"ဦးလေး....သက်သာရဲ့လား"
ဥက္ကဌKim တောင်းဆိုထားသော ရှယ်ယာရှင်အချို့၏ အချက်အလက်များကို သူ့အိမ်သို့ လာပေးရင်းကျွန်တော်မေးဖြစ်၏။ သူ၏ ကျန်းမာရေး အခြေအနေသည် သည်နှစ်ပိုင်းတွင် သိသာစွာယိုယွင်းလာသည်မှာ အနီးကပ်ရှိသော ကျွန်တော်တို့အသိပင်ဖြစ်သည်။ သို့သော် သူသည်ဟန်ဆောင်ကောင်း၏...။ သူ့ကျန်းမာရေး အခြေအနေကိုအပြင်သို့ တစ်လုံးတစ်ပါဒမျှ မပေါက်ကြားစေရပဲ ဘာမှမဖြစ်သလိုဟန်ဆောင် နေတတ်သည်။
"အင်း....သက်သာပါတယ်"
"ဒါနဲ့.... Jongin..."
#ဒုန်း
စာကြည့်ခန်းတံခါးက ရုတ်တရက်ပွင့်လာကာ လူတစ်ယောက်ဝင်လာ၏။ Jongin ဖြစ်သည်။ သူသည် အရင်လိုဆံပင်များပွရှုပ်ကာ ကျောင်းအင်္ကျီကို ဖရိုဖရဲ ဝတ်ဆင်တတ်သော ခပ်ဆိုးဆိုးကောင်လေးမဟုတ်တော့။
အညိုရင့်ရောင်ဆံပင်များကို ဘေးခွဲကာအပေါ်သို့ လှန်တင်ထားပြီး အနောက်တိုင်းဝတ်စုံကို ကြယ်သီးပြည့်ဝတ်ဆင်ထား၏။
8နှစ်ဟူသည့် အချိန်ကာလအတွင်းသူသည် အတော်များများ ပြောင်းလဲသွားခဲ့သည်။ အသေးစားယာဉ်တိုက်မှု ၃-၄ ကြိမ် ဖြစ်ပြီးသည့်နောက်ပိုင်း၊ အရက်နာကျကာ လူငယ်ပြုပြင်ရေးစခန်းသို့ရောက်ခဲ့ပြီးသည့်နောက်ပိုင်း သူသည်အရင်က Kim Jongin မဟုတ်တော့။ ပြုံးရယ်ခြင်းလုံးဝမရှိတော့ပဲ ခံစားချက်မရှိသော မျက်နှာနှင့်သာနေတတ်လာသည်။ သူလုံးဝစိတ်မဝင်စားခဲ့သော ကုမ္ပဏီလုပ်ငန်းများကို ရုတ်တရက်ကြီးစိတ်ဝင်စားလာသည်။
တစ်ခုတည်းသော မပြောင်းလဲသည့်အရာကတော့ သူ့ဖခင်အပေါ်ထားရှိသောအမုန်းတရားများဖြစ်၏။
"အိုး....Taemin ရောက်နေတာပဲ"
"ဘာကိစ္စရှိလို့လဲ...ဥက္ကဌကြီး?"
"မင်း....ဒီအပတ်ထဲဝန်ထမ်း4ယောက်ကိုအလုပ်ထုတ်ထားတယ်ဆို....?"
"ကုမ္ပဏီအတွက်မလိုအပ်တဲ့လူတွေကိုဖြုတ်ပစ်တာ ဘာဖြစ်လို့လဲ?"
"အသေးအမွှား အမှားလေးအတွက်နဲ့...."
"အမှားမှာ သေးတာကြီးတာမရှိဘူး....!"
Jongin အသံက ဟိန်းကနဲထွက်လာကာ အခန်းထဲတွင်ပဲ့တင်ထပ်သွားသည်။ သူကစားပွဲရှေ့တွင်ရပ်ကာ မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့်ကြည့်သည်။ သူ့မျက်နှာက နီမြန်းနေသည်။
"အမှားဟာ အမှားပဲ...။ အမှားလုပ်တဲ့လူတွေကို အပြစ်ပေးရမယ်...။ ဒါကြောင့် ကျွန်တော် အပြစ်ပေးလိုက်တယ် ... ဒါပဲ! ဒါဥက္ကဌကြီး သင်ပေးခဲ့သလိုပဲလေ"
ဥက္ကဌKim ကဘာမှမပြောပဲ မျက်ခုံးနှစ်ခုကြားကို လက်ညှိုးနှင့် လက်မညှပ်ကာမျက်လုံးမှိတ်ထား သည်။ Jongin ကအခန်းထဲမှခပ်မြန်မြန် ထွက်သွားသည်။
"ဦးလေး....."
"ရတယ်...ရတယ်။ ဘာမှမဖြစ်ဘူး"
အသက်အရွယ်ကြောင့် မာန်များလျော့လာ၍ ထင်သည်....ဥက္ကဌ Kim သည်အရင်လို မဟုတ်တော့။ ခက်သည်က သူ့အဖေက ဇရာကြောင့် ကျလာချိန်ဖြစ်သလောက် Jongin က အညွန့် တလူလူနှင့် အထက်သို့တက်နေချိန်ဖြစ်သည်။
ဒီသားအဖကြားကတိုက်ပွဲကို ကျွန်တော်မြင်လဲ မမြင်ချင်တော့။
ခဏနေသော် ခြံထဲက ခွမ်းကနဲ ကွဲသံအချို့ ကြားရသည်။ တရားခံက ဥက္ကဌ Kim ၏အကြိုက်ဆုံး ပန်းအိုးကို ဂေါ်ပြားနှင့်ရိုက်ခွဲလိုက်သော Jongin ပင် ဖြစ်သည်။ သူ့မျက်နှာထက်တွင်က ခပ်ရွဲ့ရွဲ့မဲ့ပြုံး တစ်ခုရှိ၏။
| | Walls | |
အင်ချွန်းလေဆိပ်သို့ဝင်လိုက်ချိန်တွင် 8နှစ်ကြာ ကွဲကွာနေရသော အမိမြေ၏ အငွေ့အသက်တို့က ဆီးကြိုသည်။ ပျော်ရွှင်မှုနှင့်အတူ အနည်ထိုင်နေခဲ့သော ဝမ်းနည်းမှုများက ရင်ထဲတွင် သိမ့်ကနဲ စူးအောင့်လာ၏။
"ဝါး.... နှင်းကျနေပြီ"
Jieun ကကျွန်တော့်ဘေးတွင်ရပ်ရင်းရွေရွတ်သည်။
"မေမေမြင်ရင်သဘောကျမှာ"
လက်ထဲက မေမေ့အရိုးပြာအိုးကိုငုံ့ကြည့်ရင်း ပြောမိတော့ Jieun ကကျွန်တော့်လက်မောင်းကို ခပ်ဖွဖွဆုပ်ကိုင်ပေးသည်။
"Sehun ရယ်..."
"ရပါတယ်...ငါအဆင်ပြေပါတယ်"
တကယ်တော့ ကျွန်တော်အဆင်မပြေပါ။
ကင်ဆာကုထုံးများသည် မေမေ့အသက်ကို ဆွဲဆန့်ထားနိုင်မှလွဲ၍ ရောဂါကိုအမြစ်ပြတ်အောင် တစ်စုံတစ်ရာ မလုပ်ပေးနိုင်ခဲ့။ သေခြင်းတရားကို 8နှစ်တောင် ဆိုင်းငံ့ပေးခဲ့သည်ပဲလေ... ကျေနပ်ရမှာပေါ့၊
Jieun ကတော့ မေမေဆေးရုံတက်နေစဉ် တောက်လျှောက် ဂရုစိုက်ပေးခဲ့သော အလုပ်သင် ဆရာဝန်မလေးဖြစ်သည်။ ကိုရီးယားလူမျိုး အချင်းချင်းမို့ အချိန်တိုအတွင်း ရင်းနှီးသွားကာ သူသည့်ကျွန်တော့်အတွက် အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်လာခဲ့၏။
ကိုရီးယားကိုပြန်လာရသည့် အကြောင်းရင်းမှာလဲ အရိုးပြာကို အမိမြေတွင်သာထားပေးစေလိုသော မေမေ့နောက်ဆုံး ဆန္ဒကြောင့်ဖြစ်သည်။
အရိုးပြာကိုနေရာချပြီးနောက် Jieun ကို ဟိုတယ်တွင် ထားကာ ကျွန်တော်တစ်နေရာကို ထွက်လာဖြစ်၏။
| | Walls | |
ကျွန်တော်တို့ကျောင်းလမ်းကလေးသည် အရင်ကလိုပင်ဖြစ်သည်။ မေပယ်ပင်များရှိနေသေးသော်လဲ နွေဦးမဟုတ်သဖြင့် ရွက်ကြွေများမရှိပါ။ အနည်းငယ် ဆက်လျှောက်လိုက်လျှင် တွေ့ရသော စတိုးဆိုင်လေး သည်လဲ အရင်ကလို ရှိနေဆဲဖြစ်သည်။ အမှတ်တရများစွာရှိခဲ့ဖူးသော ဤနေရာသည် နည်းနည်းမှမပြောင်းလဲသွား သလိုပါပင်။
စက္ကူဘူးဖြင့်ထည့်ထားသော ချောကလက် နို့ဘူးလေးများက အရင်လိုနေရာမှာပင် ရှိနေဆဲဖြစ်သည် ကတော့ အံ့ဩစရာဖြစ်၏။ ဆိုင်ထိုင်နေတာကတော့ ဦးလေးကြီးမဟုတ်တော့ပဲ ခပ်ငယ်ငယ်မိန်းကလေး တယောက်ဖြစ်သည်။
"အိုး....အစ်ကိုလဲဒီနို့ဘူးကိုဝယ်တယ်လား"
"ဟင်...?"
ဆိုင်ရှင်ကောင်မလေးက တအံ့တသြမေးသည်။
"ခါတိုင်းဆို ဒီဟာကို လာဝယ်တဲ့လူက ဝယ်နေကျခပ်ချောချော အစ်ကိုကြီးတယောက်ပဲ ရှိတာလေ။ ဘယ်သူမှ ဒီဟာကိုမသောက်ကြ တော့ဘူး....ဒီနေ့ အစ်ကိုဝယ်တော့ ထူးဆန်းလို့ပါ...အခုလေးတင်ပဲ ဟိုအစ်ကိုက လာဝယ်သွားတာ"
"သူကဘယ်လိုပုံစံမျိုးလဲ"
ရင်ဘတ်၏ ဘယ်ဘက်ခြမ်းက စည်းချက်မညီစွာ တဒိန်းဒိန်းခုန်နေခြင်းကိုလျစ်လျူရှုလျက် ကျွန်တော်မေးလိုက်၏။ သူမဖြစ်နိုင်မှန်းသိပေမယ့်လဲပေါ့...
"ခန္ဓာကိုယ်အရွယ်အစားက အစ်ကို့လောက်ပဲ...။ နှုတ်ခမ်းခပ်ထူထူနဲ့...ချောတော့ချောပေမယ့် လုံးဝမပြုံး...."
ကျွန်တော်ဆိုင်ထဲက သတိလက်လွတ် ပြေးထွက်ခဲ့သည်။ ဆိုင်ပတ်ဝန်းကျင်တွင် တွေ့လိုတွေ့ငြား ဟိုဟိုသည်သည်ပြေးလွှားကာရှာမိ၏။
ခပ်လှမ်းလှမ်းတွင် ကျောင်းဘက်သို့သွားနေသော ကုတ်အင်္ကျီရှည် ဝတ်ထားသည့် လူတစ်ယောက်ကိုတွေ့သည်နှင့် ကျွန်တော်သူ့နောက်မှအပြေးလိုက်သွားမိ၏။
"Jong...."
ဟင့်အင်း...ကျွန်တော်ထင်ထားသော သူမဟုတ်ခဲ့ပါ။
"sorry နော်"
အဟက်....ကျွန်တော်အခုဘာလုပ်နေတာပါလိမ့်။ ဘယ်လိုလုပ်ပြီးတော့များ Jongin ဒီနေရာကိုလာပြီး ချောကလက်နို့ကို ဝယ်လိမ့်မယ်လို့များ မျှော်လင့်မိတာ ပါလိမ့်...။
သူ့ကိုတွန်းထုတ်ခဲ့တာ ၊ စွန့်ပစ်ခဲ့တာ ကျွန်တော် ကိုယ်တိုင်ပဲမဟုတ်ပါလား။
#94line_Kaihun
#cherry_eunha
27.5.17
11:24pm