ Tiffany အဖြစ်နဲ့ပို့မယ်။ အရာရာစဉ်းစားတတ်တဲ့ Tiffany အနေနဲ့လဲမဟုတ်သလို၊ နလုံးသားကိုဦးစားပေးထားတဲ့ Tiffany အနေနဲ့လဲမဟုတ်ဘူး။
"မင်းဘဝရဲ့မွန်းကျပ်မှုကြီးကိုဖယ်ရှားနိုင်ခဲ့လို့ အရင်ဆုံးဂုဏ်ပြုတယ်။ လမ်းခွဲလိုက်ကြတာပေါ့ Runo ... ငါ့ဖြစ်တည်မှုက ဒီနေ့ကစပြီး မင်းနဲ့မဆိုင်တော့တာမို့ မင်းလွတ်လပ်ပြီ။ မင်းဦးနှောက်နဲ့စဉ်းစားနိုင်သမျှ ဒါအကုန်ဆိုတာ ငါမယုံနိုင်သေးဘူး။ ဒါပေမယ့် လမ်းခွဲမယ်။ တစ်ယောက်ကိုတစ်ယောက် အနှောင်အဖွဲ့ကင်းကင်းနဲ့ ဆက်ရှင်သန်ကြမယ်။ သေသေချာချာနှုတ်ဆက်တာပါ။ မင်းဘဝက ငါနဲ့ဝေးနေရင် ပိုအဆင်ပြေနိုင်တယ်ဆိုတာ ငါတကယ် ဟိုးအစမှာတည်းက သိခဲ့ပါတယ်"
လက်ချောင်းတွေလှုပ်ရှားပြီးတဲ့နောက်တော့ စာတစ်စောင်က ချစ်ရတဲ့ကဗျာငယ်ဆီ ပြေးလွှားသွားတယ်။ နောက်ပြီး Tiffany ဖုန်းကိုပိတ်လိုက်တယ်။ နောက်ပြီး ... မျက်နှာကို စားပွဲခုံမှာအပ်လို့ လူကြီးမဆန်စွာပဲ ငိုချလိုက်တော့တယ်။
🌻
သေမထူး နေမထူးဆိုတာကလဲ
အချစ်ကိုမတွေ့သေးလို့နေမှာ။
အချစ်ကိုတွေ့ပြီးရင်တော့ ရွေးချယ်စရာနှစ်ခုရှိလာမယ်။
သေမလား? နေမလား? ဆိုတာပဲ။
✨
TBC......🕊
29 March 2020