ဒီနေ့ ကိုကိုက ကုမ္ပဏီကို သွားတာ ခေတ်ကိုပါ ခေါ်သွားသည်။ ကုမ္ပဏီမှာ ခေတ်တို့နှစ်ယောက်ရဲ့ သတင်းက ပေါက်ပြီးသားဆိုတော့ ခေတ်ကို ဟိုလူကြည့်၊ ဒီ လူကြည့်နဲ့ ခေတ်က ပေါ်ပြူလာ ဖြစ်နေတာ။ ကိုကိုက အရင်ဥက္ကဋ္ဌ အဟောင်းနဲ့ ရော၊ မန်နေဂျာတွေနဲ့ပါ ခေတ်ကို တရားဝင် မိတ်ဆက်ပေးသည်။ ဒါပေမယ့် ကိုကို့ အရှိန်အဝါနဲ့ အားလုံးကလည်း ခေတ်ကို တရင်းတနှီး ပြောဆိုနှုတ်ဆက်ကြသည်။
ကုမ္ပဏီမှာ ကိုကိုက မန်နေဂျာတွေနဲ့ အလုပ်လုပ်နေချိန် ခေတ်ကလည်း ဂိမ်းဆော့ရင်းနဲ့ပဲ ညနေရုံးဆင်းသွားသည်။ နောက်လကုန်မှာ မြန်မာပလာဇာမှာ ရေမွှေး Show Room တစ်ခုကို ဖွင့်လှစ်ဖို့ ကိုကိုစီစဉ်နေတာမို့ ညနေရုံးဆင်းလို့ ကုမ္ပဏီကအပြန်မှာ ကိုကိုက မြန်မာပလာဇာကို ဝင်ပြီး Show Room ကို ဝင်ကြည့် သည်။ ကိုကိုက Show Room မှာ လိုအပ်သည်များကို မန်နေဂျာတွေကို မှာကြား နေတာမို့ ခေတ်လည်း ပလာဇာထဲ ဟိုနားဒီနား လျှောက်ကြည့်နေလိုက်သည်။
"ဆုံပြန်တယ်ဟေ့၊ ချီးထုပ်ပဲ "
ခေတ် ကိုယ့်ဘာသာကိုယ် အဝတ်ဆိုင်ထဲမှာ အင်္ကျီတွေ၊ ဘောင်းဘီတွေ ငေးပြီး လိုက်ကြည့်နေတာကို ခေတ်ကို ရည်ရွယ်ချက်ရှိရှိ တမင်ဝင်တိုက်ပစ်သော မိန်းမတစ်ယောက်။
" ဘာလဲဟ .. ဘလိုင်းကြီး "
ဝင်တိုက်သူကို ကြည့်လိုက်တော့ အရင်ဘဝကတည်းက ခေတ်နဲ့ ရန်သူ ဖြစ်လာပုံရသော ဂျူးဂျူး။
"ငါ့အချစ်လေးကို အပိုင်ဖမ်းပြီး နင်က ရေလျှံနေတယ်ပေါ့၊ အချစ်ကလေး ကို ပြောလိုက်၊ ငါ ရေပြတ်သွားလို့ ပိုက်ရှည်ရှည်နဲ့သွယ်ပြီး ရေပြန်ဖြည့်ပေးလို့"
ဘယ်လိုမိန်းမလဲ။ ခေတ်ကို ဘာလာပြောနေတာလဲ။ သူပြောနေတာတွေ ကို နားလည်အောင် ဘာသာပြန်လို့ရတဲ့ အထောက်အကူပြုလောက်တဲ့ Dictionary ခေတ်မှာ မရှိပါ။
"ဒီမှာ ခင်ဗျား ဘာတွေလာပြောနေတာလဲ၊ ဘာတွေ အကွက်ရွှေ့နေတာလဲ "
"Joy က နင့်ကို ဘာမှမပြောပြဘူးလား၊ အေးလေ .. Joy က ငါ့ကို တွဲခဲ့သလို နင့်ကိုလည်း အပျော်တွဲတာ ဖြစ်မှာပေါ့"
"ခင်ဗျား ဘာပြောတယ်၊ ကိုကိုနဲ့ကျွန်တော်က အပျော်မဟုတ်ဘူး "
"အဟက် ..နင်က Joy အကြောင်း ဘယ်လောက်သိလို့လဲ၊ Joy ရဲ့ နာမည်ပြောင်ကိုက ပန်းစားဘီလူး၊ ပန်းမုဆိုးလေ၊ နင်လည်း အစားခံရပြီးပြီ မဟုတ်လား"
"ခင်ဗျား .."
"ဟား ဟား ဟုတ်နေတာပဲ၊ Joy က နင့်ကို အပျော်တွဲတာ သိပြီလား၊ ဘယ်လောက်စားစား ကလေးမှမထွက်တာ .. ဟားဟား"
"ခင်ဗျား ဘာတွေလာပြောနေတာလဲ၊ ကိုကိုက အဲ့လို လူစားမျိုးမဟုတ်ဘူး၊ ဘာလဲ .. ခင်ဗျားက အစားခံချင်တာ ကိုကိုက မစားလို့လား၊ ကိုကို အသန့်ကြိုက်တာ ခင်ဗျား မသိဘူးလား"
"နင် ...နင်.. ငါ့အကြောင်း သိမယ်၊ အေး .. Joy ကို ပြောလိုက်၊ ရေပြန်ဖြည့်ပေးလို့၊ ရေပြတ်လို့ကတော့ ပျော်ပျော်ကြီး ပုဂံဘုရားဖူးထွက်မယ်လို့ ပြောလိုက်"
"ခင်ဗျားဘာသာ ခင်ဗျား၊ ဘုရားဖူးပဲထွက်ထွက် တစ်ကျွန်းပဲထွက်ထွက်၊ ကိုကိုနဲ့ ဘာဆိုင်လို့လဲ"
"Joy က နင့်ကို လူရာမသွင်းလို့ ဘာမှမပြောပြတာပေါ့၊ နင်တို့ အေးအေးဆေးဆေး နေချင်ရင် ငါ့ကို ထိုင်ကန်တော့နေကြ"
"ဒီမှာ ခင်ဗျား ရှင်းရှင်းလင်းလင်း ပြောစမ်းပါ၊ ကိုကိုက ဘာကိစ္စနဲ့ ခင်ဗျားကို ...အာ ..ကျွန်တော်သိပြီ၊ ခင်ဗျား ကိုကို့ကို ငွေညှစ်နေတာလား၊ ကျွန်တော့် အိမ်လိပ်စာကို ကိုင်ထားပြီး ငွေညှစ်နေတာ မဟုတ်လား၊ ခင်ဗျား တော်တော် အောက်တန်းကျတာပဲ"
"အောက်တန်းကျတော့ အပေါ်တန်းကို တက်စရာမလိုဘူးပေါ့၊ နင်တို့နှစ်ယောက် အသက်က ငါ့လက်ထဲမှာ ရှိတာကို မမေ့နဲ့၊ အသက်ရှင်ချင်ရင် ငါ့ကို ရေသာ ဆက်သကြ"
"အဟက်..ခင်ဗျားအကြံ ဒါအကုန်ပဲလား၊ ခင်ဗျား ဒီနေ့ကစပြီး ရေငတ်ပြီး သေစေရမယ်"
"ငါရေငတ်တာ နောက်မှ၊ ငါ့ကိုရေဖြတ်ရင် နင်တို့က ကမ္ဘာနှစ်ခြမ်းကွဲမှာ အရင်"
"ကမ္ဘာနှစ်ခြမ်းကွဲတော့ ကိုကိုရှိတဲ့အခြမ်း ကျွန်တော် နေမှာပေါ့၊ ကိုကိုနဲ့ ကျွန်တော်က စွယ်တော်ရွက်လေ၊ သိတယ် မဟုတ်လား"
"အဟား .. ခေတ် ခေတ်၊ မလောက်လေး မလောက်စားလေး၊ နင်ကများ ငါ့ကိုပုခုံးချင်းလာယှဉ်နေတယ်၊ နင်က စွယ်တော်ရွက်လား၊ ပိန်းရွက်လား၊ မကြာခင် သိရမှာပေါ့"
"ပုခုံးချင်းယှဉ်လည်း ခင်ဗျားရှုံးမှာ၊ ခင်ဗျား အခုတောင် ဒေါက်ဖိနပ် ခုထားရတာလေ"
"သေနာကောင်"
"သွားလိုက်ပါဦးမယ်၊ ခင်ဗျားကို ရေဖြတ်လိုက်ပြီလို့သာ မှတ်လိုက်တော့"
အမြင်ကတ်စရာကောင်းသည့် အဲ့ဒီမိန်းမကို ခေတ် အနိုင်ပိုင်းပြောပစ်ပြီး Show Room ကို ပြန်လာခဲ့သည်။
"တောက် ! ငါနဲ့တွေ့မယ် သူတောင်းစားလေး၊ ကတ်ထဲ ငွေထပ်မဝင်ရင် နင်တို့နှစ်ယောက်ကို ဘယ်အခြမ်းမှ ခုန်ကူးလို့မရအောင် လုပ်ပစ်မယ်"
ခေတ်လည်း Show Room ကို ပြန်ရောက်လာသည်။ ကိုကိုက မန်နေဂျာတွေနဲ့ စကားပြောနေသည်။ ကိုကို့ကို ခေတ် ဒေါသထွက်နေသည်။ ဂျူးဂျူးပြောသလို ခေတ်ကို လူရာမသွင်းတာလား။ အခုဖြစ်နေတဲ့ကိစ္စက ခေတ်တို့ နှစ်ယောက်စလုံးနဲ့ ဆိုင်တဲ့ကိစ္စ။ ခေတ်ကို တိုင်ပင်သင့်တယ်လို့ ထင်သည်။
"ကိုကို မပြီးသေးဘူးလား၊ ပြောစရာရှိလို့"
ကိုကိုတို့အနားကို ခေတ် သွားရပ်ပြီး ကိုကို့ကို ဒေါသထွက်နေတာမို့ ခေတ် အသံခပ်ဆတ်ဆတ်နဲ့ပဲ ပြောလိုက်သည်။
"ခေတ်လေး ဘာဖြစ်လာတာလဲ၊ ကိုကို ဒီမှာ စကားပြောနေတယ်၊ ၅ မိနစ်ပဲစောင့် "
"၁ စက္ကန့်တောင် မစောင့်နိုင်ဘူး ဘဲကြီး၊ အခုပြန်မယ်၊ အခု အိမ်ပြန်မယ်"
မန်နေဂျာ ၃ ယောက်ကလည်း ကိုကိုနဲ့ခေတ်ကို ဟိုလူ့ကြည့်လိုက် ဒီလူ့ ကြည့်လိုက် လုပ်နေကြသည်။
"ခေတ် ..ကိုကို ဒီမှာစကားပြောနေတယ်လို့ ပြောနေတယ်လေ"
"ဟ .. ခေတ်စိတ်ကို သိတယ်နော်၊ ပြော .. အဲ့ဒီလူတွေနဲ့ ပြောနေလိုက်၊ ဒီက ပစ္စည်းတွေ အကုန်ရိုက်ခွဲပစ်မယ်"
ခေတ်လေး ဘာဖြစ်လာတာလဲ။ တစ်ခုခုဖြစ်လာတာသေချာသည်။ အမြဲတမ်း ချစ်စရာကောင်းနေသည့် မျက်နှာလေးက အခုကြည့်ရတာ ဆူနာမီဆန် နေသည်။
"ကဲ..ဂျာကြီးတို့ရေ၊ မနက်ဖြန် ရုံးရောက်မှ ဆက်ပြောတော့မယ်၊ ဒီမှာလေ ကျွန်တော့်ကလေး ဘာတွေစိတ်တိုလာလဲ မသိပါဘူး"
ဂျာကြီးတို့လည်း Weather မကောင်းတာ ရိပ်စားမိကြသည်။ မကြာခင် တိုက်တော့မယ့် VIP မုန်တိုင်းထဲမှာ ကိုယ်တွေပါ အဖျားခတ်မှာ စိုးရသည်မို့....
"ရပါတယ်ဗျာ၊ သူဌေးလေးတို့ ပြန်ကြပါ၊ ကျွန်တော်တို့လည်း ခဏနေ ပြန်ကြတော့မှာ"
"အင်း အင်း .. အဲ့ဒါဆို ကျွန်တော်ပြန်ပြီနော်"
ကိုကို့အရှေ့ကနေ ခေတ် ခပ်မြန်မြန် ခပ်သွက်သွက် ထွက်လာလိုက်သည်။ ကိုကိုက ခေတ်အနောက်က ပြေးလိုက်လာသည်။ ကားတံခါးကို remote နဲ့ လှမ်းဖွင့်ပေးတာမို့ ခေတ်လည်း ကားပေါ် တက်ထိုင်လိုက်သည်။ Driver seat မှာ ကိုကိုဝင်ထိုင်ပြီး ခေတ်ကို ထိုင်ခုံခါးပတ်ကြိုး သိုင်းပတ်ပေးသည်။ ပြီးမှ ကားစက်နှိုးပြီး မြန်မာပလာဇာကနေ အိမ်ကို မောင်းထွက်လာသည်။
"ခေတ်လေး ဘာတွေ စိတ်တိုနေတာလဲ"
အိမ်ပြန်ရောက်တော့မှ ကိစ္စအားလုံးကို ရှင်းမည်မို့ ကိုကို့ကို ခေတ် စကားမပြောပါ။
"ခေတ်လေး ..ဟေ့ ခေတ်လေး .. ခေါ်နေတာ မကြားဘူးလား"
မကြားတာ မဟုတ်။ ကိုကို့ကို စိတ်တိုနေတာမို့ ခေတ်သည် အရှေ့တည့်တည့်တောင် မထိုင်တော့ဘဲ ကားပြတင်းမှန်တွေဘက်ကို ခန္ဓာကိုယ်ကို ဘေးတစောင်းလှည့်ပြီး ထိုင်လိုက်သည်။
♪♪အို ..တစ်ယောက်တည်း သူပဲသိတယ် .. အို .. တစ်ယောက်တည်း သူပဲ ရှိတယ်.. အို ... တစ်ပင်တည်း ရင်မှမှန်းရွယ်.. ချစ်ရသူ နွယ် ♪♪
ချောက် !!!
မကြားချင်ပါ။ အလိုက်ကန်းဆိုးမသိသော အာဇာနည်ရဲ့ အသံကိုလည်း မကြားချင်ပါ။ ကိုကိုက တစ်ပင်တည်း မဟုတ်။ ခေတ်မသိအောင် နှစ်ပင်လိမ်နေတာမို့ FM က လာနေသည့်သီချင်းကို ခေတ် လှမ်းပိတ်ပစ်လိုက်သည်။ ကိုကို့မျက်နှာကို မမြင်ရသည့် ကားမှန်ဘက်ခြမ်းကို ပြန်လှည့်နေလိုက်သည်။
"ခေတ်လေး ကိုကို ဘာလုပ်မိလို့လဲ၊ တစ်ခုခုပြောဦး"
Joy ဘယ်လောက်မေးမေး ခေတ်က မဖြေသည့်အပြင် မျက်နှာလေးပါ မမြင်ရတော့အောင် ဟိုဘက်ခြမ်းကို လှည့်ထိုင်နေသည်။
"Joy ရေ၊ အိမ်ပြန်ရောက်ရင် ၁ နာရီ ၁၅၀၀ မိုင်နှုန်းနဲ့ တိုက်တော့မယ့် VIP မုန်တိုင်းထဲ မလွင့်ပါသွားရအောင် မြဲမြဲသာ ကိုင်ထားပေတော့"
ကိုကိုက ကားမောင်းနေရင်း ခေတ်ကို ကြည့်ကာ ရေရွတ်သံကို ခေတ် ကြားသည်။ ခေတ်ကလည်း စောင်အဘိုးကြီးကို စကားမပြောချင်လို့ စိတ်ထဲက ပြန်ပြောလိုက်သည်။ တစ်ပင်တည်း မဟုတ်ဘူး။ နှစ်ပင်တောင် နွယ်ထားမှတော့ စောင်အဘိုးကြီး မြဲမှာပါ။ အဲ့ဒီမုန်တိုင်းထဲ။
မြန်မာပလာဇာမှအပြန် အိမ်ပြန်လမ်းတစ်လျှောက်မှာ ကားပေါ်မှာ စကားမပြောဖြစ်ကြဘဲ တိတ်ဆိတ်နေကြသည်။ ကွန်ဒိုကို ပြန်ရောက်ချိန်မှာ ကိုယ့်ရဲ့ အသည်းတစ်ခြမ်း ခေတ်ဆီက ပထမဆုံးထွက်ကျလာသော အသံခပ်ဆတ်ဆတ်နှင့် လှမ်းပြောသော စကားတစ်ခွန်းကို Joy ကြားလိုက်ရသည်။
"ဘဲကြီး အဲ့ဒီအိတ် ဒီကိုပေး"
Joy မချိုမချဉ်ပြုံးပြီးသာ သားရေလက်ဆွဲအိတ်ကို ခေတ်ကို ပေးလိုက်သည်။ ခေတ်က မျက်စောင်းတစ်ချက် ဝင့်ချီပြကာ ဘောက်ဆတ်ဆတ် လျှောက်လို့ ဓာတ်လှေကားထဲကို ဝင်သွားသည်။ Joy ပြုံးလိုက်သည်။ ခေတ်က အဲ့ဒီလိုကောင်လေး။ Joy အပေါ် ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ကောက်နေနေ၊ သူလုပ်ရမယ့်အလုပ်တွေကို မပျက်မကွက် လုပ်ဆောင်ပေးသော ကောင်လေး။
"ခေတ် ခဏနေဦးလေ..ကိုကို့ကို စောင့်ဦး"
ဘယ်လို ကောင်လေးပါလိမ့်။ ဒီကောင်လေးက ကိုယ့်ထက် လူကောင်သေးပါလျက်နဲ့ ဒေါသထွက်နေချိန်ဆို ဒီကောင်လေး လှမ်းသွားတဲ့ခြေလှမ်းတွေက ကိုယ့်ထက် ပိုမြန်နေတတ်သည်။
"စောင့်ပါဦးလို့ ပြောနေတာကို ကိုကို့ အာပေတူးက ဘာတွေများ စိတ်ကောက်နေတာလဲ"
ကိုကို စကားလာပြောတာကို ခေတ် မသိချင်ယောင်ဆောင်လိုက်သည်။ ခေတ်တို့ အိမ်ကိုပြန်ရောက်တာနဲ့ Laptop ထည့်ထားတဲ့ လက်ဆွဲအိတ်ကို စာကြည့်ခန်းထဲ သွားထားပေးပြီးတာနဲ့ အိမ်ရှေ့ဧည့်ခန်းကို ပြန်ထွက်လာလိုက်သည်။
"ကိုကို့ကို ဘာတွေ စိတ်တိုနေတာလဲ ခေတ်လေးရာ၊ ကိုကို ဘာလုပ်မိလို့လဲ"
ကိုကိုက ဗြောက်အိုးကို မီးခြစ်ခြစ်လိုက်တာမို့ ခေတ်က ထပေါက်ကွဲချင်နေတာနှင့် ကွက်တိပင်။ ဂျူးဂျူးက ခေတ်ကို ပြောခဲ့တဲ့ စကားအတိုင်း ကိုကို့ကိုလည်း အသံခပ်ဆတ်ဆတ်ဖြင့် ပြန်မေးဖြစ်သည်။
"ခေတ်ကို အပျော်တွဲနေတာလား၊ ဘဲကြီး စားသုံးလိုက်တိုင်း ခေတ်က ကလေးမထွက်လို့လား"
"ဟာ .. မဟုတ်တာ၊ ကိုကို့ကို ဘယ်လိုတွေ ပြန်ပြောနေတာလဲ၊ ဘယ်သူက ခေတ်ကို ဒီလိုသွေးခွဲစကားမျိုး ပြောလိုက်တာလဲ"
"ခေတ် မေးတာကိုသာ ဖြေဗျာ၊ ဘဲကြီးက ခေတ်ကို အပျော်တွဲနေလို့ လူရာမသွင်းတာလား ပြော"
"ဘာတွေပြောနေတာလဲ၊ ခေတ်ကို လူရာမသွင်းရင် ကုမ္ပဏီကို ခေါ်သွားစရာ အကြောင်းမရှိဘူး၊ ခေတ်ကို လူရာသွင်းလို့ ကုမ္ပဏီက လူတွေနဲ့ မိတ်ဆက် ပေးတယ်လေ"
"အဲ့ဒါဆို ခေတ်ကို ဘာလို့ ဖုံးကွယ်ထားတာလဲ၊ ခေတ်က သူများပြောမှ သိရအောင် အဲ့ဒီလူလောက် အရေးမပါလို့လား၊ ဘဲကြီးရင်ထဲမှာ ခေတ်က ဘယ် နေရာမှ မရှိဘူးလား၊ ဘဲကြီး စားသုံးလိုက်တိုင်း ဘယ်ကလေးမှ ထွက်မလာလို့ ခေတ်ကို တန်ဖိုးမထားတာလား ပြော"
"ဘာကိုလဲ ခေတ်ရာ၊ ကိုကို့ကို စကားလုံးတွေနဲ့ မသတ်စမ်းပါနဲ့၊ ခေတ်ကို အရေးပေးလို့ အလေးထားလို့ကို VIP ရာထူးကို ပေးထားတာ "
"အဲ့ဒါဆို ဘာလို့ ခေတ်ကို ဖုံးကွယ်ထားတာလဲ"
"ဘာကို ဖုံးကွယ်ရမှာလဲ၊ ဘာကို ပြောနေတာလဲကွာ၊ ဘယ်လိုဖြစ်နေတာလဲ ခေတ်ရာ"
"ဘာကို ဘယ်လိုဖြစ်ရမှာလဲ၊ ဘဲကြီး ဟိုမိန်းမကို ခေတ်မသိအောင် နောက်ကွယ်မှာ စပွန်ဆာ ပေးနေတဲ့ကိစ္စ၊ ရေဖြန်းနေတဲ့ကိစ္စလေ"
"ရေဖြန်းတဲ့ ကိစ္စဟုတ်လား၊ အဲ့ဒီကိစ္စကို ခေတ် ဘယ်လိုသိတာလဲ"
"ဘဲကြီးက ခေတ်ကို ဘေးချိတ်ထားလို့ ခေတ်က သူများပြောမှ သိရတဲ့ ဘဝကို ရောက်နေတယ်၊ ဘဲကြီးက ခေတ်ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မှတ်ရဲ့လား၊ ဘာကိစ္စနဲ့ အဲ့ဒီမိန်းမကို ရေဖြန်းနေတာလဲ၊ ခေတ် အဲ့ဒါကို လုံးဝမကျေနပ်ဘူး"
"ရေက ဖြန်းချင်လို့ ဖြန်းတာ မဟုတ်ဘူး ခေတ်ရဲ့၊ ကိုကို ခေတ်နဲ့ မဝေးချင်လို့"
"အဲ့ဒီကိစ္စက ခေတ်တို့နှစ်ယောက်စလုံး ကိစ္စလေ၊ ခေတ်ကို တိုင်ပင်သင့်တာပေါ့၊ အခုဟာက ဘဲကြီး ကိုယ့်သဘောနဲ့ကိုယ် လုပ်နေတာ၊ ဘဲကြီးကို မကျေ နပ်ဘူး၊ အဲ့ဒီမိန်းမနဲ့ ပြန်ပတ်သက်ချင်နေတာလား၊ ခေတ်က ဘဲကြီးကို ဘာမှမပြုစုပေးနိုင်လို့၊ ခေတ်ခန္ဓာကိုယ်ကလည်း ဘာမှမက်စရာမရှိ၊ ပြားကပ်နေလို့ မဟုတ်လား ပြော"
"မဟုတ်တာ ခေတ်ရာ၊ အဲ့ဒီမိန်းမကို ပြန်ပတ်သက်စရာလား၊ အဲ့ဒီမိန်းမကို ရေဖြန်းတယ်ဆိုတာက အဲ့ဒီမိန်းမက ပြဿနာကို မီးမွှေးနေလို့၊ ခေတ်ကို စိတ်ဆင်းရဲအောင် မလုပ်ချင်လို့"
"ခေတ်ကို စိတ်မဆင်းရဲစေချင်တာနဲ့ အဲ့ဒီမိန်းမကို ရေဖြန်းနေတော့မှာလား၊ ခေတ်တို့က သူတောင်းလာတိုင်း တစ်သက်လုံး ဆက်ကြေးပေးနေရမှာလား"
"သူတောင်းတဲ့ပိုက်ဆံကို ပေးပြီးရင် သူ့ဆီမှာရှိနေတဲ့ ကိုကိုတို့ရဲ့ ဓာတ်ပုံတွေကို ပြန်ယူလိုက်ရင် ပြီးပြီလေ"
"ဓာတ်ပုံဟုတ်လား၊ ဘာဓာတ်ပုံလဲ၊ ခေတ် ဘာမှမသိဘူး၊ ဘာဓာတ်ပုံတွေလဲ"
"ခေတ် မှတ်မိလား၊ ရုပ်ရှင်ရုံမှာတုန်းက ခေတ် ကိုကို့ကို ဂျူးဂျူးအရှေ့မှာ နမ်းခိုင်းတာလေ၊ အဲ့ဒါကို ဂျူးဂျူးက ဓာတ်ပုံရိုက်ထားတယ်၊ ပြီးတော့ လေယာဉ်ပေါ်က ဓာတ်ပုံတစ်ပုံလည်း ရှိသေးတယ်၊ အန်ကယ့်ကို သွားပြမယ်ဆိုပြီး ခြိမ်းခြောက်နေတာ"
"အဲ့ဒါနဲ့ ဘဲကြီးက သူတောင်းတဲ့ပိုက်ဆံကို ခေတ်မသိအောင် ပေးလိုက်တယ်ပေါ့"
"မပေးရင် အဲ့ဒီမိန်းမက ကိုကိုတို့ကို ဒုက္ခပေးမှာ၊ ခေတ်လည်း သိတယ် မဟုတ်လား"
"ပေးပြီးရင် ထပ်မတောင်းတော့ပါဘူးလို့ သူ့လောဘကို အာမခံနိုင်လား ပြော"
"အဲ့ဒါကတော့ ခေတ်ရာ"
"အဲ့ဒါပဲလေ ခေတ်တို့က ဘာလို့ သူထိန်းချုပ်တာ ခံနေမှာလဲ"
"အဲ့ဒီလိုမလုပ်ရင် ခေတ်အဖေအကြောင်း ခေတ်အသိဆုံး မဟုတ်လား၊ ခေတ်အဖေ ကိုကို့ကို ခါးခါးသီးသီး ဖြစ်နေတာလေ"
"အားလုံးကို ရင်ဆိုင်မယ်၊ ခေတ် အားလုံးကို ရင်ဆိုင်မယ်၊ ဖေဖေ့ကို ရင်ဆိုင်မယ်၊ ခေတ်တို့က ဘယ်သူမှမသိအောင် ဖုံးကွယ်နေတော့ရော ဘယ်လောက်ကြာကြာ ဖုံးကွယ်နိုင်မှာမို့လဲ"
"ခေတ်ပဲ အန်ကယ်သိသွားရင် ကိုကိုနဲ့ နေ့ချင်းညချင်း ဝေးရမှာ ကြောက်တယ်ဆို"
"ဟုတ်တယ်၊ ဘဲကြီးနဲ့ ဝေးရမှာ ကြောက်တယ်၊ ဒါပေမယ့် အခုကိစ္စက ရှောင်လွှဲလို့မှ မရတာ၊ ခေတ် ဖေဖေ့ကို ရင်ဆိုင်မယ်"
"ကိစ္စက ထင်သလောက် မလွယ်ဘူး၊ အဘိုးကြီးက ကိုကိုတို့ကို သဘောတူမယ်များ ထင်နေသလား"
"ဖေဖေ သဘောမတူပေးလည်း အနည်းဆုံး အဖြစ်မှန်သိသွားရင် ခေတ်တို့က ဘာကိုမှ ဖုံးကွယ်စရာ မလိုတော့ဘူးလေ"
"အဖြစ်မှန်ကို သိသွားမှတော့ ကိုကို့ရင်ခွင်ထဲကနေ ခေတ်ကို ဆွဲထုတ်တော့မှာပေါ့၊ ခေတ်မရှိရင် ကိုကို မရှင်သန်နိုင်ဘူး"
"ခေတ်ကလည်း ဘဲကြီးကို တစ်ယောက်တည်း မရှင်သန်ခိုင်းပါဘူး၊ ခေတ်တို့က ဂျူးဂျူးကို ရေဖြန်းနေတော့ရော အဖြစ်မှန်က အဖြစ်မှန်ပဲလေ၊ အမှန်တရားဆိုတာ ဖုံးကွယ်လို့မှမရတာ၊ အဲ့ဒီတော့ အဲ့ဒီမိန်းမကို ရေဖြန်းနေတာကို ရပ်ပါ၊ အဲ့ဒီမိန်းမနဲ့ ထပ်ပတ်သက်ရင် ခေတ်နဲ့ အပြတ်ပဲ"
"အဲ့ဒီမိန်းမကို ရေဖြတ်လိုက်ရင် ကိုကိုနဲ့ ခေတ် ဝေးရမှာပေါ့"
"ခေတ်ပြောနေတယ်လေ၊ ဘဲကြီးကို မထားခဲ့ပါဘူးလို့၊ ဖေဖေသိသွားရင်တောင် မထားခဲ့ဘူးဗျာ၊ ကိုကို စိတ်ချ"
"အေး .. ထားခဲ့ရင်လည်း ဒီကောင် သေပြီလို့သာ မှတ်လိုက်၊ အရမ်းကို အိမ်ပိုင်နေတဲ့ဂေါ်လီဆိုတော့ လုပ်လိုက်လေ၊ လုပ်ချင်ရာလုပ်"
ဘုန်း !!
ဘာလဲဟ။ စကားများကြတုန်းက ခေတ်က စိတ်တိုနေတာ။ ပွဲပြီးချိန်မှာ ကိုကိုက သူဝတ်ထားသော ကုတ်အင်္ကျီကို ဆွဲချွတ်ပြီး ကြမ်းပြင်ပေါ်ကို အားနဲ့ ပစ်ပေါက်ချကာ အိပ်ခန်းထဲကို ဝင်သွားသည်။ အခြေအနေတွေက ပြောင်းပြန် ဖြစ်ကုန်သည်။ အခုဟာက ကိုကိုစိတ်တိုနေတာကို ခေတ်က ပြန်ချော့ရမယ့် အလှည့်လား။ ကြမ်းပြင်ပေါ်ကို ပစ်ပေါက်ချသွားတဲ့ ကုတ်အင်္ကျီကို ကောက်ယူပြီး အဝတ်လှန်းစင်မှာ ပြန်ချိတ်ပေးရန် ခေတ်လည်း ကိုကိုဝင်သွားသော အိပ်ခန်းထဲကို ဝင်လာလိုက်သည်။ အိပ်ခန်းထဲကိုရောက်တာနဲ့ ကြမ်းပြင်ပေါ်မှာ ပစ်ချထားသော ရှပ်အင်္ကျီကို ထပ်တွေ့ရလို့ ထပ်မံကောက်ယူလိုက်သည်။
ကိုကိုက ကုတင်ဘောင်ကို ကျောမှီပြီး ကြမ်းပြင်ပေါ်မှာ ထိုင်နေသည်။ ရှပ်အင်္ကျီကို ဆွဲချွတ်ပစ်ထားတာမို့ ခန္ဓာကိုယ်အပေါ်ပိုင်းက ဗလာကျင်းနေသည်။ ကိုကို့မျက်နှာကလည်း သုန်မှုန်နေသည်။ ကိုကိုက ငွေရှိသူမို့ ကိစ္စတစ်ခုကို ငွေနဲ့ ဖြေရှင်းတာကို ခေတ် နားလည် ပေးနိုင်သည်။ ဒါပေမယ့် လူတွေရဲ့ လောဘကြောင့် ခေတ်တို့တွေ ဆက်ကြေးပေးနေမှ အသက်ရှင်ရမယ့်အဖြစ်မျိုး အရောက်မခံနိုင်ပါ။ အားလုံးစဉ်းစားပြီးသားပါ။ အနှေးနဲ့အမြန် ဖေဖေသိသွားမှာပဲမို့ အရာရာအားလုံးကို ဆုံးရှုံးရရင်တောင် ကိုကို့ကို ဖက်တွယ်ထားမိမှာ။ ခေတ်က ကိုကိုပြောသလို အိမ်မပိုင်တဲ့ ဂေါ်လီဖြစ်နေပေမယ့် ကိုကို့ကိုတော့ ပိုင်ချင်သည်။
"အဲ့ဒါ ဘာဖြစ်သွားတာလဲ၊ ကိုကို့ကို မထားခဲ့ဘူးလို့ ခေတ် ပြောပြီးသားလေ၊ ခေတ်ကို မယုံဘူးလား"
ကုတင်ဘောင်ကို ကျောမှီပြီး ကြမ်းပြင်ပေါ် ခြေဆင်းထိုင်နေတဲ့ ကိုကို့ပေါင်ပေါ်ကို ခေတ်လည်း တက်ခွထိုင်လိုက်သည်။ ကိုကို့ကို စချော့ဖို့အတွက် intro ဝင်ရသည်။
"ခေတ်ကို မယုံတာမဟုတ်ဘူး၊ အဘိုးကြီးကို မယုံတာ၊ အဲ့ဒီအိမ်က တစ်ဝဂူပဲ၊ ခေတ်ကို ပြန်ခေါ်သွားပြီးရင် ပြန်ထွက်ဖို့ လမ်းမရှိတော့တဲ့ တစ်ဝဂူ၊ ပြန်လမ်းမဲ့ဂူပဲ"
"ခေတ်ကိုယုံတယ် မဟုတ်လား၊ ခေတ်ကို ယုံတယ်ဆိုရင် လုံလောက်ပြီ၊ အဲ့ဒီအိမ်က ပြန်လမ်းမဲ့ဂူ ဆိုရင်တောင် ဂူဖောက်ပြီး ကိုကို့ဆီကို ခေတ်ပြန်လာမယ်"
ခေတ်ပြောတာတွေ ကိုကို မယုံဘူးလား။ ကိုကိုက နှုတ်ခမ်းကို မဲ့ပြုံးလိုက်သည်။
"ထွက်သွားဖို့ အစီအစဉ်ရှိတဲ့ သူတွေက အဲ့ဒီအတိုင်း ပြောပြီး ထွက်သွားကြတာပဲ၊ ကိုယ်ရူးတာကို မြင်ချင်ရင် ထွက်သွားလေ"
"ခေတ်က တခြားလူတွေနဲ့ မတူဘူး၊ တခြားလူတွေနဲ့ ခေတ်ကို မရောပါနဲ့"
"မင်းလည်း ကိုယ့်ကိုချန်ထားခဲ့ဖို့ စဉ်းစားတဲ့အထဲမှာ ပါသွားပြီလေ ခေတ်၊ မင်းလည်း တခြားလူတွေလိုပါပဲ၊ ဟား ဟား ဟား၊ နောက်ဆုံးတော့ ဒီအိမ်ကြီးထဲမှာ ကိုယ်တစ်ယောက်တည်းပဲ၊ တစ်ယောက်တည်းနေပြီး တစ်ယောက်တည်း သေမယ် ..ဟား ဟား ဟား .. ဟား ဟား ဟား"
ဘုရားရေ။ ကိုကို ဟိုတစ်ခါလို စိတ်လွတ်သွားတာလား။ ကိုကို ခြောက်ကပ်ကပ်အသံနှင့် အော်ရယ်နေတာများ အရူးတစ်ယောက်လိုပဲ။ ခေတ် အရမ်း စိုးရိမ်သွားသည်။
"ကိုကို .. ကိုကို သတိထားဦးလေဗျာ၊ ကိုကို့ကို မထားခဲ့ပါဘူး၊ ကိုကို့ကို ထားခဲ့မိရင် သွေးအန်ပြီး သေပါစေ၊ ခေတ် သစ္စာဆိုတယ်"
ကိုကို့ပုခုံးကို ခပ်ကြမ်းကြမ်း ကိုင်လှုပ်ပစ်ပြီး ပြောလိုက်တဲ့အခါ အော်ရယ်နေတာ ရပ်သွားပြီးနောက် ခေတ်ကို နာကျည်းသလို မျက်လုံးများဖြင့် ကြည့် လာသည်။ ကိုကို့အကြည့်တစ်ချက်က ခေတ်ရဲ့ အသည်းနှလုံးကို တက်နင်းထားသလို နာကျင်စေမိသည်။
"သစ္စာဆိုတယ်ဟုတ်လား၊ အဲ့ဒီသစ္စာက ဘာလုပ်လို့ရမှာလဲ၊ မင်း ကိုယ့်ကို ထားခဲ့ချင်တာ မဟုတ်လား၊ သွား .. အခုထွက်သွားတော့"
ကိုကို့ပေါင်ပေါ်ကို ခွထိုင်နေတဲ့ခေတ်ကို ရုတ်တရက် တွန်းချပစ်ပြီး မတ်တပ်ထရပ်သည်။ ခေတ် တကယ်ကို အံ့သြသွားမိသည်။ ကိုကိုဆိုတဲ့ လူမျိုးက ခေတ်ကို သူ့ရင်ခွင်နဲ့ နီးလာအောင်သာ ဆွဲသွင်းတတ်တဲ့လူမျိုး။ အခုတော့ ဆန့်ကျင်ဘက်။ ခေတ်ကို ကိုကို့လက်တွေနဲ့ တွန်းထုတ်ပစ်နေသည်။ ခေတ်ကို နာကျည်းသွားပြီလား။ ကိုကို့နှလုံးသားတွေ နာကျင်နေရသလို ခေတ်လည်း နာကျင်ရပါတယ် ကိုကိုရယ်။
"မဟုတ်ဘူး၊ ခေတ် ကိုကို့ကို ချစ်တယ်၊ ခေတ် ထွက်မသွားနိုင်ဘူး"
ခေတ်က ဘာလို့ ကိုကို့အနားက ထွက်သွားရမှာလဲ။ ဖေဖေသိသွားတဲ့ အချိန်ကျမှသာ ခေတ်ကို ဒီအိမ်က ခေါ်ထုတ်သွားရင် ကိုကို့ဆီ မရောက်ရောက်အောင် ပြန်လာမယ်လို့ ပြောမိတာပါ။ အခုကတည်းက ခေတ် ထွက်သွားမယ်လို့ မပြောမိပါဘူး။ ကိုကို ဘာလို့ ခေတ်ကို အခုကတည်းက တွန်းထုတ်ချင်နေတာလဲ။
"သွားလေ..သွား ..အခုထွက်သွား၊ အချိန်တန်ရင် ထွက်သွားမှာပဲ မဟုတ်လား၊ ဒီတိုက်ခန်းကြီးထဲမှာ ဒီကောင်တစ်ယောက်တည်းပဲ၊ အရင်တုန်းကလည်း ဒီကောင်တစ်ယောက်တည်းပဲ .. ဟား ဟား ဟား "
ဟင့်အင်း။ ကိုကို ရူးသွားတာလည်း မလိုချင်ပါ။ ကိုကို့ကိုလည်း အရူးမခံနိုင်ပါ။ ခေတ် ဒူးထောက်ပြီး ကိုကို့ဒူးခေါင်းတွေကို ဖက်တွယ်ပြီး ငိုချလိုက်သည်။
"ခေတ် မသွားနိုင်ဘူး၊ ခေတ်ကို မတွန်းထုတ်ပါနဲ့၊ ကိုကို့ကို ချစ်တယ်၊ ခေတ်ပြောတာ အခုမဟုတ်ဘူး၊ ဖေဖေ လာခေါ်တဲ့အချိန်ရောက်မှ ပြောတာ၊ ဒါပေမယ့် ကိုကိုစိတ်ချပါ၊ ခေတ် အားလုံးကို စွန့်လွှတ်ပြီး ကိုကို့ဆီပဲ ပြန်ပြေးလာမှာပါ"
"ဒီအိမ်ထဲမှာ ကိုကိုတစ်ယောက်တည်း မဟုတ်ပါဘူး၊ ခေတ်လည်း ရှိမယ်၊ ဆိုးလ်နဲ့ ဂျယ်ဂျူလည်း ရှိမယ်၊ ကိုကိုတစ်ယောက်တည်း မဟုတ်ပါဘူး၊ ခေတ် အစွန့် ပစ်ခံရရင်တောင် ကိုကို့ကို လက်မလွှတ်ဘူး၊ ကိုကို့ကို ခေတ် အရမ်းချစ်တယ်၊ အဲ့ဒါ မှန်သောစကားပါ၊ ခေတ် သစ္စာဖောက်မိရင် သွေးအန်ပြီး သေပါစေ"
"အင့် အီးဟီး"
ကိုကိုသည် မှိုင်းညို့နေသော မျက်ဝန်းများဖြင့် သူ့ဒူးခေါင်းတွေကို ဖက်တွယ်ပြီး ငိုနေသော ခေတ်ကို ခေါင်းငုံ့ကြည့်လာသည်။ ခေတ်ရဲ့ ပုခုံးနှစ်ဖက်ကို ပြန်ဆုပ်ကိုင်ပေးလာလို့ ခေတ်လည်း မတ်တပ်ထရပ်လိုက်သည်။ ကိုကို့မျက်နှာသည် နွမ်းဖျော့မှိုင်းလျော့ မနေတော့ဘဲ အလင်းရောင် ပြန်သမ်းလာသည်။
"တကယ်ပြောတာလား၊ မိဘတွေကို စွန့်လွှတ်ပြီး ကိုကို့ဆီ ပြန်လာပေးမယ်ဆိုတာ တကယ်လား"
"တကယ်ပြောတာ ကိုကို၊ ခေတ် အားလုံးကို စွန့်လွှတ်ရရင်တောင် ကိုကို့ကို ဖက်တွယ်ထားမှာ၊ အားလုံးနဲ့ လဲတယ်၊ မိဘတွေ စွန့်ပစ်တာသာ ခံရရင် ခေတ်ကလည်း တစ်ကောင်ကြွက်၊ ကိုကိုကလည်း တစ်ကောင်ကြွက်ပဲ၊ ကြွက်နှစ်ကောင် ဒီအိမ်ထဲမှာ ပျော်ပျော်ရွှင်ရွှင် ပြန်နေကြမယ်"
"တကယ်နော် ခေတ်၊ ကိုကို့ကို မလှည့်စားနဲ့နော်"
"ဟင့်အင်း၊ မလှည့်စားတတ်ပါဘူး၊ ကိုကို့ကို ချစ်ပဲ ချစ်တတ်တာ"
ကိုကို့မျက်နှာက ပြုံးယောင်သမ်းလာပြီး ခေတ်ကို ရင်ခွင်ထဲ မြုပ်နေအောင် သိမ်းသွင်းဆွဲဖက်လာသည်။ နွေးထွေးလှသော ကိုကို့ရင်ခွင်။ အရာအားလုံးကို စွန့်လွှတ်ရရင်တောင် ကိုကို့ရင်ခွင်ထဲမှာ မှေးစက်ချင်သည်။ အချစ်သည် လူကို အရူး တစ်ပိုင်းဖြစ်စေသည်။
"ကိုကို အရမ်းဝမ်းသာတာပဲ၊ ဒီအိမ်ထဲမှာ ကိုကိုတစ်ယောက်တည်း မဟုတ်တော့ဘူးပေါ့နော်၊ ဘေဘီလေးတွေပါ ရောက်လာရင် ကိုကိုတို့မိသားစု လေးယောက် ဖြစ်သွားပြီပေါ့နော်"
"ဒါပေါ့ကိုကိုရဲ့၊ ဒီအိမ်ထဲမှာ ခေတ်တို့မိသားစု လေးယောက် ပျော်ပျော်ရွှင်ရွှင်နေကြမယ်နော်၊ ခေတ်ကကိုကို့အတွက် ပျော်ရွှင်စရာနေ့ရက်တွေပဲ ဖန်တီးပေးမှာ"
"ခုနတုန်းက ခေတ်လေး ဘေဘီလေးတွေ နာမည်ကို ပြောလိုက်တယ်လေ၊ အဲ့ဒါ ကိုကို့ကို ပြန်ရွတ်ပြ"
"ဆိုးလ်နဲ့ ဂျယ်ဂျူလား ကိုကို"
"အင်း ..ဟုတ်တယ်၊ အဲ့ဒါ ဘေဘီလေးတွေရဲ့ နာမည်လား"
"ဟုတ်တယ် ကိုကို၊ အရင်ထွက်လာတဲ့ ဘေဘီကို ဆိုးလ်လို့ နာမည်ပေးမယ်၊ နောက်မှထွက်လာတဲ့ ဘေဘီကို ဂျယ်ဂျူလို့ နာမည်ပေးမယ်"
"ခေတ်လေးက ဘေဘီလေးတွေကို ဘာလို့ ကိုရီးယားနာမည် ပေးတာလဲ"
"ကိုကိုနဲ့ခေတ်က ကိုရီးယားဖူးစာလေ၊ ကိုကို့ကို ဆိုးလ်ကိုသွားတဲ့ လေယာဉ်ပေါ်မှာ စတွေ့တာ၊ ပြီးတော့ ကိုကိုနဲ့ချစ်သူဖြစ်ခဲ့တာ ဂျယ်ဂျူမှာလေ၊ ခေတ်တို့ရဲ့ အမှတ်တရတွေက ခေတ်တို့ရဲ့ သားသမီးတွေဆီမှာပါ ပျော်ဝင်နေအောင်လို့"
"ကိုကို့ခေတ်လေးက ကဗျာဆန်လိုက်တာ"
"အင်း .. ကိုကိုရော နာမည်တွေကို ကြိုက်လား၊ ကိုကို စဉ်းစားခိုင်းသလို ခေတ်ပေးတဲ့နာမည်တွေက ခေတ်မီရဲ့လား"
"ဟိုအရင်လို သိန်းတန်ထက်စာရင် ခေတ်မီတယ်၊ ခေတ်လေး သဘောပါ၊ ခေတ်လေးကြိုက်တဲ့ နာမည်ပေး"
"အဲ့ဒါဆို ခေတ်ရွေးပေးတဲ့အတိုင်း ဘေဘီလေးတွေ နာမည်က တစ်ယောက်က ဆိုးလ်၊ တစ်ယောက်က ဂျယ်ဂျူ"
"ကိုကို အရမ်းပျော်သွားပြီ၊ ကိုကိုရယ်၊ ခေတ်ရယ်၊ ဆိုးလ်နဲ့ ဂျယ်ဂျူရယ်၊ နောက်ဆိုရင် ဒီအိမ်ကြီးထဲမှာ မိသားစုလေးယောက်"
"ဟုတ်တယ် ကိုကို၊ အရမ်း ပျော်စရာကောင်းမှာပဲနော်"
"တွေးရင်းနဲ့တောင် ပျော်တယ်၊ ကျေးဇူးပါပဲ ခေတ်လေး၊ အရာအားလုံးအတွက် ကျေးဇူးပါ၊ အားလုံးနဲ့ လဲပေးတဲ့အတွက် ကျေးဇူးပါ"
"ကျေးဇူးတင်စရာ မလိုပါဘူး၊ ကိုကိုနဲ့ ခေတ်က နှစ်လွှာပေါင်းထားတဲ့ စွယ်တော်ရွက်၊ ကိုကို့ကို ခေတ် အရမ်းအရမ်းချစ်တယ်"
"ကိုကိုက ခေတ်ဆိုတဲ့ ဒီကောင်လေးကို မြတ်မြတ်နိုးနိုး ချစ်တယ်"
Joy နဲ့ ခေတ်လေးရဲ့ မုန်တိုင်းက ဒီတစ်ခါလည်း တစ်ချက်လေးသာ ဝှေ့တိုက်ပြီး လေပြန်ငြိမ်သွားသည်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိစွာနဲ့ နှစ်ကိုယ်တူဘဝကို ရှေ့ပြန်ဆက်ကြသည်။ အချိန်တွေလည်း တစ်ရက်ပြီးတစ်ရက် ကုန်လာလိုက်တာ မနက်ဖြန်မှာ Attraction ရေမွှေးကုမ္ပဏီရဲ့ Show Room ဖွင့်ပွဲရှိသည်မို့ Joy သည် မြန်မာပလာဇာနှင့် ရေမွှေးကုမ္ပဏီကို ကူးချည်သန်းချည် လုပ်နေရလို့ ဒီရက်ပိုင်းမှာ အလုပ်အတော်များသည်။ ဖွင့်ပွဲနေ့မှာ ပွဲ ထုတ်မည့် ရေမွှေးပုလင်းတွေလည်း အလုံအလောက် ထုတ်လုပ်ထားပြီးပြီ။ အရောင်းဆိုင်တွေကို ဖြန့်ဖြူးဖို့လည်း စီစဉ်ပြီးပြီ။
တီဗွီကြော်ငြာအတွက်လည်း Channel လိုင်းတွေမှာ ကြော်ငြာလွှင့်ပေးဖို့ ကြော်ငြာထည့်ပြီးပြီ။ Show room ဖွင့်ပွဲကို တက်ရောက်ပေးကြဖို့ ရှယ်ယာရှင်များနှင့် မိတ်ဆွေအပေါင်းအသင်းများကိုပါ ဖိတ်စာကမ်းပြီး လိုက်ဖိတ်နေရတာမို့ အလုပ်များသည်။ Show Room မှာ တာဝန်ချထားသော ဝန်ထမ်းများကိုလည်း Customer များက မိမိတို့ကုမ္ပဏီ၏ ထုတ်ကုန်များကို ဝယ်ယူချင်စိတ်ရှိလာအောင် မည်သို့မည်ပုံ ဆွဲဆောင်ပြောဆိုရမည်များကို Joy ကိုယ်တိုင် ကြိုတင်မှာကြားနေရသည်။
"ကဲကဲ .. Show Room မှာ တာဝန်ကျတဲ့ ဝန်ထမ်းများအားလုံးပဲ မနက်ဖြန် ဖွင့်ပွဲအတွက် အားလုံး Fighting ပါ၊ Attraction ရဲ့ ထုတ်ကုန်တွေကို ဒီထက်မက ရောင်းအားမြှင့်တင်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်၊ အားလုံးပဲ မနက်ဖြန်မှာ ပြန်ဆုံကြမယ်၊ ဒီနေ့တော့ ဒီလောက်ပါပဲ၊ အားလုံးကို ကျေးဇူးတင်ပါတယ်၊ အားလုံးပြန်လို့ရပါပြီ"
Show room မှာ တာဝန်ကျသော ဝန်ထမ်းတွေကို အိမ်အရောက် လိုက်ပို့ပေးဖို့ ဒရိုင်ဘာကို မှာကြားပြီးမှ Joy အိမ်ကို ပြန်လာလိုက်သည်။ ဒီနေ့က အလုပ်အရမ်းများနေတာမို့ ခေတ်လေးကိုတောင် ဆိုင်မှာ သွားမကြိုနိုင်ခဲ့ပါ။ ခေတ်မပါဘဲ တစ်ယောက်တည်း ပြန်ရတဲ့ အိမ်ပြန်ချိန်က ပျင်းစရာကောင်းနေသည်။
ခေတ်သည် ဒီညမှာ ကိုကို့ထက်အရင် အိမ်ပြန်ရောက်နေပြီ။ ဒီညက ခေတ်တို့နှစ်ယောက်ရဲ့ အထိမ်းအမှတ်ညလေးမို့ ကိုကိုပြန်လာရင် အမှတ်တရပွဲလေး လုပ်ရအောင် အဆင်သင့် ပြင်ထားပြီးပြီ။ ဒါပေမယ့် ကိုကိုပြန်မလာသေးလို့ ခေတ် လည်း MRTV 4 မှာ လာနေသော ကိုရီးယားဇာတ်လမ်းတွဲကို ကြည့်နေတာ ၁၅ မိနစ်လောက်အကြာမှာ ကြော်ငြာတစ်ခေါက် ပြန်ဝင်သွားသည်။
တီဗွီမှာ လာနေတာ ဘာကြော်ငြာလဲတော့ မသိပါ။ နန်းတော်ထဲမှာ မင်းသားလေးနှင့်စင်ဒရဲလားက တွဲကနေကြတာ။ အဲ့ဒီအချိန်မှာ ည ၁၂ နာရီထိုးသွား တာမို့ စင်ဒရဲလားက နန်းတော်ထဲက ပြေးထွက်သွားသည်။ ဒါပေမယ့် ပုံပြင်ထဲကလို စင်ဒရဲလားရဲ့ ဖိနပ်တစ်ဖက်မှ နန်းတော်ထဲမှာ မကျန်ရှိခဲ့လို့ မင်းသားလေးက စင်ဒရဲလားကို ဘယ်လိုပြန်ရှာမလဲဆိုတာ ခေတ် စိတ်ဝင်စားသွားပြီ။
မင်းသားလေးရဲ့ အမိန့်နှင့် မှူးကြီးမတ်လျာတွေက စင်ဒရဲလားကို အရှာထွက်ကြသည်။ ပုံပြင်ထဲကလို မိထွေးရဲ့သမီးနှစ်ယောက်က နန်းတော်ကို ပါလာကြသည်။ မင်းသားလေးက နန်းတော်ထဲကို ရောက်လာသမျှသော ပျိုကညာတွေရဲ့ လက်ကောက်ဝတ်ကို နမ်းရှိုက်ကြည့်ရင်း စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။
အဲ့ဒီအချိန်မှာပဲ စင်ဒရဲလားက နန်းတော်ထဲကို ပြေးဝင်လာပြီး မင်းသားလေးရဲ့အရှေ့ကို ရောက်လာသည်။ မင်းသားလေးကလည်း စင်ဒရဲလားရဲ့ လက်ကို လှမ်းဆွဲပြီး လက်ကောက်ဝတ်ကို နမ်းရှိုက်လိုက်တဲ့အခါ မင်းသားလေးက ပြုံးသွားပြီးတော့ စင်ဒရဲလားရဲ့ ခါးကို သိမ်းဖက်ပစ်လိုက်သည်။ ကြော်ငြာမှာ ဘယ်သူကမှ စကားမပြောကြလို့ ခေတ်လည်း ဘာကြော်ငြာမှန်း မသိတာနဲ့ ဆက်ကြည့်နေလိုက်သည်။
"တစ်ချက်ဆွတ်ရင် တစ်သက်စွဲလမ်းသွားစေမည့် လန်းဆန်းသော မွှေးရနံ့တို့၏ ဆွဲဆောင်အား... ရေမွှေးမှာ ဘုရင် .. Attraction"
တော်ဝင်ဆန်သည့် နောက်ခံတီးလုံးသံကိုသာ ကြားနေရတာမို့ ဘာကြော်ငြာမှန်း ခေတ်မသိပေမယ့် နောက်ဆုံးမှာ စင်ဒရဲလား ပြောသွားတဲ့ စကားတစ်ခွန်းနဲ့ လက်ဖဝါးပေါ်တင်ပြီး ထောင်ပြသွားသော ဖန်ပုလင်းလေးကြောင့် ရေမွှေးကြော်ငြာဆိုတာ ခေတ်သိလိုက်သည်။
"ဟာ.. ဒါဒါ .. Attraction..ကိုကို့တို့ ကုမ္ပဏီရဲ့ ရေမွှေးကြော်ငြာပဲ၊ အင်း .. မဆိုးပါဘူး၊ တခြားကြော်ငြာနဲ့ မတူဘူး၊ တမူထူးခြားတယ်၊ ကိုကို့ကို အမှတ် ၁၀၀ ပေးတယ်"
ခေတ် တီဗွီကြည့်နေတုန်းမှာ လူခေါ်ဘဲလ်သံ မြည်လာတာမို့ ကိုကို အိမ်ပြန်လာပြီမှန်း သိလိုက်သည်။ ခေတ် အခန်းတံခါးကို ပြေးဖွင့်လိုက်သည်။
"ခေတ်လေး "
"ကိုကိုပြန်လာပြီလား၊ လက်ဆွဲအိတ်ပေး၊ကုတ်အင်္ကျီချွတ်၊ ခေတ် သွားထားလိုက်မယ် "
ခေတ်လေးက လက်ဆွဲအိတ်နှင့် ကုတ်အင်္ကျီကို အခန်းထဲမှာ သွားထားပေးနေတုန်းမှာ Joy က ဧည့်ခန်းမှာ ချထားသော ဆိုဖာခုံရှည်တစ်လုံးမှာ ဝင်ထိုင်လိုက်သည်။
"သံပုရာရည်လေး သောက်ဦး၊ ခေတ် ဖျော်ထားတာ၊ အမောပြေ ချိုချဉ်အေးလေး"
ခေတ် ကမ်းပေးသော သံပုရာရည်ကို တစ်ငုံသောက်ပြီး ဆက်တီစားပွဲပေါ် ကို သံပုရာရည်ခွက်ကို Joy လှမ်းတင်လိုက်သည်။
"ခေတ်လေး ညစာ စားပြီးပြီလား"
"မစားရသေးဘူး၊ ကိုကိုနဲ့အတူ စားမလို့ စောင့်နေတာ"
"ဘာလို့စောင့်နေရတာလဲ ခေတ်ရဲ့၊ ဗိုက်ဆာနေတာ မဟုတ်လား"
"ကိုကိုကလည်း ဒီနေ့ဘာနေ့မှန်း မသိဘူးလား"
"စနေနေ့လေ .. ဘာဖြစ်လို့လဲ ခေတ်ရဲ့"
"ဟာ..ကိုကိုကလည်းကွာ၊ စနေ မဟုတ်ဘူးလေ၊ စဉ်းစားပါဦး၊ ဒီနေ့ ဘာနေ့လဲ"
"လကုန်တဲ့နေ့၊ Pay day နေ့လေ"
"ဟာ ..ခေတ် စိတ်တိုလာပြီနော်၊ လူဆိုးကြီး လူယုတ်မာကြီး၊ ကာလနာကြီး၊ စဉ်းစားလို့မရရင် ခေတ်နဲ့ တူတူမအိပ်နဲ့"
Joy စိတ်လေသွားသည်။ အလုပ်ပင်ပန်းရသည့် ကြားထဲ အာပေတူးက ပြဿနာရှာပြီ။ Joy လည်း ဒီနေ့ ဘာနေ့လဲလို့ ခေါင်းကုတ်ပြီး စဉ်းစားကြည့်ရ သည်။
"လူယုတ်မာကြီး..ကြောင်တောင်နှိုက်ကြီး.. ဘောင်းဘီဆွဲချွတ်ဖို့လောက်ပဲ စိတ်ဝင်စားတဲ့ သေနာကြီး၊ လူကို တန်ဖိုးမထားတဲ့ မသာကြီး၊ ကာလနာ မြွေပွေးကိုက်ကြီး"
တခြား ဘယ်လိုဆဲရဦးမလဲ။ ဒါက ခေတ်ရဲ့ မိုင်ကုန်သော အဆဲစွမ်းပကား။ ကိုကို့ကို မကျေနပ်ပါ။ အခုချိန်မှာ အခြားသော အဆဲချန်ပီယံများရှိလျှင် ခေတ်ဘက်က ကူဆဲပေးရအောင် ပိုက်ဆံပေးပြီး ငှားလိုက်ချင်သည်။
"ခေတ်လေး..ဆောရီးပါကွာ၊ ဒီရက်ပိုင်းမှာ ကိုကို အလုပ်အရမ်းများနေလို့ မသိတော့ဘူး"
"ဒီနေ့က အဘိုးကြီး ခေတ်ကို ဘောင်းဘီဆွဲချွတ်တာ နှစ်လပြည့်သွားတဲ့နေ့လေ၊ သေနာကြီးရဲ့ သိပြီလား"
"အား ... ကိုကိုမေ့နေတာ၊ Ro ဆန်ဆန်ပြောစမ်းပါ၊ မင်္ဂလာသက်တမ်း နှစ်လပြည့်နေ့လို့"
"Ro ဆန်ချင်လို့ကို Ro ဆန်ဆန် မေးနေတာပဲ၊ အဘိုးကြီးမှ မမှတ်မိတာ၊ အဲ့ဒီကိစ္စကို မကျေနပ်ဘူး၊ အဘိုးကြီး ဒီည .. ကြမ်းပြင်ပေါ် ဆင်းအိပ်၊ ဒါပဲပြော မယ်"
"မနက်ဖြန် Show Room ဖွင့်ပွဲနေ့လေ၊ ကိုကို့ကို အောက်ဆင်းအိပ်ခိုင်းတော့ ခေတ်ကို မဖက်ထားရလို့ ကိုကိုအအေးမိသွားရင် ဘယ်လိုလုပ်မလဲ"
"သေလေ အဘိုးကြီးရဲ့ သေပေါ့"
"အာပေတူးလေး ယုန်ပေါက်လေး၊ ကိုကို့ကို ရက်စက်တယ်ပေါ့၊ ကိုကို့ကို မသနားဘူးလား၊ ကိုကို အလုပ်မှာ ပင်ပန်းလာတာ"
"အဲ့ဒီမှာ သံပုရာရည် ဖျော်ထားပေးတယ်လေ၊ အဘိုးကြီးဘာသာ သောက်ချင်သောက်၊ မှောက်ချင်မှောက်ပေါ့"
"သကာရည်ကနေ ကြက်ဟင်းခါးသီး တန်းဖြစ်သွားတာပဲနော်၊ အပြောင်းအလဲက မြန်လိုက်တာ"
"မြန်မြန်ပဲ၊ အဘိုးကြီး ဒီညအတွက် ဘာမှ မပြင်ဆင်ထားဘူး မဟုတ်လား၊ ခေတ်အတွက် ပန်းတစ်ပွင့်တောင် ပေးစရာမရှိဘူး၊ အီးဟီး .. အဲ့ဒါ အဘိုးကြီး ခေတ်ကို တန်ဖိုးမထားတာ"
ခေတ်လေးက ငိုနေလေပြီ။ Joy ဒီရက်ပိုင်း အလုပ်တွေ များလွန်းလို့ လက်ထပ်တဲ့ နှစ်လပြည့်နေ့ကိုလည်း မေ့နေတာမို့ ဘာပွဲမှ မပြင်ဆင်ထားရပါ။
"အီးဟီး ..အဘိုးကြီး ခေတ်ကို တန်ဖိုးမထားတာ"
"ခေတ်လေးရာ ကိုကို တန်ဖိုးထားပါတယ်၊ တစ်လပြည့်တုန်းက ပွဲလုပ်ပေးသေးတယ်လေ၊ ခေတ်လေးက အထိမ်းအမှတ်နေ့ကို လတိုင်း လုပ်ချင်နေတာလား"
"အီးဟီး .. အဘိုးကြီးက လတိုင်း မလုပ်ပေးချင်တော့ဘူးလား"
"ခေတ်လေးရာ လတိုင်းကျတော့"
"အီးဟီး..အဘိုးကြီး ခေတ်ကို တန်ဖိုးမထားတော့တာ၊ ခေတ်က ဘာမှ မက်စရာမရှိ၊ ပြားကပ်နေလို့"
ခေတ်လေးကလည်း ငိုနေတုန်းမို့ အိမ်မှာ ဘာပစ္စည်းရှိသလဲ အပြေးအလွှား စဉ်းစားရတော့သည်။ Joy ရဲ့ ဦးနှောက်အခန်းငယ်မှ မီးသီးလေး ဖျတ်ခနဲ လင်းသွားသည်။
"ခေတ်လေး.. ခေတ်လေးအတွက် ကိုကို စီစဉ်ထားပါတယ်"
"ဘာကို စီစဉ်ထားတာလဲ၊ သူပဲ မေ့နေပြီးတော့၊ ခေတ်အတွက် ပန်းတစ်ပွင့်တောင် မရှိဘူး မဟုတ်လား .. အီးဟီး"
"ခေတ်လေး မျက်လုံးမှိတ်လိုက်၊ ကိုကိုစီစဉ်ထားတာကို ခေတ်လေးကို ပေးမယ်၊ ကိုကိုနဲ့လိုက်ခဲ့"
ခေတ် အငိုတိတ်ပြီး ကိုကိုခေါ်ရာ အနောက်ကို မျက်လုံးမှိတ်ပြီး လိုက်ပါလာသည်။ ကိုကိုစီစဉ်ပေးထားတဲ့ လက်ဆောင်ကိုလည်း ရင်ခုန်သည်။
"ခေတ်လေး.. ကိုကို ထည့်ပေးတော့မယ်နော်၊ လက်ဖဝါးဖြန့်ထား"
ခေတ် လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ပြီး ဖြန့်လိုက်တဲ့အခါ လက်ဖဝါးပေါ်ကို ပစ္စည်းတစ်ခု ရောက်လာသည်။ မျက်လုံးမှိတ်ထားတာမို့ ဘာပစ္စည်းလဲတော့ ခေတ်လည်း မသိပါ။ စက္ကူဘူး တစ်ဘူးလို့ ထင်မိသည်။
"ကိုကို့ခေတ်လေး မျက်လုံးဖွင့်လို့ရပြီ"
ခေတ် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ခေတ်ရဲ့လက်ထဲမှာ ကိုကိုထည့်ပေးထားတာ စက္ကူဘူးကြီးတစ်ဘူး။ ပါကင်စက္ကူ ပတ်ထားသည်မို့ ခွာထုတ်ပြီး စက္ကူဘူးကို ဖွင့်ကြည့်လိုက်သည်။ ခေတ် အံ့သြလွန်းလို့ မျက်လုံးလေးတွေက ပြူးကျယ် ဝိုင်းစက်သွားရသည်။ ရင်ထဲကလည်း လှိုက်ခနဲကြည်နူးသွားမိသည်။
"ကိုကို ..ဒါ .. ဒါက .. Nikon Coolpix P 1000 ... ခေတ်လိုချင်နေတဲ့ ကင်မရာပဲ"
ခေတ် မျက်နှာလေး ပြုံးပျော်သွားတာမို့ Joy လည်း အတိုင်းမသိ ကြည်နူးရသည်။ ခေတ်လေးက အရမ်းကိုပျော်နေလေတာ။
"ဘယ်လိုလဲ၊ ကိုကိုပေးတဲ့ လက်ဆောင်ကို ကြိုက်လား"
ခေတ် နှုတ်ခမ်းကို နားရွက်တက်ချိတ်မတတ် ပြုံးပြီးကာ ကိုကို့ကို ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။
"ခေတ် အရမ်းလိုချင်တာ ကိုကို ဘယ်လိုသိတာလဲ"
"တစ်လပြည့်တုန်းက ခေတ်လေးကို နာရီလက်ဆောင်ပေးတာလေ၊ ခေတ်လေး အဲ့ဒါကို သိပ်မကြိုက်မှန်း သတိထားမိလို့၊ ခေတ်လေး ဘာလိုချင်နေတာလဲ စဉ်းစားပြိီး ကင်မရာကို ကြိုမှာထားရတာ၊ ခေတ်လေးရဲ့ မွေးနေ့ရောက်မှ ပေးမလို့၊ မွေးနေ့က နောက်လမဟုတ်လား"
"ဟုတ်တယ်ကိုကို၊ ခေတ် မွေးနေ့က နောက်လမှ၊ ဒီဟာ ဈေးကြီးမှာပေါ့၊ ဘယ်လောက်ပေးရလဲ ကိုကို"
"ဈေးမများပါဘူး၊ ၁၅သိန်းလောက်ပဲ ရှိတာ"
"ကျေးဇူးတင်ပါတယ် ကိုကို၊ ခေတ် အရမ်းကြိုက်တယ်"
"ကိုကို့ယုန်ပေါက်လေး ကြိုက်ရင် ပြီးတာပဲ၊ အဲ့ဒါဆို ခေတ်ကို ဖက်အိပ်လို့ ရပြီပေါ့နော်"
"ခေတ်ကို ကြိုက်သလောက် ဖက်အိပ်လို့ရပြီ"
"အဲ့ဒါဆို ကိုကို အလုပ်ပင်ပန်းလာတယ်၊ အမောပြေသွားအောင် ကိုကို့ နှုတ်ခမ်းပေါ် တစ်ပတ်လောက် ဖြတ်လျှောက်လိုက်စမ်းပါ"
"တစ်ပတ်မဟုတ်ဘူး၊ ကိုကို့နှုတ်ခမ်းပေါ်ကို ၁၅ ပတ်တောင် ဖြတ်လျှောက်ပေးမယ်"
"အိုး.. ကြိုက်တာပေါ့၊ အဲ့ဒါဆို ကိုကို့ကို အကြင်နာပေးတော့လေ ကလေးလေး"
ကင်မရာလက်ဆောင်ပေးသော ကိုကို့မျက်နှာကြောင့် ခေတ်လည်း ကိုကို့ပေါင်ပေါ်ကို ခွထိုင်လိုက်ပြီး ကိုကို့ကို အကြင်နာအနမ်းမိုးတွေ ရွာသွန်းဖြိုးပေးလိုက်သည်။
"ကိုကို ရေချိုးလိုက်ဦးလေ၊ ပြီးရင် ညစာအတူ စားရအောင်"
"ခေတ်လေးက ညစာ ချက်ထားတယ်ပေါ့"
"ဟီး .. ခေတ်မှ မချက်တတ်တာ၊ ကိုကိုကြိုက်တဲ့ Steak ကို အပြင်ကနေ ဝယ်ထားတယ်"
"အဲ့ဒါဆို ကိုကို ရေပြေးချိုးလိုက်ဦးမယ်"
"ဟုတ် ကိုကို"
ကိုကို ရေချိုးနေတုန်း ခေတ်က ကိုကိုဝယ်ပေးသည့် ကင်မရာကို ကလိနေသည်။ ကင်မရာကြိုးကို ခေါင်းမှာ စွပ်လွယ်ပြီး ရိုက်စရာမရှိ ကြံဖန်ပြီး၊ ဧည့်ခန်းမှာ ဝိုင်ပုလင်းတွေ အစီအရီတင်ထားသော ဝိုင်ဘားကောင်တာပေါ်မှာ ကိုကိုနှင့်အတူ ညစာစားဖို့ စီစဉ်ထားတာတွေကို ခေတ်ရဲ့ ကင်မရာအသစ်လေးနှင့် လိုက်ရိုက်သည်။ ကိုကို ရေချိုးပြီး အိပ်ခန်းထဲက ထွက်လာတော့လည်း ကိုကို့ကို ဓာတ်ပုံရိုက်သည်။
"ကိုကို့ကို မရိုက်နဲ့ဦး ခေတ်၊ မနက်ဖြန်ရောက်မှရိုက်၊ မနက်ဖြန်ကို Show Room ဖွင့်ပွဲကို လိုက်ခဲ့ရမယ်နော် ခေတ်လေး"
"ဟုတ်၊ လိုက်ခဲ့မယ်လေ"
ကိုကိုက ဝိုင်ဘားကောင်တာက ထိုင်ခုံအမြင့်တစ်လုံးမှာ ထိုင်လိုက်သည်။ ခေတ်က ဝိုင်ခွက်နှစ်ခွက်ထဲကို နှစ်ချို့ဝိုင်တွေကို ငှဲ့လိုက်ပြီး ကိုကို့အရှေ့မှာတစ်ခွက် ခေတ်အရှေ့မှာ ဝိုင်တစ်ခွက် ချထားလိုက်သည်။
"ကိုကို Cheer"
"Cheer ခေတ်လေး၊ နှစ်တစ်ရာတိုင်သည်အထိ ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင် လက်တွဲသွားကြမယ်နော်"
"ဟုတ် ကိုကို"
ကိုကိုက Steak ထည့်ထားသော ပန်းကန်ပြားကို ယူပြီး Steak ကို ဓားဖြင့် အနေတော် အတုံးလေးတွေ လှီးဖြတ်ပေးသည်။
"ကိုကို .. အာ ...ပါးစပ်ဟ"
Steak တစ်တုံးကို ခက်ရင်းနှင့်ထိုးပြီး ပါးစပ်ထဲ အတင်းခွံ့နေပါသော ကိုယ့်ရဲ့ခေတ်လေး။ ဒီညမှာ ဝိုင်သောက်နေသော ခေတ်လေးက Joy မျက်လုံးထဲမှာ အရမ်းကို ချစ်စရာကောင်းနေပြန်သည်။
"ခေတ်လေး ..ကိုကို့ဆီ လာဦး..ကိုကို့ပေါင်ပေါ်မှာ ထိုင်"
ခေတ်လည်း ကိုကို့ပေါင်ပေါ်မှာ ခွထိုင်ပေးလိုက်တာနဲ့ ကိုကိုက ခေတ်ရဲ့ခါးလေးကို ဆွဲသိမ်းဖက်ပစ်လိုက်သည်။
"ကိုကို ဘာလုပ်တာလဲ၊ ဧည့်ခန်းကြီးမှာ မလုပ်နဲ့လေ"
ကိုကိုသည် ဆိုးသွမ်းချင်နေတဲ့ မျက်နှာကြီးနဲ့ ခေတ် ဝတ်ထားတဲ့ တီရှပ်ပွပွကြီးကို ဆွဲချွတ်ပစ်လိုက်တာ။ မချိုမချဉ် မျက်နှာပေးနဲ့ ဝိုင်ခွက်ကို လှမ်းယူသည်။ ခေတ်လည်း ကိုကိုလုပ်သမျှ လိုက်ကြည့်သည်။
"ဟာ ..ကိုကို.. အဲ့ဒါဘာလုပ်တာလဲ၊ စိုကုန်ပြီကွာ"
ခေတ်ပုခုံးပေါ်ကနေ ဝိုင်တစ်ခွက်လုံးကို ဖြည်းဖြည်းချင်း လောင်းချလိုက်တာမို့ လည်ပင်းမှာ စွပ်ထားသော ကင်မရာကို ဆွဲချွတ်ပြီး ဝိုင်းဘားကောင်တာပေါ် ကို အမြန်ပစ်တင်လိုက်ရသည်။
"ယုန်သားကို ဝိုင်နဲ့ မြည်းချင်လာလို့၊ ပေးမြည်းမှာလား"
"ကိုကို တော်ပြီလေကွာ၊ ထပ်မလောင်းနဲ့တော့"
ကိုကိုသည် ပုခုံးပေါ်ကနေ ဝိုင်တွေ ထပ်လောင်းချပြန်သည်။ ဘယ်လိုလူကြီးလဲ။ ကိုကို့ထန်ချက်က ကမ်းကုန်သည်။ အသားဖွေးဖွေးနုနုလေးပေါ်မှာ ကပ်တွယ်နေတဲ့ ဝိုင်စက်တွေကို လျှာဖျားနဲ့ တို့ထိနေသော ကိုကိုသည် ပြိုင်စံရှားကို ထန်နိုင်လွန်းသည်။
"ကောင်းလိုက်တာ၊ ယုန်သားပေါ်မှာ တင်နေတဲ့ ဝိုင်တွေကမှ ပိုချိုတာ"
ခေတ်က အခုကျမှ ရုန်းနေလည်း မထူးတော့ဘူး။ ဝိုင်နဲ့ အလောင်းခံလိုက်ရတာမို့ ကိုကိုပြောသလိုပဲ ခေတ်က ဝိုင်နံ့သင်းနေတဲ့ ယုန်ပေါက်တစ်ကောင် ဖြစ်နေရပြီ။
"ကိုကို တော်ပြီလေကွာ၊ ခေတ် ရေပြန်ချိုးရဦးမယ်"
ခေတ်ရဲ့စကားကို လုံးဝ နားမထောင်သော ကိုကိုပါ။ နှစ်ချို့ဝိုင်တွေကို ထပ်လောင်းချပြီး ဝိုင်လိုယစ်မူးတဲ့ အနမ်းတွေ ထပ်ပေးပြန်သည်။ ဝိုင်စက်တင်ကျန်နေ တဲ့ ပုခုံးမှသည် ဝိုင်စက်တွေ လိမ့်ဆင်းသွားသည့်တစ်လျှောက် ကိုကို့လျှာဖျားနှင့် တို့ထိပွတ်ဆွဲ ဆင်းချသွားသည်။
ခေတ် ဝိုင်တစ်ခွက်ပဲ သောက်ထားရသေးသည်။ ကိုကိုပေးတဲ့ ရာဂမီးနဲ့ ပူလောင်လာရသည်။ ခေတ် မျက်လုံးလေးမှိတ်ပြီး နှုတ်ခမ်းကို ကိုက်ထားရသည်။ ကိုကိုပေးနေတဲ့ ရာဂမီးနဲ့ ခေတ်တစ်ကိုယ်လုံး လူးလွန့်နေရပြန်သည်။ ကိုကို ထိတွေ့သွားသည့် နေရာတိုင်းက ဖိန်းတိန်းရှိန်းတိန်းတွေ ဖြစ်တက်လာပြီး ပင်လယ်လှိုင်းလုံးတွေလို နိမ့်ချည်မြင့်ချည် စုန်ဆန်ကူးလာသည်။
"အာ့ .. ကိုကို .."
ရင်အုပ်ပေါ်က ပွင့်လွှာတွေပေါ်ကို ဝိုင်တွေလောင်းချပြီး တရှိုက်မက်မက် စားသုံးနေသော ကိုကို။ ခေတ်မှာ လှမ်းဆုပ်ကိုင်စရာ အိပ်ရာခင်းမရှိလို့ ကိုကို့အင်္ကျီ အနားစကို ကျစ်ကျစ်ဆုပ်ထားရသည်။ ခေတ်ကိုယ်လုံးလေး ပျော့ခွေပြီး ခါးညွှတ်ကျရတဲ့အထိ ကိုကို ထန်နိုင်လွန်းသည်။
"ခေတ်လေးက အရမ်း ဆွဲဆောင်မှုရှိတာပဲ"
"ကိုကို ဘာလို့ အဲ့လောက်ထန်တာလဲ"
"ယုန်သားကို ဝိုင်နဲ့ မြည်းကြည့်ချင်တာ"
"ကိုကို လူဆိုးပဲ၊ ခေတ်တစ်ကိုယ်လုံး ဝိုင်နံ့ထွက်နေပြီ"
"မထွက်ပါဘူး၊ ကိုကိုအကုန် သိမ်းလျက်လိုက်ပြီ"
"ဘာမှန်းလည်း မသိဘူး၊ နောက်တစ်ခါ ယုန်သားကို ဝိုင်နဲ့ထပ်မြည်းရင် ဒီစင်ပေါ်က ဝိုင်ပုလင်းတွေအကုန်လုံး ရောင်းစားပစ်လိုက်မယ်"
"အဲ့ဒီလို မလုပ်နဲ့လေ၊ ဒီဝိုင်ပုလင်းတွေက သက်တမ်းရင့် နှစ်ချို့ဝိုင်တွေ"
"မသိဘူးကွာ၊ ခေတ်အပေါ်ကို ဝိုင်တွေလောင်းချပြီး လျှာနဲ့ လိုက်လျက်နေတာ ခေတ်မကြိုက်ဘူး"
"ခေတ်မကြိုက်ရင် ကိုကို အမြဲမလုပ်ဘူးလေ"
"မလုပ်ဘူးလို့များ ပြောမလားလို့ အမြဲမလုပ်ဘူးတဲ့"
"အင်းလေ၊ ကိုကိုက ဥပုသ်စောင့်တဲ့ ကျားမှ မဟုတ်တာ၊ အဲ့ဒီတော့ ကိုကို ကတိပေးတယ်ကွာ၊ ခေတ်လေးကို အမြဲတမ်းတော့ ဝိုင်နဲ့မလောင်းဘူး"
"လောင်းတာတော့ လောင်းဦးမယ်ပေါ့"
"လောင်းဦးမှာ၊ အရသာက ကောင်းတာကိုး၊ အခုမှပဲ ကုန်ခမ်းသွားတဲ့ အားအင်တွေ ပြန်ပြည့်သွားသလိုပဲ၊ ဖြစ်နိုင်ရင် တစ်ကိုယ်လုံး ရွှဲနေအောင် လောင်းချပစ်ချင်တာ၊ ကိုယ့်ယုန်ပေါက်လေးက အကြမ်းမခံလို့ တစ်ထစ် လျှော့ထားရတာ"
"အဲ့ဒီတော့ ခေတ်ကပဲ ကိုကို့ကို ကျေးဇူးတင်ရမယ်ပေါ့"
"ကျေးဇူးတင်မယ့်အစား ကိုကို့နှုတ်ခမ်းပေါ်ကို အာဘွားတင်ပေးရင် ရပြီ"
"အာဘွားတော့ ထပ်မရဘူး၊ ဒါပဲ ရမယ် အဘိုးကြီး"
ခေတ်လည်း အမြင်ကတ်ကတ်နဲ့ ကိုကို့ဗိုက်ခေါက်ကို နာနာလေး ဆွဲလိမ်ပေးလိုက်သည်။ ကိုကိုသည် အီစလန်ဝေသွားလို့ မျက်နှာက ရှုံ့တွသွားသည်။
"နာတယ် ခေတ်ရယ် ..လွှတ် လွှတ်"
ခေတ်လည်း ကိုကို့ဗိုက်ခေါက်ကို ဆွဲလိမ်နေတာ လွှတ်ပေးလိုက်ပြီးတော့ ကိုကို့ပေါင်တွင်းကြောကို အားရပါးရ ထပ်ပြီးတော့ ဆွဲလိမ်ပစ်ပေးလိုက်သည်။
"နာတယ် ခေတ်ရဲ့ ..လွှတ် ..အဲ့ဒီလိမ်ထားတဲ့ လက်ကို လွှတ်ပေး"
ခေတ် မလွှတ်ပေးဘဲ နောက်ထပ် နှစ်ကြိမ်လောက် ထပ်ဆွဲပြီးမှ စိတ်ကျေနပ်မှ လွှတ်ပေးလိုက်သည်။
"အောင်မလေး အာပေတူးရယ်၊ ရက်စက်လိုက်တာ၊ ဒီမှာကြည့်ဦး..ဆွဲလိမ်ပစ်ထားတာ နီရဲနေတာပဲ"
"ဒီမှာလည်း ပြန်ကြည့်ဦး၊ ခေတ်လည်း နီရဲနေတာပဲ၊ ကိုကို နမ်းစုပ်ထားတာ"
"အဲ့ဒါက ချစ်လွန်းလို့ အနမ်းပေးတာလေ ခေတ်ရဲ့၊ ခေတ်က ကိုကို့ကို ဗိုက်ခေါက်ဆွဲလိမ်တာ"
"မသိဘူးကွာ၊ နောက်တစ်ခါဆို ကိုကို ဒီထက်ပိုနာမယ်၊ အခု ခေတ် ရေသွားချိုးလိုက်ဦးမယ်၊ တစ်ကိုယ်လုံး စေးကပ်နေပြီ"
"သွားချိုး သွားချိုး၊ ရေချိုးပြီးရင် ခေတ်လေးကို ဖက်ပြီး အိပ်တော့မယ်၊ ကိုကို အိပ်ချင်လာပြီ"
ခေတ်က ကိုကိုပြန်မလာခင်လေးတင် ရေချိုးထားတာကို အခုလည်း ကိုကို့လက်ချက်နဲ့ ရေတစ်ခါ ထပ်ချိုးရပြန်သည်။ ဝိုင်နံ့တွေ ပျောက်သွားအောင် လာဗန်ဒါပန်းနံ့မွှေးနေတဲ့ ရေချိုးဆပ်ပြာရည်နဲ့ ပွတ်ပြီး အားရပါးရ ရေပြန်ချိုးလိုက်သည်။
"ခေတ်လေး ..လာလာ .. ကိုကို ရေသုတ်ပေးမယ် "
ခေတ် ရေချိုးခန်းထဲက ထွက်လာတာနဲ့ ကိုကိုက မွေးပွတဘက် တစ်ထည်ကိုင်ပြီး ရေသုတ်ပေးလာသည်။
"ရော့ .. ဒီမှာ ဘောင်းဘီ၊ ဒီမှာ ညဝတ်အင်္ကျီ"
ခေတ် ဝတ်စုံပြည့်ဝတ်ပြီးတာနဲ့ ကိုကိုက ခေတ်ကို ကောက်ချီသွားပြန်သည်။ အခန်းမီးတွေ လိုက်ပိတ်ပစ်သည်။ ခေတ်က အေးတာကြိုက်လို့ အဲကွန်းဖွင့် ပေးသည်။ မှောင်သွားတဲ့အခန်းထဲမှာ အနုမြူကြယ်လေးတွေရဲ့ အလင်းအားနဲ့ ခေတ်ကို မွေ့ယာပေါ်ကို ပြန်ချပေးသည်။
"ပါးလေးက မွှေးပြီး အေးနေတာပဲ"
ရေချိုးပြီးစ အေးနေသော ခေတ်ရဲ့ပါးပြင်လေးကို တရှိုက်မက်မက်ပင် ကိုကိုက နမ်းရှိုက်ပြန်ပါသည်။
"ကိုကို တော်ပြီလေကွာ၊ ခေတ် အိပ်ချင်ပြီ၊ Good Night Kiss ပေးတော့"
"အင်းပါ၊ ခေတ်လေးက ငေးမဝ ချစ်မဝလေးမို့ မြတ်မြတ်နိုးနိုး နမ်းမိတာ၊ ကိုကို့ကလေး Good Night ၊ အိပ်မက်လှလှမက်ပါစေ"
အဲ့ဒီကျမှပဲ ခေတ်လည်း ကိုကို့အနမ်းမိုးတွေအောက်ကနေ ကင်းလွတ်ခွင့်ရသွားသည်။ ဒါတောင် ကိုကိုက ခေတ်ကို အလွတ်ပေးတာမျိုး မဟုတ်ဘူး။ ခေတ်ကို သူ့ရင်ခွင်မှာ သိမ်းထုပ်ထားသေးပြန်တာ။ ကိုကိုဆိုတာ အဲ့ဒီလိုမျိုး ခေတ်ကို သဲသဲကဲကဲ ချစ်တတ်လွန်းသူ။