ကျွန်တော် ထိတွေ့ ပွတ်သပ်ကြည့်မိနေတဲ့ ဝါကျင့်ကျင့်
စာရွက်တွေဟာ Ge လက်ဖဝါးပြင်တွေလို နွေးထွေးနေခဲ့သလိုမျိုးပဲ။
မှင်အနက်ရောင်စာလုံးတွေနဲ့ သတင်းစာဖြတ်ပိုင်းတွေ
ပြဇာတ် ကြော်ညာတွေနဲ့ သေသေသပ်သပ် ကပ်ထားတဲ့
ဆောင်းပါး မှတ်စုတွေ ကို ကျွန်တော် တစ်ရွက်ချင်း
လှန်ကြည့်နေမိတယ်။
ဒါပေမယ့် ကျွန်တော် မြင်နေတာ ဒီစာမျက်နှာတွေမှ မဟုတ်ပဲ။
စာလုံးတွေကို မမြင်ရတဲ့ အတူတူ ကျွန်တော် စာအုပ်ကို
ပိတ်လိုက်သည်။ကျွန်တော် အခု Ge နဲ့ အတူနေခဲ့တဲ့
တိုက်ခန်းကလေးမှာ။ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့
အမှတ်တရတွေနဲ့ ကင်းကွာတဲ့ နေရာမျိုးမှာတော့ အဲ့ဒီစာမျက်နှာတွေကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တာကြောင့် ကျွန်တော် ဒီကို ပြန်လာခဲ့တာ ။ကျွန်တော် ရောက်သွားခဲ့တော့ တိုက်ခန်းကလေးထဲမှာ ဘာမှမရှိတော့ပါဘူး ။ အဝတ်ဖြူတွေ လွှားထားတဲ့
ပရိဘောဂနည်းနည်းရယ် ၊ ဖုန်မှုန့်တွေရယ် .. ဪ ...
ကျွန်တော် ပြန်မြင်ယောင်လာတဲ့ ပုံရိပ်ယောင်တွေကို
ထည့်မတွက်ဘူးဆိုရင်တော့ ဒါပါပဲလေ ...။
ကျွန်တော်တို့ အခန်းတံခါးပေါ်က Ge ကပ်ထားခဲ့တဲ့ နံရံကပ်
ချိတ် ကလေးတွေတော့ အခုထိ ရှိနေတုန်းပဲ ... ။
ဒီအခန်းတံခါးကို ဖွင့်လိုက်ဖို့လဲ ကျွန်တော် သတ္တိမရှိသေးဘူး ။
ကျွန်တော်တို့ရဲ့ အသံတိတ် ရန်ပွဲတွေ ... အများအားဖြင့်တော့
ကျွန်တော် တစ်ယောက်တည်း ကြိတ်မှိတ်ကြေကွဲခဲ့ရတဲ့ ညတွေက ခြောက်လှန့်နေဦးမှာများလားလို့ သံသယတွေ ဝင်နေပြန်တယ် ။
( Ge လို့ တစ်ခါမှ မခေါ်ဖြစ်ခဲ့တဲ့အတွက်လဲ ကျွန်တော် အခု
ဘယ်လောက်တောင် နောင်တရနေခဲ့သလဲ ဆိုတာကို သိရင် Ge
သရော်သလို ပြုံးနေဦးမှာပဲလား ...။)
ဘာဖြစ်လို့လဲ ... ဘာဖြစ်လို့များလဲ .... ။
ကျနော့်ကို တစစီ ချိုးဖျက်ခဲ့ပြီးတာ မလုံလောက်သေးလို့လား ... ။
လူတစ်ယောက်ဆီမှာ Breaking Point လို့ ခေါ်တဲ့ အဆုံးစွန်ဆုံး နာကျင်မှတ်တွေ ရှိတယ်လို့ ကျွန်တော် စာအုပ်တစ်အုပ်မှာ
ဖတ်ဖူးတယ် ။ Ge ကတော့ ကျွန်တော့်ရဲ့ အဆုံးစွန်ဆုံး
နာကျင်မှတ်တွေရဲ့ ဟိုတစ်ဖက်ကမ်းပဲ ထင်ပါရဲ့ ...။
Church ကျောင်းထဲက မဟော်ဂနီရောင် ခေါင်းတလားထဲမှာ ငြိမ်သက် လဲလျောင်းနေတဲ့ Ge ကို မြင်ယောင်လာတိုင်း ကျနော် ဘာလုပ်ရမှန်း မသိဘူး ....။ လူတွေကတော့ ဘယ်လို အကြံဉာဏ်ပေးလဲ
Ge သိလား။
ငိုလိုက်တဲ့ ... Ge ရယ် ... ၊ ငိုချလိုက်တဲ့ ...။
စီနီယာ Lu Feng ကလဲ အဲ့ဒီလို ပြောတယ် ...။
ဖာသာကလဲ အဲ့လို ပြောတယ် ....။
ယုတ်စွအဆုံး... အိမ်ပြန်ရောက်တဲ့အခါမှာတောင် မေမေကလဲ
အဲ့ဒီစကားကို ပြောတယ် Ge ...။
အဲ့ဒီစကားကို ကြားရင်ကို ကျွန်တော်က လည်ချောင်းတွေ ကွဲအက်သွားလောက်တဲ့အထိ ဟားတိုက်ရယ်မောပစ်ချင်မိတာပါ ။
အဲ့ဒီလိုမျက်ရည်တွေ ကျလိုက်တာနဲ့ပဲ အားလုံး အဆင်ပြေသွားမယ်လို့
သူတို့ ဘယ်လို သိနေရတာလဲ ...။
Ge မသိချင်ဘူးလားဟင် ....။
သူတို့ကိုယ်တိုင် ငိုလိုက်တဲ့အခါ အားလုံး အဆင်ပြေသွားခဲ့လို့လား
ဒါမှမဟုတ် ...
အားလုံး အဆင်ပြေချင်ယောင်ပဲ ဆောင်နေခဲ့ကြလို့လားးး ။
ကျွန်တော့်အတွက်တော့ အဆင်မပြေဘူး ....။
အကယ်၍များ
ကျွန်တော် ငိုလိုက်လို့ Ge ကျွန်တော့်ရှေ့ ပြန်ရောက်လာခဲ့မယ်
ဆိုရင်တော့ ဒီမျက်လုံးတွေ ပေါက်ထွက်သွားတဲ့အထိ
ကျွန်တော် ငိုနေမိခဲ့မှာပါ ....။
Ge ကို ပြန်ရနိုင်မယ်ဆိုရင် .... ။
Ge မျက်နှာကို စေ့စေ့ကြည့်ပြီး နောက်ထပ် နောက်ထပ် အကြိမ်တွေ အများကြီး ချစ်တယ်လို့ တဖွဖွ ပြောနိုင်ဦးမယ်ဆိုရင် .....။
ဆိုရင် .... ကျွန်တော် အခု ဘာမဆို လုပ်မှာပါ ။
အဲ့ဒါကို Ge သိတယ်မဟုတ်လား ။ Ge သိနေခဲ့မှာပါ ။
စီနီယာ Lu Feng ပြောတဲ့ ...
( သူက မင်း သူ့ကို သိပ်ချစ်လွန်းတာ သိလို့ ဒီလမ်းကို
ရွေးသွားတာ ) ဆိုတဲ့ စကားကို ကြားတော့ .... ခပ်ယဲ့ယဲ့
ပြုံးမိသေးတယ်။ အနည်းဆုံးတော့ ကျွန်တော် Ge ကို
သိပ်ချစ်ခဲ့တာတော့ သိသွားသေးတာပဲ ....။
( ဒါပေမဲ့ Ge ရွေးခဲ့တဲ့ လမ်းဆိုတာကိုတော့ ကျွန်တော် မသိဘူး )
ကျွန်တော် သတိလက်လွတ်ကိုင်ထားတဲ့ အခန်းတံခါးလက်ကိုင်ကို လွှတ်လိုက်ပြီး ဧည့်ခန်းရဲ့ စားပွဲခုံပုလေးမှာ တင်ထားခဲ့တဲ့ စာအုပ်ဆီ တရွေ့ရွေ့တိုးလာခဲ့တယ်။ ကျွန်တော် Ge လျှောက်ခဲ့တဲ့
လမ်းကိုတော့ သိမှ ဖြစ်မယ် ...။
အဲ့သည်လိုဆို ... ။
အဲ့သည်လိုဆိုရင်တော့ ... ကျွန်တော် အဆင်ပြေသွားမလားလို့ မျှော်လင့်မိတယ်....။
_____________________________________________________
•••
ကျနော် အဲ့ဒီကောင်လေးကို ပထဆုံး တွေ့ခဲ့တဲ့ အချိန်မှာ
သိခဲ့တာ တစ်ခုရှိတယ်....။
ရှိတ်စပီးယားရဲ့ ပြဇာတ်တွေထက် ပိုပြီး သေသပ်ခမ်းနားတဲ့
သက်ရှိတစ်မျိုး လောကမှာ ရှိသေးတယ်ဆိုတဲ့ အကြောင်းပဲ ...။
•••
Lu Feng ကို ဒီကောင်လေး အကြောင်း ပြောပြတော့
အတန်းလိုက်ရှာပေးပြီး လမ်းဖောက်ခဲ့နိုင်ရဲ့သားနဲ့ မလုပ်ရကောင်းလားလို့ ဆဲတယ် ။ ဒုက္ခပဲ ... ။ဒီကောင်ကလဲ တိမ်လိုက်တာ .... ။
အဲ့ဒီလိုသာ လုပ်ခဲ့ရင် ... ကောင်လေး စိတ်ထဲမှာ ကျနော်တော့
သွားပြီပဲ ...။
လူတစ်ယောက်က လူတစ်ယောက်ကို လေးစားစိတ်နဲ့ စပြီး
ခင်မင်ရင်းနှီးသွားခဲ့မယ်ဆိုရင် အဲ့ဒီလူကို ချစ်ဖို့
သိပ်မဖြစ်နိုင်တော့ဘူး လို့ ကျနော် ယူဆထားတယ်။
လေးစားစိတ်နဲ့ ချစ်တာဟာ ချစ်တာ တစ်ပိုင်းပဲ ....။
ကျနော်က ဒီလို အခြေအနေမျိုးမလိုချင်ခဲ့ဘူး ...။ကောင်လေး
စိတ်ထဲမှာ သူ့ကို မကူညီခဲ့တဲ့ သဘောထားခပ်ဆိုးဆိုး
လူ့ဂွစာ အနေနဲ့ပဲ ကျနော့်အကြောင်းကို တနုံ့နုံ့
တွေးနေစေချင်တယ်။
ကျနော့်ရည်ရွယ်ချက်က သိပ်ပေါက်ရောက်ခဲ့တဲ့ အကြောင်း
မကြာခင်ပဲ သိရတယ် ။ အထူးသဖြင့် အားကစား ခန်းမတွေနားမှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ ကောင်လေးဟာ ကျနော့်ကို မြင်တဲ့အခါတိုင်း မျက်နှာက မကျေမချမ်း ဖြစ်နေတတ်တယ်လေ ။
အဲ့ဒီလို မျက်နှာလေးကို မြင်ရတဲ့အခါတိုင်း ဒါမှမဟုတ်
မြင်ယောင်တဲ့အခါတိုင်း ကျနော့်ကောင်းကင်ရပ်ဝန်းတစ်ခုလုံးဟာ
ပြာလွင်နေခဲ့တယ်...။
•••
လက်ထဲက လွတ်ထွက်သွားခါနီး ပူဖောင်းကလေးတစ်ခုကို
ပြန်ရရှိလိုက်သလိုမျိုး......။
အဲ့ဒီ အခိုက်အတန့် ခဏလေးမှာ ကျနော့်လက်ထဲက ရေတွေစိုရွှဲပြီး တုန်ယင်နေတဲ့ ကောင်လေးကို လက်လွှတ်ဆုံးရှုံးရပြီလို့
ထင်မှတ်နေခဲ့တာ .... ။ပြာနှမ်းနေတဲ့ နှုတ်ခမ်းတွေ ပွင့်ဟလာတဲ့အချိန်
ကြောက်လန့်တုန်လှုပ်နေတဲ့ မျက်လုံးကလေးတွေနဲ့ ကျနော့်ကို
မော့ကြည့်လာတဲ့ ကောင်လေးကို ကျနော် အကြာကြီး
ပွေ့ဖက်ထားပေးချင်ခဲ့တာပါ ....။
(တော်သေးတာပေါ့ ကလေးရယ် ... ကိုယ်သာ နည်းနည်းလေး
နောက်ကျသွားခဲ့ရင် ...)
•••
ကျောင်းက လေ့လာရေးခရီးက ပြန်အရောက်မှာ
ကျနော့်ရဲ့ လမ်းက ဖြူးနေတာပဲ ။ ကောင်လေးဆီက
လူသတ်ချင်သလို အကြည့်တွေအစား လမ်းမှာတွေ့တိုင်း
ခေါင်းငုံ့ရင်း ပြုံးပြနှုတ်ဆက်လာတယ် ။
အဲ့ဒီနောက်မှာတော့
ကျနော့် ပြဇာတ်တိုင်းရဲ့ ရှေ့ဆုံး ခုံတစ်ခုံဟာ
အမြဲတမ်း ကောင်လေးတစ်ယောက်အတွက်ပဲ ။
ကျွန်တော့်နေလည်စာဟာလည်း ပထမနှစ် ကဲန်တင်းမှာမှ မဟုတ်ရင် အာဟာရမပြည့်ဝတော့မှာစိုးရသလိုမျိုး ....။
သောကြာနေ့ညနေခင်းတိုင်းရဲ့ ညစာတွေဟာ
မျက်လုံးဝိုင်းဝိုင်းတွေနဲ့ အကြည့်ချင်းဆုံမိမှ အရသာရှိလာသလိုလို...။
ကျောင်း ပိတ်ရက်တွေတိုင်း ရှုပ်ပွနေတဲ့ ဆံပင်အညိုတွေကို မကြာခဏဆိုသလို ဆွဲဖွရင်း Basketball ဆော့ရတာကို
ဘုရားသခင်ရဲ့ စောင်မမှုတစ်ခုလို့ ထင်နေခဲ့တယ် ။
•••
ကျနော့် ဘဝကိုလဲ ကျနော် ရေးခဲ့ ၊ ဖျော်ဖြေတင်ဆက်ခဲ့ဖူးတဲ့
ပြဇာတ်တွေထဲက အတိုင်း တသမတ်တည်း အံဝင်ခွင်ကျ
ဖြစ်လိမ့်မယ်လို့ မျှော်လင့်နေခဲ့တာဟာ ကျနော့်ရဲ့ အကြီးမားဆုံးသော အမှားပါပဲ ။
လတ်တလော မကြာခဏ ထိုးအောင့် အောင့်နေတဲ့ ဘယ်ဘက် ပခုံးနဲ့ လက်တွေ ၊ ကျောပြင်နဲ့ လက်တွေမှာ ပေါ်လာနေတဲ့ အညိုမည်းစွဲသလို အကွက်တွေကို အမှုမဲ့ အမှတ်မဲ့ သဘောထားခဲ့မိတယ် ... ။
•••
( အစာရေမျိုပြွန် ကင်ဆာ ) တဲ့ ...။
ကြားကြားချင်း ကျနော့်လက်ကို ဆုပ်ကိုင်ဖျစ်ညစ်လိုက်တဲ့ မာမားရဲ့ လက်တွေက အေးစက်နေခဲ့တာပဲ ကျနော် သတိရတယ် ။
မာမားရယ် ... ။ ကျနော် မာမားကို သနားလိုက်တာ ....။
ကျနော့်ကို တတွတ်တွတ် နှစ်သိမ့်နေတဲ့ မာမား မျက်လုံးတွေက
ကွဲအက်သွားတဲ့ ဖန်ပုလင်းလေးတစ်လုံးလိုပဲ။
ဘုရား ... ဘုရား ... အဲ့ဒီ ကွဲအက်နေတဲ့ ဖန်ပုလင်းလေးထဲမှာ ...
ကျနော့်ကို စီနီယာလို့ ခေါ်နေတဲ့ တိုးဖွဖွ အသံလေး။
( ကလေးရယ် ... ကိုယ် ဘယ်လို ဆက်လုပ်ရပါ့မလဲ ....)
•••
ကျနော့်ကို စတင် ငြိတွယ်စပြုနေတဲ့ ကလေးကို .... ဝေးဝေးမှာ
ထားလိုက်ဖို့ နီးစပ်ရာ မိန်းကလေးတစ်ယောက်နဲ့ ကျနော်
အကြံအဖန်တွေ လုပ်တယ်။ ကျနော့် အစီအစဉ်ဟာ
အောင်မြင်လုနီးပါးပါပဲ ။အကယ်၍များ အဲ့ဒီ့နေ့ညက
ကျနော့်အဆောင်ရှေ့ကို အပြိုပြိုအလဲလဲ ရောက်လာခဲ့တဲ့
ကောင်လေးကြောင့်သာ မဟုတ်ရင်..။
•••
မာမားကို ကတိအထပ်ထပ်ပေးပြီး ပြန်လာခဲ့ရပေမယ့် ကျနော်တော့ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး ။ တစ်ခါတစ်လေကျရင်တော့
ရင်းနှီးကျွမ်းဝင်နေခဲ့တဲ့ ပါးချိုင့်တွေကို ကျနော် ဆွဲထားရမယ့်
ကောက်ရိုးတစ်မျှင်များလားလို့ ထင်မြင်နေမိပြန်တယ် ။
ကျနော့်ကို အရိပ်တကြည့်ကြည့်ဖြစ်နေတဲ့ ဒီကောင်လေးရှေ့မှာ ဘယ်တော့မှ အားမနည်းသွားဖို့ တောင့်ခံနေခဲ့ရတာ
ဘယ်တုန်းကမှ မလွယ်ကူခဲ့ဘူး ။
•••
ခွဲစိတ်လို့ ရနိုင်တယ်ဆိုတဲ့ အဖြေတစ်ခုကို ကြားရတဲ့ အချိန်မှာ
ကျနော် ဘယ်လောက် စိတ်သက်သာရာရသွားခဲ့လဲဆိုတာ
ဖော်မပြနိုင်အောင်ပဲ ...။ အဲ့ဒီနေ့က ကောင်လေး ပြောပြနေခဲ့တဲ့
ကျနော်တို့နှစ်ယောက်ရဲ့ အနာဂတ်တွေတောင်မှ ပိုပြီး တောက်ပနေခဲ့သလိုမျိုးပဲ ။
•••
မာမားရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ခွဲစိတ်မှုက တကယ်တော့ မရေရာခဲ့ပါဘူး။ နှလုံးနဲ့ သိပ်ကပ်နေခဲ့တဲ့အတွက် ဒီ စွန့်စားမှုကို ဘယ်ဆရာဝန်မှတာဝန်မယူရဲခဲ့ဘူး ...။
( ကျွန်တော်တို့ စိတ်မကောင်းပါဘူး ။ ဆေးသွင်းတာအပြင် ဘာမှ မတတ်နိုင်တော့ပါဘူး )
ဆိုတဲ့ ဆရာဝန် ပြောစကားကို ကြားတော့ ရှိုက်ငိုလိုက်တဲ့ မာမားကို ပွေ့ထားရင်း ကျနော် တစ်ခွန်းပဲ မေးမိတယ် ။
( အဲ့ဒီလိုဆို ကျနော် ဘယ်လောက် ကြာကြာ နေနိုင်ဦးမလဲ )
•••
အနည်းဆုံးတော့ ၆လ အများဆုံး တစ်နှစ်ဆိုတဲ့ ကာလတစ်ခုဟာ
ကလေး ကျနော့်ကို စိတ်နာသွားအောင် ကြံစည်ခဲ့ဖို့အတွက်
လုံလောက်မယ်လို့ ထင်ခဲ့တယ် ။
တစ်နေ့တစ်ခြား ပိန်လာတဲ့ ကျနော့်ကို သတိမထားမိဖို့ လက်ရှည်အပွတွေပဲ လှည့်ပတ်ဝတ်ပြီး ကောင်လေးအနားကနေ
များသောအားဖြင့် ရှောင်နေခဲ့တယ်။ ကောင်မလေးတွေနဲ့ မကြာခဏ တွဲတွေ့လာတဲ့ ကျနော့်ကို သူ မကြိုက်ပေမယ့် တစ်ခါပဲ သတိပေးပြီး ဘာမှ ထပ်မပြောခဲ့ ...။ အဲ့ဒီတုန်းက ညှိုးနွမ်းသွားတဲ့
ကလေးမျက်နှာက ညတိုင်း ကျနော့်ရဲ့ အိပ်မက်ဆိုးတွေ
ဖြစ်လာတယ် ။
•••
တတိယအကြိမ် ကျနော် ဆေးသွင်းရမယ့်ရက်မတိုင်ခင်မှာ
ကျနော်တို့ရဲ့ ၇လပြည့် အထိမ်းအမှတ်အနေနဲ့ အပြင်ထွက်
စားကြတယ်။ ကျနော့်အရှေ့မှာထိုင်ရင်း ကျနော့်ကို ငေးငေးငိုင်ငိုင် ကြည့်နေခဲ့တဲ့ ကောင်လေးကို အကြည့်ချင်း မဆုံရဲဘူး ။ လက်ထဲက အယောင်ပြကိုင်ထားခဲ့တဲ့ ပြဇာတ် စာရွက်မှာ အဲ့ဒီ ဝမ်းနည်းနေတဲ့
မျက်လုံးဝိုင်းတွေပဲ ...။
ရုတ်တရက်...
( စီနီယာ ကျွန်တော့်ကို ချစ်လားဟင် ) ဆိုတဲ့ အသံတိုးတိုးကလေးဟာ ကျနော့်နားထဲကိုတော့ ဝုန်းဒိုင်းကြဲပြီး ဝင်ရောက်လာခဲ့တယ် ။
ကျနော် ပြန်မဖြေရဲဘူး ။ကျနော် မကြားလိုက်သလို စကားလွှဲလိုက်တဲ့အခါ ပျက်သွားတဲ့ ကလေးရဲ့ မျက်နှာဟာ တကယ့်ကို ငရဲပဲ ။ အဲ့ဒီနေရာမှာပဲ ဒူးထောက် တောင်းပန်မိတော့မယ့် ကိုယ့်ကိုကိုယ် မနည်း ထိန်းသိမ်းထားရတယ် ။
( ကျွန်တော်က လမ်းခွဲမယ်လို့ ပြောရင် စီနီယာက ကျွန်တော့်ကို လမ်းခွဲနိုင်မှာလားဟင် ) လို့ မေးလိုက်ပြီးမှ ကျနော် တစ်ခုခု ပြန်ဖြေလိုက်မှာကို ထိတ်လန့်နေခဲ့တဲ့ မျက်လုံးတွေနဲ့ မော့ကြည့်တဲ့ အခါမှာတော့
ကျနော် ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး ။
ဒါပေမဲ့ ခြောက်ကပ်နေတဲ့ အနမ်းတစ်ခုကလွဲလို့ ကျနော် ဘာမှ မပေးနိုင်ခဲ့ဘူး ။
•••
ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေမှာလည်း ခံစားခဲ့ရတဲ့ မသက်မသာဖြစ်မှုက တတိယအကြိမ် ဆေးသွင်းမှုမှာ ပိုဆိုးလာခဲ့သလိုပဲ ။
မာမားကြောင့် အာဟာရပြည့်အောင် စနစ်တကျ စားသောက်နေရပေမယ့် ဆေးသွင်းတဲ့ အကြိမ်တိုင်း ဆေးဒဏ်ကြောင့် မကြာခဏ ကျနော် အန်နေခဲ့တယ် ။ ဒီတစ်ခေါက် ဆေးသွင်းတဲ့အကြိမ်မှာ နာလန်ပြန်ထူဖို့
အချိန်ကြာကြာလေး ယူလိုက်ရတယ် ။
မာမား တားနေပေမယ့် Lu Feng ပြောတဲ့
( မင်းကို စိတ်ပူနေတယ် ထင်တယ်) ဆိုတဲ့ စကားကြောင့် ကျနော်
မြန်မြန်ပြန်လာဖို့ ဆုံးဖြတ်လိုက်တယ် ။ ကျနော့်ရဲ့ ဖျော့တော့နေတဲ့
အခြေအနေကို အာရုံလွှဲနိုင်မယ့် ကိစ္စတစ်ရပ်တော့ ဖန်တီးရတာပေါ့။
ဓာတ်ပုံလေးတစ်ပုံတင်ရတာဟာ သိပ်ခက်ခဲတဲ့ အပိုင်း
မဟုတ်ခဲ့ပါဘူး ။
ကျနော် တိုက်ခန်းကို ပြန်မရောက်ခင် ပြဇာတ်တိုက်တဲ့ ကျောင်းခန်းမထဲကို ရောက်တော့ Lu Feng နဲ့ Lily တို့ရဲ့ စိုးရိမ်တကြီး ဆူပူသံတွေကို ခပ်ပြုံးပြုံးပဲ နားထောင်နေဖြစ်တယ် ။
( နင့်နှုတ်ခမ်းတွေ ဒီလောက် ဖြူဖျော့နေရင် Chan ရိပ်မိသွားမှာပဲ ) လို့ Lily က သတိပေးတော့ ကျနော် စိုးရိမ်သွားတယ် ။ ပျာယာခတ်သွားတဲ့ ကျနော့်ကို မသက်မသာကြည့်ရင်း Lily က နှုတ်ခမ်းနီ ပန်းရောင်ဖျော့ဖျော့ ကို သူမပိုက်ဆံအိတ်ထဲက ရှာပေးရှာပါတယ် ။
သွေးရောင် လွှမ်းနေတဲ့ ပုံပေါက်အောင် နည်းနည်း ပြုပြင်ပြီးမှ
ကောင်လေးဆီ ကျွန်တော် ပြန်ရဲတော့တယ် ။
ပုံမှန်ထက် ပိုပြီး တိတ်ဆိတ်နေတဲ့ ကောင်လေးကို ကျနော်အနောက်ကနေ ငေးကြည့်ရင်း ဝမ်းနည်းလာတယ် ။
( Chanyeol ရယ် ... )
ကျနော့်ကို စကားမပြောတော့တဲ့ ကောင်လေးကြောင့်
ဝမ်းသာသွားရမယ့်အစား ကျနော့်ဝမ်းနည်းအားငယ်စိတ်တွေက
လှိုက်ခနဲ ထိုးထွက်လာတယ် ။
အချိန်တော်တော်ကြာမှ ပြန်ထွေးပွေ့လိုက်ရတဲ့ ကလေးက
နွေးထွေးနေတုန်းပဲ ။ ကျနော့်ရင်ခွင်ထဲမှာ ရုတ်တရက် ရှိုက်လိုက်တဲ့ Chanyeol ကြောင့် ကျနော် စိတ်မထိန်းနိုင်ဖြစ်သွားတယ် ။ ကျနော့်ကို သိပ်ချစ်တဲ့ ကလေးဟာ ဘာမှလဲ မသိရပဲ ကျနော် သူ့ကို
မချစ်ဘူးဆိုတဲ့ အတွေးတွေနဲ့ နှိက်စက်ခံနေရပါလားဆိုတဲ့
အသိကြောင့် ကျနော် သူ့ကို နမ်းလိုက်မိတာဟာ
တကယ့်ကို အမှားပဲ ။
သူ့နှုတ်ခမ်းတွေပေါ်က နှုတ်ခမ်းနီ ပန်းရောင်ဖျော့ဖျော့တွေကို လက်နဲ့ ပွတ်သုတ်ရင်း ...
( အနည်းဆုံးတော့ စီနီယာ့နှုတ်ခမ်းတွေက ကျွန်တော် တစ်ဦးတည်း သက်ဆိုင်တာလို့ ထင်နေခဲ့တာ ) ...
ဆိုတဲ့ စကားဟာ ကျနော် ဟန်လုပ်နေခဲ့သမျှကို
တစစီဆွဲဖြဲလိုက်သလိုပါပဲ ။
ကျနော် အရင်တုန်းက သူ နာကျင်စေအောင်
ပြောခဲ့ လုပ်ခဲ့တုန်းကတောင် မတွေ့ဖူးတဲ့ ကြေကွဲဆွံ့အသွားတဲ့ မျက်လုံးတွေ ...။
( ကလေးရယ် ... ဒီတစ်ခုကတော့ ကိုယ် မင်းအပေါ်မှာ
နာကျင်ထိခိုက်သွားစေဖို့ မရည်ရွယ်ခဲ့ပါဘူး )
အဲ့ဒီခဏမှာ ကျနော် အားလုံး ဖွင့်ပြောလိုက်ဖို့ စဉ်းစားလိုက်ပေမယ့် မလုပ်ရက်ခဲ့ဘူး။ ကျနော့်အခြေအနေကို သိလိုက်ရရင် သူ ခံစားရမယ့် နာကျင်မှု အတိုင်းအဆဟာ အခုထက်ပိုပြီး ဆိုးရွားသွားနိုင်တာကို
ကျွန်တော် သိနေခဲ့လို့ပါပဲ ... ။
•••
လမ်းခွဲကြဖို့ ကျနော် ပြောလိုက်တုန်းက တိတ်တိတ်ဆိတ်ဆိတ်လေး ကျနော့်ကို ငေးမောနေခဲ့တဲ့ မျက်နှာလေးကို ဘယ်တော့မှ မေ့နိုင်တော့မယ်လို့ ကျနော်မထင်ဘူး ။ အကြာကြီး စူးစိုက်ငေးမောနေရင်း
ကျလာတဲ့ မျက်ရည်တွေကြောင့် ကျနော် ယောင်ယမ်းပြီး
သုတ်ပေးမိတော့မလို ...။
( ကိစ္စမရှိပါဘူး.. အခုအချိန်ကစပြီး.. ကျွန်တော့်ကို မျက်ရည်သုတ်ပေးခွင့်ရှိသူဟာ.. စီနီယာ မဟုတ်တော့ပါဘူး ကျေးဇူးပါပဲ...)
လို့ ကြားလိုက်ရတဲ့အခါ ကျနော့်မျက်လုံးတွေ ပြာဝေသွားတယ် ။
ဒါတကယ် အဆုံးသတ်ပါပဲလား ။ အမြဲလိုလို ကျနော် တွေးထားခဲ့တဲ့ အဆုံးသတ်မျိုးက ဒီလိုပါလား ...။အောင့်တက်လာတဲ့
ရင်ဘတ်ကြောင့် ကျနော် အံကြိတ်ထားမိတယ် ။ ကျနော့်ကို
စိုးရိမ်တကြီး ကြည့်နေခဲ့ တဲ့ Lu Feng ကို ကလေးကို လိုက်သွားကြည့်ဖို့ ပြောရတယ်။ ကျနော် မသိနိုင်ဘူးလေ။ Chanyeolဟာ
အခုအခြေအနေမှာ ဘာများ တဇွတ်ထိုး လုပ်လိုက်မှာများလဲလို့
တွေးပူနေမိတယ်။
( ကျနော် မရှိတော့ရင်တောင် ကလေးကတော့..... )
•••
_____________________________________________________
ကျွန်တော် ... ကျွန်တော် အခုမှ အော်ဟစ်ပေါက်ကွဲချင်လာတယ် ။
တင်းကျပ်ဆို့နင့်လာတဲ့ ရင်ဘတ်ကြောင့် အသိစိတ်ကို မနည်းထိန်းနေခဲ့ရတယ် ။ ရင်ကွဲနာကျတယ်ဆိုတာ ဘယ်လိုမျိုးများလဲ ။
ဘုရားသခင် ..... ပြီးခဲ့တဲ့ .... ပြီးခဲ့တဲ့ တစ်နှစ်လုံးနီးပါး ဆေးရုံမှာ နာကျင်ရင်း နေခဲ့ရမှာပေါ့။
(ကျွန်တော် သိပါပြီ ။
ဘာဖြစ်လို့လဲဆိုတာ ကျွန်တော် သိပါပြီ )
ရပ်တန့်တော့မှာ မဟုတ်သလို တလိမ့်ချင်း စီးဆင်းနေတဲ့
မျက်ရည်တွေကို မဖယ်ရှားမိဘူး ။ ဝေဝါးနေတဲ့ကြားကပဲ
ကျွန်တော် စီနီယာ Lu Feng ကို ဖုန်းခေါ်လိုက်တယ် ။
" ... ကျွန်တော့်ကို Ge ဆီ ခေါ်သွားပေးပါ "
•••
အထိမ်းအမှတ်ကျောက်တိုင်ပေါ်က Forgive me ဆိုတဲ့ စာကြောင်းက ကျွန်တော့်ရင်ကို အတိုင်းအဆမရှိ လာဝင်ဆောင့်ပြန်တယ် ။
ကျွန်တော် အခု ဘာမှ ထပ်မလိုအပ်တော့ပါဘူး Ge.ရယ် ။
ကျွန်တော့်အနေနဲ့ ......
ကျွန်တော် Ge ကို ချစ်တယ်ဆ်ုတာ Ge သိသွားခဲ့ပြှီးတော့....
Ge ကျွန်တော့်ကို ချစ်ခဲ့တယ်ဆိုတာလေး
ကျွန်တော် သိလိုက်ရတဲ့အတွက် ....
ကျွန်တော့်မှာ အားလုံး ပြည့်စုံနေခဲ့ပါတယ်...။
ဒီနေရာကလေးကနေ ကျွန်တော် မိုးကုတ်စက်ဝိုင်းတစ်ခုကို
မြင်နေရတယ် .......ပြီးတော့ နောက်ထပ် ကြည်လင်နေတဲ့
အပြာရောင် ကောင်းကင် ... ဒါမှမဟုတ် ရင်ခွင် များလား ....။
_______
ကျေးဇူးတင်ပါသည်။