အစိမ်းရင့်ရင့် အလွမ်း

By AmiCassiopeia

106K 7.6K 451

Yunho Jaejoong More

အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၁၀
ဇာတ်သိမ်းပိုင်း

အပိုင်း(၉)

5.2K 594 30
By AmiCassiopeia

တိတ်ဆိတ်နေသည့် အခန်းထဲ ကြေကွဲနေသော သူ့ရဲ့ ခပ်ဆွေးဆွေးမျက်ဝန်းကို ကျွန်မ အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေမိသည် ၊၊ အချစ်လို့ ခေါင်းစဉ်မတပ်ချင်သည့် ခံစားမူများ လောကကြီးအတွင်း မည်မျှလောက်ရှိနေသည်လဲ၊၊ ပြီးတော့ ထိုခံစားမူများထဲ စတေးခဲ့ရသည့် နှလုံးသားတွေ ၊ ရင်းနှီးခဲ့ရသည့် ပျော်ရွှင်မူတွေ နာကျင်ခဲ့ရသည့် ပတ်သက်မူတွေ မည်မျှလောက် ရှိနေသည်လဲ၊၊ ကျွန်မ သူ့ စကားတွေကို နားထောင်ပြီး သူ့ မျက်ဝန်းက ကျွန်မ မြင်တွေ့နေမိသည့် ဆုံးရှုံးမူ ဆိုတာကို ကြိုးစား အဖြေရှာမိနေပြန်သည်၊၊ ဘာတွေ သူ ဆုံးရှုံးခဲ့သည်လဲ၊၊ ဤမျှလောက် ကြိုးစားတည်ဆောက်ခဲ့သည့် ထိုရူးသွပ်ခြင်းခံစားမူကို ဘယ်လိုအရာတွေက ဖျက်ဆီးစေခဲ့သည်လဲ ဟု ကျွန်မ တွေးတောနေမိသည်၊၊ ပြီးတော့ ဘာရယ်မဟုတ် သူတို့ရဲ့ နာကျင်မူကို တွေးပြီး ကျွန်မ ကြေကွဲသလို ခံစားနေမိပြန်သည်၊၊ ထိုကြေကွဲမူကို ကျွန်မ နားမလည်နိုင်ပါ၊၊ ထိုကဲ့သို့ လိင်တူဆက်ဆံရေးမျိုးကို သဘာဝမကျစွာ ခံစားတတ်သည့် ကျွန်မက သူ့ရဲ့ နာကျင်မူကို ထပ်တူခံစားနေမိတာ အံ့ဩစရာပင် ကောင်းလှသည်၊၊

'' ဒါက သူပေးခဲ့တဲ့ လက်စွပ်လား,,''

သူ့ လက်သန်းကြွယ်တွင် ဝတ်ဆင်ထားသည့် ငွေမှင်ရောင်လက်စွပ်ကို ကျွန်မ ကြည့်ကာ မေးငေါ့မေးလိုက်မိသည်၊၊ သူ့လက်သန်းကြွယ်က လက်စွပ်လေးကို တယုတယကိုင်ကာ နုတ်ခမ်းလှုပ်ရုံ ပြုံးနေသည်၊၊ ကျွန်မ သူ့ရဲ့ အဖြေစကားကို အလိုလိုနားလည်ကာ သူ့ရဲ့ လှပသည့် အပြုံးကို ကြည့်ရင်း ခေါင်းတစ်ချက်ငြိမ့်ကာ ပြုံးလိုက်မိသည်၊၊

'' ဒါဆိုရင် သူပေးမယ်ဆိုတဲ့ နောက်ထပ် လက်စွပ်ကို ရှင် ရခဲ့တယ်ပေါ့၊၊ ''

လက်စွပ်ကို ပွတ်သပ်နေရင်း သူက ကျွန်မကို စိုက်ကြည့်လာသည်၊၊ ပြီးတော့ ကျွန်မ မေးခွန်းကို သူက ပြုံးကာ နေပြန်သည်၊၊ သူ့အကြည့်က ကျွန်မ မျက်ဝန်းမှ တစ်ဆင့် ကျွန်မရဲ့မှတ်စုစာအုပ်ကို ကိုင်ထားသည့် ဘယ်လက်ကို အကြည့်ရောက်လာသည်၊၊

'' အင်း,,, သူ့ရဲ့ နောက်ဆုံးလက်စွပ်ကို မပိုင်ဆိုင်ရပေမယ့်ပေါ့,,''

နောက်ဆုံး လက်စွပ်!,,၊၊ သူ ဘာကို ပြောသည်လဲ ကျွန်မ စဉ်းစား၍ မရပဲ ဖြစ်နေသည်၊၊ သူ့စကားရဲ့ ဆိုလိုရင်းကို ကျွန်မ သေချာစွာ နားမလည်ပေမယ့် ကျွန်မ လက်ကို ကြည့်နေသည့် သူ့ မျက်ဝန်းက အဓိပ္ပါယ်ကိုတော့ ကျွန်မ နားလည်နေမိပြန်သည်၊၊ သူ ဘာကို မကျေနပ်စွာ အလိုမကျဖြစ်နေပါလိမ့်၊၊ ကျွန်မ ကိုယ့်လက်ကို ကိုယ်ပြန်ငုံ့ကြည့်မိတော့ မိန်းမပီသစွာ လက်စွပ်တစ်ကွင်းတစ်လေမှ မဝတ်ထားမိသည့် ကိုယ့်ကိုကိုယ် အပြစ်တင်မိသည်၊၊ ညနေတွင် ကိုကို ဝတ်ပေးမည့် လက်ထပ်လက်စွပ်အတွက် ရင်ခုန်စွာ ညကတည်းက လက်ကို အရှင်းအတိုင်းထားမိသည့် ရူးကြောင်ကြောင် ကျွန်မ အတွေးကို ဒေါသထွက်မိလာသည်၊၊ ကျွန်မ သူ စိုက်ကြည့်နေသည့် ဘယ်လက်ပေါ် မှတ်စုစာအုပ်ဖုံးကာ ကွယ်လိုက်တော့ သူ ကျွန်မကို ပြန်ကြည့်လာသည်၊၊ ဒါပေမယ့် နှစ်လိုဖွယ်မကောင်းလှသည့် သူ့အပြုံးလှလှကို မြင်ပြီး ကျွန်မ စိတ်တွေ အလိုလို မွန်းကြပ်နေမိပြန်သည်၊၊ တကယ်ဆိုရင် သူက ကျွန်မကို ထိုကဲ့သို့ ပြုံးပြစရာမှ အကြောင်းရင်း မရှိဘဲ။

" နောက်ဆုံး လက်စွပ် ။ ဟုတ်လား? "

နားမလည်သလို မေးလိုက်သည့် ကျွန်မ မေးခွန်းကို သူက မျက်ခုံးမွှေးတစ်ဖက်ကို တွန့်ကာ စိုက်ကြည့်လာပြန်သည်။ ကျွန်မ ဘာရယ်မဟုတ် ဖြစ်ပေါ်လာသည့် မွန်းကြပ်ခြင်းတွေကို သက်သာအောင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိပြန်သည်။ သူ့ဆီမှ ကျွန်မ မေးခွန်းအတွက် အဖြေ ရှိလာမည်မဟုတ်ဘူးဆိုတာကို ကျွန်မ သူ့ရဲ့ အကြည့်စူးစူးက တစ်ဆင့် ခံစားနားလည်မိတော့ ထိုမေးခွန်းကို ဆက်မမေးရန် ဆုံးဖြတ်လိုက်သည်။ ကျွန်မ မှတ်စုစာအုပ်ထဲမှ ချရေးထားသည့် သူ့ အကြောင်းများကို တစ်ချက်ကြည့်ရင်း ဆက်မေးမည့် မေးခွန်းကို စဉ်းစားနေမိသည်။

" တီ...တီ..."

ရုတ်တရက် စားပွဲပေါ်တွင် တင်ထားသည့် ကျွန်မဖုန်းမှ ထမြည်လာသည့် ဖုန်းသံကြောင့် ကျွန်မ မှတ်စုစာအုပ်ကို အကြည့်လွှဲပြီး ဖုန်းကို လှမ်းကြည့်လိုက်သည်။

ကိုကို...

ဖုန်းစခရင်တွင် ပေါ်နေသော ကိုကိုဆိုသည့် ဖုန်းအဝင်ကို ကြည့်ပြီး ကျွန်မ သူ့အား အလိုလို အားနာစွာ မော့ကြည့်လိုက်မိသည်။ သူကလည်း ကျွန်မ နည်းတူ မြည်နေသည့် ဖုန်းကိုသာ စိုက်ကြည့်နေသည်။

" ခဏနော်။ "

ကျွန်မ ပြောပြီး မြည်နေသော ဖုန်းကို ကောက်ယူကာ ထိုင်နေရာမှ ထပြီး ခပ်လှမ်းလှမ်းသို့ သွားလိုက်သည်။

" ဟယ်.."

" ဘာလို့ ဖုန်းချက်ချင်း မကိုင်တာလဲ .."

ကျွန်မရဲ့ ဟယ်လိုဆိုသည့် ထူးသံမဆုံးခင် တစ်ဖက်က ကြားလိုက်ရသည့် ကိုကိုရဲ့ စကားသံကြောင့် ကျွန်မ ကျွန်မ ကြည်နူးစွာ တစ်ချက်ပြုံးလိုက်မိသည်။ မာမာထန်ထန် မဟုတ်သည့် ကိုကို့ စကားသံက ကြင်ကြင်နာနာလို့လည်း ဆိုရခက်လိမ့်မည်။ ကိုကိုအား စတင်မြင်စဉ်ကတော့ မာနကြီးသူ ထင်ရပေမယ့် တကယ်တော့ ကိုကိုက အနေအေးသူ တစ်ယောက်သာဖြစ်သည်။ ဥပဒေကိစ္စကို ဆောင်ရွက်သည့် ကိုကိုက အပြောအဆို ၊ အနေအထိုင် ၊ အပြုအမူကအစ တည်ငြိမ်ပြီး ပြတ်သားသူ တစ်ဦးဖြစ်သည်။ တစ်ခါတစ်ရံ သူငယ်ချင်းများက ကိုကို့အား နားလည်ရခက်သည်ဟု သတ်မှတ်သလို ကိုကိုက အမှန်တကယ်ပင် နားလည်ရခက်သူ ဖြစ်သည်။ ဒါပေမဲ့ ကိုကိုက သစ္စာရှိသူ တစ်ဦးဖြစ်သည်ဆိုတာလည်း အားလုံးက လက်ခံယုံကြည်ကြပြန်သည်။ လူကြားထဲ ကျွန်မ လက်ကို တွဲကာ လမ်းလျှောက်ဖို့ တွန့်ဆုတ်တတ်သည့် ကိုကိုက ဘယ်သော်အခါမှတော့ ကျွန်မနှင့် ကိုကိုကြားက အထိမ်းအမှတ်နေ့စွများကိုတော့ မပျက်ကွက်ခဲ့ပါ။ ကျွန်မနှင့် ပထမဆုံးတွေ့ဆုံခဲ့သည့် နေ့ရက်တွေ၊ ကျွန်မနှင့် ဝေးကွာခဲ့သည့် နေ့ရက်တွေ၊ ပြီးတော့ ကျွန်မရဲ့ အပြုံးတွေ၊ ဒါတွေကို ကိုကို တစ်ကြိမ်တစ်ခါမှ မမေ့လျော့ခဲ့ဖူးဘူးလေ။

" အရေးကြီးတဲ့ အင်တာဗျူး လုပ်နေလို့ပါ ။ "

" အော်.."

ကျွန်မ တစ်ချက် ရီမောလိုက်သည်။ ကိုကိုက ကျွန်မအား တကြိမ်တခါမှ အပြစ်မဆိုခဲ့ဖူးတာ အမှန်ပင်ဖြစ်သည်။ အခုလည်း အရေးကြီးသည့် မင်္ဂလာပွဲနေ့မှာ ကျွန်မ အလုပ်အား ဦးစားပေးနေသည်ကို ကိုကို အပြစ်တင်မှာ မဟုတ်ဘူးဆိုတာ ကျွန်မ ကြိုတင်ယုံကြည်ပြီးသားပင် ဖြစ်သည်။

" massage တွေ့လို့ ဖုန်းဆက်လိုက်တာ။ ကလေး ပြီးရင် ဖုန်းဆက်လိုက်။ ကိုကို လာကြိုပေးမယ်။ လိပ်စာပြော။ "

" ဟင့်အင်း။ ရတယ် ။ မကြိုနဲ့တော့။ ကလေးက ဒါပြီးတာနဲ့ ရုံးဝင်ပြီး အချက်အလက်ပေးပြီး အလှပြင်ဆိုင် တန်းသွားတော့မှာ။ ကိုကိုက မေမေတို့ကို သွားကြိုရဦးမယ် မဟုတ်လား။ ကလေး ဘာသာ ပြန်လိုက်မယ်။ "

ကျွန်မ စကား အဆုံး ကိုကိုက အဆင်ပြေသလို လုပ်ပါ ပြောပြီး ဖုန်းချသွားသည်။ ကျွန်မ ဖုန်းချပြီးမှ ကိုကိုရဲ့ မွေးနေ့အား ပါးစပ်ဖြင့် ဆုတောင်းမပေးလိုက်ရသည်ကို တွေးပြီး မချင့်မရဲ ဖြစ်မိသည်။ တစ်ခါတလေ ကဗျာမဆန်သည့် ကိုယ့်ကိုယ်ကို အလိုမကျဖြစ်မိပေမယ့် ထိုကဲ့သို့ ကျွန်မရဲ့ ကဗျာမဆန်မူအပေါ် ကိုကို စိတ်ပျက်သွားမလားလို့ တော့ ယောင်လို့ပင် မတွေးမိတာ အံ့ဩစရာဆိုရမလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲလှသူဟု ဆိုမည်လား။ ကျွန်မ ဖုန်းကို တစ်ချက်ကြည့်ပြီး ထိုင်နေရာသို့ ပြန်လှည့်တော့ ကျွန်မအား မမှိတ်မသုန်စိုက်ကြည့်နေသည့် သူ့ရဲ့ အကြည့်စူးစူးကို မြင်လိုက်ရသည်။

" ဆောရီးနော်။ "

ကျွန်မ ဖုန်းကို စားပွဲပေါ်ပြန်တင်ပြီး သူ့ကို ခေါင်းတစ်ချက်ငြိမ့်စွာ ပြောလိုက်သည်။ သူက စားပွဲပေါ်ရှိ စောစောက ကျွန်မလက်ရဲ့ ထိတွေ့မှုကြောင့် ပွင့်နေသည့် ဖုန်းစခရင်ကို တစ်ချက် ငေးကြည့်နေသည်။

" ကျွန်မ ချစ်သူပုံပါ။ "

ဖုန်းစခရင်ပေါ်ရှိ ပေါ်နေသည့် ကိုကို့ရဲ့ နုတ်ခမ်းပုံ သူ ကြည့်ရင်း ပြုံးလိုက်သည်။

" တော်တော် ကြည့်ကောင်းတဲ့ ပုံပဲ။ "

ဒီတစ်ခါ နားမလည်စွာ အံ့ဩမိသူက ကျွန်မပင် ဖြစ်သည်။ မြင်သူတကာ သူငယ်ချင်းများက ကျွန်မရဲ့ ထိုဖုန်းစခရင်က ကိုကို့ ပုံအား ကြည့်ပြီး ငြီးငြူနေကြ။ ဒီလောက် ပြီးပြည့်စုံတဲ့ ကိုကို့အား မျက်နာပေါ်အောင် မရိုက်ပဲ နှုတ်ခမ်းသာ ကွက်ပြီး ဖုန်းစခရင် တင်ထားသည့် ကျွန်မကို သူငယ်ချင်းတွေက အရူးဟု မှတ်ချက်ပြုကြသည်။ အခု ကျွန်မရှေ့မှ သူကတော့ ကြည့်ကောင်းသည်ဟု ဆိုတာ အံ့ဩစရာပင်နော်။ ဒီတစ်ကြိမ်တော့ သူနှင့် ကျွန်မ သဘောထားချင်း တူသားဟု တွေးကာ ကျွန်မ ကြိတ်ရီလိုက်သည်။

" ဒီနေ့ မင်း မင်္ဂလာဆောင်မဲ့ နေ့ မဟုတ်လား။ "

" အင်း "

သူ ဘာလို့သိနေတာလည်း တွေးမိပြီး ရုံးက ပြောလို့ဖြစ်မည်ဟု ကိုယ့်ဘာသာကိုယ် အဖြေပေးလိုက်သည်။

" သူက မင်းကို ချစ်လား "

ဘောပင်ကို နိုပ်ရန် ဟန်ပြင်လိုက်သည့် ကျွန်မ လက်က ရပ်တန့်သွားကာ အံ့ဩကာ သူ့အား ငေးကြည့်လိုက်မိသည်။ သူက ကျွန်မကို လက်နှစ်ဖက်ပိုက်လျှက် ပြုံးကာ ကြည့်နေသည်။ ဒါပေမယ့် သူ့ မျက်ဝန်းတွေကတော့ ကျွန်မ ချက်ချင်းနားမလည်သည့် ခံစားမှုအဓိပ္ပာယ်များနှင့် ပြည့်နှက်နေသည်။ တကယ်ဆိုရင် ပထမဆုံးသူမေးရမည့် မေးခွန်းက ကျွန်မ ကိုကို့ကို ချစ်လား ဆိုသည့် မေးခွန်းဖြစ်သင့်သည်ဟု ကျွန်မ ထင်သည်။ သမရိုးကျ တွေးတောမနေတတ်တာ kim jaejoong ဟု ခေါ်သည်ဆိုရမည်လား။

" ချစ်လို့ပဲ ကျွန်မတို့ လက်ထပ်ကြတာပါ jaejoongshii "

ကျွန်မရဲ့ အနည်းငယ် ပြတ်သားပြီး မနှစ်မြိုဖွယ် ထွက်ကျလာသည့် စကားအဆုံး သူက အံ့ဩစရာကောင်းစွာ ဟက်ဟက်ပက်ပက် တစ်ချက် ရီမောလိုက်သည်။ ကျွန်မ သူ့ကို နားမလည်စွာ၊ ပြီးတော့ အလိုမကျစွာ မျက်မှောက်ကျုပ်ကာ ကြည့်လိုက်သည်။ သူက ခြေထောက် တစ်ဖက်ကို ချိတ်ကာ ထိုင်လိုက်ပြီး ကျွန်မကို ကြည့်လာသည်။ သူ့ အကြည့်က ကလေးတစ်ဦးကို ကြည့်နေသလို ကျွန်မ ခံစားနေမိတော့ ထိုလှပလွန်းသည့် သူ့ရဲ့ မျက်လုံးကြီးကြီးက အကြည့်စူးစူးကို မုန်းတီးမိပြန်သည်။

" သူက အဲလို ပြောသလား။ "

" ဟမ်!.."

" သူက မင်းကို ချစ်တယ်လို့ ပြောဖူးလား စောဟာနူး ။ "

ကျွန်မ သူ့ စကားမှာ ဆွံ့အသွားမိသည်။ သူ့ရဲ့ ကျွန်မနားမလည်သည့် ယုံကြည်မှုတွေ ခိုင်မာနေသော အကြည့်ကို ငေးရင်း ကျွန်မ အသက်ရှုဖို့တောင် မေ့လျော့နေမိသည် ထင်သည်။ ချစ်တယ် ဆိုသည့် စကား။ ဟုတ်လား။ ကျွန်မ တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးသည့် ကိုကိုနှင့် ပတ်သက်သည့် အထီးကျန်မူက ကျွန်မ ရင်ထဲ ပထမဆုံးအကြိမ် ဝင်ရောက်ခံစားမိတော့ ကျွန်မ သူ့ရဲ့ ယုံကြည်မှုတွေ လွန်ကဲနေသော မျက်ဝန်းတွေကို အဓိပ္ပာယ်မဲ့ မုန်းတီးမိပြန်သည်။ ဟင့်အင်း။ ကိုကိုက ကျွန်မရဲ့ အကြိုက်တွေ ၊ လိုအပ်ချက်တွေ ၊ အရာအားလုံးကို ကျွန်မ မတောင်းဆိုပဲ ဖြည့်ဆည်းပေးခဲ့ပေမယ့် ဘယ်တုန်းကမှ ကိုကို ကျွန်မအား ချစ်တယ်ဟု မပြောခဲ့ဖူးပါ။ သေချာစွာ ပြန်စဉ်းစားကြည့်ရင် ပြန်လည်တွေ့ဆုံချိန်က ချစ်ခွင့်ပန်ခဲ့သည့် ကိုကို့ စကားကတောင် ချစ်တယ်ဟူသော စကားမှ မဟုတ်ခဲ့ပဲ။ ကျွန်မ အတွေးများနှင့် စိတ်ဖိစီးနေရာမှ စိတ်ကို ပေါ့ပါးစွာဖြစ်အောင် ကြိုးစားလိုက်သည်

။ တကယ်တော့ အချစ်က ယုံကြည်မှုနှင့်သာ ဆိုင်သည်လေ။

" ပြောမှ သိတဲ့ ခံစားမှုတွေကို အချစ်လို့ ကျွန်မ ခေါင်းစဉ်မတပ်ဘူး jaejoongshii "

ကျွန်မရဲ့ အဖြေစကားကို သူ မထင်မှတ်ထားဘူး ထင်သည်။ သူက ကျွန်မကို အထူးအဆန်းတဖွယ် ကြည့်လာသည်။ ကျွန်မ သူ့အား ယုံကြည်ချက်တွေ ခိုင်မာသည့် မျက်ဝန်းဖြင့် စိုက်ကြည့်လိုက်သည်။

" ကျွန်မနဲ့ကိုကို့ကြားမှာ ရှိတဲ့ ခံစားမှုတွေက ယုံကြည်ချက်နဲ့ တည်ဆောက်ထားတာ။ "

သူ ကျွန်မကို မျက်တောင်မခတ်ငေးကြည့်နေသည်။

" အဲဒီ ယုံကြည်ချက်ကို ဘယ်သူမှ လွယ်လွယ် ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး ။ "

သူက ယုံကြည်ချက် ဆိုသည့် စကားလုံးကို တိုးတိုးလေး ရေရွတ်ကာ လှပစွာ ပြုံးလိုက်ပြန်သည်။ ထိုစကားလုံးကို သူ နားလည်မည်ဟု ကျွန်မ ထင်ပါသည်။ သူလည်း ယုံကြည်ချက်တစ်ခုကို စွဲကိုင်ကာ သဘာဝမကျသည့် ခံစားမှုကို အချစ်ဆိုပြီး ခေါင်းစဉ်တပ် ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့သည် မဟုတ်လား။ သေချာသည်။ သူ့ရဲ့ ဦးလေးဆိုသူအပေါ် ထားသည့် ခံစားမှုကို အချစ်ဆိုပြီး သူ ခေါင်းမော့နေသလို ကျွန်မလည်း ကိုကို့ အပေါ် ထားသည့် ယုံကြည်မှုကို အချစ်ဟု ပြောခွင့်ရှိသည်။ ကျွန်မ မျက်နာပေါ် ရောက်ရှိနေသည့် ဆံပင်ကို နားတစ်ဖက်တွင် ညှပ်လိုက်သည်။

" ရှင့် ဘဝမှာရော ရှင်ယုံယုံကြည်ကြည်တည်ဆောက်ထားတဲ့ အရာကို ဖျက်ဆီးခံရဖူးလား။ "

သူ ကျွန်မကို စိုက်ကြည့်နေသည်။ အဓိပ္ပာယ်တွေ လိုက်မမှီသည့် သူ့ မျက်လုံးက လှပသည်ဆိုတာပဲ ကျွန်မ မြင်ပြီး လှပခြင်းနောက်က သူ့ရဲ့ နာကျင်မှု အနက်ပမာဏကို ကျွန်မ ကြိုးစား တိုင်းတာနေသည်။ ကျွန်မ နောက်ထပ် မေးခွန်းကို မေးရန် မှတ်စုစာအုပ်ကို အသင့်ပြင်လိုက်သည်။

" ရှင့် ယုံကြည်ချက်တွေ ရိုက်ချိုးခံရဖူးလား "

သူက ကျွန်မကို ငေးကြည့်ရင်း သူ့ မျက်ဝန်းက ဖုံးကွယ်ချင်သည့် နာကျင်မှုကို ဖြေဖျောက်ရန်အတွက် လက်သူကြွယ်က လက်စွပ်ကို လှည့်နေသည်။

" အင်း "

ကျွန်မ နောက်ထပ် ထွက်ကျလာမည့် သူ့ အဖြေကို မျှော်လင့်နေမိသည်။

" ဒါပေမယ့် ငါ ကိုယ်တိုင်ပဲ ရိုက်ချိုးခဲ့တာ "

" ရှင်!.."

" ငါ ကိုယ်တိုင်ပဲ ရိုက်ချိုးခဲ့တာ .."

ကျွန်မ သူ့မျက်ဝန်းမှ အဓိပ္ပာယ်ဖော်ရန် ခက်ခဲသည့် ခံစားမှုများကြားမှ တစ်စွန်းတစ်စ ထွက်ကျနေသော ကြေကွဲမူကို မြင်ပြီး သူ့ရဲ့ အထီးကျန်မူကို ခံစားလိုက်ရသည်။

*****************************************

မေးခွန်း - (၉)

*********

(ယုံကြည်ချက်တွေ ရိုက်ချိုးခံရဖူးလား)

***********************

ကျွန်တော်နှင့် သူ မေမေတို့ရောက်လာသည့် နေ့ရဲ့ ညမှာပင် ညတွင်းချင်း ဆိုးလ်မှ ထွက်လာခဲ့ကြသည်။ အဝတ်အစားအနည်းငယ်မျှဖြင့် သူမောင်းသည့် ကားပေါ် သူ့ဘေးတွင် ထိုင်လိုက်လာသည့် ကျွန်တော်က သူ့အား ဘယ်ကို သွားမည်လဲ၊ ဘယ်လို နေမှာလဲ၊ ဘယ်လုပ်မှာလဲ၊ ဘယ်အချိန်ထိလဲ ၊ ဟင့်အင်း၊ မေးခွန်းဆိုသည့် သံသယသဘောဆောင်သည့် စကားလုံးတစ်ခွန်းမှ မပြောကာ သူ့ရဲ့ လက်မောင်းတစ်ဖက်ကို မလွတ်တမ်းဖက်တွယ်ပြီး သူ့ပုခုံးပေါ် ခေါင်းမှီကာ သူ့ရဲ့ ကိုယ်သင်းရနံကို အလွတ်ကျက်မှတ်နေမိသည်။ မေးခွန်းတစ်ခွန်းမှ ထွက်ကျမလာသည်အထိ သူ့ရဲ့ အချစ်ကို ကျွန်တော် ယုံသည်။ အစဉ်အမြဲ ကျွန်တော် နာကျင်စွာ ကြေကွဲနေခဲ့သည်ဆိုရင်တောင် သူက ကျွန်တော့် ဘေးနား ပြန်လည်ရောက်ရှိနေတတ်မြဲပဲ ဖြစ်သည်။ ကျွန်တော် မှတ်မိသည့် အချိန်ကာလများအတွင်း သူက ကျွန်တော့် အနား အဝေးသို့ ပြေးထွက်ရန် ကြိုးစားခဲ့သည်ဆိုစေဦးတော့ ဘယ်တုန်းကမှ သူ ကျွန်တော့်ကို နှုတ်ဆက်စကား မဆိုခဲ့ဖူးပါ။ ပြီးတော့ လမ်းခွဲစကား မဖွင့်ဟဖူးပါ။ သူက ခံစားမှုများကို ထိန်းချုပ်ကာ ကျွန်တော့်ကို အစဉ်အမြဲ ကာကွယ်ပေးတတ်သူ ဆိုတာကို ကျွန်တော် တွေးမိရင် အခုအထိ ဖြစ်ပျက်ခဲ့သည့် နာကျင်မှုများကြား သူက ဆုံးရှုံးမှု အများဆုံးဖြစ်လိမ့်မည်။ ထိုကဲ့သို့ ကျွန်တော် တွေးရင် သူ့အပေါ် ထားခဲ့သည့် အချစ်ဆိုတာကို မိုက်မိုက်မဲမဲ နာကြည်းမိပြန်သည်။

" ကိုယ်နဲ့အတူ ဒီနေရာမှာ တစ်သက်လုံးနေနိုင်လား။ "

မြို့များနှင့် အလှမ်းဝေးလွန်းသည့် ကျေးရွာတစ်ရွာရှိ ရှေးရိုးဆန်ဆန် အိမ်လေးကို ပြပြီး ကျွန်တော့်ကို ပြောလာသည့် သူ့ စကားက ကျွန်တော့်ကို စိတ်မပျက်စေပဲ ပို၍ပင် ကြည်နူးစေသည်။ ထိုအိမ်က လွန်ခဲ့တဲ့ နှစ်က ကိုကို အမူလိုက်ပေးခဲ့သည့် အဘွားတစ်ယောက်က မသေခင် ကိုကိုအား ကျေးဇူးတင်စွာ အမွေပေးခဲ့သည့် အိမ်ဆိုတာ ကိုကိုပြောမှ သိခဲ့ရသည်။

" ကိုယ် ငွေများများရှာပြီး ကိုယ် ပြောတဲ့ အိမ်မျိုးမှာ နေနိုင်အောင် လုပ်မယ်။"

" ဘယ်လောက် ကြာမှာလဲ။ "

" ၃ ၊ ၄ နှစ်ပေါ့ ၊၊ ဘာလဲ ။ joongie က မစောင့်နိုင်ဘူးလား။ "

" မစောင့်နိုင်ဘူးလို့ ဘယ်သူက ပြောလို့လဲ။ ကလေးအနားရှိရင် ဘယ်နေရာမဆို နေနိုင်တယ်နော်။ "

ပျော်ရွှင်မှုတွေ ရောထွေးနေသော ဒီအိမ်လေးထဲ ကျွန်တော်နှင့် သူ အပူအပင်မဲ့စွာ ရီမောခဲ့ကြသည်။ မေမေတို့ ဘွားဘွားတို့ ရှာမရအောင် ဖုန်းတွေ ထားခဲ့သည့် ကျွန်တော်တို့ နှစ်ယောက်အတွက် အနှောင့်အယှက်ဆိုတာ အရိပ်အယောင်တောင် မမြင်ခဲ့ရပါ။ ထိုရွာက ကလေးတွေကို စာပြပေးရန်း ရှေ့နေလိုက်နေသည့် သူ့အား ချက်ပြုတ်ကျွေးမွေးရသည်ကို ကျွန်တော် အိပ်မက်တစ်ခုပမာ မယုံကြည်စွာ ပျော်ရွှင်ခဲ့သည်။ ဒါပေမယ့် ထိုပျော်ရွှင်မူကို ကျွန်တော်ကိုယ်တိုင် ဖျက်ဆီးဖို့ လမ်းစ ကျွန်တော်ကိုယ်တိုင် ဖွင့်ပေးခဲ့မိပြန်သည်။

ကျွန်တော်နှင့်သူ အိမ်မှာ ထွက်လာသည့် ၁၀ရက်မြောက်နေ့မှာပင် အခြေအနေကို စူးစမ်းချင်သည့် ကျွန်တော့်ရဲ့ အတွေးတစ်ချက်က ကျွန်တော့်ကို အိပ်မက်မှ နိုးထစေခဲ့သည်။

" သား joongie .. မင်း မေမေက မင်းကို မျှော်နေတာ ။ သူ စိတ်ဖြောင့်အောင် သား ချက်ချင်းလာခဲ့ပေးပါလား။ "

ကျွန်တော် တစ်ဖက်မှ ဒေါ်လေးရဲ့ စကားအဆုံး အများသုံးတယ်လီဖုန်းဘေးနား ငုတ်တုတ်မေ့နေလျှက် ချက်ချင်းပင် ကြုံရာကားဖြင့် ဆိုးလ်ကို တက်လာခဲ့သည်။ မေမေ ဘာမှမဖြစ်ပါစေနဲ့။ ကျွန်တော် မေမေ့အား ထိခိုက်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပ်ဘူး။ ကျွန်တော် နှင့် သူ ထွက်လာသည့် မိုးသညသည့် ညမှာပင် ဘူဆန်သို့ပြန်သွားသည့် မေမေ့ကားက မတော်တဆဖြစ်ကာ တိမ်းမှောက်ခဲ့သည်။ အမြဲတမ်း ကားကို ဂရုတစိုက်မောင်းနှင်တတ်သည့် မေမေက အခုလို မတော်တဆဖြစ်ခဲ့ခြင်းကို တစ်အိမ်သားလုံး မစဉ်းစားနိုင်စွာ ယူကြုံးမရဖြစ်မိသည်။ မေမေ မည်မျှလောက် နာကျင်စွာ ကျွန်တော့်ဆီမှ ထွက်လာခဲ့သည်လဲ။ မေမေ မည်မျှလောက် ကျွန်တော့်အတွက် ပူပန်စွာ ငိုကြွေးခဲ့သည်လဲ။ ကျွန်တော် မေမေတက်နေသည့် ဆေးရုံရောက်တော့ ဘွားဘွားတို့အားလုံးက နာကျင်စွာ ငိုကြွေးနေကြသည်။ ထိုအချိန်က ဘွားဘွားတို့ ကျွန်တော့်ကို ဘာလို့ မဆူသည်လဲဟု တွေးတောခဲ့မိသေးသည်။

" သား။ "

ကျွန်တော် ဝင်လာမှ မျက်လုံးဖွင့်ကာ တိုးတိုးလေး ခေါ်လိုက်သည့် မေမေ့ခေါ်သံမှာ ကျွန်တော် အသက်ရှုရ ကြပ်လာခဲ့မိသည်။ ခန္ဓာကိုယ်အနှံ ဒဏ်ရာများနှင့် ပြည့်နှက်နေသည့် မေမေ့ဆီမှ မထိခိုက် မပြောင်းလဲစွာ ရှိနေသည်တာကတော့ ကျွန်တော့်အား နွေးထွေးစွာ ကြည့်နေသည့် မျက်လုံးများပင် ဖြစ်သည်။ ထိုမပြောင်းလဲသည့် မေမေ့ရဲ့ နွေးထွေးမူတွေက ကျွန်တော့်ရင်ကို မီးလို ပူလောင်စေသည်။ တကယ်ဆိုရင် မေမေ ကျွန်တော့်အား ထိခိုက်စေသည့် စကားလုံးတွေ မုန်းတီးနေသော အကြည့်တွေ ရှိနေသင့်သည်။ ဒါပေမယ့် ..

" သားက မေမေ့ဝမ်းနဲ့လွယ်မမွေးခဲ့ရပေမယ့် မေမေ့အတွက် သားအရင်းတစ်ယောက်ပဲ။ သားကို မေမေ ချစ်တယ်။ "

နောက်ဆုံး မေမေ ပြောခဲ့သည့် စကားက ကျွန်တော့်ကို ယူကြုံးမရဖြစ်စွာ နာကျင်လွန်းလှသည်။ မေမေရဲ့ ထိုစကားနှင့် ထိုမျက်ဝန်းတွေက ကျွန်တော့်ကို မေမေ ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က ပြောခဲ့ကြည့်ခဲ့သည့် ပုံစံပင်။ ထိုနွေးထွေးကြင်နာသည့် မေမေ့ရဲ့ အပြုံးကြောင့် ကျွန်တော် တစ်ကြိမ်တစ်ခါမှ မသိခဲ့ မရင်းနှီးခဲ့သည့် မိသားစုထဲ ကျွန်တော် ခြေစုံပစ်ဝင်ဖို့ သတ္တိရှိခဲ့သည်။ နာကျင်စရာကောင်းလှသည်က ထိုနွေးထွေးသည့် ကြင်နာမူကပင် တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်မှ ရုန်းထွက်ဖို့ သတ္တိရှိခဲ့ခြင်းပင်။ ထိုနေ့က ငြိမ်သက်သွားသည့် မေမေ့ရဲ့ အေးစက်စက်ခန္ဓာကိုယ်ကို မလွတ်တမ်းထွေးဖက်ကာ ကျွန်တော် အရူးတစ်ယောက်လို အော်ဟစ်စွာ ငိုကြွေးနေခဲ့သည်။ ကျွန်တော် မရှိသဖြင့် လိုက်ရှာရင်းရောက်လာသည့် သူ့ရဲ့ လက်တစ်စုံက ကျွန်တော့်ရဲ့ ပုခုံးတစ်ဖက်ပေါ် ရောက်ရှိနေသည်ကို မေ့လျော့နေရင်း ကျွန်တော် ငိုကြွေးနေခဲ့သည်။ ထိုအချိန်က ထိုလက်တစ်စုံရဲ့ စိုးရိမ်ထိတ်လန့်နေသော ခံစားမှုကိုသာ ကျွန်တော် ခပ်စောစော ဝေဖန်ခံစားမိရင် နိဂုံးဆိုတာ ကျွန်တော်တို့အတွက် ပြောင်းလဲသွားမည်လား။

မေမေ ရက်လည်ပြီးသည်အထိ သူနှင့် ကျွန်တော် စကားမပြောဖြစ်ခဲ့ပါ။ အိမ်က ဘွားဘွားနှင့် ဒေါ်လေးတို့က ကျွန်တော့်အား နယ်လှည့်ဖျော်ဖြေပွဲလုပ်နေသည်ထင်ပြီး သူ့အား အမူလိုက်နေသည်ပဲ ထင်နေခဲ့သည်။ ကျွန်တော်တို့ ကိစ္စကို ရိပ်မိနေသော ဖေဖေကလည်း မေမေ့ရဲ့ နောက်ဆုံးဆန္ဒအရ အပြစ်တင်စကား တစ်ခွန်းမှ မဆိုခဲ့ပါ။ ထိုကဲ့သို့ ထိုကဲ့သို့ မေမေနှင့်ဖေဖေတို့ရဲ့ အပြစ်မဲ့ပေးဆပ်သည့် ချစ်ခြင်းကို ကျွန်တော် ခံစားမိတော့ နှောင်ကြိုးတွေဆိုတာကို ကျွန်တော် မုန်းတီးမိလာသည်။ ကျွန်တော့်တွင် ရှုပ်ထွေးလှသည့် သံယောဇဉ်နှောင်ကြိုးများသာ ငြိတွယ်မနေခဲ့လျှင် သူနှင့်ပတ်သက်ပြီး ဆုံးရှုံးခြင်းဆိုတာ ကျွန်တော် ကြုံတွေ့ရမှာ မဟုတ်ဘူးဟု အခုအချိန် ကျွန်တော် တွေးရင် အရာရာတိုင်းက ကျွန်တော့်ရဲ့ လိုချင်တပ်မက်ခဲ့သည့် လောဘများကြောင့်သာပင် ဖြစ်သည်။ ကျွန်တော်သာ မိသားစုဘဝကို မမက်မောခဲ့ရင်။

ကျွန်တော် နှင့် သူ မေမေရက်လည်ပြီးမှ ဆိုးလ်မြို့နှင့် အလှမ်းဝေးသည့် ပင်လယ်ဘက် ရောက်လာဖြစ်သည်။ ပင်လယ်ကို မျက်နာမူပြီး ထိုင်နေကြသည့် ကျွန်တော်တို့ နှစ်ယောက်လုံး တစ်ယောက်မျက်နာ တစ်ယောက် မကြည့်ပေမယ့် အခြေအနေကို နားလည်ခဲ့ကြသည်။ မနက်က တေးရေးဆရာလီဂျီအာနှင့် ဖုန်းပြောနေသည့် ကျွန်တော့်အား သူ မြင်ကတည်းက အခြေအနေကို သူ ရိပ်မိခဲ့လိမ့်မည်။

" ကလေး ..ကျွန်တော်တို့ ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ် "

" joongie ဒီနေရာကို လာကတည်းက ကိုယ် နားလည်ပါတယ်"

"............"

" တကယ်တော့ ကိုယ် ဒီနေရာကို အရမ်းမုန်းတယ် ။ နောက်တစ်ခါ မလာတော့ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ။ "

" တောင်းပန်ပါတယ် ။ ကျွန်တော် တောင်းပန်ပါတယ် ကလေးရယ်။ "

ကျွန်တော် မျက်ရည်များကြား သူ့ရင်ခွင်ထဲ တိုးဝင်ကာ သူ့ကို ဖက်ထားခဲ့မိသည်။ အနီရောင်နေမင်းကြီးက လှပလွန်းခဲ့ပေမယ့် ကျွန်တော်တို့တွေ အလှအပကို မခံစားနိုင်ခဲ့ကြပါ။ မျက်ရည်များနှင့် အငမ်းမရ သူ့လည်တိုင်ကို ကျွန်တော် နမ်းရှိုက်တော့ သူက ကျွန်တော် ပုခုံးကို ဆွဲဖယ်လိုက်သည်။

" ရပ်တော့။ မင်း နောက်တစ်ကြိမ် ထပ်လုပ်ရင် ငါ မင်းကို စွန့်လွှတ်တော့မှာ မဟုတ်ဘူး joongie ။ မင်းကို အပိုင်သိမ်းမိလိမ့်မယ်။ ငါ့ကို ရူးသွားအောင် ထပ်မလုပ်ပါနဲ့ joongie ရယ်။ ကျေးဇူးပြုပြီး ငါ ထပ်မရူးအောင် တစ်ခုခုကို မင်းပြောပါ။ "

ကျွန်တော် နေရောင်ကြား ကြေကွဲနေသော သူ့ မျက်ဝန်းကို မလွတ်တမ်းငေးကြည့်ကာ မျက်ရည်များက မခိုင်းစေပဲ အဆက်မပြတ် စီးကျနေသည်။သူ့ရဲ့ တိကျပြေပြစ်တဲ့ နဖူးပြင်ကို ကျွန်တော် တစ်ချက်နမ်းလိုက်သည်။ သူ့ရဲ့ ထူထဲသော ဇင်ယော်တောင်မျက်ခုံးကို ကျွန်တော် တစ်ချက်နမ်းလိုက်သည်။ သူ့ရဲ့ မျက်ရစ်မပါပဲ ကြင်နာသည့် မျက်လုံးလေးကို ကျွန်တော် တစ်ချက်နမ်းလိုက်သည်။ သူ့ရဲ့ လုံးဝန်းသည့် နှာခေါင်းထိပ်ကို ကျွန်တော် တစ်ချက်နမ်းလိုက်သည်။ ပြီးတော့ သူ့ရဲ့ ကျွန်တော် စွဲလမ်းခဲ့သည့် မှဲ့နက် လေးအောက်က နှုတ်ခမ်းပါးလေးကို ကျွန်တော် တစ်ချက်နမ်းလိုက်သည်။ သူ့ရဲ့ မျက်ရည်တစ်စက်က ကျွန်တော့် နှုတ်ခမ်းမှတစ်ဆင့် ကျွန်တော့် ကိုယ်ထဲ ပူလောင်စွာ စီးဆင်းသွားသည်။

နောက်ဆုံးတော့ ကျွန်တော့် ယုံကြည်ချက်ကို ကျွန်တော် ကိုယ်တိုင် ရိုက်ချိုးခဲ့တော့သည်။

" ကျွန်တော်တို့ လမ်းခွဲကြရအောင် ကလေး...."

*********************************

Continue Reading

You'll Also Like

10.6M 609K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...
3.2M 271K 48
!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အ...
2.8M 259K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...