“သူက အစ်မတော်ရဲ့ ကျေးဇူးရှင်။ အခုသူ့ကို အစ်မတော်ပြန်တွေ့ပြီ။ သူအရာအားလုံး သတိရလာအောင် အစ်မတော် ကြိုးစားကြည့်ချင်တယ်”
ထိပ်ထားသူတစ်ယောက်ထဲ မြို့ထဲကို ထွက်သည့်ကိစ္စအား ညီမတော် ခင်ခင်လေးအား ပြန်လည်ပြောပြနေခြင်းပင်။ တပ်မှုးချုပ်အိမ်ကို ရှာပြီးလိုက်သွားသည့်အကြောင်းကိုရောပေါ့။ သို့ပေမဲ့ တပ်မှုးချုပ်ဟာ သူချစ်မြတ်နိုးနေရသူလို့ ပြောမထား ကျေးဇူးရှင်ဟုသာ ပြောထားသည်။
“နောက်တစ်ခါ အစ်မတော်အဲ့ကို
သွားရင် ခင်လေးပါ လိုက်ခဲ့ပါရစေ။ တစ်ယောက်ထဲဆိုတော့ စိတ်မချလို့ပါ။ အစ်မတော်လိုအပ်တဲ့အကူအညီမှန်သမျှ ခင်လေး ကူညီပါ့မယ်။”
“ကောင်းပေပြီ လိုက်ခဲ့ပါ။ သြော် ခင်လေး ခင်လေးမှာ ဟိုတောင်ကုန်းပေါ်က စံအိမ်လေးရှိသေးတယ်မလား။ ခင်လေးဆယ်နှစ်သမီးတုန်းက ဦးရီးတော်မွေးနေ့လက်ဆောင်ပေးတဲ့ အိမ်လေးလေ”
“ရှိသေးတာပေါ့ အစ်မတော်ရဲ့။ ခင်လေးအဲ့ကို မကြာခဏသွားနေတယ်”
“အဲ့ဆိုအစ်မတော်အခု နန်းတွင်းထဲမှာနေတာထက် အဲ့မှာသွားနေချင်တယ်။ အစ်မတော်က ရာမညပြည့်ရှင်ရဲ့တူမတော်ဆိုတာသိသွားရင် သူ့နားကပ်ရဖို့ မလွယ်ကူလောက်တော့ဘူး။ သာမာန်သူဋ္ဌေးသမီးလိုပဲ ပေးသိထားချင်တာမို့”
“ရတယ်လေအစ်မတော်။ ခမည်းတော်ကိုလျှောက်ပြီး ခင်လေးစီစဉ်ပေးပါ့မယ်”
ထိပ်ထား ရာမညမှာ ပျော်သလောက်နေပါရစေဆိုပြီး ခမည်းတော်ထံ အစ်ကိုတော်ကြီးနဲ့စကားပါးလိုက်ပြီ။ ဟံသာဝတီကို မပြန်နိုင်သေးပါ။ တပ်မှုးချုပ် အတိတ်ကို ပြန်မှတ်မိလာဖို့ ထိပ်ထားကြိုးစားရအုန်းမည်။ ပြီးတော့ သူသိပ်ချစ်တဲ့ ကေတုမတီတိုင်းကြီးကို ဘုရင်ဆိုး လက်ကနေပြန်လည်ကယ်တင်ရမည်။ ထိပ်ထား တပ်မှုးချုပ်ကို လိုအပ်သလို ကေတုမတီတိုင်းသားတွေကလည်း တပ်မှုးချုပ်ကို မည်မျှငံ့လင့်နေကြမည်နည်း။
“ညီမတော် ညနေစောင်းရင် အစ်မတော်သူ့ဆီ သွားချင်တယ်။ ညီမတော် လိုက်ပို့ပေးနိုင်မလား”
“ပြောပြီးသားပဲလေ အစ်မတော်ရဲ့။ ခင်လေးလိုက်ခဲ့ပါမယ်ဆို”
ထိပ်ထားကြိုးစားမည်။ သူအရာအားလုံးကို ပြန်မှန်မိလာဖို့ ထိပ်ထားအစွမ်းကုန် ကြိုးစားမည်။
________🪔ထိပ်ထား🪔___________
တံငါရွာထဲကို ဝင်ရောက်လာသော အုန်းခွံရောင် မြင်းကောင်းမြင်းလှကြီးနှစ်ကောင်ဆွဲသည့် လှည်းတစ်စီး။ အဆိုပါလှည်းပေါ်မှာတော့လှည်းမောင်းသူနှင့် ကြွေရုပ်လေးလို လှပသော မိန်းမပျိုလေးနှစ်ဦး။
ရွာထဲက ကလေးလူကြီးမကျန် အဆိုပါလှည်းအား ထွက်ကြည့်နေကြသည်။
“ကလေးတွေကော လူကြီးတွေကော အများကြီးပဲ။ ရာမညတိုင်းသူ ညီမတော်တောင် ဒီဘက်ထဲ ထဲထဲဝင်ဝင် မရောက်ဖူးဘူး။ အဲ့တာကို အစ်မတော်က တမြန်နေ့က ဒီကို တစ်ယောက်ထဲလာတယ်။ အံ့သြမိပါတယ်အစ်မတော်”
ခင်လေးစကားကြောင့် ထိပ်ထားပြုံးယုံသာပြုံးမိသည်။ သာမာန်စိတ်နဲ့ဆို ဒီလိုနေရာကို ဘယ်လာရဲပါ့မလဲ။ သို့ပေမဲ့ “ဇော”။ သူဆိုတဲ့ ဇောက အရာအားလုံးကို မေ့သွားစေသည်လေ။
“တဲတန်းအဆုံးက အိမ်လေးပဲ ခင်လေး”
ဒါပေမဲ့ အိမ်နားရောက်လုခင်မှာပဲ အိမ်ထဲကနေ ကြိမ်လုံးစည်းကြီးပိုက်ပြီး ထွက်လာတဲ့ သူ့ကို ထိပ်ထားတွေ့လိုက်ပါတော့တယ်။
“နဒီ..”
“ထိပ်ထား”
ရုတ်တရက်ကြီး ထိပ်ထားကို ဗြုန်းခနဲ့ တွေ့လိုက်ရတော့ နဒီအံ့သြသွားရသည်။ ဟိုရက်ပိုင်းကတင်ပဲ အိမ်လာခဲ့တာဆိုတော့ ယခုလောက် မြန်မြန်ဆန်ဆန်ကြီးလာလိမ့်မယ်လို့ ထင်မထားခဲ့။ ပြီးတော့ ဒီတစ်ခါက ထိပ်ထားတစ်ဦးထဲမဟုတ်။ သူ့ကိုစူးစမ်းတဲ့ဟန်နဲ့ ကြည့်နေတဲ့ စူးရှတဲ့ မျက်လုံးများနဲ့ အမျိုးသမီးငယ်တစ်ဦးပါ ပါလာသည်။
“ထိပ်ထား အထဲမှာ အဘနဲ့အမေရှိတယ်။ ဒါကြီးကို အရီးတို့ဆီပို့ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်နော်။ နေပါအုန်း.....အဘရေ အဘ”
“ဟေ....”
“ထိပ်ထားတို့..အဲ မမလေးတို့လာတယ် အဘရေ။ သမီးကြိမ်စည်းပို့ပြီးတာနဲ့ ပြန်ခဲ့မယ်။ အဘ ခဏဧည့်ခံပေးပါအုန်း”
“အေးအေး။ လာပါ လာပါ လုံမလေးတို့”
ထိပ်ထားနဲ့ခင်လေး လှည်းပေါ်က ဆင်းလိုက်သည်။
“လှည်းကို အဲ့တမာပင် အောက်မယ်ရပ်လိုက် မောင်ရင်။"
အဘကို လှည်းမောင်းပေးလာသူကိုလှမ်းပြောကာ ထိပ်ထားတို့ကို နေရာထိုင်ခင်းပေးသည်။လှည်းမောင်းသူကတော့ လှည်းတွင်ပဲကျန်ရစ်သည်။
“နေရာက စုတ်တော့ ဧည့်သည်ကို အားနာရတယ်ကွယ်။ လာ လာ ဒီခုံရှည်မှာထိုင်။”
“ရပါတယ်အဘရဲ့။ ကျွန်မတို့ကြောင့် ဝန်မပိပါနဲ့”
“အဘွားကြီးရေ ငါးရံခြောက်ဖုတ်နဲ့ အခါးရေလေးလုပ်ပါဟ။ ဧည့်သည်တွေဖို့”
“လာပြီတော်ရေ။ မြင်းခွာသံကြားပြီးကတည်း ကျုပ်ကအသင့်ပြင်ပြီးသား။ သမီးလေးတို့ရေ ဒါအဘွားလက်ရာ ငါးရံခြောက်ဖုတ်”
ရှိတာလေးနဲ့ ဧည့်ခံနေရှာသော အဘိုးနဲ့အဘွား။ ရေနွေးအခါးအိုးနဲ့ ဆီခပ်ရွှဲရွှဲငါးခြောက်ပန်းကန်က သူတို့ရဲ့စေတနာ။
“အဘနဲ့အဘွား။ ဒါလေးတွေက ထိပ်ထားရဲ့ လက်ဆောင်ပါ။ ဘယ်လိုမှသဘောမထားပါနဲ့။ တန်ဖိုးလည်းမကြီးပါဘူး။ အဘတို့လိုအပ်မယ်ထင်တဲ့ အခြောက်အခြမ်းလေးတွေပါပဲ”
“မလိုအပ်ပါဘူး လုံမလေးရယ်။ နောက်မဝယ်ခဲ့ပါနဲ့။ နဒီလေးဧည့်သည်ဆိုတာ ကျုပ်တို့ဧည့်သည်ပါပဲ။ အဘတို့ကတောင် ဧည့်ဝတ်ကျေရမှာ”
“ဒါလေးတော့ လက်ခံလိုက်ပါနော် အဘနဲ့အဘွား။”
“သာဓုပါကွယ် သာဓု သာဓု”
“ဒါက သမီးညီမခင်ခင်လေးတဲ့။ သမီးလာရတာ တစ်ယောက်ထဲဖြစ်နေတာမို့ရော သူလည်းအဘတို့ဆီရောက်ဖူးအောင်ကော အလည်ခေါ်ခဲ့တာ”
ထိပ်ထား ညီမတော်နဲ့ အဘတို့ကို မိတ်ဆက်ပေးလိုက်သည်။ ဒီအချိန်ထိသူပေါ်မလာသေး။ အဘတို့နဲ့ပဲ အလာပသလာပ ဆက်ပြောနေမိသည်။
“ဟော...ပေါ်လာပါပြီ စူဠလိပ်ကြီး။"
အိမ်ထဲဝင်လာတဲ့သူ့ကိုမြင်တော့ အဘွားရဲ့ရေရွတ်စကားပါ။ ဟုတ်တော့လည်း ဟုတ်သည်။ သူကတော်တော်နဲ့ပေါ်မလာခဲ့တာမလား။
“အမေကလည်း အရီးတို့ကထမင်းအတင်းကျွေးနေလို့ မနည်းငြင်းပြန်လာရတာ။ ကြိမ်တွေလည်း ရေစိမ်ပေးခဲ့ရသေးတယ်”
“ဟုတ်ပါပြီ။ မယ်နဒီရယ် ။ ဧည့်သည်တွေအားနာစရာကို။ ကဲကဲ လွတ်လွတ်လပ်လပ် စကားပြောကြ အဘနဲ့အဘွားလည်း လုပ်စရာရှိသေးတယ်။”
“ဟုတ်ကဲ့အဘ ။ နဒီသောင်စပ်ဘက်လိုက်ပြလိုက်မယ်လေ”
“ကောင်းတယ်ကောင်းတယ်။ “
“ထိပ်ထားနဲ့ဒီကမမလေး နဒီတို့သောင်စပ်သွားကြတာပေါ့။ ဒီအချိန်ကဆည်းဆာချိန်ဆိုတော့ သိပ်လှတာ”
နဒီဦးဆောင်ပြီး ထိပ်ထားတို့ကို သောင်စပ်ဘက်ခေါ်ခဲ့လိုက်တယ်။ ဒီအချိန်ကတကယ့်အလှဆုံးအချိန်လေ။
“နဒီ...ဒါထိပ်ထား ညီမတော် ခင်ခင်လေးတဲ့။ ခင်လေးဒါအစ်မတော်ရဲ့ မိတ်ဆွေနဒီတဲ့။ “
နဒီနဲ့ခင်လေးတို့ အပြုံးချင်းဖလှယ်ပြီး ခေါင်းငြိမ့်ပြလိုက်ကြသည်။
“ထိပ်ထားကို ရုတ်တရက်တွေ့လိုက်ရတော့ နဒီအံ့သြသွားတာ။ ဒါနဲ့ စကားမစပ် ထိပ်ထားတို့မြင်းကြီး တွေက သိပ်လှတာပဲ”
နဒီ့စကားကြောင့် ထိပ်ထားပြုံးမိသွားတယ်။ သူအရင်လို မြင်းတွေကို ချစ်တက်ဆဲ။
“နဒီ မြင်းစီးတက်လား”
“မစီးတက်ပါဘူး ထိပ်ထားရယ်။ လှော်တက်ကိုင်တဲ့လက်နဲ့ မြင်းနဲ့အဝေးကြီးပါ။”
“ထိပ်ထား စိတ်ထဲတော့ နဒီက မြင်းကောင်းကောင်း စီးတက်တယ်လို့ ယုံကြည်နေတယ်”
ထိပ်ထားအခိုင်အမာပြောလိုက်တော့ သူ့ဆီက အံ့သြသလို အကြည့်တွေကို လက်ခံရရှိတယ်။ ဟုတ်တယ်လေ တပ်မှုးချုပ်ဟာ ဘယ်လောက်မြင်းစီးကျွမ်းကျင်လိုက်သလဲ...
“ဟယ် ပင်လယ်ကြီး....ဇင်ယော်ငှက်တွေရောပဲ”
ပြောလည်းပြော ပြေးလည်းပြေးသွားသော ခင်လေး။ ထိပ်ထားကော သူပါ ရယ်မိကြသည်။
“ရေထဲမဆင်းနဲ့နော် ခင်လေး”
အကြောင်းသိ ညီမဖြစ်သူကို လှမ်းသတိပေးရသေးသည်။ ခင်လေးအရွယ်ရောက်လာလို့သာ ငယ်ငယ်ကဆို သိပ်ဆော့တာမလား....
သူနဲ့ထိပ်ထားကတော့ သဲပြင်နုနုမှာ ယှဉ်လျှက်လမ်းလျှောက်ရင်းပင်....
“လှတယ်မလား ထိပ်ထား။ ပင်လယ်ထဲ နေလုံးကြီးတအိအိ နစ်ဝင်သွားတာနဲ့ တူတယ်နော်။”
“အွန်း အတော့်ကိုလှတာပဲ။”
“အစ်မတော် ညီမတော် ခရုလေးတွေလိုက်ကောက်လိုက်အုန်းမယ်”
ခွင့်လှမ်းတောင်းပြီးတာနဲ့ အပြန်စကားတောင်မစောင့်ပဲ သောင်ပြင်တစ်လျှောက် ကုန်းကုန်းကုန်းကုန်းနဲ့ ခရုကောက်တော့သော ခင်လေး။ ရာမညပြည့်ရှင်၏သမီးတော်ဆိုသော ဂုဏ်ပုဒ်များကို ဘေးဖယ်ချလျှက် ပိဘိကလေးသဖွယ်။ အစ်မတော်ကို စောင့်ရှောက်ဖို့ လိုက်ခဲ့ပါရစေတဲ့။ အခုတော့ ကိုယ်ကသူ့ကို ပြန်စောင့်ရှောက်နေရသည်။
“ထိပ်ထား ခရုဆွဲကုံးလေးတွေ သဘောကျလား”
“အွန်းကျပါတယ်”
“နောက်ကျရင် နဒီကိုယ်တိုင်သီပေးမယ်။ ဒီအချိန်က ခရုခွံလှလှလေးတွေ သိပ်မတွေ့ရဘူး။ အာရုံတက်ချိန် စောစောမှ တွေ့ရတာ”
ခရုဆွဲကုံးဆို၍ သူပေးခဲ့သော မဟူရာဆွဲပုတီးလေးကို ထိပ်ထားသတိရသွားသလို....ဒီနေ့တော့ မဆွဲခဲ့လိုက်ရ။ နောက်ကြုံမှ မှတ်မိလိုမှတ်မိငြား အရိပ်အမွတ်ပြကြည့်ရမည်။
“လာ ထိပ်ထား ဟိုကျောက်ဆောင်ပေါ် ထိုင်ကြည့်ကျတာပေါ့။ ခြေထောက်ကို တစ်ချက်တစ်ချက်လာရိုက်တဲ့လှိုင်းလေးတွေရယ် ဆည်းဆာချိန်ရယ်။ နဒီ ဒီမှာလာထိုင်တိုင်း ဘယ်သူ့ကိုသတိရလို့ သတိရမှန်းမသိပါဘူးဆို”
သူကတော့ စကားကို ရယ်သွမ်းသွေးပြောပေမဲ့ ထိပ်ထားစိတ်ထဲတော့ တမျိုးခံစားလိုက်ရသည်။
“လာ...”
ကျောက်ဆောင်က နည်းနည်းမြင့်တော့ သူအရင်တက်သွားပြီး အပေါ်ရောက်မှ လက်ကမ်းပေးနေသော နဒီ။
ထိပ်ထားသူ့လက်ကိုဆုတ်ကိုင်လိုက်ရင်း ကျောက်ဆောင်ပေါ်တက်လိုက်သည်။
ငွေရောင်လက်လက်ထနေသော ပင်လယ်ပြင် တဖြူးဖြူး တိုက်ခတ်နေသောလေ ပျံသန်းနေသော ဇင်ယောက်ငှက်လေးများနှင့် တအိအိဝင်နေသော နေလုံးကြီး....တကယ့်ကို လှပတဲ့မြင်ကွင်းပါ။ နှစ်ဦးစလုံး စကားမဆိုဖြစ်ကြ။ ခေတ္တမျှ ငြိမ်သက်စွာ ငေးနေမိကြသည်။
ထိပ်ထား ပင်လယ်ပြင်ကိုကြည့်နေရာမှ တပ်မှုးချုပ်ဘက်ကို လှည့်ကြည့်လိုက်သည်။ သူကတော့ တမေ့တမော ငေးနေပုံပါပဲ။ အရင်ကထက်စာလျှင် နည်းနည်းပိန်သွားတာကလွဲလို့ တပ်မှုးချုပ်သည် ဘာမှမပြောင်းလဲ...ဒီမျက်နှာတော်ကို ထိပ်ထားဘယ်လောက်လွမ်းခဲ့ရလည်း အရှင်ရယ်။
နဒီ့ စိတ်ထဲ တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားရ၍ လှည့်လိုက်တော့ သူ့ကိုအမည်မဖော်နိုင်သော မျက်လုံးများဖြင့် ငေးကြည့်နေသော ထိပ်ထား။ သူပြန်အကြည့်မလွှဲမိပါ။ ဒီမျက်နှာတော်နုနုလေးကို သူလည်းငေးမိသွားသည်။ သိပ်လှရက်လွန်းသူပါပဲ။ ပြီးတော့ ထိပ်ထားနဲ့ပတ်သတ်လာရင် တစ်စုံတစ်ခုကို ခံစားရသလို။ ဘာလည်းတော့ နဒီကိုယ်တိုင်လည်းမသိပါ။
“ထိပ်ထားက သိပ်လှတာပဲ။”
မရည်ရွယ်ပဲ လွှတ်ခနဲ့ထွက်သွားတော့ ထိပ်ထားပါးနှစ်ဖက်မှာ အနီရောင်လေးတွေ ဖြတ်ပြေးသွားတာကို နဒီတွေ့လိုက်ရတယ်။ စိတ်ဆိုးသွားမလား ဘာမလားတော့မသိ စိတ်ထဲရှိတဲ့အတိုင်းပြောမိခြင်းပင်။ နဒီ့စိတ်တွေက ထိပ်ထားနဲ့ဆိုရဲတင်းလွန်းနေသည်။ ထိပ်ထားညီမတော်ဆိုသူကိုကျ အနည်းငယ်ရှိန်မိပေမဲ့ ထိပ်ထားကိုကျ အရမ်းရင်းနှီးနေသလို..။ တကယ်ဆို ထိပ်ထားနဲ့ အကျွမ်းဝင်တာ မကြာသေးဘူးမလား။
“ထိပ်ထားက ဟံသာဝတီတိုင်းကပါ။ ဒီက
ဦးရီးတော်ဆီ လာလည်တာလေ..”
“သြော် ...ကြားဖူးတယ် ဟံသာဝတီ။ ရောက်တော့မရောက်ဖူးသေးဘူး”
တကယ်သူဟာ အရာအားလုံးမေ့နေခဲ့တာပဲ။
“နဒီ့ဆီကို ထိပ်ထားလာလည်တာ နှစ်ခါရှိပြီနော်။ နောက်တစ်ခါ နဒီက ထိပ်ထားဆီလာလည်ရမယ်။ နေရာပြောပြခဲ့မယ်”
“ဟင် ဟံသာဝတီထိလား”
“မဟုတ်ပါဘူး။ ရာမညက အိမ်တော်ကိုပြောတာပါ။ “
“သြော်...အဲ့ဆိုလာလည်မှာပေါ့။ ထိပ်ထား ဟံသာဝတီမပြန်ခင်”
“ထိပ်ထားမပြန်သေးပါဘူး။ ရာမညမှာ ပျော်သလောက်အုန်းမှာ။ ထိပ်ထားစုံမက်မိနေတဲ့သူက ဒီရာမညမှာ ရောက်နေတာမို့။ သူ့ကို ထိပ်ထားပြောစရာတွေ အများကြီးရှိနေတယ်။ ဒါ့ကြောင့် ထိပ်ထားမပြန်သေးတာ”
ဒီစကားကို ထိပ်ထား တပ်မှုးချုပ်မျက်နှာကို စေ့စေ့ကြည့်ပြောလိုက်တာပါ။
“သြော်..........”
စုံမက်မိသူ....။ ဒီစကားကြားတော့ နဒီ့ရင်ထဲ တင်းကျပ်သွားရသည်။ ဘာဖြစ်တာလည်း ဒါ။ ထိပ်ထားမှာ စုံမက်သူရှိတာ နဒီနဲ့ဘာဆိုင်လို့လဲ။ ဒါပေမဲ့ ဘာလို့ ဝမ်းနည်းသွားရတာလည်း။ ချက်ချင်းကြီး စိတ်မကောင်းတော့..။ တကယ်ဆို ထိပ်ထားနဲ့သူ ရင်းနှီးတာမကြာသေးဘူးလေ....ပြီးတော့ ထိပ်ထားကောသူကောက မိန်းကလေးတွေမလား။
“အစ်မတော် ပြန်ရအောင်....နေဝင်လုပြီ”
“လာပြီညီမတော်.....နဒီ ထိပ်ထားတို့ပြန်ရအောင်နော်။ ပြီးတော့ ဒီ့တစ်ခေါက်ဈေးနေ့ ဈေးရောင်းပြီးရင် ထိပ်ထားအိမ်တော်ကို ဆက်ဆက်ဝင်လာပါ။ မျှော်နေမှာနော်။ အိမ်တော်က ရာမညနန်းတော်ရဲ့အရှေ့စူးစူးက တောင်ကုန်းပေါ်က စံအိမ်ပဲ။ မှားစရာမရှိဘူးသိလား ။”
“ကောင်းပါပြီ။ နဒီ ဝင်ခဲ့ပါ့မယ်”
“ဒါနဲ့ နဒီ့မျက်နှာက ဘာဖြစ်တာလည်း ။ ရုတ်တရက်ကြီး နွမ်းသွားသလိုပဲ...လေတိုက်ခံတာများလို့ ဖျားသွားပြီလား”
နဖူးပေါ် လက်ဖဝါးနုနုရောက်လာချိန်မှာတော့ နဒီ့ရင်ထဲနွေးသွားရပြန်သည်။ နဒီ့ကိုယ် နဒီဘာဖြစ်နေမှန်းမသိတော့။ ထိပ်ထားနဲ့သူ ဘယ်လိုများပတ်သတ်ခဲ့ဖူးတာလည်း။ ဟိုးအရင်ကတည်းကများ သိဖူးခဲ့တာလား....ဘာလို့ခံစားချက်တွေကအစ ရင်းနှီးနေရတာလည်း။
စတဲ့ မေးခွန်းများစွာ ခေါင်းထဲတွင် စီလျှက်။
ထိပ်ထားတို့ပြန်သွားသည့်တိုင်အောင် နဒီအဖြေရှာဆဲ။ တစ်ခါတစ်ရံ မက်တပ်သည့်အိမ်မက်များထဲမှ မိန်းမပျို။ မျက်နှာကိုနဒီမမှတ်မိသော်လည်း သူက ထိပ်ထားနဲ့အသွင်အပြင် ဆင်နေသလို...
နဒီ့အိမ်မက်တွေကထူးဆန်းသည်။ ဓားတစ်လက်နဲ့ တိုက်ခိုက်နေရတာကို မက်သလို မိန်းမပျိုတစ်ဦးအကြောင်းကိုလည်း မကြာခဏမက်သည်။
ဒီအိမ်မက်တွေ...ပြီးတော့တစ်စုံတစ်ဦးနဲ့တူသည်ဟုဆိုကာ သူ့ဆီရောက်လာသော ထိပ်ထား။ ထိပ်ထားအပေါ်အကျွမ်းဝင်နေတဲ့ သူ့စိတ်။ ပြီးတော့ မမှတ်မိတဲ့ ငယ်ဘဝအကြောင်းတွေ....အဘနဲ့အမေကိုမေးလည်း ရေရေလည်လည် မပြောနိုင်။ ရွာထဲက လူတွေပြောတာတော့ သူ့ကို ရေထဲကဆယ်ပြီး ကယ်ထားတာဆိုလား။ ဒါပေမဲ့ စိတ်ထဲမှာတော့ အဘနဲ့အမေကို မိဘအရင်းလိုပဲ ခံစားမိသည်။သို့ပေမဲ့ အရင်းမဟုတ်ဘူးဆိုတာလည်း သိသည်။ သူ့တွင် ပျောက်ဆုံးနေသော အပိုင်းအစတစ်ခုရှိမယ်ဆိုတာ အရင်ကတည်းက သတိထားမိနေတာ။ တစ်ခါတစ်ရံကျလည်း ဇဝေဇဝါ ဖြစ်ရတဲ့ကိစ္စတွေအများကြီး..။
“တကယ် ငါက ဘယ်သူလဲ”
________🪔ထိပ်ထား🪔___________
RenGe-