ကျောက်လင်ဖုန်းထွက်သွားတာနဲ့ တချို့လူတွေဟာ အခန်းတံခါးကိုလာခေါက်ကြတယ်။ ကျိုးယွင်ရှန့်ဟာ ပစ္စတိုကို တိတ်ဆိတ်စွာဆုပ်ကိုင်ထားတယ်။ ဒီလူတွေဟာ မယုံသင်္ကာဖြစ်နေတဲ့သာမာန်ပြည်သူတွေနဲ့ တခြားအဖွဲ့အစည်းက သူလျှိုတွေမဟုတ်ဘူး။ သူတို့ဟာ ဒေါက်တာကိုအဆက်အသွယ်လုပ်လို့ရရင် ဒေါက်တာပိုင်ကိုသူတို့နဲ့အတူခေါ်သွားနိုင်ဖို့ ကြိုးစားနေကြတဲ့လူတွေဖြစ်တယ်။
လိန်ချွမ်းနဲ့ ကော်ကျစ်ရိန်ဟာ ပိုင်မော့ဟန်ကိုသတ်လိုကြပေမယ့် တခြားလူတွေအတွက်တော့ ပိုင်မော့ဟန်ဆိုတာ Zombie ဗိုင်းရပ်ကာကွယ်ဆေးကို ဖော်စပ်ပေးနိုင်မယ့် တစ်ခုတည်းသောမျှော်လင့်ချက်၊ တစ်ခုတည်းသောအဖိုးတန်ရတနာဖြစ်တယ်။ လိန်ချွမ်းနဲ့ ကော်ကျစ်ရိန်တို့ဟာ အင်အားကြီး Base တစ်ခုကိုတည်ထောင်ထားတာမှန်ပေမယ့် သူတို့တွေ ပိုင်မော့ဟန်ကိုသတ်ဖို့ကြိုးစားတာဟာ ကမ္ဘာကြီးရဲ့မျှော်လင့်ချက်တွေကို အဆုံးအစွန်ထိတွန်းပို့လိုက်သလိုပဲ။
ဒါကြောင့် ကျိုးယွင်ရှန့်မျက်လုံးထဲမှာတော့ သူတို့တွေဟာ သူ့ရဲ့ကယ်တင်ရှင်တွေမဟုတ်ဘူး။ ပိုင်မော့ဟန်ဆိုတာကို ဖျက်ဆီးမယ့်လူတွေပဲ။ ဒါ့ကြောင့် ဒီလူနှစ်ယောက်ရဲ့လက်အောက်ကလွတ်တဲ့နေရာကို ထွက်ပြေးနိုင်မှဖြစ်မယ်။ ကျိုးယွင်ရှန့်အနေနဲ့ တခြား Base တွေရဲ့အခြေအနေတွေကိုလဲမသိသေးတဲ့အတွက် အလျှင်စလိုနဲ့ အကူအညီသွားတောင်းဖို့လဲ မဖြစ်နိုင်ပြန်ဘူး။ အရင်ဆုံး သူနဲ့ကျောက်လင်ဖုန်းတို့ အခြေချလို့ရမယ့်နေရာတစ်ခုအရင်ရှာဖို့လိုတယ်။ ပြီးတော့မှ ပတ်ဝန်းကျင်က အင်အားကြီး Base တွေရဲ့သတင်းတွေကို စုံစမ်းရမယ်။ အရင်ဘဝကလိုမျိုး B-Base ကိုခိုလှုံပြီးတော့ ကာကွယ်ဆေးအောင်မြင်ပြီးခါမှ ထပ်ပြီအသတ်ခံရတာမျိုးလဲမဖြစ်ချင်ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ကိုအောင်မြင်သွားပြီဆိုထဲက သူ့အတွက်သေတာ၊ ရှင်တာက အရေးမပါတော့ဘူး။
တာဝန်အတွက်ဆိုခါမှ ကျိုးယွင်ရှန့်ဟာ လိန်ချွမ်းရဲ့သွေးနဲ့ပတ်သတ်ပြီးသတိရသွားတယ်။ အခုအချိန်မှာ လိန်ချွမ်းဟာ နိုင်ငံထဲမှာ အမြင့်ဆုံးစွမ်းအားရှင်အဖြစ် ယူဆလို့ရတယ်။ ကျိုးယွင်ရှန့်စိုးရိမ်တာက လက်ရှိမှာ ဘယ်သူကမှ လိန်ချွမ်းရဲ့သွေးကို လုံလောက်စွာယူပေးနိုင်လောက်အောင် အင်အားကြီးတဲ့လူမရှိမှာကိုပဲ။ ကံကောင်းထောက်မပြီး လိန်ချွမ်းကိုဒဏ်ရာရအောင်လုပ်နိုင်တယ်ဆိုရင်တောင်မှ လက်ရှိ လိန်ချွမ်းရဲ့ Healing အစွမ်းနဲ့ဆိုရင် ဒဏ်ရာက စက္ကန့်ပိုင်းအတွင်းပြန်ကျက်သွားတဲ့အတွက် သွေးအများကြီးမထွက်နိုင်ဘူး။ အဲ့ဒီအချိန်ဆို ဒေါသထွက်နေတဲ့လိန်ချွမ်းဟာ ဘယ်လောက်တောင်အငြိုးတကြီးနဲ့ ကလဲ့စားလိုက်ချေမလဲဆိုတာ ဘယ်သူမှမခန့်မှန်းနိုင်ဘူး။
ဒါ့ကြောင့် ကျိုးယွင်ရှန့်အနေနဲ့ မထွက်သွားခင်မှာ လိန်ချွမ်းရဲ့သွေးတစ်ပုလင်းလောက်ရနိုင်ဖို့ဆိုတာ တကယ့်ကိုစိတ်ကူးယဉ်သက်သက်ပဲ။
ကျိုးယွင်ရှန့်ဟာ မျက်နှာကို လက်နှစ်ဖက်နဲ့ဖုံးအုပ်လိုက်ရင်း သက်ပြင်းချလိုက်တယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိမှာ သူ့အနေနဲ့ လက်လျှော့ရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး။ သူမှတ်မိသလောက်ဆိုရင် ပိုင်မော့ဟန်ဟာ လိန်ချွမ်းကိုဖမ်းချုပ်နိုင်ဖို့အတွက် အဆိပ်ပြင်းတွေနဲ့လုပ်ကြံခဲ့ရတယ်။ သူလဲ အဲ့ဒီနည်းလမ်းကို သုံးလို့ရနိုင်လောက်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ Base တစ်ခုခုရဲ့လက်အောက်ကို အမြန်ဆုံးခိုလှုံပြီးတော့ ကာကွယ်ဆေးကို အမြန်ဖော်မှဖြစ်မယ်။ ဓာတ်ခွဲခန်းထဲမှာမှ ကျိုးယွင်ရှန့်အတွက် ခွန်အားတွေ၊ ယုံကြည်မှုတွေပြန်ရလာသလို ခံစားရတယ်။
ကျိုးယွင်ရှန့် အတွေးတွေထဲမှာမျောနေတုန်း တံခါခေါက်သံနောက်တစ်ကြိမ်ထွက်ပေါ်လာတယ်။ ကျိုးယွင်ရှန့်ဟာ ချက်ချင်းပဲ သေနတ်ကို တံခါးဆီကို တိတ်တဆိတ်ချိန်ထားလိုက်တယ်။ ဒါပေမယ့် မကြာခင်မှာပဲ တံခါးရှေ့ကလူဟာ ပြန်လည်ထွက်ခွာသွားတယ်။ ဒီလို မကြာခဏ တံခါးခေါက်သံတွေဟာ ကျိုးယွင်ရှန့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုးတော့မရှိဘူး။ တနည်းဆိုရရင် ဒီတံခါးခေါက်သံတွေကို သူ့အနေနဲ့ ကြိုတောင်ကြိုဆိုသေးတယ်။ မျက်မြင်သက်သေတွေသာရှိနေရင် လိန်ချွမ်းရဲ့လူတွေက သူ့ကို အန္တရာယ်ပြုရဲမှာမဟုတ်ဘူး။
လိန်ချွမ်းဟာ သူ့ရဲ့တပ်ဖွဲ့ကိုဦးဆောင်ပြီးတော့ Supermarket ကြီးတစ်ခုမှာ ရိက္ခာစုဆောင်းဖို့ ထွက်သွားခဲ့တယ်။ Supermarket ကို Zombie တွေအများအပြားဝိုင်းအုံနေပြီး Zombie အုပ်ကြီးရဲ့ အော်သံတွေ၊ အနံ့ဆိုးတွေဟာ လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်တယ်။
တကယ်လို့ အရင်ဘဝကသာဆိုရင်တော့ လိန်ချွမ်းဟာ ဒီလောက်စွန့်စားရတဲ့အလုပ်ကို သေချာပေါက် ရွေးချယ်ရဲမှာမဟုတ်ဘူး။ ဒါပေမယ့် ပြန်လည်မွေးဖွားလာပြီးထဲက သူဟာ ဝိဥာဉ်ဘဝက စွမ်းအားတချို့ကို ပြန်ရလာခဲ့တယ်။ သူဟာ ဝိဥာဉ်စွမ်းအားရှင်တွေလိုမျိုး နေရာအတော်များများကို သူ့ရဲ့စိတ်စွမ်းအားနဲ့ ဖုံးအုပ်ထားနိုင်တဲ့အပြင် သူ့ရဲ့စွမ်းအားနယ်ပယ်ထဲမှာရှိတဲ့လူတိုင်းရဲ့ စွမ်းအားအဆင့်တွေကို ထွင်းဖောက်ပြီးမြင်နိုင်တယ်။ သူတို့တွေရဲ့ ဖုံးကွယ်ထားတဲ့ ဝိဥာဉ်နယ်မြေထဲကိုတောင် မြင်နိုင်စွမ်းရှိတဲ့အပြင် နောက်ထပ်အချိန်အနည်းငယ်ပေးပြီး ထပ်လေ့ကျင့်မယ်ဆိုရင် သူ့ရဲ့စိတ်စွမ်းအင်ကိုသုံးပြီး ထိုသူတွေရဲ့ဝိဥာဉ်နယ်မြေထဲကပစ္စည်းတွေကိုတောင် တိုက်ရိုက်ထုတ်ယူလို့ရနိုင်တယ်။
သူ့ရဲ့ ပြိုင်ဘက်ကင်းတဲ့ဝိဥာဉ်စွမ်းအားဟာလဲ သူ့ရဲ့စွမ်းရည်တွေ အချိန်တိုအတွင်းမှာ တိုးတက်လာဖို့ကို အများကြီးအကူအညီပေးတယ်။ မနေ့တုန်းက သူ့ရဲ့စွမ်းအားဟာ အဆင့်လေးနောက်ဆုံးအဆင့်မှာရှိနေခဲ့ရာမှ ဒီနေ့မှာတော့ သူဟာ အဆင့်ခြောက် ပထအဆင့်ကိုရောက်နေခဲ့ပြီ။ သူ့အနေနဲ့ တစ်နေ့မှာ King Level အဆင့်ထိ ရောက်နိုင်မယ်လို့တောင် ခန့်မှန်းလို့ရတယ်။ နောက်ထပ် Saint Level၊ နောက်ဆုံး God Level စွမ်းအားရှင်အဆင့်အထိပါ ရောက်နိုင်လိမ့်မယ်ထင်တယ်။
ဒါပေမယ့် လိန်ချွမ်းဟာ ပျော်နေရမယ့်အစား ဝမ်းနည်းမှုကိုပဲ ခံစားရတယ်။ ဒေါက်တာက King Level စွမ်းအားရှင်ဖြစ်လာပြီး တစ်လောကလုံးရဲ့ အင်အားအကြီးဆုံးစွမ်းအားရှင်တစ်ယောက်ဖြစ်လာသင့်တာ။ ဒါပေမယ့် သူ့ကြောင့်...ဒေါက်တာ့ရဲ့ ကံတရားက သူ့ကြောင့် ပျက်ဆီးခဲ့ရတယ်။ သူ့ရဲ့ စွမ်းအားတွေက ဒေါက်တာ့ဆီက ခိုးယူထားသလို ခံစားရတာကြောင့် သူ့ရင်ထဲမှာ ရှက်ရွံ့မှုနဲ့ ဒေါသထွက်မှုတွေပဲ ခံစားနေရတယ်။ တကယ်လို့ အကြောင်းအရာအားလုံးရဲ့တရားခံဟာ သူအသက်ကြွေးတင်နေခဲ့တဲ့ သူ့ရဲ့ညီသာမဟုတ်ခဲ့ရင် သူ့အနေနဲ့ အဲ့ဒီလူကို လုံးဝအလွတ်ပေးမှာမဟုတ်ဘူး။
ကော်ကျစ်ရိန်ဟာ ဂုတ်ပေါ်မှာရုတ်တရက် အေးစက်သွားသလိုခံစားရတယ်။ သူဟာ မဝံ့မရဲနဲ့ "ခေါင်းဆောင်... အဲ့ဒီမှာ Zombie တွေအရမ်းများလွန်းတယ်။ အလောတကြီးနဲ့ ဝင်သွားခဲ့ရင် ကျွန်တော်တို့တွေ Zombie အုပ်ထဲမှာ ပိတ်မိသွားမှာစိုးရတယ်။ ဒီ Supermarket ကို လက်လျှော့လိုက်ရအောင်။ နောက်ပြီး တခြား Base တွေက ကျွန်တော်တို့ကို နောက်ယောင်ခံလိုက်နေတာ ကျွန်တော်တို့တွေ အထိနာနေတဲ့အချိန်မှာ သူတို့တွေ ကျွန်တော်တို့ကိုကျိန်းသေပေါက် အန္တရာယ်ပေးလာနိုင်တယ်"
"ကိစ္စမရှိဘူး။ မင်း ဒီမှာနေခဲ့။ ငါလမ်းဖွင့်ပေးမယ်" လိန်ချွမ်းဟာ လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး မိုးကြိုးကိုဆင့်ခေါ်လိုက်ကာ Supermarket တံခါးဝက Zombie အုပ်ကြီးပေါ်ကို ပစ်ချလိုက်တယ်။ လေတစ်ချက်ဝေ့တိုက်သွားပြီး အနက်ရောင်ပြာမှုန့်တွေလွင့်စင်သွားတဲ့အချိန်မှာ အလင်းရောင်အောက်မှာ တလက်လက်တောက်ပနေတဲ့ အမြုတေပေါင်းများစွာပေါ်လာတယ်။
တပ်ဖွဲ့ထဲကလူတွေအားလုံး ကြောင်အနေရာမှ နောက်ဆုံး သတိပြန်ဝင်လာကြတော့တယ်။ သူတို့ခေါင်းဆောင်က တစ်ကိုယ်ထဲနဲ့ Zombie အုပ်ကြီးတစ်ခုလုံးနီးပါးကို ပြာပုံဘဝပြောင်းလိုက်ပြီး Supermarket အဝင်လမ်းကို ဖွင့်ပေးလိုက်တာ!!!
"ဘာတွေ ကြောင်နေတာလဲ?? ငါတို့ခေါင်းဆောင်က စွမ်းအားတွေကို ဘယ်တုန်းကမှမကွယ်ဝှက်ဖူးဘူး။ ညီအစ်ကိုတွေ!! ဝင်ကြစို့!!!" ကော်ကျစ်ရိန်ဟာ စိတ်လှုပ်ရှားစွာနဲ့ တပ်ဖွဲ့အားလုံးကိုဦးဆောင်ပြီး အဆောက်အဦးထဲကိုဝင်သွားလိုက်တယ်။ တချို့စွမ်းအားရှင်တွေကိုတော့ ပြန့်ကြဲနေတဲ့ အမြုတေတွေကိုစုဆောင်းဖို့ တာဝန်ပေးလိုက်တယ်။
ဒီတစ်ခေါက်ခရီးမှာ လိန်ချွမ်းရဲ့ရင်းနှီးမှုဟာ အကျိုးအမြတ်တော်တော်များများပြန်ရလိုက်တဲ့အတွက် Base ဆီကိုပြန်ရောက်လာတဲ့အချိန်မှာ သူ့စိတ်က အတော့်ကိုသက်သောင့်သက်သာဖြစ်နေတယ်။ သူဟာ ဒေါက်တာ့အတွက် အဖိုးတန်ပစ္စည်းတချို့ကိုယူလိုက်ပြီး ဒေါက်တာ့ရဲ့အခန်းတံခါးဆီကို အမြန်ပြေးသွားပြီးခေါက်လိုက်တယ်။
ကျိုးယွင်ရှန့်ဟာ လိန်ချွမ်းအသံကိုမှတ်မိတဲ့အတွက် ထုံးစံအတိုင်းတံခါးမဖွင့်ပေးဘူး။ သူဟာ တံခါးနဲ့မျက်နှာချင်းဆိုင်ကခုံပေါ်မှာထိုင်နေပြီး လက်ထဲမှာ သေနတ်ကိုကိုင်ထားတယ်။ သာမာန်လက်နက်တွေက အဆင့်သုံးနဲ့ အဆင့်လေးစွမ်းအားရှင်တွေကို အန္တရာယ်ပေးနိုင်ပေမယ့် အဆင့်ငါးနဲ့အထက်စွမ်းအားရှင်တွေအတွက်တော့ ဒီလက်နက်တွေဟာ ကစားစရာရေသေနတ်သာသာပဲရှိတယ်။
လိန်ချွမ်းဟာ သူ့ရဲ့စိတ်စွမ်းအားကို ထုတ်လွှင့်လိုက်ပြီး အခန်းထဲကအခြေအနေတွေကို လေ့လာလိုက်တယ်။ ဒေါက်တာဟာ အခန်းတွင်းမှာရှိနေရဲ့သားနဲ့ တံခါးဖွင့်ဖို့ငြင်းဆန်နေတာပဲ။ ဒေါက်တာ့ရဲ့လက်မှာ သေနတ်ကိုကိုင်ထားပြီးတော့ မျက်နှာပေါ်မှာ သတိအပြည့်ထားနေတာကိုမြင်ရတာ သူဟာ ဒေါက်တာ့ရဲ့ Blacklist စာရင်းမှာ နံပါတ်တစ်လူဖြစ်နေမှန်း မြင်နိုင်တယ်။
ဆောင်းတွင်းကြီးမှာ ရေအေးတစ်ပုံးနဲ့လောင်းချခံလိုက်ရသလိုပဲ လိန်ချွမ်းဟာ နေရာမှာတင်အေးခဲသွားတယ်။ သူ့ရင်ထဲက တင်းကြပ်မှုနဲ့ မသက်မသာဖြစ်မှုတွေဟာ ပိုပြီးဆိုးဝါးလာခဲ့တယ်။
"ဒေါက်တာ...ကျွန်တော် ဒေါက်တာ့အတွက် ပစ္စည်းတချို့ယူလာတယ်။ တံခါးဝမှာချခဲ့မယ်နော်။ ကျွန်တော်သွားတဲ့အချိန်ကျ ထွက်ယူလိုက်နော်" လိန်ချွမ်းဟာ တံခါးဝမှာ ကြီးမားတဲ့အထုပ်ကြီးကိုချလိုက်ပြီးတော့ သူ့လက်ထောက်နှစ်ယောက်ကို အဓိပ္ပာယ်ပါပါလှန်းကြည့်လိုက်တယ်။
လက်ထောက်နှစ်ယောက်ဟာ ခေါင်းငြိမ့်လိုက်ပြီးတော့ ဒေါက်တာ့ပစ္စည်းတွေကို တခြားလူတွေလုံးဝမယူစေရဘူးလို့ ကတိပေးလိုက်တယ်။
ခြေသံတွေတဖြည်းဖြည်းဝေးကွာသွားတော့မှ ကျိုးယွင်ရှန့်ဟာ သေနတ်ကိုချလိုက်ရင်း သက်ပြင်းချမိတယ်။ နှလုံးသားမည်းနက်နေတဲ့ လိန်ချွမ်းလိုလူတွေနဲ့ဆက်ဆံရတာ ခက်ခဲလွန်းတယ်။ အဲ့ဒီလူဟာ ရန်သူအပေါ် လုံးဝမထင်မှတ်ထားတဲ့နည်းနဲ့ ဆက်ဆံတတ်တယ်။ သူ့ရဲ့လက်ရှိအပြုအမူတွေက တည်ငြိမ်ပေမယ့် အဲ့ဒါက ကျိုးယွင်ရှန့်ကို ပိုပြီးတုန်လှုပ်လာစေတယ်။ ကျိုးယွင်ရှန့်အတွက် တစ်ယောက်ယောက်ရဲ့လက်ပေါ်မှာ လူးလွန့်ချင်တဲ့စိတ်တွေမဖြစ်ခဲ့တာ အတော်ကြာခဲ့ပြီ။
ရက်အတန်ကြာတဲ့အထိ လိန်ချွမ်းဟာ ကျိုးယွင်ရှန့်အတွက် ရိက္ခာနဲ့အသုံးအဆောင်တွေကို ကိုယ်တိုင်လာပို့လေ့ရှိပြီးတော့ တံခါးဝမှာစွန့်ပစ်ခံထားရတဲ့ အရင်နေ့ကအထုပ်တွေကို ပြန်ယူသွားပေးလေ့ရှိတယ်။ ဒါပေမယ့် လိန်ချွမ်းမျက်နှာပေါ်မှာတော့ စိတ်မရှည်တဲ့အမူအရာ လုံးဝရှိမနေဘူး။ ကျောက်လင်ဖုန်းဟာ Circuit ပြားတွေ၊ သံလိုက်တွေ၊ ဝိုင်ယာကြိုးတွေနဲ့ တခြားပစ္စည်းတွေ အမြောက်အများယူလာတယ်။ ဒေါက်တာဟာ မမြင်မစမ်းနဲ့ Circuit ပြားတွေထဲ နှာခေါင်းဝင်သွားမတတ် ခေါင်းကိုအတင်းငုံ့ကြည့်နေတာကိုမြင်တဲ့အခါ ကျောက်လင်ဖုန်းဟာ ဒေါက်တာ့အတွက် မှန်ဘီလူးနဲ့ မျက်မှန်ပါသွားရှာလာပေးတယ်။
ကျိုးယွင်ရှန့်ရဲ့အမူအရာဟာ အဖိုးတန်ရတနာတစ်ခုရလိုက်သလိုပဲ။ မနက်နေရောင်ထွက်လာတာနဲ့ ဒေါက်တာဟာ အိပ်ယာကထပြီးတော့ Circuit ပြားနဲ့ တခြားအစိတ်အပိုင်းတွေကို တပ်ဆင်နေလေ့ရှိတယ်။ သူတို့ထွက်ပြေးမယ့်အစီအစဉ်နဲ့ပတ်သတ်ပြီး ကျောက်လင်ဖုန်းကို ဘာမှထွေထွေထူးထူးမပြောပြထားဘူး။ ဘာလို့လဲဆိုတော့ ကပ်ဘေးအတွင်းမှာ မျက်စိနဲ့နားတွေအရမ်းပါးတဲ့လူတွေဟာ နေရာအနှံ့မှာရှိနေနိုင်မှန်း ကျိုးယွင်ရှန့်သိတယ်။ အထူးသဖြင့် စိတ်စွမ်းအားပိုင်ရှင်တွေပဲ။ ဒီနံရံတွေဟာ သူတို့နားတွေကို မကာဆီးပေးနိုင်ဘူး။ သူနဲ့ကျောက်လင်ဖုန်းဟာ စကားပြောတာကအစ အထူးသတိထားရတယ်။
ဒါ့ကြောင့် လိန်ချွမ်းဟာ သူ့လက်အောက်ကလူတွေနဲ့ ရိက္ခာရှာဖို့ထွက်သွားတဲ့အချိန်ကျမှ ကျိုးယွင်ရှန့်ဟာ သူတပ်ဆင်ထားတဲ့ပစ္စည်းတွေကို စားပွဲပေါ်တင်လိုက်တယ်။ အဲ့ဒါတွေက လက်သည်းခွံသာသာအရွယ် သတ္တုခလုပ်လေးတွေပဲ။ ကံကောင်းစွာနဲ့ ကျောက်လင်ဖုန်းဟာ သတ္တုစွမ်းအားရှင်ဖြစ်တဲ့အတွက် သတ္တုတွေကို သူလိုသလိုပုံစံသွင်းလို့ရတယ်။ ပုံစံတွေကလဲ အရမ်းသေသပ်ပြီး သတ္တုခလုပ်လေးတွေက သူထင်ထားတာထက် အများကြီး စွမ်းဆောင်နိုင်တာတွေ့ရတယ်။
ကျိုးယွင်ရှန့်ဟာ အသစ်ပြန်ပြင်ဆင်ထားတဲ့ PSP ကိုကောက်ကိုင်လိုက်ပြီး Start ခလုပ်ကိုနှိပ်လိုက်တာနဲ့ သတ္တုခလုပ်လေးတွေဟာ ရုတ်တရက်သေးငယ်တဲ့ခြေချောင်းသေးသေးလေး ရှစ်ချောင်းစီထွက်လာပြီး ပင့်ကူလေးတွေလို စားပွဲအနှံ့လျှောက်သွားနေတယ်။ Pause ခလုပ်ကိုနှပ်လိုက်တာနဲ့ သတ္တုခလုပ်လေးတွေဟာ မူလအတိုင်းပြန်ဖြစ်သွားတယ်။
ကျိုးယွင်ရှန့်ဟာ အကြိမ်ပေါင်းများစွာစမ်းသပ်ပြီး နောက်ဆုံး လုံးဝပြသနာမရှိဘူးဆိုတော့မှ သူ့နှလုံးသားထဲကဝန်ထုပ်ဝန်ပိုးဟာ ပြေလျော့သွားတော့တယ်။