ကေတုမတီထီးနန်းကိုရသည့်တိုင် သီရိ ကေတုမတီ၏ ရာဇပုလ္လင်ပေါ်မထိုင်ခဲ့။
သူ၏ပိုင်ရှင်ကား သီးသန့်ရှိသည်မလား။
ဒေဝမင်းထင်ကျော်စွာ၏ သစ္စာတော်ခံဟုယူဆရသူများကို ရာထူးကထုတ်ပယ်သည် အကျဉ်းချသည်။ လုပ်သင့်လုပ်အပ်တာများကို အချိန်မဆိုင်းပဲ ချက်ချင်းလုပ်သည်။ သူ့မှာ မပြီးဆုံးသေးသော ကိစ္စများစွာ ကျန်သေးသောကြောင့်ပင်။
ယခင်ကေတုမတီမင်းကြီးကိုကား ဒေဝက ဘုရင့်နန်းဆောင်ဟောင်း၌ လျို့ဝှက်အကျဉ်းချထားသည်ကို သီရိရှာဖွေတွေ့ရှိခဲ့သည်။
သတိုးရာဇမင်းကြီးသည် သီရိကိုတွေ့တော့ အံ့သြသည့်ဟန်တော့သိပ်မပြ။ တစ်ချိန်ပြန်ရောက်လာမှာကို ကြိုသိနေသည့်ဟန်။ပြီးတော့ ဟိုးအရင်ကထက် ပိုပြီးတည်ငြိမ်အေးချမ်းနေခဲ့သည်။ ။
သီရိ၏ဖခမည်းတော်ကို ရိက္ခာတိုက်ဟောင်းထဲတွင် ချုပ်ထားသည်ဟု မင်းကြီးဆီက သတင်းကြောင့် သွားရောက်ရှာဖွေခဲ့ရာ အမှန်ပင် တွေ့ခဲ့ရ၏။ သို့ပေမဲ့ ဖခင်၏ကျန်းမာရေးသည် အရင်လိုမကောင်းတော့။အားပျက်သည့်ဒဏ်ကြောင့် ခန္ဓာကိုယ်သည် အရိုးပေါ်အရေတင်သာ ကျန်ရှိတော့သည်။ မျက်လုံးများသည်လည်း သိပ်ကြည့်ကောင်းဟန်မတူတော့။ ဒေဝသည်ဖခင်ကို အသက်သေသွားလည်း ဂရုစိုက်ဟန်မတူပဲ အကြောင်းကိစ္စရှိ၍သာ မသတ်ပဲထားခဲ့ခြင်းဖြစ်မည်ဟု သီရိတွက်ဆမိသည်။
သီရိလက်များကို အားကိုးတကြီးဆုတ်ကိုင်ပြီး “သမီးတော်” ဟု ခပ်အပ်အပ်ခေါ်လိုက်သော ဖခင်အသံကို သီရိနားမှမထွက် ။ ယခု သမားတော်များထံတွင် ဆေးကုသ မှုခံယူခိုင်းထားရ၏။
ကေတုမတီကို စစ်အောင်နိုင်ပြီး စီမံနေတာ သုံးရက်တိတိရှိနေပြီ။ ဟံသာဝတီအရေးကို သူတမ်းမလုပ်နိုင်သေး။နန်းတွင်းအခြေနေကို ပိပြားအောင်အရင်လုပ်ရသည်။ပြီးတော့ပြည်သူပြည်သားများ။ သူတို့က နဂိုကတည်းက ဒေဝကို အလိုရှိတာမဟုတ်တော့ သိပ်အခက်ခဲပြသနာမရှိ ။ ။ သီရိကိုကြိုဆိုကြသည်ထောက်ခံကြသည်။ ။ သီရိ၏ ရည်မှန်းချက်ကလည်း ဒေဝမင်းထင်ကျော်စွာကို အပြတ်ချေမှုန်းပြီး အားလုံးအေးဆေးသွားလျှင် ယခင် သတိုးရာဇမင်းကြီးကို နန်းပြန်တင်မည်။ သူ၏ ခေါင်းထဲတွင် သူ့အကန့်နှင့်သူ အစီစဉ်တကျ။
“တပ်မှုးချုပ်”
ရာမညဘုရင်၏သမီးတော် ခင်ခင်လေး။သူမက တကယ့်ကိုအားကိုးရတဲ့ စစ်သည်ကောင်းတစ်ယောက် အလားလာရှိသူတစ်ယောက်ဆိုတာကို သီရိတိုက်ပွဲမှာ ခံစားခဲ့ရသည်။
“ပြောပါ ခင်လေး”
“ဟံသာဝတီက သဝဏ်လွှာပို့လိုက်တယ်”
နောက်ဆုံးလှုပ်ရှားလာပြီပေါ့~~
“ဘာတဲ့လဲ ဖတ်ပြပါ”
ခင်ခင်လေးသည် သဝဏ်လွှာကို သေချာစွာဖတ်ပြသည်။ သည်နေရာတွင် သူနှင့်တပ်မှုးချုပ်တင်ရှိတာမဟုတ် ကျန်သည့်အရေးပါအရာရောက်သည့် သူများလည်းရှိသည်။ သူတို့စစ်ဘက်ရေးရာ တိုင်ပင်သည့်အခန်းတွင် စည်းဝေးနေခြင်းသာဖြစ်၏။
“စီးချင်းထိုးမယ်”
သီရိနှုတ်ခမ်းတွန့်ရုံပြုံးလိုက်၏။ ဒေဝစိတ်ပိုင်းဖြတ်ထားသည့်ဟန်.....သီရိကိုလည်းပြိုင်ဖက်ကောင်းလို့သတ်မှတ်ထားပုံရ၏။ အဘယ့်ကြောင့်ဆိုသော်
စီးချင်းထိုးရာတွင် ဂုဏ်ရည်တူအချင်းချင်း လက်ရုံးရည်တူအချင်းချင်း ကျန်းမာသန်စွမ်းသူအချင်းချင်းပဲ စီးချင်းထိုးလေ့ရှိသည်။ ။ အမျိုးသမီးဖြစ်သော်လည်း သီရိ၏ ဂုဏ်ရည်ကား ဒေဝနှင့်မခြားဆိုတာ အသိသာကြီးပင်။
“ကောင်းပြီ.....တိုက်ဆင်ကောင်းကောင်း တစ်စီးပြင်ပေးပါ။ ။ ပြီးတော့ စီးချင်းထိုးမဲ့ တလင်းကို စစ်သည်အင်အား အားလုံးနဲ့ ချီတက်မယ်။ ကျွန်ုပ် အောင်စေရမယ်လို့ ကတိပြုတယ်”
“တပ်မှုးချုပ်ဘေးကင်းပါစေ။ တရားသော စစ်အောင်နိုင်ပါစေ....”
________🪔ထိပ်ထား🪔___________
ရာမညဘုရင်ဆက်သော တိုက်ဆင်ကိုကား သီရိမစီးလိုက်ရ။ အဘယ်ကြောင့်ဆိုသော မြင်းဖြင့်သာ စီးချင်းထိုးမည်ဟု ဒေဝက ထပ်မံအကြောင်းကြား၍။
စစ်တလင်းတွင်တပ်နှစ်တပ် မျက်နှာချင်းဆိုင်တွေ့ကြလေပြီ။ ချပ်ဝတ်တန်ဆာအပြည့်စုံနှင့် အဖြူရောင်မြင်းကြီးကိုစီးထားသူက ဒေဝ။ သူ၏နောက်တွင်တော့ ကိုယ်ရံတော် ပြီးတော့ ရဲမက်ချုပ် ဒီပ။ ပြီးတော့ စစ်သည်တော်များ။
သီရိသည်လည်း မဟူရာရောင် သူ့မြင်းကြီးကိုစီးကာ လက်သုံးတော်ဓားကို ဆုတ်ကိုင်ထားလျှက်။သူ့နောက်တွင်လည်း ဒေဝနည်းတူ များပြားသည့် စစ်သည်တော်များ။ သီရိပြီးလျှင် ဒီတပ်ကြီးကို ဦးစီးမည့် ဒုတိယ တပ်မှုးသည် ခင်ခင်လေး။
စီးချင်းထိုးရာတွင် စည်းကမ်းက မည်သူမှ ဝင်မပါရ။
သမာသမတ်ရှိရမည်။
ခရုသင်းမှုတ်၍ သီရိရော ဒေဝပါ ကွင်းပြင်အလယ်ကို တဖြည်းဖြည်း မြင်းစီး၍လာကြသည်။ စစ်သည်တော်များကတော့ ရပ်မြဲသော နေရာတွင်သာရပ်လျှက် ကျန်ခဲ့၏။
ဓားထက်သူတို့၏ တိုက်ပွဲကားစလေပြီ။ မြင်းကိုအရှိန်တင်ပြီးသည်နှင့် သီရိခါးကို ဒေဝဓားနဲ့လှမ်းပိုင်းလိုက်သည်။ သို့ပေမဲ့ ဓားချင်းထိသံက ချွန်းခနဲ့.....
ဒေဝတစ်ချက်မှ မရပ်နား ဆက်တိုက်လိုက်၍ ခုတ်သည်။ မြင်းနားကိုကပ်၍ ကန်သည်။ သီရိဘက်ကလည်း တန်ပြန်၍ ကာသည်။ မြင်းများသည်လည်း မြင်းကောင်းများဖြစ်၍ သခင်များအလိုကျ။
နှစ်ဖက်စစ်သည်တော်များအသက်မရှုဝံ့ကြ။ အားလုံး၏အာရုံသည် စစ်တလင်း၌ပင်။
“ရား......”
လည်ပင်းကိုပိုင်းလာသော ဓားကိုခါးကော့ နောက်လှန်ချ၍ ရှောင်လိုက်ကာ သီရိ သူ့လက်မောင်းကို ခုတ်ချလိုက်သည်။ ဒေဝလက်တွင် ဓားထိသွားလေပြီ။အနည်းငယ် ဖရိုဖရဲဖြစ်သွားသော်လည်း ဇက်ကြိုးကိုပြန်ဆွဲကာ ထိန်းနေသောဒေ၀။ ဒေ၀တိုက်ကွက်ကို သီရိအကဲခတ်သည်။ဒေ၀ကလောသည် မာန်ပါသည်။ကြမ်းသည်။ထိမိတာနှင့်အသေဆ်ိုသောတိုက်ကွက်များ။
သီရိတိုက်ရင်း ပျော့ကွက်ကိုရှာသည်။
လက်မောင်းတွင် သွေးများကျနေသော်လည်း ဒေ၀၏ဇောက ရပ်မသွား....မြင်းချင်းပူးကာ နံကြားကို ဓားနှင့်ထိုးသွင်း၏။ ပိုမိုပြင်းထန်လာကာ အငြိုးတကြီး။သီရီဓားနှောင့်ဖြင့် သူ့လက်ကောက်ဝတ်ကို ရိုက်ထုတ်လိုက်ကာ ဘယ်လက်ဖြင့် ရင်ညွန့်ကို ထိုးချလိုက်တော့သည်။
ဒေဝမြင်းပေါ်က လန်ကျသွားချေပြီ။ သီရိသူ့လည်မျိုကို ဓားဦးဖြင့် ရွယ်ထားလိုက်သည်။ စီးချင်းတိုက်ပွဲကား ပြီးဆုံးပြီဖြစ်၏။
“ဒုတ်...”
“အ”
“ဒုတ်..”
သီရိ၏ ကျောကို စိုက်ဝင်လာသော မြှားနှစ်စင်း..
သူတို့ညစ်ပတ်ပြီဆိုတာ သီရိသိလိုက်သည်။ ဒေဝ၏ မျက်လုံးတွင် ကောက်ကျစ်မှု.....
“ဟာ...........”
ရွယ်ရုံရွယ်ထားသော သီရိဓားသည် ဒေဝလည်မျိုကို
ပိုင်းချလိုက်သလို သီရိရင်အုံကိုလည်း နောက်ထပ် မြှားတစ်စင်းလာစိုက်၏။ အဆိပ်များလူးထားတာကြောင့် မိုက်ခနဲ့ဖြစ်ကာ သီရိလည်း မြင်းပေါ်မှ ထိုးကျသွားတော့သည်။
ခင်ခင်လေး၏ တိုက်ပွဲစရန်ပေးလိုက်သော အမိန့်ကို သီရိကြားလိုက်သည်။ အဲ့သည်နောက်တော့....
မျက်လုံးထဲတွင် ပြာလဲ့သော ကောင်းကင်ကိုသာမြင်၏။ ဒေဝကို သုတ်သင်လိုက်ရ၍ သူစိတ်အေးခဲ့ချေပြီ။ ဒါပေမဲ့ ကတိမတည်သူ တစ်ဦးအနေနှင့် ထွက်သွားရတော့မှာကိုတော့ စိတ်မကောင်း....
စိတ်ထဲတွင် ထိပ်ထား၏ မျက်နှာကိုမြင်၏။ သူစောင့်မျှော်နေမလား......အသက်ရှုကျပ်လာသလို ဒဏ်ရာက စူးထိုးနာကျင်လာ၏။
“တပ်မှူးချုပ်...အရှင် တောင့်ထားပါ။ ဆေးတပ် ဆေးတပ် နားကို ရောက်လုပြီ”
“တောင်းပန်ပါတယ် ထိပ်ထားရယ်။ ကတိမတည်ပဲ ထွက်သွားမိလို့ တောင်းပန်ပါတယ်”
မဖြောင့်သော စိတ်နဲ့ နောက်ဆုံးထွက်သက်ကို ရှိုက်လိုက်တယ်။
တပ်မှူးချုပ် ဇာတ်လည်ကျသွားလေပြီ။
“တပ်မှုးချုပ်....တပ်မှူးချုပ်.. ...ဟာကွာ....တပ်မှူးချုပ် ကျသွားပြီ”
ဆေးတပ်သား၏ အော်သံနဲ့အတူ ကောင်းကင်က နီရဲရဲ နေလုံးကြီးကို တိမ်မည်းများ ဖုန်းအုပ်သွားပါတော့သည်။ ။
________🪔ထိပ်ထား🪔___________
ကြာကန်ကြီး၏ အနီးတွင်
စောင်းတီးသံသဲ့သဲ့...
ထိုနေရာသည်ကား
ဟံသာဝတီဘုရင်၏ ညီမတော်
စံထိပ်ထားကလျာဦး၏ နန်းဆောင်။
“ဒွေးတော်...”
“ဆို တူတော်"
“ဒွေးတော်က ဘာလို့ ညနေတိုင်း ဒီကြာကန်ဘေးမှာ လာစောင်းတီးတာလဲဟင်။ တစ်စုံတစ်ဦးကို လွမ်းဆွတ်နေတဲ့ဟန်နဲ့။”
အသက် ဆယ့်သုံးနှစ်ခန့်ရှိပြီဖြစ်သော တူ၏စကားကြောင့် ထိပ်ထားပြုံးလိုက်သည်။ အသက်ငယ်ရွယ်သော်လည်း ညဏ်ကောင်းသည် ထက်မြက်သည်။ ဟံသာဝတီ၏ အလားအလာကောင်းသည့် အိမ်ရှေ့စံ။
“တူတော် ပြောသလိုပဲ လွမ်းဆွတ်နေလို့ပေါ့”
“ဒွေးတော်ကို လက်မဆက်တာကြောင့်လား...
သူ့ကို တူတော်ခေါ်ပေးပါ့မယ်။ ဒွေးတော် ဒီလိုလွမ်းဆွတ်နေတာ မကြည့်ရက်လို့”
ကလေးပီပီပြောလိုက်သော စကားလေးကြောင့် ထိပ်ထား သဘောတကျရယ်လိုက်သည်။
သူသာရှိနေသေးရင် ဘယ်နားမှာဖြစ်ဖြစ် ထိပ်ထား မြေလှန်ရှာမှာ ရန်တွေ့မိမှာ။ ဒါပေမဲ့ အမှန်တရားက.....သူမရှိတော့ဘူးလေ။
“သူက ဒီလောကကြီးမှာ မရှိတော့ဘူး တူတော်ရဲ့။
သူက တိုင်းပြည်အကျိုးကို သယ်ပိုးပြီး မြင့်မြတ်စွာ အသက်စွန့်သွားတာလေ။တိုင်းပြည်အပေါ် တာဝန်ကျေပေမဲ့ ဒွေးတော်အပေါ် ကတိမတည်ဘူးကွယ်”
လှိုက်လှိုက်မောမောပြောနေသော ဒွေးတော်ကို အိမ်ရှေ့စံသည် သေချာကြည့်၏။ ပြီးတော့ သူလည်း အလိုက်တသိ ဘာမှဆက်၍မပြောတော့။ ။
“ဆက်တီးပါနော် ဒွေးတော်...တူတော်သွားတော့မယ်။ ။ ဓားရေးလေ့ကျင့်ချိန်မလို့”
နှုတ်ဆက်ထွက်သွားသော် တူဖြစ်သူ၏ကျောကို ထိပ်ထား ငေးရင်း ကျန်ခဲ့သည်။ နှစ်တွေ မည်မျှကြာခဲ့ပြီနည်း။
ကေတုမတီလည်းအေးချမ်းနေသလို ဟံသာဝတီလည်း အေးချမ်းခဲ့ပြီ။ သူ၏ လုပ်ဆောင်ချက်ကြောင့်။
ထိုနေ့က စစ်ပွဲအောင်နိုင်ခဲ့၏ ။ သူကတော့ သိမသွားရှာ။ ပြီးတော့ အရာအားလုံးကနေသားတစ်ကျ။ ခင်ခင်လေးကို သူ၏အစီစဉ်များအားလုံးပြောပြထား၍ ခင်လေးကပင် ထိုသို့စီမံခဲ့၏။
ကေတုမတီတွင် မသေပဲပုန်းရှောင်ကျန်ခဲ့သော မင်းသားငယ်ကို သတိုးရာဇမင်းကြီးက နန်းတင်၏။ ဟံသာဝတီသည်လည်း ဒေဝလက်အောက်မှလွတ်ကာ ထီးနန်းပြန်ရခဲ့သည်။
ထိပ်ထားကတော့ သတင်းကြားကြားချင်း ရူးမတက်ဖြစ်သွားခဲ့ရ၏။ မယုံကြည်၍ ကေတုမတီက သူ၏ဈာပနပွဲကို သွားခဲ့သည်။ သူသည် နောက်ဆုံးခရီးတွင်တောင် ပြုံးနေဟန်။ ထိပ်ထားကို တောင်းပန်နေသည့်ဟန်....
အပြစ်မတင်လိုတော့။ရင်ထဲနာသည် စို့သည်။ရင်ထဲနာကျင်လွန်း၍ မျက်ရည်ပင်မကျ။ အဲ့နေ့က သူတကယ်တောင့်တင်းပြီး အသိစိတ်မဲ့နေခဲ့ဝာာ။
သူနဲ့အတူ ထိပ်ထားနှလုံးသားကပါသွားခဲ့ချေပြီ။
အိမ်ရှေ့စံမင်းသမီးဆိုသောရာထူးကိုလည်း သူစွန့်လွှတ်ခဲ့သည်။အချိန်အများကြီး လျစ်ဟာပြီး သတိလက်လွတ်နေခဲ့သည်။
ဖခမည်းတော်က အစ်ကိုတော်ကြီးနန်းတင်ပြီးသည်နှင့် ထိပ်ထားကို လက်ဆက်ပေးဖို့စီစဉ်သည်။ သို့ပေမဲ့ထိပ်ထား တစ်ဦးထဲနေပါရစေဟု၍ ပြောကာ ငြင်းခဲ့သည်။
သူမဟုတ်သော တခြားမည်သည့်ရင်ခွင်မှာမှ ထိပ်ထားမခိုဝင်လို။ ။ ထိပ်ထားသည် သူ၏အပိုင်ဖြစ်သည်။ တခြားမည်သူတစ်ဦးတစ်ယောက်၏မှ အပိုင်မဟုတ်။
ယခုထိပ်ထားသည် ဟံသာဝတီနန်းတွင်း၏ အကြံပေးအဖြစ် တာ၀န်ထမ်းဆောင်နေသည်။ အမျိုးသမီး ဖြစ်သော်ငြား ဟံသာဝတီ နန်းတွင်းတွင် ထိပ်ထား၏ အရေးပါပုံသည် မသေးခဲ့။ ။သူ့ကို လွမ်းသည့်စိတ်နှင့် ထိပ်ထား ဒီတိုင်းမနေပါ။ ပိုမိုထက်မြက်အောင် တော်အောင်ကြိုးစားသည်။
ပြည်သူတွေ အတွက် အမြဲကောင်းမွန်သော အကြံများကို ပေးနိုင်၍ ထိပ်ထားဂုဏ်သတင်းသည် တခြားတိုင်းပြည်များအထိ မွှေး၏။ တိုင်းပြည်အတွင်း လိုအပ်ချက်များကို ထိပ်ထား အမြဲ မျက်စိဒေါက်ထောက်ရှာသည်။ အစ်ကိုတော် ဘုရင်ကို တင်ပြသည်။ အကြံပေးသည်။
ဟံသာဝတီအတွက် အကောင်းဆုံးပေးဆပ်လို၍။
သူလည်း ထိပ်ထားကို ကြည့်ကာ ဂုဏ်ယူနေစေလို၍။
ရူးမတက်လွမ်းသောအခါ ကြာကန်ဘေး စောင်းလာတီးသည်။ မြှားတံလေးများကို ကိုင်ကြည့်မိတိုင်း သူမြှားပြစ်သင်ပေးတာကို သတိရသည်။ မြင်းစီးသည့်အခါတိုင်းလည်း သူရင်ခွင်တွင်း နွဲ့မှီရင်း မြင်းစီးခဲ့တာကို ထိပ်ထားအမှတ်ရမိသည်။
အမှတ်တရများသည် သူထိပ်ထားကို နောက်ဆုံးပေးခဲ့သော လက်ဆောင်ဖြစ်၏။ထိပ်ထား လက်ကျန်ဘဝကို ထိုအမှတ်တရများကို ပွေ့ဖက်ရင်းသာ ရှင်သန်သွားမည်။ ။သူသည် ထိပ်ထား၏ ရင်ထဲတွင် အမြဲတမ်းဝှက်ထားတော့မည့် ပန်းတစ်ပွင့်....
“ဤသည်ကား
ချစ်သော်လည်း
မပေါင်းဖက်နိုင်ခဲ့သော
ဟံသာဝတီမင်းသမီး၏
အချစ်ဇာတ်လမ်း တစ်ပုဒ်ဖြစ်သည်”
________🪔ထိပ်ထား🪔___________
RenGe-31.5.2019