တကယ်တမ်း သေချာစဉ်းစားကြည့်တော့...
အချစ်ဆိုတာ ဘယ်လိုအရာမျိုးလဲ...ကျွန်တော် တကယ်ကို မသိသေး...
ကျွန်တော် ထင်ထားခဲ့သလို ချိုမြိန်မှုချည်းပဲ မရှိတာတော့ သေချာသည်...
လူတစ်ယောက်ကို အမြင်မှန်ရစေဖို့...ကိုယ်က မှားပြလိုက်ဖို့ လိုအပ်လား...
လူတစ်ယောက်ဆီက အာရုံစိုက်မှုရဖို့...အခြားလူတစ်ယောက်ကို နာကျင်ခံစားစေရမှာလား
နှလုံးသားတွေကရော ကိုယ်ချစ်ချင်တဲ့သူကို...
ချစ်နိုင်စွမ်းတွေ ရှိလိုက်စမ်းပါတော့လား...
ဒီမေးခွန်းသုံးခုကို အပြန်ပြန်အလှန်လှန်မေးပြီးနောက် ကျွန်တော် ဘဝတွင် အကြီးမားဆုံး...အမှားတစ်ခုကို ကိုယ့်သဘောနှင့်ကိုယ် စပြီး လုပ်မိတော့သည်...
သူ့နာမည်က...ရှင်ဂျွန်း...
သူ့တွင် ဝိုင်းစက်သော ညိုဖန့်ဖန့် မျက်လုံးများ...လှိုင်းထနေသော ဆံပင်များနှင့်...ကျွန်တော့်နီးပါး ထောင်မောင်းသောအရပ်...ဖြူသည်ထက် ဝင်းဖန့်သော အသားရောင် ရှိသည်...
မေးစေ့အောက်နားတွင် အညိုရောင်မှဲ့သေးသေးလေးတစ်လုံးပါသော...သူက...ရယ်လိုက်လျှင် လခြမ်းပါးပါးသဖွယ် ပါးပြင်ထက် နစ်ဝင်သွားတတ်သော ပါးချို့င့်တစ်ခုနှင့်...
လှိုင်းထနေသော ဆံပင်များကို သားရေကြိုးနှင့်အဆင်ပြေသလို စုစည်းထားတတ်ပြီး ကကြီးပုံနှဖူးက...အမြဲတစေ ပေါ်လွင်လျက်ရှိသည်...
သူက...ဒီနှစ်မှ ပြောင်းလာသော ကျောင်းသားသစ်...
အခြားကျောင်းမှ မိန်းကလေးများ၏ အာရုံစိုက်မှုကို ခံရပြီး...ပျိုတိုင်းကြိုက်သော...နှင်းဆီခိုင်ထဲတွင် ပါသည်ပေါ့...သို့သော် ရှုပ်ရှုပ်ယှက်ယှက် သတင်းများတော့ သိပ်မကြားရ...
သူနှင့် ကျွန်တော် စတွေ့တာက...ကျောင်းအားကစားကွင်းထဲက ခုံတန်းတစ်ခုမှာ ဖြစ်သည်...
ကျွန်တော့်ရင်တွင်း လူများနားမလည်နိုင်သော မကျေနပ်မှုများနှင့် တစ်ကိုယ်တည်း ဖြစ်နေတုန်းကပေါ့...
💞လူသားတစ်ယောက်ကို ချစ်မိခြင်း💞
"ငါ ထိုင်လို့ ရတယ်မလား..."
ဝင်ထိုင်ပြီးမှ မေးနေသော...သူ့ကို ကျွန်တော်...
စိတ်မပါ့တပါ ကြည့်မိတော့...သူက လိမ္မော်ရည်ကို မျက်လုံးများ မှေးစင်းလျက်...စုပ်နေရင်းမှ ကျွန်တော့်ကို ပြုံးပြသည်...
-ျီးပဲ...တစ်ယောက်တည်း နေချင်ပါတယ်ဆိုမှ...
"စိတ်ပျက်နေတာလား..."
"........."
အေး...မင်းကြောင့်ပဲ~
ထူးတော့ ထူးဆန်းသည်...အခုချိန်မှာ ကျောင်းရှိ လူအားလုံးနီးပါးက...ကျွန်တော့်ကို အမြင်စောင်း
နေကြသည် မဟုတ်လား...
ထူးဆန်းသည့် ဒဏ်ရာနှင့် ကျောင်းဆေးခန်းသို့ ရောက်သွားသော...ကျွန်တော့်အဖြစ်က...လူများ စိတ်ဝင်စားစရာ ဖြစ်နေသည်...သူနှင့် လုံးဝ လုံးဝ မျက်နှာချင်းမဆိုင်တော့ခြင်းကလည်း ဆက်စပ်တွေးတောစရာ...
ကျွန်တော်တို့ အုပ်စုထဲမှ ကောင်များသာ ခရေစေ့ တွင်းကျ သိကြသည်...သို့သော်...သူတို့ပင်ယုံကြည်သလားတော့ ကျွန်တော်မပြောတတ်...
ကောလာဟလများက...ဟိုနားဒီနား ပလူပျံနေသည်...
ကိုယ့်ကို ယုံကြည်သူကလည်း တစ်ယောက်မှမရှိ...ယုံကြည်အောင်လည်း အဖြစ်အပျက်က ရှင်းပြချင်စရာမကောင်းလှ...
ဒါတောင် ဒီကျောင်းသားသစ်က ကျွန်တော့်ဘေး ဝင်ထိုင်သေးသည်...
"မင်း...နောက်တစ်ယောက် ထားကြည့်ချင်လား"
"ဟမ်..."
"နောက်တစ်ယောက် ထားကြည့်ချင်လားလို့"
"မင်း အပူမပါပါဘူး...ဒါက ငါ့ကိစ္စ"
သူက ရယ်နေသည်...
အံ့သြပါရဲ့...
တော်တော် ယဉ်ကျေးမှု မရှိတဲ့အကောင်...
နောက်တယ် ဆိုရအောင်လည်း သူနဲ့ ကျွန်တော်က မျက်နှာချင်းတောင် မဆိုင်ဖူးဘဲ...
"သွားစမ်းပါကွာ...ကြောင်တောင်တောင်နဲ့"
"အတည်ပြောတာ...ငါ မင်းနဲ့ တွဲပေးမယ်လေ"
"မင်း...ငါ့ကို ကြိုက်နေတာလား"
ဒီလိုကောင်မျိုးက ဒီလိုကိုင်ပေးမှ ရမည်...
Oh Sehunတို့ သဘောကောင်းသည်ဆိုတိုင်း လူမလေး ခွေးမခန့် လုပ်လို့မရ...
ကျွန်တော့် ခပ်ထေ့ထေ့အမေးက သူ့အား အမူအရာတစ်စုံတစ်ရာ ပျက်ယွင်းသွားစေခြင်းတော့ မဖြစ်ခဲ့ပါ...
"အင်း...ငါ မင်းကို ကြိုက်တယ်"
"အမ်..."
"ငါ မင်းကို တကယ်ကြိုက်တယ်...အဲဒါကြောင့်"
သူက လက်ထဲမှ အအေးဘူးကို ထိုင်ခုံပေါ်သို့ ချလိုက်သည်...
"လာစားမနေနဲ့...အာရုံနောက်နေတယ်ကွာ"
"ရော်...ခက်ပြီ"
"ငါက ဘယ်လိုသိမှာလဲ...တကယ် ဟုတ်မဟုတ်"
"ငါ့ကို တွဲကြည့်လေ!"
"မင်း တော်တော်ရယ်ရတဲ့ ကောင်ပဲ"
သို့သော် ကျွန်တော် ရယ်တော့ မရယ်မိဘူးထင်
တိမ်ဆိုင်းနေသော ကောင်းကင်ကို မှုန်သုန်သုန် ငေးကြည့်နေမိသည်...
စက္ကန့်သုံးထောင်နီးပါးထိ ကျွန်တော်တို့ကြားထဲ တိတ်ဆိတ်ခြင်းက ကြီးစိုးသွားသည်ထင်သည်...
ထို့နောက်...အတန်းတက်ခေါင်းလောင်းသံကို ခပ်သဲ့သဲ့ကြားရသည်...
ကျွန်တော် မထဖြစ်...သူလည်း ထိုင်လျက်ပင်...
"မင်းကို လူတွေ ပြောမှာပေါ့...
ငါ့ကိုလည်း ပြောကြလိမ့်မယ်..."
"ဘာလို့ သူတို့ကို ဂရုစိုက်မှာလဲ...
သူတို့က မင်းမှ မဟုတ်တာ...မင်းကို နားလည်မှာမှ မဟုတ်ဘဲ"
"မင်းရော ငါ့ကို နားလည်လို့လား"
"နည်းနည်း"
သူက လက်သည်းခွံလောက်ကလေး လက်မကို လက်ညှိုးနှင့် ထောက်ပြပြရင်း...သွားများပေါ်အောင် ရယ်သည်...
သူ့ကိုကြည့်ရတာ ပျော်တတ်ပုံရသည်
"ငါ မင်းကို အသုံးချတာမျိုးဖြစ်မှာ မင်း မစိုးရိမ်ဘူးလား"
"ဟင့်အင်း"
"ငါ...မင်းကို ဒုက္ခမပေးချင်ဘူး..."
"အမလေး...ငါ့ကောင်ရာ...ငါ့ဘက်က ကြည့်တော့လည်း မင်းနဲ့ တွဲရမှာပဲလေ..."
အားရပါးရ ရယ်မောလိုက်သဖြင့် သူ့ပါးပြင်ထက်ဝယ် ထင်းခနဲပေါ်လာသော ပါးချိုင့်ကို ကျွန်တော် ငေးမောနေမိသည်...
"အဲလောက်တောင် ငါ့ကို ကြိုက်လား"
"အင်း...ကြိုက်တယ်"
"မင်းကို ချစ်လားလို့ မမေးတော့ဘူးလား"
သူက ကျွန်တော့်အား အပြုံးတစ်ဝက်တစ်ပျက်နှင့် မျက်မှောင်ကြုတ်ပြီး ကြည့်သည်~
"မင်းက အဲဒီမေးခွန်းကို ဖြေချင်လို့လား"
အဲ...ကျွန်တော် မသိ...
ဘာလို့များ ဒီလိုပြောမိပါလိမ့်...
ကျွန်တော် မျက်နှာကို လက်နှစ်ဖက်ဖြင့် အဖြေမဲ့စွာ ပွတ်သပ်လိုက်မိသည်...
"ငါ မသိဘူး...ငါ ပျော်ချင်တယ်...အဲဒါပဲ သိတယ်"
"အိုခေ...ဒီမှာ...Sehun...ပျော်ရွှင်မှုဆိုတာကတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှုပေါ် မူတည်တယ်...
ငါ အာမခံနိုင်တာတစ်ခုက ငါ့ကြောင့် မင်း စိတ်မညစ်စေရဘူး ဆိုတာပဲ"
ယုံကြည်မှုပြည့်ဝသော စကားလုံးများနှင့်
သူ့မျက်ဝန်းများက တစ်စုံတစ်ယောက်ထက်
နှစ်ဆသုံးဆမက ကြည်လင်သည်ဟု ခံစားနေရသည်...
"အချိန်ယူပြီး စဉ်းစားပါ...မင်းအတွက်ပဲ မင်းတွေး...ငါ့အတွက် ထည့်တွေးစရာမလိုဘူး..."
"............"
"လူတစ်ယောက်ချင်းစီဟာ သူတို့ပေးဆပ်မှုအတွက် ထိုက်တန်တာတစ်ခုခုတော့ ပြန်ရသွားတာချည်းပဲ...ငါ အဲလိုယုံထားတယ်...ဒါကြောင့် ဘာပဲဖြစ်လာလာ ငါ နောင်တရမှာ မဟုတ်ဘူး..."
💞လူသားတစ်ယောက်ကို ချစ်မိခြင်း💞
အဲဒီကာလများက ကျွန်တော် အရမ်းဆိုးသွမ်းခဲ့မိသည် ထင်သည်...
ရှင်ဂျွန်းက ပန်းလေးလို မဟုတ်...ချုပ်တည်းခြင်း အရှက်သည်းခြင်းများ မရှိ...
တစ်လောကလုံးတွင် ကျွန်တော့်မျက်နှာ တစ်ခုကိုသာ ကြည့်ပြီး ကျွန့်တော့်ကိုချစ်သည်...
သို့ပေမယ့်...ကျွန်တော် သူ့ကို ချစ်သူအဖြစ် သဘောထားနိုင်ခဲ့သလား ဆိုတာတော့ မသေချာခဲ့ပါ...
မည်သို့ပင်ဖြစ်စေ...လူများရှေ့တွင် ကျွန်တော်နှင့် ရှင်ဂျွန်း အတွဲအဖြစ်သို့ တရားဝင်ရောက်ခဲ့ကြသည်ကတော့ အမှန်ပင်ဖြစ်သည်...
သူနှင့် လမ်းခွဲစကား တစ်ခွန်းတစ်ပါဒမျှ မပြောခဲ့ရဘဲနှင့်ပေါ့...
"မင်း...တော်တော် ပြောင်းလဲသွားတယ်...Sehun"
ကျွန်တော့်လုပ်ရပ်များကို ထူးထူးထွေထွေ မဝေဖန်ခဲ့သော...Kim Kaiထံမှ တစ်ခွန်းတည်းသော ထွက်ကျလာသည့်စကား...
"မင်း...သူ့ကို မချစ်ဘူးလား...ဘာလို့ အခုလိုတွေ လုပ်နေတာလဲ"
ချစ်တာနှင့် မချစ်တာ...နှစ်ခုသာ အဓိပ္ပာယ်
ဖွင့်လေ့ရှိသော Taoက...စိတ်ရှုပ်ထွေးစွာဖြင့် မေးတော့...မင်း နားမလည်ပါဘူးဟု ကျွန်တော် စိတ်ထဲမှ ပြန်ပြောမိသည်...
Byun Baekနှင့် ကျွန်တော်၏ ဆက်ဆံရေးကတော့ မှန်တန်းဖြစ်သွားသည်...
JunMyeon Hyungကတော့ မင်း လုပ်ရပ်က အဖြေမဟုတ်ဘဲ တော်တော်ရှက်ဖို့ကောင်းတယ်ဟု ပြောသည်...
မည်သို့ပင်ဖြစ်စေ...သူများပါးစပ်ထဲမှ ကျွန်တော့်အကြောင်းကို မခံမရပ်နိုင်စွာ လိုက်လံဖာထေးဖို့ ကြိုးစားသူမှာလည်း JunMyeon Hyungပင်ဖြစ်သည်...
ပန်းလေးကတော့ ပို၍ တစ်ယောက်တည်းဖြစ်သွားသည်ဟု ကျွန်တော် မြင်သည်...
ကျွန်တော်နှင့် ပက်သက်၍ သိကျွမ်းခဲ့ရသော အပေါင်းအသင်းများဟု သူ သဘောထားလေသလားမသိ...ကျွန်တော်တို့အုပ်စုနှင့် ခပ်ခွာခွာဖြစ်သွားသည်...
သူ့သူငယ်ချင်း Byun Baekမှ လွဲ၍...
Byun Baekကတော့ ကျွန်တော်မှ လွဲ၍ အုပ်စုထဲမှ ကျန်သည့်ကောင်များနှင့် ပုံမှန်အတိုင်းပင် ဆက်ဆံရေး ဆက်လက်ရှိနေသည်...
ပန်းလေးက ကျွန်တော် သိထားတာထက် ပို၍ အသည်းမာပြီး...ရက်စက်သည်...
အခြားတစ်ယောက်နှင့် ရယ်မောနေသော
ကျွန်တော့်ရှေ့တွင်...မျက်လွှာချပြီး စာတစ်အုပ်ကို တည်တည်ငြိမ်ငြိမ် ဖတ်နေနိုင်စွမ်းလား...
စွမ်းသည်...
ဘာတွေ ဘယ်လိုပဲဖြစ်နေနေ မထုံတတ်တေး တုံဏိဘာဝေ ကိုယ့်ကိစ္စကိုယ်ဆက်လုပ်နိုင်သည်
ကြာတော့ သူ့ဆီမှ Attention ရအောင် လိုတာထက်ပို၍ သဲပြနေမိသော ကျွန်တော့်အဖြစ်က...စောက်ရူးဆန်လာသည်...
တကယ်ဆို သူ မေးသင့်တာပေါ့...
ပေါက်ကွဲပြသင့်တာပေါ့...
ခုလို တုံ့ပြန်တာကတော့...ကျွန်တော့်ကို စောက်ဂရုမစိုက်သည့် သဘောဖြစ်သည်...
မျှော်လင့်ထားသလို ဘာတစ်ခုမှ ဖြစ်မလာတော့ ဒီလို တစ်ယောက်တည်း ကမ္ဘာပျက် ခံစားနာကျင်နေရတာ ကျွန်တော်တစ်ယောက်တည်းလားဟု...တွေးမိလာသည်...
သူကတော့...ကျွန်တော့်ကို မချစ်ခဲ့သလိုပင်...
အဲဒီနေ့က...
ကျွန်တော် Toilet သွားဖို့ အတန်းထဲမှ ထလာခဲ့မိသည်...ထို့နောက် အပေါ့သွားပြီး လက်ဆေးရန် ရေကို ဖွင့်ချလိုက်စဉ် ရင်းနှီးနေသော ခြေသံတစ်ခုကို ကြားလိုက်ရသည်...
တံခါးဆီ လှည့်ကြည့်တော့...သူ...ပန်းလေး
ကျွန်တော့်ကို မြင်တော့ ဝင်လာနေသော ခြေလှမ်းများ ရုတ်တရက် တန့်သွားသည်...သူ့မျက်လုံးများလည်း အနည်းငယ် ဝိုင်းစက်သွားသည်ဟု ကျွန်တော်ထင်မိသည်...
သို့သော် သူ့ပုံစံအတိုင်း မင်သေသေနှင့်ပင် ဆက်၍ ဝင်လာသည်...
ကျွန်တော်လည်း လှည့်ကြည့်မနေတော့ဘဲ...လက်ဆေးစရာရှိတာ ဆက်ဆေးနေလိုက်သည်...
ဘယ်သူက ဘယ်အတိုင်းအတာထိ မှားခဲ့လို့...
ကျွန်တော်တို့ိနှစ်ယောက် ဒီလိုအခြေအနေထိ ရောက်ခဲ့ကြတာလဲ...
ကျွန်တော် တစ်ယောက်တည်း၏ အမှားတော့ဖြင့် ဤမျှအထိ ရောက်မလာပါ...
သူရော...သူ့ကိုယ်သူ အပြစ်ရှိတယ်လို့...ခံစားရရဲ့လား...
"Hun...မင်းက ဒီမှာကိုး...ငါ လိုက်ရှာနေတာ"
အသံတစ်ခုက ကျွန်တော်တို့နှစ်ယောက် ကြားထဲရှိ စိမ်းကား အေးစက်မှုများကို ဒိုင်းခနဲ ဖြိုခွဲပစ်လိုက်သည်...ရှင်ဂျွန်း...
"အဲ..."
အခုမှ ပန်းလေးကို မြင်သွားဟန်ရှိသော ရှင်ဂျွန်းက အားတုံ့အားနာ ဖြစ်သွားပြီး တိတ်ဆိတ်စွာကျွန်တော့်နား ကပ်လာသည်...
တွေးကြည့်တော့လည်း အားတုံ့အားနာဖြစ်စရာ အကြောင်းမရှိပါ...ဟိုကဖြင့် ကျွန်တော်တို့ကို ရှိသည်တောင်မထင်...
ကျွန်တော် သူ့ကို ကျောပေးပြီး ရှင်ဂျွန်းဘက်
လှည့်လိုက်မိသည်...
"ရှင်ဂျွန်း..."
"ဟင်..."
"ငါ့ကို နမ်း"
ဝိုင်းစက်ပြူးကျယ်သွားသော ရှင်ဂျွန်း၏ မျက်လုံးသူငယ်အိမ်ထဲတွင် ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်နေရသည်...
"သေချာလား"
သူက ပန်းလေးကိုတစ်လှည့်...ကျွန်တော့်ကို တစ်လှည့်...တွေငေးငေးကြည့်လာရင်း ခပ်လေးလေး မေးသည်...
ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး မျက်လုံးအစုံကို မှိတ်လိုက်မိသည်...
နောက်ကျောဆီမှ ခြေသံတစ်ခု ရုတ်တရက်
ထွက်ပေါ်လာလေမလား...
သို့သော် ထိုတဒင်္ဂတွင် ကျွန်တော် ခံစားလိုက်ရသည်က...နှုတ်ခမ်းလွှာတစ်ခု ကျွန်တော့်နှုတ်ခမ်းပေါ်သို့...ကျရောက်လာခြင်းပင်...
ရှင်ဂျွန်းက ကျွန်တော့်လည်ပင်းကို ကိုင်ပြီး ရဲရဲတင်းတင်းပင် နမ်းနေသည်...မဆုတ်မနစ်...
ဘာမှ သူ့အတွက် အခက်အခဲမရှိသလို...
နစ်နာမှု တစ်စုံတစ်ရာ ရှိမနေသလို...
အနမ်းတစ်ခုက အနမ်းတစ်ခု သပ်သပ်လို...
ကျွန်တော် သူ့တွင် ရှိစေချင်သော ခံယူချက်တစ်ခု ရှင်ဂျွန်းတွင် ရှိနေခဲ့သည်...
ကျွန်တော့်ရင်သည် တဒိန်းဒိန်း ခုန်လျက်...
နားထဲမှ တတက်တက် မြည်သံကို ကြားနေရသလိုပင်...
နမ်းတယ်ဆိုတာ ဒီလိုလား...
ဒီလို ရက်ရက်ရောရော အနမ်းက ကိုယ် မချစ်တဲ့လူတစ်ယောက်ဆီက တဲ့လား...
လည်ချောင်းဝတွင် တစ်စုံတစ်ရာ တစ်ဆို့လာသလိုပင်...
ဘာလို့လဲ...ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ
"မင်းကို ငါ မချစ်ခဲ့သင့်ဘူး...Sehun"
တိုးဖျော့ဖျော့လေသံက...အနားသတ်တို့ အဖျားခတ် တုန်ယင်လျက်...
အတွေ့အာရုံထက် အကြားအာရုံ နိုးကြားနေမိသော ကျွန်တော်...တက်သုတ်ရိုက် လှမ်းထွက်သွားသော ခြေလှမ်းများနောက်သို့ အပြေးလိုက်ခဲ့မိသည်...
"Luhan"
ကျွန်တော် လှမ်းခေါ်လိုက်သော်လည်း သူကတော့ ခြေလှမ်းကျဲများနှင့် ပြေးလုမတတ်...ရှေ့ဆက်နေဆဲ...
ကျွန်တော်...အမီလိုက်၍ သူ့လက်တစ်ဖက်ကို ဆွဲဖမ်း ဆုပ်ကိုင်လိုက်မိသည်...
"ခုနက ဘာပြောလိုက်တာလဲ..."
သူက...ကျွန်တော့်ကို မျက်နှာချင်းမဆိုင်ဘဲ...ဖမ်းဆုပ်ထားခြင်းခံရသော လက်ကိုသာ ရုန်းထွက်ဖို့ ကြိုးစားနေသည်...
"ဟင်...လို့...ကျွန်တော် မေးနေတာဖြေလေ"
ကျွန်တော့်အသံက တဖြည်းဖြည်း ပိုကျယ်လာသည်...
"ဘယ်အထိလဲ...ဘယ်အချိန်ထိ ထွက်ပြေးနေမှာလဲ"
"Fuck youပဲ...Sehun...စောက်အဓိပ္ပာယ် မရှိတာတွေကို လုပ်နေတာက မင်းလေ..."
သူ့မျက်နှာတစ်ခုလုံး ဒေါသနှင့် စိတ်လှုပ်ရှားမှု ပေါင်းဆုံပြီး နီရဲနေလျက်...
"အဲလိုဖြစ်အောင် လုပ်တာကရော ခင်ဗျား မဟုတ်ဘူးလား"
သူက...စိတ်ပျက်လက်ပျက် ရယ်မောသည်...
"အခြားတစ်ယောက်နဲ့ ငါ့ရှေ့မှာ နမ်းပြပါလို့ ငါ
တောင်းဆိုခဲ့မိလား..."
"............"
"ဖြေလေ...ဒီရင်ဘတ်ထဲကနေ ငါ့ကို ချစ်တာပါဆို...ငါ့ တစ်ယောက်တည်းအတွက် မင်းက တည်ရှိနေတာဆို...အခုတော့...အကုန် ရယ်စရာတွေချည်းပဲ"
"ကျွန်တော်...ခင်ဗျားကို ချစ်တယ်"
ကျွန်တော် သူ့လက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်
"အမြဲတမ်းချစ်နေမှာ"
သူက...ကြေကွဲရိပ်များ သန်းနေသော မျက်ဝန်းများဖြင့် ကျွန်တော့်ကို မော့ကြည့်လာသည်...
နှုတ်ခမ်းများကတော့ ကျွန်တော့်ကို လှောင်ကာပြုံးနေကြသည်...
"ခင်ဗျားကသာ ကျွန်တော့်ကို မချစ်တာ...
အလေးမထားတာ...ဂရုမစိုက်တာ...မကြင်နာတာ..."
"မင်း ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာတာနဲ့ဘဲ...ငါ မင်းကို မချစ်ဘူးလို့ သတ်မှတ်တော့မှာလား"
"............"
"Oh Sehun...မင်းသိထားဖို့က ငါ မင်းဖြစ်ချင်တဲ့ပုံစံအတိုင်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး...ဒါကို လက်ခံနိုင်ရင် ငါနဲ့ ဆက်တွဲ...
မတွဲနိုင်ရင်တော့ ခုလိုပဲ...မင်းနဲ့လိုက်တဲ့
လူတစ်ယောက် ရှာလိုက်ပေါ့..."
"............"
"မင်း ပျော်ပါစေလို့ ငါဆုတောင်းပေးတယ်"
သူ့လက်ကလေးသည် ဖြတ်ခနဲ ကျွန်တော့်ထံမှ လွတ်မြောက်သွားပါသည်