"သူက Double Y Ent ဉက္ကဌ..။နာမည်က ရဲရင့်တဲ့..."
"ဗျာ...!!"
စေ အခြေအနေကို သဘောပေါက်လိုက်ပြီ..။ ထို့ကြောင့် ရှည်ရှည်ဝေးဝေးတွေးတောမနေတော့ပဲ မြန်မြန်စကားဖြတ်ကာ နှုတ်ဆက်ထွက်ခွာခဲ့လိုက်သည်..။ ဦးတည်ရာသည်ကား .. ရဲရင့်ဆီသို့....
"မဖြစ်ပါဘူးရှင့်...။ အကိုလေး.. ဝင်သွားလို့မရပါဘူးရှင့်..။ တကယ်မရတာပါရှင့်...။တောင်းပန်ပါတယ်ရှင့်...။ ဝင်လို့မရပါဘူးရှင့်.."
*ဒုန်း...*
တားမြစ်သံများ ..၊ တံခါးကို ဆောင့်တွန်းကာ ဖွင့်လိုက်သံများ အပြီးတွေ့လိုက်ရသည်ကား စေ...။
~~ ထင်သားပဲ.. မင်းရောက်လာတော့မယ်ဆိုတာ...။ အခုမှပဲ ကိုယ်ရှိတဲ့နေရာကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့တယ်နော်...
ဒီလိုသာဆိုရင် မင်းကိုယ့်ဆီလာဖို့ လွမ်းပုံရိပ်ကိုပဲ ဒုက္ခတွေဆက်ပေးရမလိုဖြစ်နေပါလား...~~
"တောင်းပန်ပါတယ်.. အကိုရဲ..။ ညီမ တားပါသေးတယ်.."
"ရပါပြီ ညီမ..။ ထားခဲ့လို့ရပါတယ်..."
ကျွန်တော် အတွင်းရေမှူးမလေးကို ထွက်သွားစေလိုက်တော့ ပြန်လည်ထွက်သွားခဲ့သည်..။စေ တစ်ယောက်မှာမူ မျက်လုံးများက မီးဝင်းဝင်းတောက်လျက်...
~~ စေ.. မင်းရဲ့ဒေါသတွေက ကိုယ့်ကို ပူလောင်စေတာမှန်ပါတယ်..။ ဒါပေမယ့်.. အဲ့ဒေါသတွေက ကိုယ့်အတွက်တဲ့လား..
ကိုယ်သိပ်ချစ်ရတဲ့မင်း ... ။ ကိုယ်ပိုင်ဆိုင်ခွင့်မရလိုက်တဲ့ မင်းအချစ်တွေကို သိမ်းပိုက်သွားတဲ့သူကို ထိလိုက် မိလို့ ရရှိလာတဲ့ဒေါသတွေတဲ့လား...။ အဲ့ဒီအချက်က ကိုယ့်ကို ပိုပြီး ပူလောင်စေတယ် စေ...~~
သို့ပါသော်လည်း ခံစားချက်ပေါင်းစုံကိုမြိုသိပ်လျက်မျက်နှာထားကို တည်ကာ..အေးအေးလူလူနေလိုက်မိတော့ စတင်ပေါက်ကွဲလာသောစေ...
"ရဲရင့်..!! မင်း ဒါဘာသဘောလဲ..."
"ဘာကလဲ.."
"မင်း အခုမှ မသိချင်ယောင်ဆောင်မနေနဲ့..။ လွမ်း ရဲ့ကိစ္စက မင်းလက်ချက်မလား..."
"စေ..မင်းဒါတော့တရားလွန်သွားပြီ...။ ဒီကိစ္စမှာ......"
"ငြင်းဖို့စဉ်းစားနေတယ်ဆိုရင်တော့ ရပ်လိုက်တော့ရဲရင့်...။ ငါအကုန်စုံစမ်းပြီးမှရောက်လာတာ..."
"သြော်..."
"သြော်..? သြော်.. တဲ့လား...."
"ငါလုပ်တယ်..။ ဟုတ်ပြီထားလိုက်..။ အဲ့ဒီတော့...? "
"အဲ့ဒီတော့..? ဟုတ်လား..? ဟိတ်ကောင် ရဲရင့်..!!'
စေ သည်ကား ပြောလည်းပြော လက်ကလည်း မဆိုင်းမတွပင် ရဲရင့်၏ ကော်လံစကိုဆောင့်ဆွဲလိုက်သည်..။
"မင်း ငါ့အပေါ်ကို စိတ်နာရင်နာနိုင်တယ်..။ ဒါပေမယ့် ဒီကိစ္စက လွမ်း နဲ့ဘာမှ မဆိုင်ဘူး ရဲရင့်..။ လွမ်း ကိုမထိနဲ့.."
"လွမ်း...တဲ့လား..။ ဟက်ဟက်..တော်တော်စိတ်ပူနေတယ်ထင်ပါ့..။ ငါက မဆိုင်လည်း ဆွဲထည့်ချင်တယ်ဆိုရင်ရော.."
"မင်း... !! ကဲကွာ.."
*ခွပ်...*
"စေ..! "
ရဲရင့်သည်ကား အထိုးခံလိုက်ရသည်ကြောင့် ရုတ်တရက်လန့်သွားသည်..။ ထိုထက်ပိုသည်ကား... ကိုယ်နင့်နေအောင်ချစ်ရသူထံမှ အမုန်းများ ရောယှက်နေသည့် လက်သီးတစ်ချက် ဆုချခံလိုက်၍ပင်...
"မဆိုင်သူကို ဆွဲမထည့်ဖို့ ငါပြောနေတယ်လေ...။ မင်းနာကျည်းနေတာ ငါ့ကိုမဟုတ်လား..။ ငါ့ကိုပဲ လုပ်ပါ..။ လွမ်း နဲ့မဆိုင်ဘူး.."
"ဆိုင်တယ်.. ။ သိပ်ဆိုင်တာပေါ့..။ မင်းအခု ဘာကြောင့်ငါ့ဆီရောက်နေတာလဲ..။ မင်းသိပ်ချစ်တဲ့ မင်းရဲ့ လွမ်းကြောင့်မလား...
မင်းငါ့ဆီရောက်လာဖို့ ငါကြိုးစားမလို့...။ အဲ့ဒီအတွက်လွမ်းပုံရိပ်က အဓိကလေ..။ မဆိုင်ပဲနေမလား..."
"မဆိုင်ဘူး...။ လွမ်း မှာဘာအမှားရှိလို့လဲ...။ ဘာအမှားတွေရှိခဲ့လို့... အမြဲ ခံစားနေရမှာလဲ..။ အခုရော ဘာမှားနေလို့ သူက ကျရှုံးပေးရဦးမှာလဲ..."
"လွမ်း..! လွမ်း.. ! လွမ်း.....! အမြဲ လွမ်း.. ဆိုတာချည်းပဲ....!!
ငါ့ကိုသာ သူ့ရဲ့ ဆယ်ပုံတစ်ပုံလောက်သာ ဂရုစိုက်ပေးခဲ့ရင်ဒီအခြေအနေထိမရောက်လာခဲ့ဘူး.. စေ..
အမှား ဟုတ်လား..။ သူဘာမှားခဲ့လဲ သိလား..။ သူမှားခဲ့တာ မင်း ကိုချစ်ခဲ့တာပဲ..။ မင်းကိုချစ်မိတာ လွမ်းပုံရိပ်ရဲ့ အမှားပဲ..."
နှစ်ယောက်လုံးသည်ကား ပြောရင်းနှင့်ပင် လေသံများကျယ်လာကြသည်..။ အံကိုကြိတ်ကာဒေါသ သံများစွက်လျက် တစ်ယောက်တစ်ခွန်းအော်ပြောနေကြပုံကား နင့်သည်းမှုများအပြည့်....
"ငါ့ကို ချစ်မိလို့.. ဟုတ်လား..။ ငါ့ကိုချစ်မိတာ ဘာလို့ လွမ်း က မှားရမှာလဲ..."
"ဒါဆိုငါကရော...?
ငါ့မှာလည်း မင်းကို ချစ်မိခဲ့တဲ့အပြစ်လေးတစ်ခုပဲရှိတာပါ..။ ဒါကိုကျ ဘာလို့ လွမ်းပုံရိပ်ကို ဆက်ဆံသလို ငါ့ကို မဆက်ဆံပေးလဲ..။ ဟမ်...!! ဘာလို့လဲ..!!!
မင်းစိတ်မဝင်စားပါဘူးဆို..။ သဘာဝကိုလွန်ဆန်နေတာပါဆို..။ ခံစားလို့မရဘူးဆို...
သူငယ်ချင်းသံယောဇဉ်ကိုဖြတ်ပြီး သူစိမ်းတွေလိုနေတာ အားမရသေးလို့ .... မင်းမျက်နှာပါ အတွေ့မခံခဲ့ဘူးလေ...။ ငါ့အလှည့်တုန်းက ရှိသမျှ သံယောဇဉ်တွေ အကုန်ဖြတ်ခဲ့တဲ့ မင်းက...ဘာ..? လွမ်း မမှားဘူးတဲ့လား...
ဟက်ဟက်... ရယ်စရာတွေသိပ်မပြောနဲ့စေ...။ မရယ်ရဘူး..."
"ရဲရင့်..."
"ပြောစရာက ဒါပဲဆို အခုထွက်သွားလိုက်တော့..."
(ဧည့်သည်ပြန်တော့မယ်..။ သေချာလိုက်ပို့လိုက်...)
ရဲရင့်တစ်ယောက် သူ၏အတွင်းရေးမှူးမလေးကို ph မှတစ်ဆင့်ပြောပြီးသည်နှင့် သူ့ထိုင်ခုံပေါ်တွင်ငြိမ်သက်စွာ ပြန်ထိုင်နေလေသည်..။
"မင်း ဘာလိုချင်တာလဲ.. ရဲရင့်..."
"မင်း ငါ့ဆီကို လာစေချင်တာ..."
"ရဲရင့်...!"
"ရပြီ..။ ပြန်တော့..။နောက်မှဆက်ရှင်းမယ်..."
"ရဲရင့်ငါတောင်းပန်ပါတယ်.. ။ ဖြစ်ပျက်ခဲ့သမျှအားလုံးအတွက် ငါအနူးအညွတ်တောင်းပန်ပါတယ်..။ အဲ့ဒီအတွက်ဒူးထောက်ပြီးပဲ ထိုင်တောင်းပန်ရ ပါစေ.. ။ငါတောင်းပန်ပေးမယ်..ရဲရင့်...
ဒါပေမယ့်.. လွမ်း...။ အခုချိန်က လွမ်း အထိခိုက်မခံနိုင်သေးတဲ့အချိန်မလို့ပါ..."
"စေ.. မင်းကို ငါတော်တော့ လို့ပြောနေတယ်...! "
"ရဲရင့်..."
"ပြန်လိုက်တော့...။ ငါ ဆက်သွယ်လိုက်မယ်..."
ရဲရင့် အော်ပြောလိုက်ရင်း စေ ကိုကျောခိုင်းလိုက်မိသည်..။ကျောခိုင်းလိုက်သည်ဆိုသည်မှာလည်း သူ၏ မျက်ရည်များအား စေ ကို မမြင်စေလို၍ပင်....
စေ ကမူ မတတ်နိုင်တော့သဖြင့် စိတ်ပျက်အားလျော့စွာ ထွက်ခွာသွားခဲ့သည်..။ သို့သော်လည်း လက်မလျှော့ချင်သေး၍ လှည့်ကြည့်လှည့်ကြည့် လုပ်နေသေးသည်...။
~~ မင်းတော်တယ်..စေ..။ လက်နက်မပါပဲ ဘယ်လို ငါ့ကို သတ်လိုက်ရမလဲဆိုတာ မင်းသိသားပဲ...
မင်းကတော့ မင်းရဲ့ လွမ်းပုံရိပ်ကို စိတ်ပူတာဆိုပေမယ့်... ငါ့အတွက်တော့ အဲ့အခြေအနေက ရင်ကို ဓားနဲ့မွှန်းနေသလိုပဲဆိုတာကိုသိရဲ့လား...~~
(အောင်အောင်ကို အခန်းထဲလွှတ်လိုက်ပါ...)
"အကိုရဲ..! ခေါ်သေးလား..."
"လွမ်းပုံရိပ် သတင်းတွေ အကုန်ဖျက်ပေးလိုက်ပါ..."
"ဗျာ...!! သြော်.. ဟုတ်ကဲ့..."
"သွားလို့ရပြီ..."
"ဟုတ်ကဲ့..."
~~ ကိုယ်သိတာပေါ့စေ...
အချစ်ဆိုတဲ့အရာက ပူလောင်တယ်..၊ ခါးသီးတယ်ဆိုတာကိုလေ...
ဒါပေမယ့်အဲ့ဒီ ခါးသီးတဲ့ပူလောင်မှုကြီးကိုပေးတဲ့သူက မင်းသာဆိုရင်တော့... ကိုယ်ပျော်ပျော်ကြီးခံယူမိမှာပါ...~~
..........................................................
စေ တစ်ယောက်ခြေကုန်လက်ပန်းကျကာ Ent ဆီသို့ပြန်လာခဲ့လိုက်သည်...။ Ent တွင်တော့ ကိုထွဋ်နှင့် ခန့်ကမျှော်လင့်တကြီး ထိုင်စောင့်နေကြသည်..။
ကျွန်တော်အခန်းထဲဝင်သွားတော့.. ကိုထွဋ်နှင့်ခန့်က စိတ်လှုပ်ရှားစွာဖြင့် အခြေအနေလာမေးကြ၏။
"စေ.. အခြေအနေဘယ်လိုလဲ..."
"ရဲရင့်ရဲ့လက်ချက်..."
"ဘာ..! ဒါဆို သတင်းတွေ ဘယ်လိုလုပ်မလဲ..။ သူတို့မှမဖျက်ပေးရင် ပျံ့လို့ပြီးတော့မှာ မဟုတ်ဘူး..."
"အခြေအနေစောင့်ကြည့်ကြတာပေါ့..။ လုပ်နိုင်သလောက်လုပ်ခဲ့ပြီးပြီပဲ..။ လွမ်းရော..? "
လူကြည့်လိုက်လျှင် ဘုန်းဘုန်းလဲကျတော့မည့် အခြေအနေသို့ ရောက်နေပါသော်လည်း.. ပုံရိပ်ကိုတော့မူ မျက်ခြည်အပြတ် မခံပေ....
"အဆောင်ပြန်ပို့လိုက်တယ်...။ နေလို့မကောင်းသေးပုံရလို့..."
"အင်း...လွမ်း ကိုဂရုစိုက်ပေးလိုက်ပါဦး..။ ကျွန်တော်အိမ်ပြန်လိုက်ဦးမယ်..."
"ကိုရိပ်ကို စိတ်ချပါ ..။ ကိုစေ သာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး..။ ဒီတိုင်းဆက်နေရင်လဲကျသွားတော့မယ်..."
"အင်း.. ကျေးဇူး..။ ပြန်ပြီ ကိုထွဋ်..."
"အင်း အင်း..။ ကားကိုဂရုစိုက်မောင်းနော်..."
ခေါင်းငြိမ့်ကာ ပြုံးပြသွားသော်လည်း ပူလောင်နေသော ကျွန်တော့်စိတ်တို့မှာမူလျော့ကျမသွားပါ..။
စေ သည်ကား ကျွန်တော့်တူလေး ဆိုသည်ထက် ကျွန်တော့်ညီ..တစ်နည်းအားဖြင့်ရင်ဖွင့်ပေါင်းနိုင်သော ညီအကိုရင်းများကဲ့သို့နေလာသောကောင်လေးပင်။ ထိုကောင်လေး အခြေအနေအား တစ်ချက်ကြည့်သည်နှင့် ကျွန်တော် ရိပ်မိပါသည်။
သူတင်းခံနေရသည်။ ပြဿနာပေါင်းများစွာကြောင့် အရမ်းပင်ပန်းနေချေပြီ..။ ပင်ပန်းလွန်းမက ပင်ပန်းနေသော်လည်း သူချစ်ရသူအတွက်တောင့်ခံနေရှာသည်...။ စိတ်လျှော့လိုက်သည်နှင့် စေသည်ကား လဲကျသွားနိုင်သည်။
စေ အပြင်သွားနေစဉ်တစ်လျှောက်လုံးတွင်လည်း လွမ်း တစ်ယောက်မူကား စိတ်နှင့်လူနှင့်မကပ်ပါ...။ စိတ်ဖြေသာအောင်နှစ်သိမ့်ပေးလိုက်မိသော်လည်း သူစိတ်ပူနေသည်မှာ သူ့အတွက်မဟုတ်ခဲ့ပါချေ။
ထိုစဉ်က...
"ပုံရိပ်.. အရမ်းကြီး စိတ်ပူမနေပါနဲ့...။ နာမည်ကြီးလာတာနဲ့အမျှ ဒီလိုအခြေအနေက တစ်နေ့မဟုတ်တစ်နေ့ ဖြစ်လာတတ်တာ ထုံးစံပါပဲ...။ အရမ်း မတွေးနေနဲ့..။ သတင်းတွေငြိမ်သွားတာနဲ့ အားလုံးပုံမှန်ပြန်ဖြစ်သွားမှာ..."
ကျွန်တော့်စကားများအား နားထောင်အပြီး..ရှိုက်ကာ ရှိုက်ကာ ငိုကြွေးရင်းခေါင်းကိုသာ အတင်းရမ်းပြနေသော ကလေးလေး...
"ပုံရိပ်..."
ကျွန်တော်စိတ်ပူစွာ နာမည်ခေါ်ရင်း သတိပေးမိသည်..။
~~ဒီကလေးနေကောင်းသေးတာမှမဟုတ်တာ..။ နှစ်ကျော့ပြန်ဆေးရုံတက်ရလို့မဖြစ်ဘူးလေ...~~
"ကျွန်တော့်ကြောင့်...ကျွန်တော်ကြောင့်...။စေ ဒီလိုသတင်းတွေ ထွက်လာတာ ကျွန်တော့်ကြောင့်..။ ဒီလိုတွေ ဖြစ်လာမှာ ကြိုမှန်းမိပေမယ့် ကျွန်တော်အတ္တကြီးခဲ့မိတာ...
ကျွန်တော့်အတ္တကြောင့် အခု စေ.. အခက်တွေ့နေရပြီ..။ ကျွန်တော့်စိတ်ကိုကျွန်တော်မထိန်းနိုင်ခဲ့လို့...."
ထိုစကားများကိုသာ ထပ်ခါထပ်ခါရေရွတ်ရင်း ပုံရိပ်တစ်ယောက် သည်းထန်စွာငိုကြွေးနေခဲ့သည်..။ထို့နောက်တွင်မူ ပုံရိပ်အား စိတ်ပူလာသဖြင့် ခန့်ကို အဆောင်ပြန်ပို့ခိုင်းလိုက်ရသည်..။
~~ စေ.. မင်းတို့နှစ်ယောက်အချစ်က တကယ်စစ်မှန်ပါတယ်...။ ငါ ဖျက်စီးဖို့က အရမ်းကြီးမားလွန်းအားကြီးသွားပြီ..။ ငါအရှုံးပေးပါတယ်...။ ပုံရိပ်က စေ... မင်းအရိပ်အောက်မှာရှိနေမှပဲပျော်ရွှင်နိုင်မှာ...~~
...........................................................
"သားစေ ပြန်ရောက်လာပြီလား...။ အန်တီနှင်း နဲ့စကားနည်းနည်းလောက်ပြောမလား သား..."
"ဟုတ်ကဲ့..."
"လာ.. ထိုင်.."
အန်တီနှင်းရှိရာ ဆိုဖာနားဝင်ထိုင်မိတော့ အန်တီနှင်းကပင် စကားဆက်လာသည်..။
"သားစေ.. ဒီနေ့တက်လာတဲ့ သတင်းတွေက အမှန်ပဲလား သား..."
"ဟုတ်ကဲ့..."
ကျွန်တော်ခေါင်းကို ခပ်ဖြည်းဖြည်းငြိမ့်ပြရင်း တိုးညှင်းသော အသံလေးဖြင့် ဖြေဆိုမိသည်..။
~~ ကျွန်တော်အားမှမရှိတော့ပဲ...။အဟက်..ပျော့ညံ့လိုက်တာစေ ရာ...~~
"သား အန်တီနှင်းက သားမိဘအရင်း မဟုတ်ပေမယ့်.. ငယ်ငယ်လေးကတည်းက ရင်အုပ်မကွာစောင့်ရှောက်ပေးခဲ့တဲ့ အန်တီနှင်းကို အဒေါ်တစ်ယောက်အနေနဲ့တော့ သတ်မှတ်ပေးမယ်မလား..."
"ဟုတ်ကဲ့..."
"ဒါဆို အန်တီနှင်းအနေနဲ့ သားရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စမှာ ဝင်စွက်ဖက်ခွင့်ရှိမလား သား..."
"ဗျာ...!!"
"ဒီကိစ္စသာ သား ဒယ်ဒီ သိသွားရင်.. လွမ်းလေးရဲ့ ဘဝ ဘာဖြစ်သွားမလဲ သားသိပါတယ်..။ သား ဒယ်ဒီငြိမ်နေတုန်း.. အမြန်ဖြေရှင်းတော့ သားစေ.."
"ဟုတ်ကဲ့.. ကျွန်တော်အမြန်ဆုံးဖြေရှင်းနိုင်အောင် လုပ်နေပါတယ်..."
"သားတို့နှစ်ယောက် ခွဲနေမြှဖစ်လိမ့်မယ်လို့ အန်တီနှင်း ထင်တယ်..."
"အန်တီနှင်း.. ဒါက......"
"အန်တီနှင်း သိပါတယ်...။ ဒါပေမယ့်သား.. ဒါမဖြစ်သင့်တဲ့ကိစ္စမှန်း သား မသိတာလည်းမဟုတ်ဘူး..။ သိရက်နဲ့ရှေ့ဆက်တိုးနေတာ ..။ မင်းတို့လေးတွေက ပိုးဖလံလေးတွေနဲ့ တူနေပြီ သားငယ်..."
"လမ်းခွဲဖို့ကိစ္စဆိုရင်တော့ ကျွန်တော်လမ်းခွဲမှာမဟုတ်ဘူး အန်တီနှင်း..."
"သားငယ်.. မင်း ဒယ်ဒီ ဝင်လာရင်ဒီထက်ဆိုးမယ်နော်...။ အန်တီနှင်း ဘယ်သူ့ကိုမှမထိခိုက်စေချင်ဘူးကွယ်..."
"......"
"သားငယ်.. စဉ်းစားကြည့်လိုက်ပါဦး..။ ကဲကဲ နားတော့ နားတော့..။ သားကိုကြည့်ရတာလဲကျတော့မယ့်ပုံနဲ့ကွယ်..။ အန်တီနှင်း စိတ်တွေပူလိုက်တာ..."
"ဟုတ်ကဲ့..၊ ဒါဆို ကျွန်တော်အပေါ်တက်တော့မယ်..."
"အေးအေး..."
အင်အားမရှိသော..၊ ယိုင်နဲ့နေသောခြေလှမ်းများဖြင့် ခေါင်းငိုက်စိုက်ကျကာ အပေါ်တက်သွားသော စေ ကိုကြည့်ရင်း ကျွန်မရင်ထဲမကောင်းပါ..။ ငယ်ငယ်လေးကတည်းက အရိပ်တကြည့်ကြည့်ထိန်းကျောင်းလာခဲ့ရသော ကလေးငယ်မို့ ကျွန်မမှာ မိခင်ရင်းနှင့်မခြား သံယောဇဉ်တွယ်နေရသည်..။
ငယ်စဉ်ကတည်းက သူဖြစ်ချင်တာ ဘာမဆို ဖြစ်ခွင့်ရအောင် ကျွန်မကပင်ဖြစ်လာသမျှခေါင်းခံဖြေရှင်းပေးရင်း ခွင့်ပြုပေးခဲ့ရသည်..။ ယခုကိစ္စမတိုင်ခင်အထိပေါ့...
~~ သားငယ်ဒီကိစ္စကတော့ အန်တီနှင်းကိုယ်တိုင်လည်း မဖြစ်နိုင်ဘူးလို့ထင်တယ်ကွယ်..။ ဒီကိစ္စတော့ အန်တီနှင်း ကန့်ကွက်ပါရစေ...~~
========
"နှင်းနှင်း.. သားငယ်ဘယ်လိုလဲ..."
"နှင်းနှင်း ပြောကြည့်ထားပါတယ်ကိုကျော်...။ အဆင်ပြေအောင်နှင်းနှင်း ကြည့်စီစဉ်ပေးမှာမလို့ ကလေးတွေကိုတော့ ဘာမှမလုပ်ပါနဲ့နော်..."
"အင်းပါ..။ ဒါဆို နှင်းနှင်းပဲ ကြည့်လုပ်ပေးလိုက်ပါ..။စေ က ကိုယ့်စကားသာ ကန့်လန့်တိုက်တတ်တာ..။ နှင်းနှင်းစကားဆိုရင်တော့ နားထောင်တတ်ပါတယ်..."
"နှင်းနှင်းကိုသာ လွှဲထားလိုက်ပါ..."
"အင်းပါ..။ စိတ်ချပါတယ်...။စေ ရဲ့ခေါင်းကိုင်မိခင်ပဲလေ..."
ပြောရင်း အခန်းထဲဝင်သွားသောစေ ၏ အဖေဖြစ်သူအားကြည့်ရင်း သက်ပြင်းမောများသာ အကြိမ်ကြိမ်ချနေမိသည်...။ စေလေးအနေနဲ့ ထပ်ပြီး သူ့အဖေကို စိတ်မနာစေချင်တော့သည်ကားအမှန်။ အဓိကသည်ကား လွမ်းလေးကိုပါ မထိခိုက်စေချင်မိပါချေ။
အဆုံးသတ်လိုက်ပါလျှင်မူ ကိုယ်ကပဲ လူကြမ်းမကြီး ဝင်လုပ်ရပေတော့မည်။
~~ တစ်ခုပဲဆုတောင်းချင်ပါတယ်...။ ကလေးတွေ အတတ်နိုင်ဆုံး စိတ်ဒဏ်ရာ မရကြပါစေနဲ့....~~
.........................................................