ဇာတ်လိုက်၏ ဘဝလမ်းခရီးတွင် ဆူးငြောင့်များဧကန်ရှိနေ
'ခြောက်သွေ့ခြင်းကင်းမဲ့စွာ အပေါက်ဗလပွနှင့် ချည်မျှင်သဏ္ဌန် မိုးများသွန်းလေစွ ဤအခန်းငယ်ထဲဝယ် ၊ နှစ်ချို့ခြုံထည်ကား သံမဏိအလား အေးစက်လှပါဘိ' ဆိုတာ ဘာကိုဆိုလိုသနည်းဆိုသည်ကို ရှောင်းယွီအန်းအနေဖြင့် ဤယနေ့၌ မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပြီဟုထင်သည်။
ရန့်ဟော်ချင်းနေတဲ့နေရာကို ဘယ်လိုလုပ်ပြီး အခန်းလို့ခေါ်နိုင်မှာတုန်း, တကယ်တမ်းဆိုရင် ထင်းသိုလှောင်ခန်းပဲ၊ စားပွဲတွေကုလားထိုင်တွေတောင်မရှိဘူး၊ မီးလှုံဖို့ဆိုပြောမနေပါနဲ့တော့, တစ်ချက်ကလေးလှမ်းကြည့်လိုက်တာ နံရံပေါ်က အပေါက်ကလွဲရင် ထောင့်လေးနားမှာ သနားစဖွယ်စုပုံခြင်းခံရတဲ့ ထင်းခြောက်ကလေးတစ်ပုံသာရှိတယ်ရယ်
ခေါင်းတစ်ချက်မော့လိုက်တာနှင့် ဆံချည်မျှင်ထက်၌ ခါးသီးမှုဒုက္ခအစုံ ချိတ်ဆွဲထားသလို မြင်လိုက်ရမှာကို ရှောင်းယွီအန်းအနေဖြင့် အမှန်တကယ်ပင် ကြောက်ရွံ့နေမိ၏။
တကယ်အရမ်းသနားဖို့ကောင်းတယ်......
ရှောင်းယွီအန်းသည် သူ့အပြင်ဝတ်ရုံကို ရန့်ဟော်ချင်းအား ပေးလိုက်ပြီဖြစ်ရာ အခန်းမှာလေမကာနိုင်သောကြောင့် လေအေးတစ်ဝှေ့တိုက်ခတ်လိုက်သည်နှင့် လူတစ်ကိုယ်လုံး မထိန်းနိုင်တော့ဘဲ တဆတ်ဆတ်တုန်ရီလာရသည်။
ရန်လျိုအန်းက စိုးရိမ်ပူပန်စွာ လျှောက်တင်သည်။
"အရှင်မင်းကြီး , ဒီအခန်းက အလွန်အေးစိမ့်လှပါတယ်, အရှင်...."
ရှောင်းယွီအန်း "နည်းနည်းလေးအေးတာတော့အမှန်ပဲ, လျိုအန်း , မောင်မင်း တော်ဝင်အိပ်ဆောင်ဆီပြန်ပြီး ကိုယ်တော့်အတွက် ဝတ်ရုံတစ်ချို့ယူလာခဲ့ပေး"
လျိုအန်းလည်း အမိန့်နာခံပြီး ခြေလှမ်းခက်သွက်သွက်လှမ်းကာ အခန်းပြင်ထွက်သွား၏။
ရှောင်းယွီအန်းသည် တစ်ဖက်တွင်ရှိနေသော ရန့်ဟော်ချင်းလှည့်ကြည့်လိုက်ရာ နဖူးတွင် သွေးထွက်နေသည်ကို တွေ့ရ၍ စိတ်မသက်သာစွာဖြင့် အေးစက်စက်သက်ပြင်းတစ်ချက်မှုတ်ထုတ်မိ၏။
ဘယ်သူခွဲလိုက်တာလဲ! ရုပ်ရည်ပျက်စီးသွားရင် ဘယ်နှယ့်လုပ်မတုန်း! ဒီမျက်နှာလေးက လောကတစ်ခွင်ကို ကြီးစိုးဖို့သုံးရဦးမှာကွ!
"ဟုန်ရှို့ , မင်း ရေနွေးတစ်ဇလုံလောက် သွားကြိုလိုက်, ပြီးရင် ဒဏ်ရာကုသတဲ့ ဆေးတစ်ချို့ယူလာခဲ့"
ရှောင်းယွီအန်းက ဟုန်ရှို့အား သေသေချာချာမှာသည်။
ဟုန်ရှို့က ခေါင်းထပ်တလဲလဲငြိမ့်ပြပြီး အခန်းပြင်သို့ထွက်သွား၏။
အခန်းထဲ၌ တစ်ခဏအတွင်း ဆိတ်ငြိမ်သွားကာ ရှောင်းယွီအန်းနှင့် ရန့်ဟော်ချင်းနှစ်ယောက်သာ ကျန်ရစ်ခဲ့၏။
ရှောင်းယွီအန်းသည် အခန်းတွင်း၌ နှစ်ပတ်တိုင်တိုင် လှည့်ပတ်ပြီးသည့်တိုင် ထိုင်စရာနေရာရှာမတွေ့သဖြင့် ထင်းစည်းပေါ်မှာပဲ ထိုင်လိုက်ရတော့သည်။
ရန့်ဟော်ချင်းမှာ နဂိုနေရာလေးတွင်ပဲ မတ်တပ်ရပ်နေစဲဖြစ်နေသည်ကိုမြင်သော် မိမိဘေးဘက်ရှိ ထင်းပုံကို တဖတ်ဖတ်ပုတ်လိုက်ပြီး
"လာခဲ့ , ထိုင်လေ"
ရန့်ဟော်ချင်းကား တုပ်တုပ်မျှပင်မလှုပ်။
"အရင်တစ်ခါက်က အကျဉ်းထောင်ထဲမှာ တစ်ချက်ကိုက်လိုက်တာတောင် ဒေါသမပြေသေးဘူးလား? လာ , မင်းကိုထပ်ကိုက်ခွင့်ပေးမယ်"
ရှောင်းယွီအန်းက မတ်တပ်ရပ်လိုက်ပြီး မိမိလက်ကို ရန့်ဟော်ချင်းပါးစပ်ရှေ့၌ တေ့ထားလိုက်သည်။
ရန့်ဟော်ချင်းက နှုတ်ခပ်းကို စေ့စေ့ပိတ်ထားကာ အမူအရာလေးတစ်စက်တောင် ပြောင်းသွားခြင်းမရှိချေ။
"စိတ်ချပါ, ငါမင်းအပေါ် ဟိုလိုသဘောမျိုးမရှိပါဘူး, တကယ်ရှိခဲ့ရင် အစောကြီးကတည်းက လှုပ်ရှားပြီးပြီပေါ့"
ရှောင်းယွီအန်းက လက်ကိုပြန်ရုတ်လိုက်ပြီး ထင်းပုံပေါ် တစ်ဖန်ပြန်ထိုင်လိုက်၏။
နောက်ဆုံးမှာတော့ ရန့်ဟော်ချင်း၏ မျက်လုံးထဲတွင် လှုပ်ရှားမှုအချို့ပေါ်ထွက်လာပြီ။ သူသည်ခေါင်းကို ဖြေးဖြေးချင်းမော့ကာ ရှောင်းယွီအန်းအား ကြည့်လာသည်။
ရှောင်းယွီအန်းက ခပ်ဖွဖွတစ်ချက်ရယ်၍ အေးအေးဆေးဆေးပင် ရန့်ဟော်ချင်းနှင့် အကြည့်ချင်းပြန်ဆုံလိုက်၏။
အချိန်အတော်ကြာ ကြာမြင့်သွားပြီး အဆုံးသတ်၌ ရန့်ဟောချင်းနှုတ်မှ ဖွင့်ဟလို့လာသည်။
သူက အထစ်အထစ်နှင့် မေးသည်။
"ဒါဆိုရင်မင်းဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ..."
ရှောင်းယွီအန်း "ဘာကြောင့်လဲဆိုတော့ ငါကမင်းရဲ့ အကန့်အသတ်ဖြည့်တင်းကတ်ကလေးမို့လို့လေ"
ရန့်ဟော်ချင်း ".........."
ရှောင်းယွီအန်း : "အဟမ်း ... တကယ်တမ်းကတော့ , အချစ်ကြောင့် , အလွယ်တကူ ထိခိုက်ခံစားရမှာမဟုတ်ဘူး , ဒါကြောင့် အရာအားလုံးက သာယာချမ်းမြေ့တဲ့ပုံစံပါပဲ"
ရှောင်းယွီအန်း သူ သီချင်းစာသားတွေကို စကားအဖြစ်ပြောမိကုန်ပြီ!
ရန့်ဟော်ချင်း၏ အေးစက်စက်အမူအရာမှာ အနည်းငယ်ယိုယွင်းလာသည်။
ရှောင်းယွီအန်းက ရယ်ချင်သမှုကို ချုပ်တီးလျက် တဖျတ်ဖျတ်လက်ခါပြကာ
"နောက်တာပါ , နောက်တာပါ ,စိတ်မဆိုးပါနဲ့ , မင်းစိတ်သာချ , ငါမင်းအပေါ်ဘာသဘောမှ မရှိပါဘူး , ဘာကြောင့်လဲဆိုတာကိုတော့ နောက်ပိုင်းအခွင့်ကြုံရင် ငါမင်းကိုပြောပြမှာပါ, အခုလောလောဆယ်တော့ ငါ့ကို ယုံကြည်မလား မယုံကြည်ဘူးလားဆိုတာကို မင်းအနေနဲ့ ရွေးချယ်နိုင်ပါတယ်"
ရန့်ဟော်ချင်း၏ မျက်လုံးအစုံမှာ နက်ရှိုင်းလာပြီး_
"ဒါပေမဲ့ အကျဉ်းထောင်ထဲမှာကျတော့ ......"
ဇာတ်လိုက်ရာ မင်းဒီလောက်ထိ အငြိုးမထားပါနဲ့လားကွာ? ငါမင်းရဲ့မျက်စိရှေ့မှာပဲ ဓားကို သိမ်းလိုက်တာ မဟုတ်ဘူးလား ! ဓားသိမ်းပြီးတော့ ငါမင်းကို ဘာမှထပ်မလုပ်ဘူးလေ မင်းဘာလို့ဒီအချိန်ထိ မှတ်ထားနိုင်ရတာလဲ
"အဲ့ဒါက မင်းကိုငါကြောက်လို့"
ရှောင်းယွီအန်းက အမှန်အတိုင်းပဲပြောလိုက်သည်။
ရန့်ဟော်ချင်းမျက်အိမ်ထဲဝယ် နားမလည်နိုင်သည့် အရိပ်တစ်စုံ ဖြတ်ပြေးသွားတော့၏။
"ငါ့ကို ကြောက်တယ်?"
ရှောင်းယွီအန်းရှင်းမပြရသေးခင်ပင် ဟုန်ရှို့သည် ရေနွေးတစ်ဇလုံသယ်၍ ဝင်လာပြီး ဒဏ်ရာကုသသည့်ဆေးကို ရှောင်းယွီအန်းလက်ထဲ ပေးလိုက်ကာ_
"အရှင်မင်းကြီး, ရေနွေးရပါပြီ"
ရှောင်းယွီအန်းက ဆေးကိုယူလိုက်ပြီး_
"ပင်ပန်းသွားပြီ , ဒါနဲ့ , ကိုယ့်တော့်ကို ကျောက်စိမ်းဆံထိုး ပေးဦး"
ဟုန်ရှို့ထံမှ ကျောက်စိမ်းဆံထိုးအား သတိကြီးစွာ လှမ်းယူလိုက်ပြီးနောက် ရှောင်းယွီအန်းသည် ကိုယ်တစ်ဖက်ပြန်လှည့်လိုက်ရာ မိမိလက်ထဲရှိ ဆံထိုးအား မျက်တောင်မခတ်ဘဲ မျှော်ကြည့်နေသည့် ရန့်ဟော်ချင်းကို တွေ့ရလေသည်။
သူသည် ခပ်ဖွဖွရယ်ကာ ရန့်ဟော်ချင်းထံ လျှောက်သွားပြီးတော့ ကျောက်စိမ်းဆံထိုးကို ရှေ့ထုတ်ပြကာ_
"မင်းကိုပေးတာ"
ရန့်ဟော်ချင်းသည် ရှောင်းယွီအန်းအား အတော်ကြာကြာစိုက်ကြည့်ပြီးမှ လှမ်းယူရန် လက်ဆန့်လိုက်သည်။
ဘယ်သိမလဲ , ရှောင်းယွီအန်းက ရုတ်တရက်လက်ဖဝါးလှန်ချပြီး လက်ပြန်ရုတ်လိုက်မယ်လို့!
ရယ်သွမ်းသွေးသည့် ရုပ်အသွင်မှာ ပြောင်းလဲခြင်းမရှိဘဲနှင့်_
"ခဏနေဦး , အပေးအယူလေး ဆွေးနွေးကြရအောင်လား"
ရန့်ဟော်ချင်းအနေဖြင့် ဗလာချည်းသက်သက် ဖမ်းဆုပ်မိသွားသော်လည်း သူသည် ထိတ်ထိတ်ပျာပျာ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ တိတ်ဆိတ်စွာ ရှောင်းယွီအန်းနှင့် အကြည့်ချင်းပြန်ဆုံလိုက်၏။
ရှောင်းယွီအန်းက ဆိုသည်။
"မင်းမျက်နှာ သန့်ရှင်းသွားအောင်သစ်ပြီးတော့ ဆေးကောင်းကောင်းသောက်မယ်ဆိုရင် ငါမင်းကို ဒီဆံထိုးပြန်ပေးမယ်"
ဆက်ပြီးမည်းတူးနေလျှင်လည်း ဘာအဓိပ္ပာယ်မှမရှိနိုင်ဘူးဆိုတာကို သိသည့် ရန့်ဟော်ချင်းသည် ရေအပြည့်ထည့်ထားသော ဇလုံအရှေ့သို့သွားပြီးလျှင် လက်ခုပ်ဖြင့် ရေကိုယူလိုက်ကာ မျက်နှာစသစ်တော့သည်။
ရှောင်းယွီအန်းက သူ့အားမကြာမကြာလှမ်းကြည့်၏။
ဇလုံထဲရှိ ရေကြည်တို့မှာ တဖြည်းဖြည်းနှင့် ညစ်မဲလာ၏။
ရန့်ဟော်ချင်းသည် လက်အစုံနှင့် ပါးပြင်တို့ကို သန့်စင်လို့အပြီးတွင် ခေါင်းမော့လို့လာသည်။
မျက်ဝန်းတစ်စုံထဲမှာ ထောင်ပေါင်းများစွာသော တောင်တွေရေတံခွန်တွေပြည့်နက်နေတယ်, နှုတ်ခမ်းပါးနဲ့ လျှာလေးကြားမှာတော့ စမ်းရေကြည်မွှားလေးတွေ တလက်လက်ထနေလေတယ်, မင်းတို့ ဖြူစင်တဲ့အလင်းရောင်နဲ့အတူ ထွန်းလင်းနေတဲ့ လမင်းတို့ကို လှမ်းကြည့်လိုက်စမ်းပါ, အိမ်သောင်းပေါင်းများစွာက မီးအလင်းရောင်ကို ကြည့်လိုက်ပါ, အကုန်လုံးက သူ့မျက်ခုံးရဲ့ ခန့်ငြားမှုသဏ္ဌန်ပြယုဒ်ပဲ , မင်းတို့ထပ်ပြီးတော့ ဟိုက မြင့်မားတဲ့ တောင်ကုန်းတောင်တန်းကြီးတွေကို ကြည့်ကြည့် , နောက်ထပ်မြင့်မားထူထပ်တဲ့ တောင်တန်းအသွယ်သွယ်ကို ကြည့်လိုက်ပါ , အားလုံးက သူ့နှာတံရဲ့ ဖြောင့်စင်းမှုအသွင်ပဲ
ရှောင်းယွီအန်းသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းမှုတ်ထုတ်လိုက်ပြီးတော့ _
"အာ ! ဒီမျက်လုံးတွေကလေ , အာ ! ဒီမျက်ခုံးတွေကလေ , အာ ! ဒီနှုတ်ခမ်းတွေကလေ , အာ !"
မျက်နှာသစ်လို့ပြီးသည်နှင့် ရန့်ဟော်ချင်း၏ မျက်လုံးအစုံမှာ ရှောင်းယွီအန်း၏ လက်ထဲမှ ကျောက်စိမ်းဆံထိုးထံ ကျရောက်လာ၏။
ဘာကြည့်တာတုန်း , မင်းကို မပေးဘူးလို့မှ မပြောတာ, အဲ့ဒီလို မီးတဝင်းဝင်းတောက်နေတဲ့မျက်လုံးကြီးတွေနဲ့ ကြည့်စရာလိုပါဘူး, မင်းမိန်းမကို မျက်နှာလိုမျက်နှာရလုပ်ဖို့ သုံးရမယ်ဆိုတာ သိပါတယ်ကွာ
ရှောင်းယွီအန်းသည် ကျောက်စိမ်းဆံထိုးကို ရန့်ဟော်ချင်းအား ပေးလိုက်ပြီးတော့ ခပ်ဖွဖွပြုံးလျက်_
"ကောင်းကောင်းသိမ်းထား ,မင်းမယ်တော်ချန်ခဲ့တဲ့ အမွေပစ္စည်းပဲလေ"
ရန့်ဟော်ချင်းမှာ ခန္ဓာတစ်ကိုယ်လုံး တောင့်တင်းသွားကာ ရှောင်းယွီအန်းအား လှမ်းကြည့်လာသည်။ မျက်လုံးထဲတွင်တော့ အံ့သြထိတ်လန့်မှုများ ပြည့်နှက်လျက်...
ကျောက်စိမ်းဆံထိုးကိစ္စကို မြောက်ဘက်တိုင်းပြည်က ဘယ်သူနဲ့မှ သူမပြောဖူးပါဘူး!
ရန့်ဟော်ချင်း၏ အံ့သြတုန်လှုပ်နေပုံကို မသိကျိုးကျွံပြုလျက် ရှောင်းယွီအန်းသည် တစ်ဖက်လှည့်ကာ ဟုန်ရှို့အားဆိုသည်။
"ဟုန်ရှို့ , အရင်ဆုံး မင်းအခန်းပြင်ထွက်ပြီး ခဏလောက်စောင့်ပေး, ဒီအချိန်အတွင်း ဘယ်သူမှ အထဲဝင်မလာစေနဲ့"
××××××××××××××××××××××××××××××××××