စည်း (အခန်းဆက်)

By akyinnamon

447K 24.8K 1.8K

စည်းကို အားပေးခဲ့တဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ရေးဖြစ်ခဲ့တာပါ။ စည်းကို ဖတ်ပြီးမှ ဒီ အခန်းဆက်ဝတ... More

Part 1 (Unicode)
Part 1 (Zawgyi)
Part 2 (Zawgyi)
Part 3 (Zawgyi)
Part 4 (Zawgyi)
စည်း (တတိယအကြိမ်)

Part 2 (Unicode)

48K 3.4K 378
By akyinnamon

မြူဖုံးနေသော ထားဝယ်မြို့ပြင်၏ မနက်ခင်းသည် ကဗျာဆန်လွန်းလှသည်။ တိုက်ခတ်လာသော လေပြေအေးက ဂျင်းဘောင်းဘီရှည်နှင့် သားရေဂျာကင်အနက်ရောင် ဆင်တူဝတ်ထားသော ထက်ပိုင်တို့နှစ်ယောက်ကို အေးစိမ့်သွားစေသည်။
ကတ္တရာခင်းထားခဲ့သည်မှာ ကြာပြီဖြစ်၍ မြေမှုန့်များဖုံးကာ မြေလမ်းဟုပင် ထင်ရလောက်သည့် လမ်းရှည်တစ်ခုပေါ်မှာ ထက်ပိုင်ဆိုင်ကယ်ကို ခပ်မှန်မှန်မောင်းလာခဲ့သည်။ သူ့နောက်တွင်တော့ ဆက်ပိုင် ကင်မရာဖြင့် လမ်းဘေးဝဲယာကို တစ်ချိန်လုံး ဓါတ်ပုံရိုက်နေသည်။ ဆီအုန်းပင်များ၊ ရိုးရာ ခြေတံရှည်ပျဉ်ထောင်အိမ်ငယ်များကို တရိပ်ရိပ်ဖြတ်ကျော်လာခဲ့သည်။

"ဆက်ပိုင်.. မင်း ဘက်ထရီ အားကုန်အောင် လျှောက်ရိုက်မနေနဲ့။ ဒီရှုခင်းချည်းပဲဟာ။"

ထက်ပိုင် စိတ်မရှည်စွာ ပြောမိသည်။ ချိုင့်များ၊ စက်ဘီးများ၊ ခွေးများ ရှောင်နေရသည့်ကြားထဲ ဟိုဘက်လှည့်ရိုက်၊ ဒီဘက်လှည့်ရိုက်နှင့် တစ်စက်မှ ငြိမ်ငြိမ်မနေသော ဆက်ပိုင်ကြောင့် မောင်းရသည်မှာ မလွယ်ဖြစ်နေသည်။

"အေးပါဗျာ။ ပြီးပါပြီ။"

အသံခပ်ဆတ်ဆတ်ဖြင့် ဆက်ပိုင်ပြောလာ၍ စိတ်များဆိုးသွားပြီလားဟု စိတ်ပူသွားမိသည်။ သူ လေသံမာသွားသည်ထင်သည်။

"ရိုက်ပါ။ ရတယ်။ ငါ့မှာ ဘက်ထရီနောက်တစ်ခု အပိုပါတယ်။"

သူ့ စကားအဆုံးမှာ ထိုကောင်လေးက တဟားဟား ထရယ်သည်။ သူ ဒေါသမထွက်ဘဲမနေနိုင်။ တစ်ချိန်က အစ်ကိုအကြီးဖြစ်သူနေရာတွင်နေကာ သူ နိုင်ချင်တိုင်းနိုင်ခဲ့သည့်ဆက်ပိုင်ကို အခု သူ မနိုင်တော့။ ခဏခဏ ရယ်လိုက်၊ နောက်လိုက်နှင့် သူ့ကို မလေးမစားလုပ်လွန်းနေသည်။

"ဟေ့ကောင်.."

"ဘာလဲဗျ။ ရိုက်ရမှာလား မရိုက်ရဘူးလား။"

ရယ်သံတစ်ချို့နှင့် ထပ်မေးလာ၍ သူ စိတ်ပိုတိုလာကာ ဆိုင်ကယ်ဘရိတ်ကို ရုတ်တရက် ဖိအုပ်လိုက်သည်။ ဆက်ပိုင် တစ်ကိုယ်လုံး ရှေ့သို့ယိုင်ကာ ထက်ပိုင်ဆောင်းထားသည့် ဆိုင်ကယ်ဦးထုပ်နှင့် တိုက်မိသွားသည်။

"အားရား.. ကိုထက်။ ဖြည်းဖြည်းလုပ်စမ်းပါ။"

ခပ်ဝေးဝေးထိုင်နေရာမှ ရုတ်တရက် ရှေ့သို့ကိုင်းကျလာကာ သူ့ခါးကို လှမ်းဖက်လာသည့် ဆက်ပိုင်ကြောင့် အောင်နိုင်သူတစ်ယောက်လို သူ ပြုံးမိသည်။ ခရီးပေါက်လာသည်နှင့်အမျှ ကတ္တရာလမ်းမရှိတော့ဘဲ ကျောက်ခဲရောသော မြေနီလမ်းသာကျန်တော့သည်။ သစ်လုံးတိုင်များကာထားသည့် ရာဘာပင်များ၊ ဆီအုန်းပင်များမှာ ညီညာသော မျဉ်းလိုင်းကြောင်းများအတိုင်း သပ်ရပ်စွာ ပေါက်ရောက်နေကြသည်။

တစ်ခါတစ်ရံ အိမ်စုအိမ်ဝေးတစ်ချို့၊ ရွာငယ်တစ်ချို့ရှေ့မှ ဖြတ်သန်းလာချိန် ကျောင်းစိမ်းဝတ်စုံများဖြင့် ကျောင်းသူကျောင်းသား ကလေးငယ်များ၊ စက်ဘီးနှင့် စာသင်ကျောင်းသွားနေသည့် ဆရာမများကို တွေ့နေရသည်။ သက်ကယ်မိုး တဲအိမ်ငယ်ကို ပတ်ချာလည်ဝိုင်းပတ်ထားသည့် စိမ်းစိုသော စပါးခင်းများကိုလည်း မျက်စိတစ်ဆုံး လှမ်းမြင်ရသည်။ အစိမ်းရောင်ပင်လယ်ကြားမှ ဆိုင်ကယ်ကို ဖြတ်မောင်းရသလို လှပဆွဲဆောင်မှုရှိလွန်းလှသည့် ကျေးလက်ရှုခင်းများကြောင့် ကြည်နူးစရာအတိဖြစ်သည်။
ပြီးတော့ သူ ချစ်ရသော ဆက်ပိုင်သည် သူနှင့်အနီးဆုံးနေရာမှာရှိနေသည်လေ။

ကြည်လင်သော စမ်းချောင်းတစ်ချို့ကို သစ်သားတံတားငယ်များပေါ်မှ ဖြတ်ကျော်လာခဲ့ကြသည်။ ထားဝယ်မှ စောစီးစွာ ထွက်လာခဲ့သဖြင့် သူတို့နှစ်ယောက်စလုံး မနက်စာပင် မစားဖြစ်ခဲ့သည်မို့ ဆိုင်ကယ်မောင်းနေရာမှ ထက်ပိုင်လှမ်းမေးလိုက်သည်။

"ဆက်ပိုင်...မင်း ဆာနေပြီလား။ ခဏနားရအောင်။"

"အင်း... ရှေ့နားဆိုရင် ထောကျဲရေတံခွန်ရောက်ပြီ။ အဲဒါကျော်ရင် ကျွန်တော့်အသိ အကြော်ဆိုင်တစ်ဆိုင်ရှိတယ်။"

တောင်ကုန်းငယ်တစ်ချို့နှင့် ဝင်းဝါသော စေတီတစ်ချို့ကိုပါ မြင့်တက်လာသော နေရောင်အောက်တွင် တွေ့လိုက်ရသည်။

ထို့နောက်တွင်တော့ ထောကျဲရေတံခွန် ရေလှောင်ကန်ဟူသည့် ဆိုင်းဘုတ်တစ်ခု။

မြင့်မားနက်မှောင်သော ကျောက်ဆောင်ပေါ်မှ ဖြူဖွေးသော ရေတံခွန်စီးကြောင်းတစ်ခု စီးဆင်းနေသည်။ ကျောက်ဆောင်ထိပ်တွင် သပ္ပါယ်လှသော စေတီတစ်ဆူနှင့် အဖြူရောင် အဆောက်အဦးတစ်ခုရှိနေသည်။ အမည်းရောင်ကျောက်ဆောင်၊ အဖြူရောင် ရေစီးကြောင်းနှင့် စိမ်းစိုသော သစ်ပင်ခြုံနွယ်များသည် ကာရန်ညီစွာ လိုက်ဖက်လွန်းလှသည်။ ရေတံခွန်အောက်တွင်တော့ စိမ်းလဲ့ကြည်လင်နေသော ရေကန်တစ်ခုရှိနေသည်။

ရေတံခွန်အလွန် သိပ်မဝေးလှသည့် ရွာတစ်ရွာ၏ အကြော်ဆိုင်တစ်ခုတွင် ထက်ပိုင် ဆိုင်ကယ်ကို စက်သပ်ရပ်တန့်လိုက်သည်။ သနားခါးများဖွေးနေသည့် ဘီးဆံတုံးနှင့်အကြော်သည် အဒေါ်ကြီးမှာ ဆက်ပိုင်ကို ဝမ်းသာအားရ နှုတ်ဆက်လာသည်။

"ဆရာ ပါလား။ လာ.. လာ...ဆရာ... အလည်လာတာလား။"

"ဟုတ်ကဲ့။ ကျွန်တော့် အစ်ကို ရန်ကုန်က အလည်ရောက်နေလို့။"

အကြော်နံ့သင်းသော သက်ကယ်မိုးအောက်မှ ခုံပုလေးများတွင် ထက်ပိုင်တို့ ဝင်ထိုင်ဖြစ်ကြသည်။ မြေပြင်ပေါ်မှ ကျောက်တုံးနှစ်ခုကြားမှ ထင်းမီးဖိုထက်ရှိ ပွက်ပွက်ဆူနေသော အကြော်အိုးထဲတွင် ဘူးသီးကြော်ငါးခုရှိနေသည်။ မီးဖိုဘေး မြေပြင်မှာတော့ အကြော်အနှစ်ထည့်ထားသည့် ဇလုံ၊ ကြော်ပြီးဆီစစ်သည့် ပန်းကန်များအပြင် ဖရုံသီးတစ်လုံးနှင့် ဆီဗူးများရှိနေသည်။

"စားပါ ဆရာ။ ဆရာ ကြိုက်တတ်တဲ့ တို့ဟူးကြော်တွေ အခုမှ အိုးကချတာ။ ပူပူကြွပ်ကြွပ်လေး။"

"ဟုတ်ကဲ့။ ကျေးဇူးပဲအဒေါ်။"

ဆာလောင်လွန်းလှပြီမို့ ဆက်ပိုင် ဟန်ပင်မဆောင်နိုင်တော့ဘဲ အကြော်ပူပူကို ကိုက်ချလိုက်သည်။ ပူကြွပ်နေသောကြောင့် ပါးစပ်ဟကာ လက်နှင့်ခါနေရသည်။

"ဖြည်းဖြည်းစားလေကွာ။ ပူပါတယ်လို့ အဒေါ်ပြောနေတာကို။"

ထက်ပိုင် ဆက်ပိုင်ခေါင်းကို ခပ်ဆတ်ဆတ်ရိုက်ချလိုက်သည်မို့ အကြော်သည်အဒေါ်ကြီးမှာ မျက်လုံးပြူးသွားရသည်။ အမြဲလိုလို မျက်နှာတည်နှင့် တည်ကြည်အေးဆေးလှသည့် ဒေါက်တာဆက်ပိုင်ကို ခေါင်းခေါက်နိုင်မည့်သူရှိလိမ့်မည်ဟု လုံးဝထင်မထားခဲ့။ အပြုံးနှင့် ပါးစပ်ဟကာ လက်နှင့်ယပ်ခပ်နေသော ဆက်ပိုင်သည် သူမ မြင်နေကျ ဆရာဝန်ကြီး မဟုတ်ဘဲ ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းသည်ကတော့ အမှန်။

"ခဏနေဦးလေကွာ။"

ပါးစပ်ထဲမှအကြော်ပင် မကုန်သေးဘဲ နောက်တစ်ကြိမ် အကြော်ပန်းကန်ရှိရာ လက်လှမ်းနေသော ဆက်ပိုင်လက်ဖမိုးကို ထက်ပိုင် ရိုက်ဖယ်လိုက်သည်။ ထို့နောက် တို့ဟူးကြော်တစ်ခုကို ယူကာ အေးသွားအောင် သူ့ နှုတ်ခမ်းနားတေ့ကာ မှုတ်ပြီးမှ ဆက်ပိုင်ကို ကမ်းပေးလိုက်သည်။

"အဒေါ် အကြော်တွေ တူးကုန်ပြီ။"

"ဟေ.. အေး.. အေး။"

အကြော်သည် အဒေါ်ကြီးမှာ သူမ ရှေ့မှဆက်ပိုင်တို့ကို ပါးစပ်အဟောင်းသားကြည့်နေသည်မို့ အကြော်တူးနံ့ထွက်လာသည်ကိုပင် သတိမထားမိ။

အကြော်နှစ်ပန်းကန်ကုန်မှ ဆက်ပိုင် ပါးစပ်သုတ်ကာ ရေနွေးကြမ်းငှဲ့သောက်နေသည်။

"အငယ်လေး.. နား ကိုက်တာ ဘယ်လိုနေသေးလဲ အဒေါ်။"

"သက်သာသွားပြီ ဆရာ။ ဆရာတို့ ရွာကိုလာလို့သာပဲ။ ထားဝယ်ဆေးရုံအထိ ကျွန်မတို့ကလည်း သွားနိုင်တာမှမဟုတ်တာ။"

ထက်ပိုင် အံ့သြသွားရသည်။ သူ သိထားသည်မှာ ဆက်ပိုင် ထားဝယ်ဆေးရုံမှာသာ အလုပ်လုပ်သည်ကိုဖြစ်သည်။

"ရွာတွေကိုသွားတယ်။ ဟုတ်လား ဆက်ပိုင်။"

"ဟုတ်တယ်လေ။ ဆရာက သူ့ သူငယ်ချင်း သုံး လေးယောက်နဲ့ ဆေးရုံကအားရက်၊ နားရက်ရတာနဲ့ ဆိုင်ကယ်တစ်စီးနဲ့ အနားကရွာတွေကိုလှည့်ပြီး အခမဲ့ကုပေးနေကျ။ ကျွန်မတို့လို နွမ်းပါးတဲ့သူတွေကတော့ ဖျားနာလည်း ဆရာတို့လာမယ့်ရက်ကို စောင့်နေရတာပဲ။. ဆေးရုံတို့ ဆေးခန်းတို့မှ မသွားနိုင်တာ"

ဆက်ပိုင် အနေရခက်သလို မျက်နှာရဲနေသည်။ ထက်ပိုင် မသိထားပါ။ သူ ဖုန်းဆက်တိုင်း ဆက်ပိုင် မအားဘဲ ဖုန်းမဖြေနိုင်တာကို အခုမှ သဘောပေါက်မိသည်။

"အဲဒီလောက်တော့လည်း မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့က လုပ်အားစိုက်ရုံတင်ပါ။ တကယ်တမ်း ခရီးစရိတ်နဲ့ ဆေးဝါးတွေက ထားဝယ်က အန်ဂျီအိုတစ်ခုက ကူညီပေးနေတာပါ။"

"မဟုတ်တာ ဆရာရယ်။ ကိုယ့်အားချိန်၊ နားချိန်မှာ ဒီလောက် ဒုက္ခခံပြီး ကူညီပေးနေတာ။ ကျွန်မတို့ကတော့ ကျေးဇူးတင်လို့မဆုံးဘူး။"

ဆက်ပိုင် ရှေ့ဆက်၍ ကျေးဇူးတင်စကားပြောခံချင်ဟန် မရှိ၍ အခမဲ့ ကျွေးချင်သည့် အကြော်သည်အဒေါ်ကြီးကိုပိုက်ဆံအတင်းရှင်းကာ အပြင်ထွက်လာခဲ့သည်။

"ဆက်ပိုင်.. မင်းဒီလိုရွာတွေလှည့်ပြီး ကုပေးနေတာ ဘယ်လောက်ကြာပြီလဲ။"

အကြော်ဆိုင်ရှေ့မှ ထက်ပိုင် ဆိုင်ကယ်ကို စက်နှိုးမောင်းထွက်ရင်း သိချင်လွန်း၍ ဆက်ပိုင်ကို မေးမိသည်။

"ဗျာ.. ဒါလား.. ဒီကိုရောက်ကတည်းကပဲ။"

"ဟုတ်လား။"

ဆိုင်ကယ်ကို ခပ်မှန်မှန်မောင်းရင်း ဆက်ပိုင်ကို လေးစားခင်မင်စွာ ဆက်ဆံလာသည့် အကြော်သည်အဒေါ်ကြီး၏ ပုံရိပ်ကို ပြန်လည်မြင်ယောင်လာသည်။

"မင်း ရန်ကုန်ကို ပြန်မလာချင်တာ ဒီကလူနာတွေကို သံယောဇဉ်ရှိနေလို့လား။"

"ဟုတ်တယ် ကိုထက်။ ရန်ကုန်မှာက လူနာများသလို ဆရာဝန်လည်း မရှားဘူးလေ။ ဒီမှာကျတော့ ကိုယ့်ကိုကိုယ် ပိုအသုံးဝင်တယ်လို့ ကျွန်တော်ခံစားမိလို့။"

ထက်ပိုင် ဆိုင်ကယ်ကို တိတ်ဆိတ်စွာ ဆက်မောင်းလာခဲ့သည်။ မြေပြန့်လမ်းများ ပြီးဆုံးကာ တောင်တက်လမ်းများဖြစ်လာသည်မို့ ပို၍ သတိထားမောင်းလာခဲ့သည်။ ကျောက်တုံး ကျောက်ခဲများနှင့် ပြည့်နေသည်ဖြစ်၍ ဆိုင်ကယ်ကို ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်သည့် သူ့ အတွက် အခက်အခဲမရှိပေမယ့် တစ်ချို့မတ်စောက်လွန်းသည့် လမ်းအတက်များတွင်တော့ ဆက်ပိုင်ကိုအောက်ဆင်း လမ်းလျှောက်ခိုင်းမှ ရသည်။

စိမ်းစိုသော သစ်ပင်ခြုံနွယ်များက လမ်းဘေးတစ်ဖက်တစ်ချက်တွင် ဝေဆာစွာ ပေါက်ရောက်နေကြသည်။ အပြိုင်းအရိုင်းပေါက်ရောက်နေကြသော ၀ါးပင်များမှာလည်း မြင့်မားစွာ ကောင်းကင်ယံထိ ထိုးထောင်နေကြသလိုပင်။ ငှက်ပျောခိုင်များ တွဲကျနေသည့် ငှက်ပျောပင်များပြည့်နေသည့် တောက်တက်တောင်ဆင်းလမ်းအတော်များများကို ဖြတ်သန်းပြီးချိန်မှာတော့ ဖြူဖွေးသော သောင်ပြင်တစ်ခုကို တွေ့လိုက်ရသည်။

ခရီးလမ်းတစ်လျှောက် သောင်ပြင်၊ ကမ်းခြေအတော်များများကို လှမ်းတွေ့ခဲ့ရပေမယ့် ယခု ကမ်းခြေကတော့ လှပလွန်းသဖြင့် သူ ဆိုင်ကယ်ကို မရပ်ဘဲမနေနိုင်တော့။ သောင်ပြင်ရှိရာသို့ မြက်ခင်းများကြားမှ ဆိုင်ကယ်ကို မောင်းနှင်ကာ ရပ်တန့်လိုက်သည်။
ဆက်ပိုင် ဆိုင်ကယ်ပေါ်မှဆင်းကာ ကျောပိုးအိတ်ကို သောင်ပြင်ပေါ် ပစ်ချလိုက်သည်။

တိတ်ဆိတ်ငြိမ်သက်သော ကမ်းခြေတစ်လျှောက် လှိုင်းသံများမှလွဲ၍ တိတ်ဆိတ်နေသည်။ ဖြူဖွေးသော သဲသောင်ပြင်တွင် ရေတက်စဉ်က ထားခဲ့သော လှိုင်းခြေရာများကြောင့် သောင်ပြင်တစ်ခုလုံး အနားကွပ်ထားသည့် ဇာပုဝါတစ်ခုလို လှိုင်းတွန့်များဖြစ်နေသည်။ ရေတက်ချိန် ပင်လယ်မှ သယ်ယူလာခဲ့သော သစ်ကိုင်းတစ်ချို့က မြက်ပင်ခြုံနွယ်များနားမှာ အိပ်စက်အနားယူနေကြသည်။

မည်သူမှ ရှိမနေသည့် ကမ်းခြေသဲပြင်ပေါ်မှာ သူတို့နှစ်ယောက် ထိုင်မိကြသည်။ ကြည်လင်သော ပင်လယ်ရေမှာ ပြာလဲ့နေသည်။ စိမ်းစိုသော ကျွန်းဆွယ်နှစ်ခု ခြံရံထားသည့် သောင်ပြင်သည် သူတို့နှစ်ယောက်အတွက် သီးသန့် ဖြစ်တည်ပေးထားသည့်အလား လှပလွန်းနေသည်။

"ဒီကနေ ရှေ့ဆက်သွားရင် ရှင်မော်ကိုရောက်တယ် ကိုထက်။"

"ဟုတ်လား။"

ခပ်လှမ်းလှမ်းမှ တောင်စွန်းကို လှည့်ကြည့်ရင်း ထက်ပိုင် ဖြေလိုက်သည်။ ရုတ်တရက် နွေးကနဲဖြစ်သွားသော ပါးတစ်ဖက်မှ နှုတ်ခမ်းတစ်ခု၏ နူးညံ့သောအတွေ့တစ်ခုကြောင့် သူ အံ့သြစွာ ဆက်ပိုင်ကိုလှည့်ကြည့်လိုက်သည်။ ဆက်ပိုင်ကတော့ ဘာမှမသိသလို မျက်နှာလွှဲကာ ပြုံးစိစိလုပ်နေသည်။

"မင်း ကိုယ့်အစ်ကို ကို ဘာမလေးမစားလုပ်တာလဲ။"

သူ ပြုံးကာ ဆက်ပိုင်ခေါင်းကို သောင်ပြင်ကို ထိမိသည်အထိ လက်ဖြင့် ဖိချလိုက်သည်။ ဆက်ပိုင်၏ ရယ်သံသည် သူ့နားထဲတွင် ချိုလွန်းလှသည်။ သဲမှုန်တစ်ချို့ပေသွားသော ဆက်ပိုင် ဆံပင်များကို ခါချရင်း ထက်ပိုင် မပြုံးဘဲ မနေနိုင်အောင် ပျော်နေမိသည်။ သူ့ကိုလှမ်းကြည့်နေသည့် ဆက်ပိုင်မျက်လုံးများသည် ပင်လယ်ပြင်ပေါ်ကျရောက်နေသော နေခြည်နွေးနွေးများလို နွေးထွေးစေသည်။

"ကျွန်တော့်ကို ကိုထက် စိတ်များဆိုးနေမလားဆိုပြီး တစ်ချိန်လုံး စိတ်တွေပူနေတာ။"

"ဘာဖြစ်လို့ ငါက စိတ်ဆိုးရမှာလဲ။"

ဆက်ပိုင် ပင်လယ်ကိုငေးကြည့်နေသည်။

"အမြဲတမ်း ကိုထက်ပဲ ကျွန်တော့်ဆီလာနေရတာဆိုတော့ နောက်စိတ်ပျက်ပြီး မလာချင်တော့ရင် ဘယ်လိုလုပ်ရမလဲဆိုပြီး ခေါင်းတွေပူနေတာ။"

"ဘာကိစ္စမလာချင်ရမှာလဲကွ။ ဖြစ်နိုင်ရင် နေ့တိုင်းလာချင်တာ။"

ရင်ထဲမှ အမှန်စကားကို သူ ရိုးသားစွာ ဝန်ခံမိသည်။ ဆက်ပိုင် ဝမ်းသာသွားဟန် ပြုံးပျော်သွားသည်။

"ကိုထက် ကျွန်တော့်ကို စိတ်မပျက်သေးဘူး မဟုတ်လား။"

ထက်ပိုင် ရယ်ရင်း ခေါင်းခါယမ်းလိုက်သည်။

"ငါ စိတ်မပျက်သေးတာ မဟုတ်ဘူးကွ။ တစ်သက်လုံး ဘယ်တော့မှ စိတ်ပျက်မှာမဟုတ်ဘူး။ မင်း ရှိတဲ့နေရာတိုင်းကို ငါအမြဲလာခဲ့မယ်။ မင်း ငါ့လက်ထဲက တစ်သက်လုံးလွတ်မှာမဟုတ်ဘူး။"

"ဘယ်သူကရော လွတ်ချင်တယ် ပြောနေလို့လဲ။"

ဆက်ပိုင် ခေါင်းငုံ့ကာ ခပ်တိုးတိုးပြောလိုက်ပေမယ့် သူ ကြားဖြစ်အောင်ကြားကာ ပြုံးမိသည်။

"ရန်ကုန်ပြန်လာဖို့လဲ ငါ မပြောတော့ပါဘူးကွာ။ မင်းပျော်တဲ့နေရာမှာသာနေစမ်းပါ။ မင်းပြောသလို ပိုနေတဲ့နေရာတစ်ခုမှာထက် လိုအပ်တဲ့နေရာတစ်ခုမှာ မင်းသင်ထားတဲ့ ပညာတွေကို အကျိုးရှိအောင် သုံးစမ်းပါ။ ငါ အားပေးတယ်။"

ဆက်ပိုင် မျက်ခုံးနှစ်ခုစလုံး မြှင့်တင်ကာ သူ့ကို မယုံနိုင်သလို လှည့်ကြည့်သည်။

"ကိုထက် စကားပြောတဲ့ပုံက တစ်နေ့ထက်တစ်နေ့ ဖေဖေနဲ့ ပိုတူလာသလိုပဲ။"

ထက်ပိုင် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်ကိုကြည့်ရင်း ဆက်ပိုင် အားရပါးရ ရယ်ချလိုက်သည်။ ထက်ပိုင် ဆက်ပိုင်ပခုံးကို စောင့်တွန်းလိုက်သည်မို့ ယိုင်သွားသည်။ ထို့နောက်မှာတော့ ဆက်ပိုင် အရယ်ရပ်ကာ သူ့ ရှေ့ဒူးထောက်ထိုင်ချရင်း မျက်လုံးညိုများကို တည့်မတ်စွာ စိုက်ကြည့်လာခဲ့သည်။

"ကျွန်တော်ကိုထက်ကို နောက်တစ်ခုပြောစရာရှိသေးတယ်။"

နက်ရှိုင်းသော ဆက်ပိုင်အကြည့်များထဲမှာ သူ့တစ်ကိုယ်လုံး ပျော်ဝင်ပျောက်ကွယ်သွားသလို ထက်ပိုင် ခံစားလိုက်ရသည်။

"ဖုန်းထဲမှာ ကိုထက် မေးလာတိုင်း ကျွန်တော် မဖြေနိုင်လောက်အောင် ခံစားရခက်လွန်းလို့ ကိုထက်နဲ့တွေ့မှ မျက်နှာချင်းဆိုင်ပြောဖို့ ဆုံးဖြတ်ထားတာ။"

လတ်ဆတ်သော ပင်လယ်လေကို ရှုရှိုက်ဖို့ သူ မေ့သွားမိသည်။ ရင်ခွင်တစ်ခုလုံး တင်းကြပ်စွာ ဖိညှစ်ခံထားရသလို မောပန်းသွားသည်။ ဆက်ပိုင်သည် သူ့အတွက်တော့ ပြင်းပျလှသည့် ၀ိုင်တစ်ခွက်၊ မွှေးပျံ့လှသည့် သနပ်ခါးပန်းတစ်ပွင့်ဖြစ်သည်။

"ကျွန်တော် ကိုထက်ကို အရမ်း.."

ရင်နှင့်အမျှ နေ့တိုင်းကြားချင်ခဲ့သော စကားတစ်ခွန်း၏ အဆုံးရောက်သည်အထိ သူ မစောင့်နိုင်ခဲ့ပါ။
ဆက်ပိုင်၏ စကားသံများက ထက်ပိုင်၏ စွဲမက်ဖွယ်အနမ်းများအောက်မှာ တိုးတိတ် ပျောက်ကွယ်သွားခဲ့ပါသည်။


.....................................The End..........................................

အကြင်နာမွန်

Continue Reading

You'll Also Like

254K 40.7K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
342K 8.5K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
467K 11.3K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
274K 25.6K 12
(ZawGyi & Unicode) "ကျွန်တော်တို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို မမွန်ရဲ့အနုပညာ စိတ်ကူး နဲ့ ပေါင်းစပ်ပြီး တခြားသူတွေ ရဲ့ ရင်ထဲမှာ စွဲထင်ကျန်ရစ်စေ...