တောင်တောရယ်သာ

By akyinnamon

409K 55.6K 7.9K

တောင်တောရယ်သာ... မာလာကငုံဖူး... တစ်ပင်ကိုနှစ်ပင်ယှက်တယ်... ကျေးငှက်ကမြူး... More

အမှာစာ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
ဇာတ်သိမ်းပိုင်း
စာရေးသူ၏အမှာ
ကျေးဇူးတင်စကား
အင်းတော်ကြီးသမိုင်း ၁
အင်းတော်ကြီးသမိုင်း ၂
စာအုပ်ထွက်ပါပြီ
အမှတ်တရ (၁)
အမှတ်တရ (၂)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
ဇာတ်သိမ်းပိုင်း
စာရေးသူ၏အမှာ
ကျေးဇူးတင်စကား

အပိုင်း ၃

2.5K 536 95
By akyinnamon

အိမ်သာရေချိုးခန်းကို တစ်ဖက်အိမ်နှင့် အတူတူအသုံးပြုရမည်ဖြစ်သောကြောင့် အိပ်ရာစောစောထပြီး အိမ်သာတက်၊ မျက်နှာသစ်မည်ဟု တွေးထားခဲ့သော်လည်း တကယ်တမ်း ကလေးတွေက ကိုယ့်ထက်အရင် စောစောထကာ မျက်နှာသစ်နေကြသည်။ ကျောင်းသွားဖို့ ပြင်ဆင်ပေးနေသည့် မိခင်၏ အော်သံ၊ ခေါ်သံ။ မောင်နှမနှစ်ယောက်၏ ရန်ဖြစ်သံ၊ ငိုသံ၊ ဆူသံများကြောင့် မနက်ခင်းအချိန်သည် စည်ညံနေသည်။ ငှက်ကလေးများ၏ တီတာသံနှင့် ကြက်ဖတွန်သံကိုပင် ကောင်းကောင်းမကြားလိုက်ရ။ တစ်ဖက်အိမ်လှေကားမှ ပြေးဆင်းသံ၊ ပြေးတက်သံများသည် တဒုန်းဒုန်းနှင့် ဆူညံနေသည်။

မိသားစုအားလုံး ကိုယ်စီအလုပ်ရှုပ်နေချိန်မှာ အနှောင့်အယှက်မပေးချင်သောကြောင့် ဆောင်းကိုကို နိုးနေသော်လည်း အခန်းထဲမှာပင် ငြိမ်နေလိုက်သည်။ အသံတွေ တဖြည်းဖြည်းတိတ်ဆိတ်သွားမှ အောက်ထပ်ဆင်းကာ ရေချိုး၊ မျက်နှာသစ်သည်။ အ၀တ်အစားလဲပြီးချိန်မှာ မနက် ရှစ်နာရီ ထိုးနေပြီ။ တည်းခိုခန်းသို့ရောက်ရန် ဆယ်မိနစ်လောက်တော့ လမ်းလျှောက်ရလိမ့်မည်။ မနက်စာ စားဖို့ အချိန်မရှိတော့။

လုံးတုံမြို့လေး၏ မနက်ခင်းသည် သက်ဝင်လှုပ်ရှားနေသူများနှင့် ချစ်စဖွယ်ကောင်းနေသည်။ ခပ်သုတ်သုတ် အမြန်လျှောက်ရသောကြောင့် သဘာဝအလှကို သတိမထားမိလိုက်။ တည်းခိုခန်းပြင်ပမှ တံတားလေးကို ဖြတ်ကျော်အပြီး ၀ရန်တာသို့အရောက်မှာ ကွန်ပျူတာရှေ့တွင် ထိုင်နေသော Derick ကို တွေ့လိုက်ရသည်။

မနေ့ကလိုပင် တီရှပ်လက်ပြတ်နှင့် ဘောင်းဘီတိုတိုနှင့်။ ကွန်ပျူတာဘေးမှ ကော်ဖီခွက်သည် ကုန်ခါနီးဖြစ်သည်။ မော့ကြည့်နှုတ်ဆက်မှုတွင် အပြုံးမပါ။ ဆံပင်ရှည်ကို မြင်းမြှီးပုံစံ စည်းထားပြီးမှ ပြန်လိပ်ထည့်ထားသောကြောင့် မျက်နှာမှာ ရှင်းနေသည်။ နဖူးသိပ်မကျယ်။ မျက်ခုံးမွှေးများတွင် ရွှေရောင်မျှင်တစ်ချို့ရောယှက်လျက်။ မျက်မှောင်ကြုတ်ထားသော ထိုမျက်ခုံးများကို မကြည့်ရဲသလို ဆောင်းကိုကို အကြည့်လွှဲလိုက်သည်။

"ဆယ်မိနစ် နောက်ကျတယ်"

လေသံက ခပ်ပြတ်ပြတ်။ ပထမဆုံးအလုပ်စ ၀င်သည့်နေ့မှာ ဒီလို အပြောခံရလိမ့်မည်ဟု မထင်ထားခဲ့။ တောင်းပန်စကားဆိုသော်လည်း အနားမှာရှိနေသူက သေချာနားထောင်ဟန်မရှိ။ ထိုင်ခုံနေရာကို ထိုင်ပါဟူသည့် သဘောဖြစ် လက်ညှိုးထိုးပြပြီး ထပ်ပြောသည်။

"ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ၊ အချိန်တိကျဖို့လိုတယ်"

"ဟုတ်ကဲ့"

"မနေ့ညက မေးလ်ပို့ထားတယ်"

"ဟုတ်ကဲ့"

"နောက်တစ်ခါဆိုရင် လက်ခံရတယ်ဆိုတဲ့ အကြောင်းပြန်ပေးပါ"

"ဟုတ်ကဲ့ခင်ဗျ"

အသက်ရှူရမှာပင် မ၀ံ့ရဲတော့သလို။ မနေ့ကမှ စတွေ့ခဲ့ကြပေမယ့် သူ့အပြစ်တွေ များနေပြီလား။ ထိုသူ့အနေနဲ့ လိုက်ပို့မည့်သူ ကိုခွန်းနောင်မဟုတ်တော့ဘဲ လူပြောင်းသွားတာကို သိပ်မကျေနပ်ဟု ဖြူ ပြောထားဖူးသည်။

ညက ဆောင်းကိုအား ထိုသူ ပို့လိုက်သောအီးမေးလ်မှာ သုတေသနလုပ်ငန်းများအကြောင်းဖြစ်သည်။ အကြမ်းဖျင်းခြုံငုံပြောထားသလို အချက်တစ်ခုချင်းစီကို အသေအချာ ရှင်းပြထားသည်။ မည်သည့်အရာများကို ဦးစားပေး၊ မည်သည့်အရာများကတော့ အချိန်ပေးကာ သတ်မှတ်ကာလများနှင့် လုပ်ဆောင်ရမည် ဆိုသည်ကအစ ပါဝင်သည်။ အလုပ်နှင့်ပတ်သက်ပြီး စေ့စပ်မှုရှိသည်ကတော့ အမှန်။

"မင်း အစအဆုံး သေချာဖတ်ခဲ့လား"

"နည်းနည်းတော့ ဖတ်ခဲ့ပါတယ်"

အဖြေအဆုံးမှာ မျက်စိထောင့်ကပ်ကြည့်သည်။ နှုတ်ခမ်းများကြားမှ စိတ်ပျက်သံတစ်ခုကြောင့် ဆောင်းကိုကို ခေါင်းပင်မမော့ရဲတော့။ ကားပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ခဲ့ရသလို၊ စိတ်လှုပ်ရှားမှုကြောင့် နေ့လယ်ပိုင်းမှာလည်း အနားမယူခဲ့ရ။ ညပိုင်းမှာ အိပ်ချင်စိတ်ကို ထိန်းမရတော့ဘဲ အပေါ်ယံသဘောမျိုးသာ ဖတ်ဖြစ်ခဲ့သည်။

နှစ်ဦးကြား အတန်ကြာအောင် တိတ်ဆိတ်နေသည်။ ရှေ့မှာရှိသော ကွန်ပျူတာကို ခပ်‌ဝေး‌ဝေးသို့ မသိမသာ တွန်းပို့လိုက်ပြီး ထိုင်ခုံကို ဆွဲလှည့်သည်။ ဘေးချင်းဆိုင်အနေအထားမှ မျက်နှာချင်းဆိုင်။ ထိုင်နေတာခြင်းအတူတူ အရပ်က သူ့ထက်အတော်မြင့်သည်။ စွပ်ကျယ်လက်ပြတ်ကို ၀တ်ထားသောကြောင့် လက်မောင်းကြွက်သားများကို မြင်နေရသည်။

"ဒီကန်က ဘာလို့အရေးကြီးလဲ"

ရုတ်တရက်ကြီး မေးချတော့ ဆောင်းကိုကို ဖြေရမည်ကို မရဲသလိုခံစားရသည်။ အပြစ်တင်ဟန်မကင်းသည့် အကြည့်များကြောင့် ပိုဆိုးသည်။

"ဆရာ ဘာမေးချင်တာလဲ၊ ကျွန်တော် သိပ်နားမလည်ဘူး"

မျက်ခုံးနှစ်ဖက် မြင့်တက်သွားသည်။ အံ့သြသွားဟန်တူပြီး ရှက်သွားသလို ချောင်းတစ်ချက်ဟန့်ကာ လည်ချောင်းရှင်းသည်။

"ဆရာ မခေါ်နဲ့လေ၊ မင်းနဲ့ ငါနဲ့ အသက်မကွာဘူး"

အကြည့်လွှဲလိုက်တာကို သတိထားမိတော့ ဆောင်းကိုကို ပြုံးချင်သွားသည်။ ဒီလူသည်လည်း ရှက်တတ်သည်ပဲလား။ မကြာသေးခင်လေးကမှ ဆူငေါက်နေသည့် ဆရာကြီးပုံပျောက်သွားသည်။

"လေးစားမှုနဲ့ခေါ်တာပါခင်ဗျ"

"မင်းနဲ့ငါနဲ့ပဲပြောလို့ရတယ်"

နှစ်ယောက်ကြားမှာ စကားသံတို့ တိတ်သွားသည်။ ထိုသူသည် ကွန်ပျူတာနားမှာရှိနေသော မျက်မှန်ကို ကောက်တပ်သည်။ ရွှေကိုင်းမျက်မှန်နှင့် လေးထောင့်မျက်မှန်ကြောင့် လူကြီးပုံ ပြန်ပေါ်လာသည်။ ဘယ်နားမှာ စကား စ ရပ်သွားသည်ကို ပြန်စဉ်းစားနေသလို ငြိမ်ကျသွားသည်။ အတန်ကြာမှ သတိရသွားသလို လက်သီးဆုပ်ကို နှုတ်ခမ်းနားကပ်ပြီးမှ ချောင်းတစ်ချက်ဟန့်သည်။

"ဒီကန်က ဘာလို့အရေးကြီးတာလဲ၊ ဘာပဲဖြစ်ဖြစ်၊ မင်းထင်တာပြောကြည့် ဆောင်း"

အသံဝဲ၀ဲနှင့် ဆောင်း ဟုသည့် ခေါ်သံ။ G အက္ခရာသံကိုပါ နောက်ဆုံးမှာ ထည့်သုံးသလို Saungggg ဖြစ်နေသောကြောင့် နားထောင်ရသည်မှာ တစ်မျိုးထူးခြားနေသည်။ ယခုအချိန်မှာတော့ မေးခွန်းအတွက် အဖြေကို ဆောင်းကိုကို စဉ်းစားပြီးသားဖြစ်သောကြောင့် သိပ်မခက်ခဲတော့။

"ဂေဟစနစ်ရဲ့ ထူးခြားမှုကြောင့်ပါ"

"ဘယ်လိုဂေဟစနစ်ဖြစ်လို့ ထူးခြားတာလဲ ဆိုရင်ရော"

"ကန်ရေပြင်ရယ်၊ ကျွန်းမျှောတွေရယ်၊ ရေ၀ပ်မြက်ခင်းတွေရယ်၊ ရာသီအလိုက် ရေလွှမ်း မြက်ခင်းတွေရယ်..."

စကားသံတို့ တိခနဲ ရပ်သွားသည်။ ဆောင်းကိုကို မျက်နှာတစ်ခုလုံး ရဲတွတ်သွားသည်။ စကားပြောချင်စိတ် သိပ်များလာလျှင် ဘောပင်ဖြစ်ဖြစ်၊ ခဲတံဖြစ်ဖြစ် တစ်ခုခုကို ထောက် ထောက်ပြီး ပြောတတ်သည်မှာ ကျောင်းကတည်း အကျင့်ဖြစ်သည်။ ယခုလည်း ထိုသူ ချထားသော ဘောပင်ကို ကောက်ယူပြီး စားပွဲပေါ် အားရပါးရ ထောက်ကာ ပြောနေမိပြီ။

ကန်ရေပြင်ကို ကြည့်သလိုလိုနှင့် အကြည့်လွှဲလိုက်သော်လည်း ပြုံးရိပ်ထင်သော မျက်လုံးများကို ဖျတ်ခနဲမြင်လိုက်ရချိန် ဆောင်းကိုကို နေစရာ မရှိတော့။ အူကြောင်ကြောင်ကောင်လေးတစ်ယောက်ဟု တွေးနေလိမ့်မည်လား။ စကား စ ကိုပြန်ဆက်နိုင်ဖို့ မနည်းကြိုးစားရသည်။

"ဟို.. ဟို.. အဲ့ဒါ.. အဲ့ဒါတွေရှိလို့... ဒီထူးခြားတဲ့ ဂေဟစနစ်က ငါးနဲ့ တခြားသတ္တ၀ါတွေအတွက် ပေါက်ဖွားရှင်သန်ဖို့ အကောင်းဆုံးဖြစ်နေတာမျိုးဆိုတော့လေ၊ နောက်တစ်ခုက ဒီလိုဂေဟနစ်တွေပေါ်မှာ မူတည်မှီခိုနေရတဲ့ ရေပျော်ငှက်တွေအတွက် မရှိမဖြစ်နေရာမျိုးဖြစ်နေလို့ ဒီကန်ကြီးဟာ အရေးကြီးနေတာ၊ နောက်ပြီး ဆောင်းခိုငှက်တွေ.. "

"ရေပျော်ငှက်.. ဆောင်းခိုငှက်.. ဒါပေါ့"

စကားလုံးကို သဘောကျသလို ပြုံးလိုက်ချိန်မှာ ပါးချိုင့်နှစ်ဖက်ကို မြင်ရပြန်သည်။ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် စကားလုံးများကို ဆောင်းကိုကိုက အထစ်အငေါ့မရှိ ပြောသွားနိုင်သောကြောင့် ကျေနပ်သွားဟန်ရှိသည်။

နောက်ထပ် မေးခွန်းတစ်ခုကို မေးလိုက်ဟန်တူသည်။ လက်ကောက်ဝတ်မှာ ၀တ်ဆင်ထားသော လက်ပတ်ကြိုးလေးကို ငေးမိသွားသောကြောင့် မေးခွန်းကို ရုတ်တရက် မကြားလိုက်။ ရွှေရောင်သန်းသော မွှေးညင်းများထက်မှ ပုစဉ်းပုံစံငယ်လေး ချိတ်ထားသော လက်ပတ်ကြိုးသည် လိုက်ဖက်နေသလို လေးနက်သော အဓိပ္ပါယ်တစ်မျိုးမျိုး ရှိနေသလိုပင်။

"ဆောရီး၊ ကျွန်တော် မကြားလိုက်လို့"

အမှန်အတိုင်းဝန်ခံရင်း လက်ပတ်ကြိုးငယ်မှ အကြည့်လွှဲလိုက်သည်။

"ငှက်ပျံသန်းတဲ့လမ်းကြောင်းကို သိလား ဆောင်း"

မှတ်ထားဖူး၍ တော်သေးသည်ဟူသော အတွေးနှင့်အတူ ခေါင်းညိတ်ဖြေလိုက်သည်။ ‌ဝေးလံလှသော ဆီးဘီရီးယားမှအစပြုသည့် ငှက်ပျံသန်းရာ လမ်းကြောင်းတစ်ခု။

"အရှေ့အာရှ သြစတြေးလျ ငှက်ပျံသန်းလမ်းကြောင်းပါ"

"ဘာလို့အရေးကြီးလဲ"

"ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းလုနီးဖြစ်နေတဲ့ ငှက်မျိုးစိတ်တွေ အများဆုံးပါဝင်နေတဲ့ ငှက်ပျံသန်းလမ်းကြောင်း ဖြစ်နေလို့ပါခင်ဗျ"

ကျေနပ်သွားသလို ခေါင်းတဆတ်ဆတ်ညိတ်ပြီးမှ လက်ကျန်ကော်ဖီကို မော့သောက်ပြီး ကွန်ပျူတာရှိရာ ပြန်လှည့်သည်။ ဒေသအကြောင်း ရင်းနှီးကျွမ်းဝင်မှုရှိ မရှိ မိမိကို စစ်ဆေးနေခြင်းဖြစ်မည်ကို ဆောင်းကိုကို နားလည်သည်။ သုတေသနလုပ်ငန်းများအတွက် ဒေသခံများကိုသာ ရွေးချယ်လေ့ရှိရာတွင် ဆောင်းကိုကိုကမူ အပြင်မှရောက်လာသည့် သူ မဟုတ်ပါလား။ ထိုသူ့ဖက်မှစဉ်းစားကြည့်တော့လည်း စိတ်အလိုမကျဖြစ်စရာချည်းသာ။ ယခုတော့ ကြိုတင်ပြင်ဆင်မှုများ ရှိခဲ့၍သာ တော်သေးသည်။ ဘာပဲဖြစ်ဖြစ် အင်းတော်ကြီးဒေသကို သူ ရွေးချယ်ခဲ့သည်မှာ လစာတစ်ခုတည်းအတွက်တော့ မဟုတ်။

"အီးမေးလ်နဲ့ ဖိုင် ၂ ခု ထပ်ပို့ထားမယ် ဆောင်း၊ တစ်ခုက ရေ၀ပ်ဒေသတွေရဲ့ ထူးခြားချက်၊ နောက်တစ်ခုက တောရိုင်းတိရစ္ဆာန်နဲ့ ရေပျော်ငှက်တွေအကြောင်း၊ မင်း ဖတ်ထားစေချင်တယ်"

"ဟုတ်ကဲ့"

ခပ်မတ်မတ်ထိုင်နေရာမှ နောက်သို့ကျောမှီလိုက်ကာ မသိမသာ လှည့်ကြည့်သည်။

"မင်း ဘာလို့ ဒီအလုပ်ကို လက်ခံခဲ့တာလဲ"

"ခင်ဗျာ"

"ဒီလိုပဲ သိချင်လို့မေးတာပါ၊ မဖြေချင်လည်းရတယ်၊ မေးခွန်းအတွက် စိတ်အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါ"

"မဖြစ်ပါဘူးခင်ဗျ၊ ဟို.. မင်းရဲ့ သုတေသနလုပ်ငန်းမှာ ကူညီရင်း အတွေ့အကြုံရမယ်၊ သင်ယူစရာတွေ ရှိမယ်၊ နောက်.."

နှုတ်ခမ်းများကို လျှာနှင့်သိမ်းပြီး စကားဆက်ဖို့ ကြိုးစားသည်။ အင်္ဂလိပ်စကားလုံးများကို ရွေးချယ်ရသည်မှာ မခက်။ ပြောထွက်ဖို့သာ ခက်သည်။ ဒါကတော့ မြန်မာလိုပင် ဆောင်းကိုကိုအတွက် ခက်ခဲတတ်သောကြောင့် အထူးအဆန်းမဟုတ်တော့။

"ဟို.. ဟို.. ကျွန်.. ကျွန်တော် တိရစ္ဆာန်လေးတွေကို ချစ်တယ်"

ပြောပြီးမှ ကိုယ့်ဘာသာ ထုရိုက်ချင်သွားသည်။ တိရစ္ဆာန်လေးတွေကို ချစ်သည်တဲ့လား။ မည်မျှကလေးဆန်သည့်အဖြေမျိုးလဲ။ ဖြူနှင့်အိမ်ရှင်အဒေါ်ကြီးတို့ ဆယ်တန်းကျောင်းသားရုပ်ဆိုပြီး ပြောခဲ့သည်။ Derick ကရော သူ့ပုံစံကို ဘယ်လိုမြင်မည်မသိ။

အခုလို အဖြေမျိုးနှင့်ဆိုတော့..

ဆောင်းကိုကို မျက်နှာတွေရဲလာသည်။ သို့သော် ဘေးနားတွင်ရှိနေသူကတော့ သူ့အဖြေကို လက်ခံနိုင်သလို ခေါင်းတစ်ချက်ညိတ်သည်။

"မင်းကို ယုံပါတယ်၊ မင်းနားလည်ထားဖို့က ထိန်းသိမ်းရေးအတွက် တာဝန်ယူထားတဲ့ မင်းရဲ့တာဝန်က ဘယ်ရာထူးပဲ ဖြစ်နေပါစေ သိပ်အရေးကြီးတယ်၊ မင်းက ဒီဒေသအတွက် တန်ဖိုးရှိတယ်"

ငေးမိသွားသည်။ ကြားလိုက်ရသည့် စကားများသည် သူ့အတွက် ထူးဆန်းနေသည်။ နားထဲမှာ ကြားယောင်လာသည်က အတိတ်မှ ဒေါသသံတွေ။

မင်းက တန်ဖိုးမရှိတဲ့ကောင် ကိုကို..

မင်းမှာ ဘာတန်ဖိုးမှ မရှိဘူး..

အရိပ်တွေ၊ အသံတွေ၊ အာရုံတွေ။ ဒါတွေကို သူ မေ့ထားချင်သည်။ မမှတ်မိနေချင်တော့။ သို့သော် နာကျင်ခဲ့ရသမျှကို မသိစိတ်တစ်နေရာမှာ သိမ်းဖွက်ထားသူသည် သူကိုယ်တိုင်ပင် ဖြစ်နေသည်။

အင်းတော်ကြီးရေကန်ကြီးရှိရာ အကြည့်လွှဲဖြစ်သည်။ တောင်တန်းများနောက်ခံ တံငါလှေတစ်စင်းကို ကန်ရေပြင်မှာ ငြိမ်းချမ်းဖွယ်ရာ မြင်နေရသည်။ မလှမ်းမကမ်းမှာ ရေဘဲတစ်ကောင်နှင့် ဘဲပေါက်လေးများ အစာရှာနေကြသည်။ စာကလေးငှက်လေးများနှင့် ဆင်ဆင်တူသည့် အမြီးရှည်ရှည်လေးနှင့် မိုးစာငှက်လေးနှစ်ကောင်ကတော့ ဗေဒါခင်းထဲမှာ။ တစ်ပင်မှ တစ်ပင် ခုန်ကူးပြောင်းရွှေ့နေသည်။ ၎င်းတို့၏ အသံသာသာများသည် နှစ်လိုဖွယ်အတိ။

နောက်တစ်ဖန် သူတို့နှစ်ယောက် အကြည့်ချင်းဆုံချိန်မှာ ကျေးဇူးတင်ကြောင်းပြောကာ ဆောင်းကိုကို စိတ်ပါလက်ပါ ပြုံးပြလိုက်သည်။

ပြုံးလိုက်ချိန်မှာ မသိမသာထင်သော ပါးချိုင့်ငယ်။

Any Time, Man ဆိုသည့် ရင်းနှီးခင်မင်ဖွယ်ကောင်းသည့် အဖြေကို တဆက်တည်း ကြားလိုက်ရသည်။

⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸ ⸸

Continue Reading

You'll Also Like

51.8K 6K 33
သူမှတစ်ပါး သူမှလွှဲ၍ တခြားသောသူ တစ်စုံတစ်ယောက်အား ကျွန်တော်ချစ်ခင်နှစ်သက်ခြင်းမရှိခဲ့။ချစ်ခင်မြတ်နိုးခြင်းမရှိနိုင်တော့ပြီ။ သူတစ်ဦးကိုသာလျှင် သူ၏ဖြစ်...
19.8K 1.3K 34
Unicode + Zawgyi စီးပွားရေးလောကမှာ မသိသူမရှိအောင် ဟုန်းဟုန်းတောက်အောင်မြင်နေတဲ့ မင်းဆက်ကုမ္ပဏီ ပိုင်ရှင် သူရိန်မင်းဆက်တစ်ယောက် ရေစက်ဆုံပြီး ချစ်မိသွာ...
665K 7.1K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
806K 110K 110
Start Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့...