"နောက်က ထိုင်မသိမ်းစကို
အဲ့လိုမြှောက်ကိုင်လိုက်။ဖြာနေတဲ့ပုံလေး..
ငါလွှတ်ဆိုတာနဲ့လွှတ်နော်။
သတို့သမီးက သတို့သားကိုကြည့်မယ်။
သတို့သားက
ခါးကိုကိုင်ထား...ဟုတ်ပြီ။ ကောင်းတယ်။ ရိုက်မယ် ရယ်ဒီ...၀မ်း တူး …”
မန္တလေးရဲ့ကျုံးမြို့ရိုးဘေးမှာ Pre-Wedding ဓာတ်ပုံရိုက်နေကြခြင်းပါ။ ရိုက်တဲ့ ဓာတ်ပုံဆရာက မိန်းကလေး။ သူတကယ့်ကို စိတ်ပါလက်ပါနဲ့ရိုက်နေခြင်းပင်။
“နေရာပြောင်းမယ်ဟေ့။ အိအိ သတို့သမီးကို ကူပေးလိုက်အုန်း ...”
“ဟုတ် အစ်မ”
“ဟိုတံတားပေါ်သွားမယ် မန်းလေးတောင်နောက်ခံ လိုချင်လို့”
ထိုစဉ်သတို့သမီးက
ဓာတ်ပုံဆရာနားရောက်လာပြီး..
“ပင်ပန်းနေပြီလား သီရိ။ ငါက ငါ့ပုံတွေကို နင်နဲ့ပဲရိုက်ချင်လို့ပါဟ ဟီးဟီး”
“အမလေး ခုမှလေပြေထိုးနေတယ် ဒေါ်ဝတ်ရည်။
မပင်ပန်းပါဘူး ။ငါရှယ်ရိုက်ပေးမှာမို့ နင်စိတ်သာချ”
“တကယ်ပဲ ငါ့သူငယ်ချင်းအကောင်းဆုံး”
ဟုတ်ပါတယ် သတို့သမီးက သီရိသူငယ်ချင်း။
တကယ်တော့ သီရိကPre Wedding ရိုက်ရတာ မကြိုက်ပါဘူး။ တခြားလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေးတွေပဲ ရိုက်ချင်တဲ့သူလေ။ ဒါပေမဲ့ တက္ကသိုလ် ပထမနှစ်ကတည်းက တွဲလာတဲ့ သူငယ်ချင်းမက ဂျီတော့လည်း မနေသာ။ လိုက်ရိုက်ပေးရသည်။
“သတို့သားကလမ်းလျှောက်တဲ့ပုံလေးရှေ့က....ဟုတ်ပြီ သတို့သမီးကလက်ဆွဲထား...ပြန်လှည့်ကြည့်မယ် သတို့သား.....ရပြီ...ရိုက်ပြီ....အိုခေတယ်”
“အိအိ ဆံပင် ဆံပင် သွားလုပ်ပေးလိုက်အုန်း...”
ကင်မရာကြီးတကားကားဖြင့် ကုန်းလိုက်ကွလိုက် သီရိအကောင်းဆုံးသော ဓာတ်ပုံများကို ဖန်တီးနေမိသည်။ လူကသာ အင်ဂျင်နီယာဘွဲ့ရတာ ဝါသနာက ဓာတ်ဖမ်းခြင်း။ ဒါ့ကြောင့် အိမ်နဲ့အတိုက်အခံလုပ်ကာ ဓာတ်ပုံလောကထဲခြေစုံပြစ်ဝင်ထားတာ သိပ်မကြာသေး။ ယခု Team Bဆိုသော ဓာတ်ပုံတိုက်တွင်ဝင်လုပ်နေသည်။ တက္ကသိုလ်ကတည်းက ကင်မရာတလုံးနဲ့ ရိုက်နေသူဆိုတော့ အတွေ့အကြုံကရှိပြီးသား။ ဒါ့အပြင် ဦးလေးအရင်း ဓာတ်ပုံတိုက်မို့ အဆင်ပြေသည်။
“ဒါပြီးရင် ကုသိုလ်တော်ထဲ ရွေ့မယ်နော်။ ပြီးရင် နေ့လည်စာစားမယ် ....ဝတ်စုံနောက်တစ်စုံလဲပြီးတာနဲ့ ဦးပိန်ကို သွားမယ်”
သီရိ သူ့အစီအစဉ်များကို ပြောပြနေခြင်း။ Preရိုက်ရတာ တကယ်ပင်ပန်းတာ....တနေကုန်....တစ်ခါတစ်ရံ နှစ်ရက်။
နဖူးကချွေးကို သုတ်ပြီး သက်ပြင်းချလိုက်၏။
မန်းလေးနွေက ပြင်းလိုက်တာ။ ဒီလိုနေပြင်းတဲ့နွေမှ လင်ယူတဲ့ ဝတ်ရည်မကို ကျိန်ဆဲမိ၏။ နင်မင်္ဂလာဆောင်ရင် ငါဓာတ်ဖမ်းပေးမယ်ဆိုသော ကတိကြောင့်သာ.....
“သီရိ ပဲခူးလိုက်ခဲ့အုန်းနော်”
“ဟမ်”
“မင်္ဂလာက နှစ်ပွဲလေ ....ကို့ မိဘတွေရှိတဲ့ ဒီမန်းလေးမှာကော....ငါတို့အမျိုးတွေရှိတဲ့ ပဲခူးမှာကော”
“ဝတ်ရည်မ...အဲ့ထိ ငါ့ကိုဓာတ်ပုံလိုက်ရိုက်ခိုင်းမှာလား”
သီရိရဲ့ခပ်စူစူနှုတ်ခမ်းပုံကြောင့် သတို့သမီးဖြစ်သူ သူငယ်ချင်းမက ရယ်သည်။မရိုက်ချင်ဘူး ဘယ်လောက်ငြင်းငြင်း သူတောင်းဆိုရင် လိုက်လျောပေးမဲ့ သီရိအကြောင်းကိုသိတာမို့။ပါးစပ်ကသာ ပွစိပွစိပြောပေမဲ့ စိတ်ထားက အသိဆုံးအရင်းနှီးဆုံးတွေမလား။
“ဟဲ့ မဟုတ်တာ...အထူးဧည့်သည်အနေနဲ့ ဖိတ်တာ။ အေးဆေးတည်းပြီးမှပြန်။ နင်တင်မဟုတ်ဘူး ငါတို့ကျောင်းတုန်းက မဆုံဖြစ်တဲ့ကောင်တွေကော အကုန်ဖိတ်ထားတယ်။ အကုန်လာကြမှာ။ လိုက်ခဲ့ပါနော်”
“အေးပါ မလိုက်လည်း ရမှာမှမဟုတ်တာ”
“ထမင်းအရင်စားလို့မရဘူးလားဟဲ့...ငါဗိုက်ဆာလို့။ မနက်ကတည်းက ဗိုက်ပူမှာစိုးလို့ ဘာမှစားမထားတော့ ခုတဂွီဂွီမြည်နေပြီ”
“ဟုတ်ပြီ ဟုတ်ပြီနားမယ်......အကုန်ကားပေါ်တက်ကြတော့။ ဘိုကင်လုပ်ထားတဲ့ ထမင်းဆိုင်သွားမယ်”
သီရိ အားလုံးစီမံပြီး ကားပေါ် ခြေပြစ်လက်ပြစ်ထိုင်လိုက်သည်။ အလုပ်ကမပြီးသေးတော့ စိတ်မပေါ့သေး။
ပဲခူး ဦးနှောက်ထဲဝင်လာတာ ဟိုမမ။ ။ ဒုတိယနှစ်ဖြေပြီး ဝတ်ရည်တို့ အိမ်ကို ပထမဆုံး လိုက်လည်တုန်းကပေါ့
ဘယ်ချိန်မျက်စိမှိတ်မှိတ်
ခုထိပြန်မြင်ယောင်တုန်း..
ရွှေမုဓောဘုရားပေါ်မှာ ကင်မရာတစ်လုံးနဲ့ ဟိုစမ်းရိုက် ဒီစမ်းရိုက် လုပ်နေသောအချိန်။ မြင်ကွင်းထဲဝင်လာတဲ့သူ။ နီရင့်ရင့်ကြက်သွေးဝမ်းဆက် နက်မှောင်ထူထဲသော ဆံပင်များ။ သီရိ ချိန်နေရင်းကို ငေးသွားရတယ်။ ဒါတောင် မျက်နှာကိုတည့်မြင်တာ မဟုတ်။ ဘေးစောင်းတင်။
သတိတောင်မထားမိပဲ ဆက်တိုက်ရိုက်မိသွားတယ်။ ဘေးစောင်း နောက်ကျော။ရှေ့ကနေ မျက်နှာလေးကို သွားရိုက်ဖို့ကျမရဲ။ အဲ့တုန်းက ပေါက်စဆိုတော့ ကင်မရာအယူအဆတွေ နားမလည်သေး။ တကယ်ဆို ရိုက်လို့ရသည့် အခွင့်ရေးများစွာရှိသည်ဆိုတာ နောက်မှပြန်သိခဲ့သည်။
ဘုရားပေါ်တင်ပဲ သူငယ်ချင်းတွေ လာခေါ်၍ မျက်ခြေပျက်ခဲ့ရ၏။ လူများကြား ဟိုဟိုဒီဒီ ရှာခဲ့သော်လည်း အရိပ်တောင်မတွေ့တော့။ အိမ်မက်လိုပင်။
ဒါပေမဲ့ သီရိခုထိ သူ့ဓာတ်ပုံလေးများကို သိမ်းထားတုန်း။ သူမ၏နောက်ကျော ဘေးတိုက်မျက်နှာထား အကုန်အလွတ်ရနေပြီ။ မျက်နှာပေါက် ခန္ဓာကိုယ်အနေအထား ဆင်သူတွေ တွေ့ဖူးသော်လည်း ထိုမမ မဟုတ်ကြောင်း သီရိသိနေသည်။
ဒီတစ်ခါ ပဲခူးသွားရင် ဆုံချင်မိသည်။ ။ သူကပဲခူးက ဟုတ်မဟုတ်မသိ။တကယ်ကတော့ ကောက်ရိုးပုံထဲက အပ်လိုပင်။။ဖြတ်ခနဲ့ တွေ့ခဲ့သော ဓာတ်ပုံထဲမှာသာရှိသော ထိုအမျိုးသမီးကို မြတ်နိုးမိခဲ့သည်။အနည်းငယ် ကြောင်တောင်အထူးဆန်းနိုင်လိမ့်မည်။
ပဲခူးမရောက်တော့တာလည်း ငါးနှစ်ခြောက်နှစ်ခန့် ရှိပြီ။ ခုထိ နာမည်မပြောနှင့် မျက်နှာတောင် သေသေချာချာမသိလိုက်တဲ့သူကို စိတ်ထဲစွဲတုန်း။
ဖုန်းထဲ အမြဲထည့်ထားတက်သည့် သူမပုံလေးတွေကို သီရိထုတ်ကြည့်လိုက်တယ်။ ရေစက်ရှိရင် ဆုံပါရစေလို့တွေးရင်းပေါ့။
________🪔ထိပ်ထား🪔___________
“ဟဲ့ နင်တို့ မှတ်မိသေးလားသီရိမကိုလေ ငါတို့ ဖဲလိမ်ရိုက်တာ....ဟားလူလည်မကြီး ခံသွားရကော”
“နင်တို့ ဖဲသမားတွေလေ ယုတ်မာချက်ကမ်းကုန်။
ငါ့ ဆိုင်ကယ်ဆီဖိုးလေးတောင် ချမ်းသာမပေးကြဘူး”
သီရိရဲ့အဖြေကြောင့် အားလုံးတဟားဟား။တက္ကသိုလ်တက်တုန်းကအတူကဲခဲ့ကြတာ ကျောင်းပြီးသည့်အထိ။ကျောင်းပြီးတော့လဲ ရက်သတ်မှတ်ပြီး ခဏခဏဆုံကြမြဲ။သူတို့အဖွဲ့က တကယ့်ကို ညီသောအဖွဲ့။
ယခုလည်းပဲခူးက ဝတ်ရည်စီစဉ်ပေးတဲ့အိမ်မှာ သီရိတို့ သူငယ်ချင်းတစ်စု တည်းနေကြခြင်းပါ။ မင်္ဂလာပွဲပီးပေမဲ့ မပြန်ကြသေး။ တစ်ပတ်ခန့်နေကြအုန်းမည်ဖြစ်သည်။ မတွေ့တာကြာတော့ စကားတွေက ရေပက်မဝင်ကြ။ ပြောချင်တာတွေပြောလိုက် တဟားဟားအော်ရီလိုက်....ပျော်စရာတော့ အတော်ကောင်းသည်။
ညနေစောင်း နေအရှိန်ကျချိန် ခပ်အေးအေးဘီယာပုလင်းများ အချိုရည်ပုလင်းများနှင့် စားစရာကအစုံအလင်။ ဝတ်ရည်က ဧည့်ဝတ်ကျေရှာ၏။
“ ဝေယံ နင်ကလည်း ဘီယာမသောက်ရတာ နှစ်ဆွေးနေတာကျ။ဖြည်းဖြည်းသောက်ပါဟဲ့”
“အား ဝမ်းသာလွန်းလို့ပါဟ။ဒီလိုဝမ်းသာမှုကို ဂုဏ်ပြုတဲ့အနေနဲ့သောက်တာ”
“အရေးမပါတာ...ကျောင်းကတည်းက ဂျိုးကများ”
ငါးကင်ကို တူလေးနဲ့ဖဲ့ရင်း သီရိစားလိုက်သည်။ ပြီးတော့ အေးစိမ့်နေသော ဘီယာလေးကို ခပ်ဖြည်းဖြည်းသောက်၏။ အေးဆေးစွာ စည်းစိမ်ခံစားနေတုန်း..
“ဒါနဲ့ သီရိနင်ကကော ဘယ်တော့လဲ “
“ဘာကိုတုန်း အစမရှိအဆုံးမရှိ တုံးတိနဲ့”
“ဝတ်ရည်က စွံပြီလေ....ငါတို့ထဲ နင်နဲ့ဆုရှင်းပဲ ရည်းစားမရှိဖြစ်နေတာ။ကျန်တဲ့သူတွေက အကုန်အတွဲတွေနဲ့ ယူတော့မဲ့သူတွေချည်း။လျိုထားရင်လည်း ထုတ်ပြတော့ဟ။”
“မူးနေလားဟမ်။သူတို့ကိုမေးလေ ဘယ်တော့လဲဆိုတာ။ နင်ဒါသက်သက်ကြီး ငါ့ကိုဖဲ့လိုက်တာပဲ”
“အဟမ်း နင်ပြန်မဖြောင့်တော့ဘူးဆိုလည်း ဆုရှင်းလေးကို ...အချင်းချင်းပဲဟာ နာတယ်သာတယ် တွက်မနေနဲ့...”
“ဟဲ့”
ဆုရှင်းရဲ့ဟန့်သံနဲ့ သူငယ်ချင်းအုပ်စုရဲ့ မသတီစရာ ရယ်သံကြီးထွက်လာတယ်။ သီရီ Straight မဟုတ်တာ သူတို့သိကြသည်။သူ့ရဲ့ဖြစ်တည်မှုကို သီရိဘယ်တော့မှဖုံးမထားခဲ့ပါ။သူတို့အဖွဲ့အတွက် ဒါကလည်း ဘာမှမဟုတ်။အကုန်ခေတ်မှီအမြင်ကျယ်သောသူများပင်။နင်ဘယ်သူ့တွဲတွဲ ငါတို့လက်ခံသည်ဆိုသောလူတွေချည်း။
ပြီးတော့ ဆုရှင်းက ကျောင်းတုန်းက သီရိကိုသဘောကျဖူးသည်။ဒါကိုသိတော့ အားတာနဲ့ပို့ကြတော့တာ။ ဒီလိုအချိန်တိုင်း သီရိအနေခက်ရသည်ချည်း။ ဆုရှင်းကိုကား သူငယ်ချင်းထက်ပိုမရ။ သူရင်ခုန်ဖူးခဲ့သူကား တစ်ယောက်ထဲ ယခုချိန်ထိ မပြောင်းလဲ။
“အရင်လိုပဲ အားတာနဲ့ငါနဲ့ဆုရှင်းကို ပို့တာက”
ထိုစဉ်ဆုရှင်းက...
“ဟဲ့ ဇွတ်မပို့နဲ့ ငါ့မှာကောင်မလေး ရနေပြီ”
“ဝိုး...”
“ဟား....မိဆု”
အကုန်တအံ့တဩ။
“ဟုတ်တယ် တွဲနေတာ ခြောက်လလောက်ရှိပြီ။တစ်ရက်ကျသီးသန့်မိတ်ဆက်ပေးမယ်။”
“ဝိုး ဝိုး ဝိုး ဆုရှင်းသန့်တို့တောင်ရည်းစားရသွားပြီကိုး။”
ဝိုင်းကပိုကြွသွားသည်။ဆုရှင်းကို တစ်ယောက်တစ်ပေါက် မေးကြစကြသည်။ ဆုရှင်းက ရှက်ရဲရဲနှင့်ပင် သူ့ကောင်မလေးအကြောင်းကို ပြောပြနေ၏။
“ကဲ ဒါဆို တို့အဖွဲ့ထဲ ခုထိ ဂေါ်မစွံလက်ကျန်က နင်တစ်ယောက်ထဲနော် သီရိ”
“တော်စမ်း ငါ့ဘက်ပဲလှည့်လာတာတွေ”
လက်ဖက်သုပ်တစ်ဇွန်းကိုခပ်ကာ စကားများနေသော သူဇာ့ပါးစပ်ထဲသို့ခွံပေးလိုက်တော့ အကုန်ဝိုင်းရယ်ကြသည်။
“ပါးစပ်တွေပိတ်ကုန်ပြီဟေး”
သူတို့သောက်လိုက် စကားတွေပြောလိုက်ဖြင့် အတော်ကောင်းနေကြပြီဖြစ်၏။ တချို့မိန်းကလေး သူငယ်ချင်းတွေကတော့ မသောက်ကြ။ ထိုအထဲတွင် ဆုရှင်းလည်းပါသည်။ သီရိကတော့ ရီတီတီဖြစ်နေပြီ။
နေဝင်ပြီး ညနက်သည်အထိ သူတို့စကားဝိုင်းမသိမ်း။ အလင်းထိုင်ပြောကြမည့်ဟန်။ တချို့က ခုံပေါ်တွင် အိပ်ပျော်နေကြပြီ။
သီရိလည်းမူးလာပြီမို့ အမူးပြေလိုပြေငြား အပေါ့သွားရန်ထလိုက်၏။
“ဟိတ်....ဒါကဘယ်လဲ...ဒီကထတဲ့သူ အရှုံးနော်။ သူငယ်ချင်းစခန်းအပြတ်”
“ဖယ်စမ်းပါ သူဇာရယ်...သေးပေါက်မလို့ဟ။ ပြန်လာမယ်။”
ယိုင်ထိုးစွာဖြင့် အိမ်သာသွားပြီး ပြန်အလာ....
သူတို့သောက်ရာနေရာသို့မရောက်မှီ...
“သီရိ”
“ဟမ်...အင်း ဆု ရှင်း”
“နင် မနက်ဖြန် ပန်းချီပြပွဲရှိတယ် သွားကြည့်ပါလား”
ပန်းချီ...ဒါဓာတ်ပုံပြီးရင် သူဒုတိယစိတ်ဝင်စားတဲ့အရာ။ ဒါကို ဆုရှင်းကသိသည်။ သူက ပန်းချီကားလေးတွေကို ကြည့်ပြီး အဓိပ္ပါယ်ဖွင့်ရတာကြိုက်တာ။ ဆွဲရတာကြိုက်တာမဟုတ်။
“ရော့”
လက်ထဲထိုးပေးလာတဲ ဖိတ်စာပုံစံကဒ်လေး..
“မနက်ဖြန် သွားလိုက်။ငါပဲခူးသွားတာနဲ့ ပြပွဲနဲ့ကတိုက်တိုက်ဆိုင်ဆိုင်တိုက်နေလို့ ငါ့ကောင်မလေးက ဖိတ်စာပေးလိုက်တာ။ပန်းချီဆရာမက သူ့အစ်မ၀မ်းကွဲ။ငါက သိပ်ဝါသနာမပါတာမို့ ပန်းချီစိတ်၀င်စားတဲ့ နင့်ကိုပေးတာ”
“ကျေးဇူးပဲဟာ။ငါပန်းချီကားတွေ မကြည့်ဖြစ်တာ သိပ်ကြာနေပြီ”
“ငါလည်းသိလို့နင့်ကိုပေးတာပေါ့။နက်ဖြန်သွားလိုက်နော်”
“အေးအေး”
ဆုရှင်းထွက်သွားတော့ ဖိတ်စာကဒ်လေးကို သီရိဖွင့်ဖတ်လိုက်၏။
“ပန်းချီဆရာမ ထားကလျာ”
နာမည်ကို ခပ်ဖွဖွ နှစ်ခါသုံးခါမျှရေရွတ်လျှက်..
________🪔ထိပ်ထား🪔___________
ပြခန်းရှေ့ရောက်သည့်တိုင် သီရိ အစိမ်းသက်သက်
ဖြစ်မနေ။ ။ စာအုပ်ချစ်တဲ့သူက စာအုပ်အများကြီးကို တွေ့လျင်ပျော်သလို ပန်းချီကြိုက်တဲ့သီရိကလည်း ပန်းချီကားတွေ အများကြီးတွေ့ရတော့မှာမို့ စိတ်လှုပ်ရှားရ၏။
ပန်းချီဆရာမသည် နာမည်ကြီးဟန်တူသည်။ လာရောက်ကြသည့် လူတွေကတဖွဲဖွဲ။ ပြခန်းထဲရောက်တော့ နံရံပေါ်က ပန်းချီကားတွေက သီရိအာရုံကို ဆွဲယူသွားတော့သည်။
“ဆရာမက ငယ်ငယ်လေးတဲ့။ နိုင်ငံခြားမှာ အနုပညာကျောင်းတက်ပြီး ပြန်လာတာဆိုလား။ ပန်းချီနဲ့ပတ်သတ်ပြီး ဆုတွေလည်းရခဲ့တယ်တဲ့။တကယ့်ပါရမီရှင်”
ပန်းချီကားကို မကြည့်ပဲ
ပန်းချီဆရာမအကြောင်း
ချီးကျုးနေကြသည့်အမျိုးသမီးကြီးနှစ်ဦး။
သီရိပြုံးရင်းပန်းချီကားတွေ
ဆက်ကြည့်သည်။
သူ့ကားတွေကိုကြည့်ရတာ အလွမ်းအဆွေးတွေပါနေသလိုပဲ။ မလန်းဆန်းလိုက်တာ။
စိတ်ထဲကိုယ်ပါရောလွမ်းလာရသလို။ ။
တစ်နေရာရောက်တော့
“ရောင်းရန်မဟုတ်ပါ” ဆိုတဲ့
ပန်းချီကားတစ်ချပ်။
စစ်သူရဲကောင်းတစ်ဦး၏ပုံ။
အတိအကျဆိုလျှင် အမျိုးသမီးစစ်သူကြီး
မြင်းစီးကာဓားဝင့်နေသည့်ဟန်။
မျက်လုံးများက စူးရှလျှက်မာန်ပါလွန်းသည်ချပ်ဝတ်အင်္ကျီ....မဟူရာရောင်မြင်း။ဆေးသားကအစ တော်တော်ကောင်းသည်မို့ သီရိမျက်လုံးမခွာနိုင်ခဲ့...
“အရှင်”
နားနားက ကြားလိုက်ရတဲ့အသံကြောင့် သီရိကြည့်လိုက်တော့။ ဝိုင်းစက်သော မျက်ဝန်းတစ်စုံကို အရင်သတိထားမိ၏။ဖြောင့်စင်းသောနှာတံ နုထွေးနီရဲသော နှုတ်ခမ်း ။ ဒီမျက်နှာကို ဘေးစောင်း အရမ်းရင်းနှီးခဲ့ဖူးသည်..
“မမ”
ဘာရယ်မဟုတ် လွှတ်ခနဲ့ထွက်သွားတာမို့ မထိန်းလိုက်နိုင်။ သူမကတော့ သီရိကို အခုထိ မျက်လုံးအဝိုင်းသားနဲ့ငေးတုန်း။
“ဟိုလေ...ဒီကားလေးက တကယ်အသက်၀င်တာနော်...ဒီကအစ်မကော ကြိုက်တာလား...”
“နာမည်ဘယ်လိုခေါ်လဲ”
“သီရိ...သီရိပါ”
သူမနှုတ်ခမ်း “O” ပုံသဏ္ဍန်ဖြစ်သွားတာ တွေ့လိုက်ရသည်။ ယခုချိန်ထိ ထိုမမဘာတွေအံ့သြနေလဲ သီရိမသိ။ သူကတော့ရင်ခုန်နေသည်။ သေကိုသေချာသည် ဒါသူ့မမဆိုတာ။အလွတ်ရနေသော မျက်နှာကောက်ကြောင်းနဲ့ ရင်ထဲကခံစားမှုတစ်ထပ်ထဲကျလွန်းသည်။
“သီရိပဲတဲ့လား”
“ဗျာ”
မန်းလေးသူပီပီ ကျွန်တော်တွေ ဗျာတွေသာ သုံးတက်သူမို့။အနည်းငယ်တော့ အမ်းတန်းတန်းနိုင်သည်။
“ ဒီကားကို ဘယ်လိုမြင်လဲ”
“အဲ အဲ့လိုတော့ မသုံးသပ်တက်ဘူးရယ်။ ဒါပေမဲ့ ဒီပန်းချီပြပွဲက အလွမ်းဓာတ်တွေ ချုံနေသလိုပဲ။ ဟီး ဟီး ထင်တာပါ”
သီရိသူ့ဘာသာပြောရင်း ခေါင်းကုတ်သည်။ သူ့စကားကြောင့် မမက အနည်းငယ်ပြုံးသွားဟန်။
သူလည်း ဆရာမထားကလျာ ပရိတ်သတ်လားမသိ။
“အင်း အဲ့အလွမ်းဓာတ်တွေက နောက်ကားတွေမှာ မတွေ့ရလောက်တော့ဘူးထင်တယ်။”
“ဟုတ်လား.....ဒါနဲ့ ဒီကားက ဘာလို့မရောင်းတာလဲမသိဘူးနော်”
“အဲ့တာ ပန်းချီဆရာမက သူ့ချစ်သူကို ရည်ညွှန်းဆွဲထားတာလေ။အဲ့တာကြောင့် မရောင်းတာ”
“ ဪ”
ပန်းချီဆရာမက သူ့ချစ်သူအဖြစ် အမျိုးသမီးစစ်သူကြီး။ သီရိခေါင်းထဲတွင် အတွေးပလုံစီလျှက်။
အာ အာဟုသာတွေးရင်း ခေါင်းငြိမ့်မိသည်။
“ဒါနဲ့လေ ဒီက အစ်မ နာမည်က ဘယ်သူလဲမသိဘူး”
လက်လွှတ်မခံနိုင်ပါဒီတစ်ခါတော့။သီရိနာမည်အမိအရမေးသည်။အရင်တစ်ခါကလို ထပ်လွတ်သွားလို့မဖြစ်တော့။
ကမ်းပေးလာတဲလက်တစ်ဖက်နဲ့အတူ.....
“ပန်းချီဆရာမ ထားကလျာပါ။ တို့ပြပွဲကို လာကြည့်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ မကြာမကြာတွေ့ဖို့လည်း မျှော်လင့်ပါတယ်”
လက်ဖဝါးခြင်းထိလိုက်သောအခါ ရှိန်းတက်ပြီး လှိုက်ဖိုခုန်လာသော ရင်ဘတ်။
နာမည်ကြားလိုက်ရ၍ အံ့သြမိသော အံ့သြမှု။ မကြာမကြာတွေ့မည်ပြောသောကြောင့်
နားမလည်သော်လည်း ကျေနပ်စိတ်
သီရိတွင် ခံစားမှုပေါင်းမျိုးစုံ။ ။
ဆွဲကိုင်ထားသောလက်ကို
အတန်ကြာမလွှတ်မိပါ။
သူမကတော့
ပါးချိုင့်လေးများပေါ်အောင် ပြုံးသည်။
အဓိပ္ပါယ်ဖော်ရခက်သည့် မျက်ဝန်းများနှင့်ပေါ့..
သီရိဒီမှာ လုံးဝအသေချာသိသွားတာတစ်ခုရှိသည်။
သူတကယ်ကြီး ချစ်မိသွားသည်ဆိုတာကို.....
“နောင် သံသရာ အဆက်ဆက်
အရှင်နဲ့ ပြန်လည်ဆုံတွေ့ခဲ့လျှင်
အဦးဆုံး မှတ်မိသူက ထိပ်ထားဖြစ်ပါရစေသား”
ဟံသာဝတီမင်းသမီး၏ မျက်ရည်များကြားက
ဆုတောင်းစကားသည် ယခုပြည့်ခဲ့ချေပြီ.....
ပြီးပါပြီ။ ။
________🪔ထိပ်ထား🪔___________
RenGe-5.6.2019