အခြေအနေအလုံးစုံကို သီရိအဖေ စစ်သေနာပတိချုပ်ဝဏ္ဏကျော်ဇော အမတ်ကြီးသိတော့ သိပ်တော့လက်မခံချင်။ သူ့အနေနဲ့ ဟံသာဝတီမင်းသမီးကို ခေါ်မထားချင်၍မဟုတ်ပါ။ မင်းသားနဲ့သူတို့အိမ်တော် ပြီးတော့သီရိ။ အရှုပ်ထွေးတွေများလာမှာကို မလိုလားသောကြောင့်ပင်။ သို့ပေမဲ့ သမီးဖြစ်သူနှင့်ဇနီးဖြစ်သူ၏ နားချမှု ဟံသာဝတီဘုရင်၏မျက်နှာ။ ဒါတွေကြောင့် သီရိအလိုကိုလိုက်ခဲ့သည်။ ပြီးတော့ သူ၏သမီးတော်က အရာအားလုံးကိုင်တွယ် ဖြေရှင်းနိုင်မည်ဆိုတာ ယုံကြည်ထားသောကြောင့်။
အိမ်ရှေ့ကွက်လပ် မြေတလင်း၌ဓားရေးကျင့်နေသော သီရိ။ ဒါကသူ၏နေ့စဉ်တာဝန်လိုပင်။ စစ်ထွက်သည့်ရက်တွေမှလွဲ၍ တစ်ရက်မပျက်ဓားရေးကျင့်ခဲ့သည်။ ယခုလည်း ရောင်နီမလာခင်ကတည်းက အစောထကာ လက်ရည်ပြန်သွေးနေခြင်းပင်....
“သမီးတော် နားတော့ကွဲ့။ ဒီမှာ မနက်စာအသင့်ဖြစ်နေပြီ။ ခမည်းတော်နဲ့ မင်းသမီးပါ မနက်စာဝိုင်းမှာ လူစုံနေပြီ။ ရေမချိုးနဲ့အုန်း ချွေးလေးဘာလေး သုတ်ပြီးလာစား”
မိခင်၏ ခေါ်သံကြောင့် သီရိ ဓားရေးကျင့်နေတာကို ရပ်လိုက်သည်။ ပြီးတော့ သူ့ဖို့အမြဲတင်ပေးထားသော မျက်နှာသုတ်ပဝါတန်းမှ ပဝါကိုယူကာ ချွေးသုတ်လိုက်သည်။ ပြီးတော့ မနက်စာဝိုင်းဆီသို့..
“သီရိကိုစောင့်ရတာ သိပ်ကြာသွားပြီလား ခမည်းတော်”
“မကြာပါဘူး။ ခုနမှ သီရိမယ်တော်ရဲ့ ကောက်ညှင်းပေါင်းလည်း ကျက်တာဆိုတော့ အချိန်ကိုက်ပဲ”
ကောက်ညှင်းပေါင်းဆိုတာနှင့် သီရိခေါင်းထောင်သွားရသည်။ သူကကောက်ညှင်းပေါင်းပူပူလေးကို သိပ်ကြိုက်တာမလား။ စားပွဲပေါ်ကိုကြည့်လိုက်တော့ ကုလားပဲဖြင့်ပေါင်းထားသော ကော့စင်းနေသည်ကောက်ညှင်းဆန်ဖြူဖြူလေးများ ပြီးတော့ နှမ်းထောင်းမွှေးမွှေးကို အပေါ်က ဖြူးထားသေး၏။ ပြီးတော့ မတ်ပဲကြော် အဝိုင်းလေးများ။ သီရိအနံ့နဲ့ပင် သွားရည်ကျချင်ချင်....
“မယ်တော် ဒါကခမည်းတော်အကြိုက်လား သီရိအကြိုက်လား။ ဘယ်သူ့အကြိုက်လုပ်ပေးတာလည်း”
ဖခင်ကော မိမိပါ ကောက်ညှင်းပေါင်းကြိုက်သောကြောင့် မိခင်ဖြစ်သူကို သီရိစနောက်လိုက်ခြင်းပင်။
“ဘယ့်သူ့အကြိုက်မှမဟုတ်ပါဘူးတော်...ထိပ်ထားလေးအကြိုက်။ မနေ့ကစကားစပ်မိရင်း ထိပ်ထားက ကောက်ညှင်းပေါင်းကြိုက်ဆိုလို့”
“သြော်.....ထိပ်ထား မြည်းစမ်းကြည့်ပြီးရင် သဘောသိပ်ကျသွားမှာသိလား။ မယ်တော်လက်ရာက ဒီကေတုမတီမှာ အကောင်းဆုံးပဲ”
“ဒီကလေး မယ်တော်ကို မြှောက်ပြီးညာစားနေကျ”
“မယ်တော်ကလည်း”
မနက်စာဝိုင်းရဲ့ ကြည်နူးဖွယ်မြင်ကွင်းလေးကြောင့် ထိပ်ထားပြုံးရတယ်။ အခုကျတော့လည်း တပ်မှူးချုပ်ဆိုတာ တကယ့်ကလေးလေးသဖွယ်။ ဒီလိုလေးတွေမြင်တော့ မယ်မယ်ဖုရားနဲ့ ခမည်းတော်ကိုသတိရလာရတယ်။
“ထိပ်ထားစားလေ စားမကောင်းလို့လား”
“ကောင်းပါတယ် ထိပ်ထားကခပ်ဖြည်းဖြည်းပဲ စားနေကျမို့ပါ”
“သြော်..”
သီရိ ရေနွေးအခါးတစ်ခွက်ကို ဖြေးဖြေးမှုတ်သောက်လိုက်ရင်း ဖခင်ဖြစ်သူကို စကားစလိုက်တယ်။
“ခမည်းတော်ကို ဒီနေ့ သူတို့ရဲ့လျို့ဝှက်အစည်းအဝေး တက်ဖို့ခေါ်တယ်ဆို”
သူတို့ဆိုတာ အိမ်ရှေ့စံနဲ့မြောက်နန်းစံရဲ့ အပေါင်းအပါတွေကို ဆိုလိုတာပါ။
“ဟုတ်တယ်သီရိ။ ကြည့်ရတာ စည်းရုံးသိမ်းသွင်းမလို့နဲ့တူတယ်။ ခမည်းတော် သွားကြည့်မယ်။ အခြေအနေကို စနည်းနာရအောင်။ ဘာတွေကြံစည်နေလဲဆိုတာ”
“သတိထားသွားပါ ခမည်းတော်။ ကိုယ်ရံတော် တပ်မှုးကိုပါခေါ်သွား။”
“ကောင်းပြီ။ သီရိကမနေ့ကခရီးပန်းလာတာဆိုတော့ ဒီနေ့အိမ်မှာနားလိုက်။ နောက်နေ့ဘယ်လိုအမိန့်မျိုးစုံနဲ ဆင့်ခေါ်မယ်မသိဘူး”
“မှန်လှပါခမည်းတော်”
ဟံသာဝတီမင်းသမီးရှေ့တွင် သူတို့တိုင်းရေးပြည်ရေးကို စိတ်လက်ပေါပါးစွာပြောနိုင်တာ ယုံကြည်မှုကြောင့်ပင်။ထိပ်ထားက သီရိကိုယုံသလို သီရီကလည်းထိပ်ထားကို ယုံကြည်ခြင်းကြောင့်ဖြစ်သည်။
သီရိတို့သားအဖနှစ်ယောက် ဆက်လက်စကားကောင်းနေချိန် ထိပ်ထားနှင့်သီရိမိခင်တို့ အိမ်၏ ပန်းဥယျာဉ်ထဲကို ထွက်သွားကြလေပြီ။
“မယ်မယ်ဖုရား နှင်းဆီလေးတွေငုံနေတာအများကြီးနော်”
“ဟုတ်တယ်ထိပ်ထားရဲ့။ ဟိုနားမှာ စံပယ်ရုံလေးတွေရှိသေးတယ်။ မယ်မယ်ပြမယ်”
သီရိမိခင်ဟာ ထိပ်ထားကို မယ်မယ်လို့ခေါ်ဖို့ပြောထားတယ်။ သူ့စိတ်ထဲထိပ်ထားလေးကို မြင်မြင်ခြင်း သမီးတစ်ယောက်ထပ်ရတယ်လို့ခံစားရတာမို့။ သမီးတော်လေး သီရိကျ ဖအေနဲ့အနီးကပ်နေတာပိုများပြီး ယောက်ျားလေးတစ်ဦးနှယ် ဓားရေး လှံရေးနဲ့အချိန်ကုန်နေသူ။ ချက်ရပြုတ်ရတာ သူဝါသနာမပါ။
ထိပ်ထားရောက်တာ တစ်ရက်ရှိသေးသော်လည်း များစွာသဘောကျနေမိပြီ။ဘုရင့်သမီး တော်ဆိုသောငြား ထူးခြားစွာမနေ။လုံမပျိုအရံလေးတွေထားပေးမယ်ဆိုတာလဲ လက်မခံ။အနားတွင်ကပ်ကာစကားပြောသည်။မနက်အစော ကောက်ညှင်းပေါင်းတော့လည်း စကားလေးတပြောပြောဖြင့်လာကူလုပ်ပေးသည်။ ဟံသာဝတီရဲ့မုန့်လုပ်နည်းတွေကို မယ်မယ်ကိုပြောပြမည့်အကြောင်း သူဟာ အချက်အပြုတ်ကို ဝါသနာပါပေမဲ့ ခမည်းတော်တို့က ခွင့်မပြုကြောင်း စီကာပတ်ကုံးပြောပြသည်။ သူမပျင်းရ။ ယခုလည်း ကလေးမလေးနဲ့သူဝါသနာတူပြန်ပြီ ။ သစ်ပင်စိုက်ရတာကြိုက်သည်တဲ့။အိမ်က မယ်သီရိတို့များ သစ်ပင်စိုက်ရတာမပြောနဲ့ စံပယ်ရုံပုလေးများကို မြင်းနဲ့နင်းနင်းသွားလို့ ဆူရတာခဏခဏ။
“ဒီလောက်ပန်းတွေအများကြီး အကုန် မယ်မယ်ကိုယ်တိုင်စိုက်တာလား”
“ဟုတ်တယ် ထိပ်ထားရဲ့။ မယ်မယ်ကပန်းလေးတွေ ပွင့်လာရင် သိပ်ကြည်နူးတာ”
“ဟုတ်တယ်နော် မယ်မယ်။ အဲ့ခံစားချက် ထိပ်ထားသိတယ်။ ကိုယ်ပြုစုပျိုးထောင်ထားတဲ့ အပင်လေးကနေ ပန်းလေးပွင့်လာတာကို မြင်ရတဲ့ခံစားချက်။ ဟံသာဝတီက ထိပ်ထားနန်းဆောင်မှာလည်း ပန်းဥယျာဉ်လေးရှိတယ်လေ။ “
“ထိပ်ထားကိုပြရအုန်းမယ် ဟိုနားမှာ ဂမုန်းပင်တွေရှိသေးတယ်။ “
မယ်မယ်ဖုရားဟာ သူ့ရဲ့အပင်တွေကို ထိပ်ထားကိုသေချာလိုက်ပြလိုက် စကားတွေပြောလိုက်နဲ့ ပေါ့။ ထိပ်ထားကစောင်းတီးတက်ကြောင်းပြောတော့ မယ်မယ်ဖုရားကလည်း ပတ္တလားတီးတက်ကြောင်းပြောတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သင်ပေးကြဖို့လည်း ပြောဖြစ်ကြတယ်။
ဒီအချိန် တပ်မှုးချုပ်က ပန်းဥယျာဉ်ထဲရောက်လာပြီး...
“မယ်တော် ထိပ်ထားရောက်လာတော့ သီရိကိုမေ့သွားပြီပေါ့။ ခါတိုင်းများဆို သီရိ သီရိနဲ့။ စိတ်မကောင်းဝမ်းနည်းမိပါတယ် မယ်တော်”
“တယ် ဒီကလေးမလေး”
သီရိရဲ့ဟန်ဆောင် ဝမ်းနည်းပြတဲ့ပုံစံက ထိပ်ထားကိုကော မယ်တော်ကိုပါ ပြုံးရယ်စေတယ်။
“ ကဲ သမီးတို့စကားပြောကြအုန်း။ မယ်တော်လည်း ဘုရားကပ်ဖို့ပန်းခူးပြီးပြီမို့ အိမ်ပေါ်တက်တော့မယ်”
မယ်တော်အိမ်ပေါ်တက်သွားတော့ သီရိနဲ့ထိပ်ထား ဥယျာဉ်အလယ် နှစ်ယောက်ထဲ။ သီရိက နှင်းဆီခပ်ရဲရဲအပွင့်ကြီးတစ်ခုကို ချိုးလိုက်တယ်။ ပြီးတော့ ဆူးတွေကိုသေချာဖယ်လိုက်တယ်။ ထိပ်ထားကတော့ တပ်မှူးချုပ်ပန်းပန်တော့မယ်ဆိုတဲ့ အထင်နဲ့ကြည့်နေခဲ့သည်။
ဒါပေမဲ့ တပ်မှုးချုပ်ဟာ ထိပ်ထားရဲ့ နားကြားလေးထဲ ထိုနှင်းဆီပန်းကို အသာထိုးပန်ပေးလိုက်ရင်း....
“ပန်းပန်လိုက်တော့လည်း ထိပ်ထားအလှကတမျိုးဆန်းတာပဲ”
ပြုံးစစနဲ့ ပိုင်စိုးပိုင်နင်းလုပ်လိုက်တဲ့ အပြုမူတစ်ခုရယ်။ သူ့ရဲ့စကားတစ်ခွန်းရယ်ကြောင့် ထိပ်ထား ဒုတိယမ္မိ ရင်ဖိုသွားရတယ်။ ပထမအကြိမ်က မနေ့ကခြေခေါက်လဲတုန်းက။
“ဟံသာဝတီတုန်းက စကားသိပ်များတဲ့ထိပ်ထား ဘယ်ရောက်သွားပါလိမ့်။ ခုကျတော့လည်း ကျောက်ရုပ်ကြီးအလား”
စနောက်နေတဲ့ သူ့ကို ထိပ်ထား မျက်စောင်းထိုးလိုက်တော့ သူကရယ်တယ်။ တပ်မှုးချုပ် ရယ်တဲ့ပုံစံကလည်း ကျက်သရေသိပ်ရှိတာပဲလို့ထိပ်ထားတွေးမိပြန်ကော။ တဆက်ထဲလိုပဲ မနက်ကချွေးတရွှဲရွှဲနဲ့ ဓားရေးကျင့်နေတဲ့ တပ်မှုးချုပ်ပုံကိုပြန်မြင်ပြီး ရှက်သွေးဖြာရသေးသည်။ မနက်ကမိမိက ခိုးကြည့်ထားတာကိုး....
“အယ်...အတည်ကြီးနှုတ်ဆိပ်တော်မူနေပြန်တယ်။ ထိပ်ထားသိလား ကျွန်ုပ်ကဒီနေ့တစ်နေကုန်အားတယ်။ ထိပ်ထားဘာလုပ်ချင်လည်း ဘာစားချင်လည်း အကုန်ပြော”
ထိပ်ထားအတွေးထဲဝင်လာတာက....
“မြင်းစီးသင်ပေး။ တစ်ခါပြောဖူးတယ်မလား သင်ပေးမယ်ဆိုတာ။ အခုအခွင့်ကြုံတုန်း သင်ပေးနော်။”
“ထိပ်ထားဆန္ဒရှိရင် သင်ပေးမှာပေါ့။”
“တကယ်လို့ တပ်မှူးချုပ်အားရင် ဓားရေးလည်းသင်ပေးပါနော်”
“သင်ပေးမှာပေါ့”
တပ်မှုးချုပ် သီရိနန္ဒာဒေဝီ။ ဓားရေးနာမည်ကျော်၍ တပည့်ခံချင်သူအမြောက်အများ။ ဒါပေမဲ့ သူဘယ်သူ့ကိုမှလက်မခံခဲ့ ငြင်းခဲ့သည်ချည်း။ ယခု ထိပ်ထားနဲ့ကျမှ သင်ပေးမှာပေါ့ချည်း ထပ်နေသည်။ ကိုယ့်အဖြစ်ကိုယ်တွေးမိတော့လည်း ရယ်ချင်ချင်..
“ထိပ်ထား ဒီဝတ်စုံနဲ့မြင်းစီးသင်လို့မရဘူး။ ကျွန်ုပ်တစ်စုံပေးမယ် ။ လဲလိုက်ပါ။ ပြီးရင် မိုးသားနဲ့ အကျွန်ုပ် အိမ်ရှေ့ကစောင့်နေမယ်”
“ကောင်းပါပြီ”
ဒီလိုနဲ့တပ်မှူးချုပ် သီရိနန္ဒာဒေဝီဟာ သူ့ရဲ့မြင်း မိုးသားနဲ့အတူ ထိပ်ထားကိုတင်ပြီး မြင်းစီးကွင်းဆီခေါ်ဆောင်သွားတော့တယ်။
________🪔ထိပ်ထား🪔___________
ဟံသာဝတီတိုင်း…
ကမ္ဘောဇသာဒီနန်းတော်...
ဘုရင့်အဆောင်တော်တွင်း....
“မောင်တော် တော်တော်ကိုစိတ်မကောင်း ဖြစ်မိနေတယ် ။ သမီးတော်လေး အဆင်ပြေရဲ့လား။ ဘယ်လိုနေလဲ ဘာတစ်ခုမှ မသိရဘူး။အထိန်းတော်လေးတစ်ယောက်တောင် ထည့်မပေးလိုက်ရဘူး။တစ်ယောက်ထဲလွှတ်လိုက်ရတာ မောင်တော် ရင်မောလိုက်တာ”
“နှမတော်လည်း စိတ်ပူမိတယ်။ ဘာသတင်းမှလည်း မကြားရသေးဘူး။ ဒါပေမဲ့ ထိပ်ထားလေးက ဉာဏ်ရည်ထက်မြက်တဲ့ကလေးပါ။ ဘာအဆိုးမှတော့ မဖြစ်လောက်ပါဘူး။"
မိခင်တစ်ယောက်အနေနဲ့ရင်ထဲမှာ ပူလောင်နေပေမဲ့ ဇနီးတစ်ယောက်အနေနဲ့ ခင်ပွန်းသည်သောကအနည်းငယ် ပြေလိုပြေငြားလေးတွေ မိဖုရားခေါင်ကြီး ရွေးပြောနေမိတယ်။ သူ့မောင်တော် ဘယ်လောက်ထိစိတ်ထိခိုက်နေလည်းဆိုတာ သိတာပေါ့။ လုပ်နေကြ ညီလာခံသဘင်လည်း မတက်။ ပွဲတော်လည်း ကောင်းကောင်းမတည်။ ကိုယ့်ကိုကိုယ်သာ အပြစ်တင်နေသည်။
“မောင်တော်တို့ စစ်ပဲချီလိုက်ရင်ကောင်းမလား။”
“စစ်ကိုမလိုလားလို့ ထိပ်ထားလေးကိုယ်တိုင် အဲ့ကိုလိုက်သွားတာလေ။ မောင်တော်အခုစစ်ချီရင် နှစ်ခါနာတွေ ဖြစ်ကုန်မယ်”
ဟံသာဝတီပြည့်ရှင် ဘယ်လိုမှစိတ်မသက်သာ။ ကေတုမတီ၏ အိမ်ရှေ့စံဆိုတာ ကြားရသလောက် ကြမ်းကြုတ်သောသူတဲ့။ သမီးတော်ကို ဒီလိုလူမျိုး လက်ထဲထည့်ရမှာ နှမြောသည်။ ပြီးတော့ ဒီလိုအမိန့်ဆန်စွာ တောင်ရမ်းမှုကလည်း သူ၏မင်းမာနကို ထိစေသည်။ ကေတုမတီကို ဒီတစ်ခါတော့ စိတ်နာကျည်းမိသွားချေပြီ။
“အရှင်မင်းကြီး ဘုရား... ကေတုမတီ၏ ခြေမြန်တော်တပ်သားတစ်ဦးက လျှောက်တင်စရာရှိလို့ပါတဲ့ဘုရား”
အဆောင်ပြင်က လျှောက်သံကြောင့် ဘုရင်မင်းမြတ် ခေါင်းထောင်သွားရသည်။ ကေတုမတီဘက်က အဆက်သွယ်ကိုသူမျှော်နေတာမလား။
“အထဲကို ဝင်ခွင့်ပေးလိုက်ပါ”
အဆောင်တော်ထဲဝင်လာသူက လူငယ်အရွယ် တပ်သားတစ်ဦး။ သူကအရိုအသေပေးလိုက်ပြီး....
“အရှင်မင်းကြီးဘုရား ကျွန်တော်မျိုးဟာ ကေတုမတီတိုင်းရဲ့တပ်မှုးချုပ် သီရိနန္ဒာဒေဝီရဲ့တပ်က ရဲမက်ဗိုလ် ဒီပပါ။ ကျွန်တော်မျိုးတို့ တပ်မှုးချုပ်က စာလွှာပါးခိုင်းလိုက်လို့ပါဘုရား”
ဘုရင်ကြီးဟာ လှမ်းဆက်သတဲ့စာလွှာကို ယူပြီး ဖတ်လိုက်တယ်။
“ဟံသာဝတီအရှင်မင်းမြတ်...
အကျွန်ုပ်သီရိနန္ဒာဒေဝီ စာပါးလိုက်ပါတယ်ဘုရား။ မင်းသမီး စံထိပ်ထားကလျာဦးဟာ ကျွန်ုပ်၏ အိမ်တော်၌ ဘေးမသိရန်မခရှိပါသည်။ ကေတုမတီအိမ်ရှေ့စံနှင့် လက်မဆက်ရစေဖို့ ကျွန်ုပ်နည်းဖြင့် ကြိုးစားထားသည်။ထို့ကြောင့် လက်ထပ်ပွဲသတင်းကို မမျှော်လင့်ပါနှင့်တော့။ အခါသင့်တာနှင့် ဟံသာဝတီကို ပြန်လည် ပို့ဆောင်ပေးနိုင်အောင် ကြိုးစားပေးပါမည်။ ဒီစာလွှာကို ဖတ်ပြီး ကျွန်ုပ်ကေတုမတီကို သစ္စာဖောက်သည်ဟုတော့ အထင်မလွဲစေလို။ ကျွန်ုပ်သည် ကေတုမတီမင်းနှင့် တိုင်းသူပြည်သားများအား သစ္စာစောင့်သိဆဲဖြစ်၏။ ယခုအိမ်ရှေ့စံ၏ လုပ်ရပ်ကို သဘောလည်းမကျသလို ဟံသာဝတီအရှင်မြတ်၏ ကျေးဇူးကြွေးကို ဆပ်လိုသောကြောင့် ယခုလိုစာလွှာပါးခြင်းဖြစ်သည်။ ရဲမက်ဗိုလ် ဒီပသည် ယုံကြည်စိတ်ချရ၏။ နောက် သူနှင့်ပင် အဆက်သွယ်လုပ်ပါမည်။ ဒီကိစ္စကို အရှင်မင်းမြတ် လျို့ဝှက်ထားပေးပါ။
သီရိနန္ဒာဒေဝီ”
ဘုရင်ကြီးသည်စာလွှာကို ဖတ်ပြီး တပ်မှုးချုပ်ကို ကျေးဇူးတင်သွားရသည်။ရင်ထဲကအပူလည်း
အနည်းငယ် လျော့သွားသလိုခံစားရ၏။မတရားသိမ်းပိုက်ခံလိုက်ရခြင်းထက် တပ်မှုးချုပ်ဆီမှာဆိုတော့ ပိုဘေးကင်းသေးသည်။
“အမောင်ဒီပ....တပ်မှုးချုပ်ကို ပြောပေးပါ။ သိပ်ကျေးဇူးတင်ပါတယ်လို့။ ကူညီဖို့ တစ်စုံတစ်ရာများလိုအပ်ရင် ချက်ချင်းပြောပါလို့။ အမောင့်ကိုလည်း ငါကိုယ်တော် ယုံကြည်စိတ်ချပါတယ်။ လိုအပ်တာရှိရင်ပြောပါ။ “
“မှန်လှပါဘုရား”
ဒီဘက်က ဟံသာဝတီမင်းကြီး အပူအနည်ငယ်အေးသွားပေမဲ့
တစ်ဖက် ကေတုမတီ၌.....
“အား...ထိပ်ထား ဇာတ်ကြိုးကို စောင့်မဆွဲနဲ့လေ..”
မနက်ကတည်းကမြင်းစီးသင်နေပေမဲ့ ယခုအချိန်ထိ အဆင်မချောသေး...။ သိမ်မွေ့အေးဆေးသောထိပ်ထား၏ အခြားပုံစံတစ်မျိုးကိုလည်း သီရိထပ်သိခွင့်ရခဲ့သည်။ ထိပ်ထားသည်အနည်းငယ်စွာကာ ကလေးဆန်တက်သေးသည်။
အလိုမကျလျှင် မိုးသားကို ပွစိပွစိဆူကာ ငေါက်သည်။ သီရိကို မျက်စောင်းထိုးသည်။ သူမ၏အရပ်ကြောင့် မြင်းပေါ်အလွယ်တကူ တက်မရခြင်းကိုလည်း မြင်းအရပ်ရှည်နေခြင်းကြောင့်ဟုဆိုကာ စိတ်ဆိုးသည်။
ဒီကလေးဆန်တဲ့ပုံလေးတွေကို ကြည့်ရင်း သီရိဘယ်လောက်ရယ်နေမိသည်မသိ။ သူ့ရဲ့တပ်သားတွေမြင်လို့က အံ့သြမှာအမှန် ရုပ်တည်နဲ့အမြဲနေတဲ့ တပ်မှူးချုပ်က ရယ်သည်ဆိုတော့လေ...
“ထိပ်ထား ထိပ်ထား...နောက်နေ့မှဆက်သင်ရအောင်။ ဒီနေ့အခြေခံအကုန်သိနေပြီပဲ ....တက်တာနဲ့ အမြန်မောင်းတဲ့ နေရာမှာပဲ နည်းနည်းပြဿနာရှိနေတာ။ အရမ်းအကြာကြီး စီးရင်ခါးနာမယ် ...တစ်နေ့နည်းနည်းစီသင်ပေးမယ်”
“ဒါပေမဲ့.....”
“တကယ်မနက်ဖြန် အတက်သင်ပေးမယ် ကောင်းကောင်းစီးတက်အောင်...ကတိပေးတယ်”
လက်မလျော့ချင်တဲ့ ထိပ်ထားကို သီရိဒီလိုပြောမှ အိမ်ပြန်ဖို့သဘောတူလာတော့တယ်။
“ထိပ်ထားက မထင်ရဘူးနော်...ကလေးဆန်တာလေးတွေရှိတာပဲ”
“ထိပ်ထားအသက် နှစ်ဆယ်မပြည့်သေးပါဘူး။ ဒါပေမဲ့ မင်းသမီးဆိုတဲ့ဂုဏ်ကြောင့် အမြဲတည်တည်ငြိမ်ငြိမ် လူကြီးစိတ်သွင်း နေခဲ့ရတယ်။ ထိပ်ထားစိတ်နဲ့ ထိပ်ထားလွတ်လပ်စွာ မနေခဲ့ရဘူး။ တစ်ခုခုဆို စကားပြောတာကအစ ထိန်းပြောရတယ် မင်သမီးတစ်ပါးဖြစ်တာမို့...နားလည်ခွင့်လွှတ်ပေးတက်အောင်လည်း ကြိုးစားရတယ်။ တစ်ခါတစ်ရံမှာ ဒါတွေက မွန်းကျပ်လွန်းတယ်။ ထိပ်ထား တပ်မှုးချုပ်ရှေ့မှာ ပေါ့ပေါ့ပါးပါးနဲ့ ထိပ်ထားစိတ် ထိပ်ထားရဲ့ခံစားမှုအတိုင်းပဲနေချင်မိတယ်။ ရတယ်မလား။ ထိပ်ထားကို နားလည်တယ်မလား”
သီရိနွေးထွေးစွာပြုံးလိုက်တယ်...ဒီလိုစည်းမျဉ်းအမျိုးမျိုးနဲ့ ကြီးပြင်းလာရတဲ့ ဘုရင့်သမီးတော်ဘဝကို သီရိနားလည်ပါသည်။
“နားလည်ပါတယ် ကျွန်ုပ်ရှေ့မှာ ထိပ်ထား စိတ်ပျော်သလိုနေလို့ရပါတယ်။"
“ထိပ်ထား ညောင်းတယ် မှီမယ်နော်။”
ပြီးတော့ သီရိရင်ခွင်ထဲ အိကျလာသော အလေးချိန်တစ်ခု ....ဆံနွယ်အိအိလေးတွေနဲ့ ခေါင်းလုံးလုံးလေးက သီရိနှုတ်ခမ်းဖျားနှင့်ကွက်တိ။
သဘောတကျပြုံးလိုက်ရင်း
ဒီနေ့လေးက သိပ်ကိုလှပတဲ့နေ့လေးတစ်နေ့ပဲဆိုပြီး သီရိစိတ်ထဲကျေနပ်နေပါတော့တယ်
________🪔ထိပ်ထား🪔___________
RenGe-8.10.2018