ယွမ်ကျိုး အပိုင်း(၉၀)
ယင်ယာက နောက်ဆုံးကျန်သော ကြက်ခြေထောက်ကို အပြီးသတ် မစားခင်အထိ ခေါင်းပင်မဖော်ခဲ့ချေ။ သူမက ယွမ်ကျိုးကို ကြည့်လိုက်သည်။
“သူဌေးယွမ်၊ ရှင့်ကို နားလည်မှုလွဲခဲ့မိလို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးတွေက ဖတ်မိသူတိုင်းကို နားလည်မှုလွဲစေတယ်”
“အွန်း” ယွမ်ကျိုးက နားလည်ဟန် ခေါင်းညိတ်ပြသည်။ သို့သော်လည်း သူက စာသားများကို ပြုပြင်မည့် အတွေး မရှိပေ။
“ဒါဆိုရင် နည်းနည်း ပြန်ပြီး ပြုပြင်လို့ မရဘူးလား။ ကျွန်မ အကြံပေးမယ်လေ”
“မလိုအပ်ပါဘူး” ယွမ်ကျိုးက ငြင်းဆန်လိုက်သည်။
ယွမ်ကျိုးက သူ့ဆုံးဖြတ်ချက်ကို ပြင်ဆင်မည့် အတွေး မရှိပေ။
“အချိန်ပြည့်ခါနီးပြီ။ ဟေ့ တခြားသူတွေလည်း နေ့လည်စာစားဖို့ စောင့်နေသေးတယ်။ မစားရသေးတဲ့သူတွေက ညနေခင်းမှ ပြန်လာကြပါ” ယွမ်ကျိုးက အချိန်ကို တစ်ချက်ကြည့်ပြီးနောက် နောက်ဘက်မှာ တန်းစီစောင့်နေသော ဖောက်သည်များကို စကားပြောသည်။
“သူဌေးယွမ်၊ ဘယ်အချိန်ရောက်မှ ဆိုင်ဖွင့်ချိန်ကို တိုးမြှင့်မှာလဲ” တစ်စုံတစ်ယောက် မထွက်သွားခင် မကျေမနပ် ငြီးတွားသည်။
“ဟုတ်တယ်။ အမှန်ပဲ။ ဆိုင်ဖွင့်ချိန်ကို တိုးမြှင့်ပေးပါ” တစ်စုံတစ်ယောက် ထောက်ခံသည်။
“အားနာပါတယ်။ ကျွန်တော်မှာ တခြားလုပ်စရာ အလုပ်ရှိသေးတယ်” ယွမ်ကျိုးက လေးနက်စွာ ပြောသည်။
“သူဌေးယွမ်၊ ခင်ဗျားက လက်ထောက်များများ ခန့်သင့်တယ်။ ဒါမှလည်း ချက်ပြုတ်တာ မြန်ဆန်မှာလေ” တစ်စုံတစ်ယောက်က သူ့အတွေးကို ထုတ်ပြောသည်။
“ငါ့မီးဖိုချောင်ထဲကို တခြားသူ ဝင်တာ မကြိုက်ဘူး” ယွမ်ကျိုးက ပခုံးဆက်ခနဲ တွန့်သည်။
“ဒီလိုဆိုရင်တော့ သူဌေးယွမ်က မိတ်ဆွေတွေကို ဆုံးရှုံးတော့မယ်” လင်းဟုန်က အေးအေးလူလူ အကြံပေးသည်။
“ဟင့်အင်း၊ ငါက ခန့်ညားချောမောပြီး ကောင်းကောင်း ချက်ပြုတ်တတ်တယ်” ယွမ်ကျိုးက သူ့ပုံမှန်ဖြေနေကျအတိုင်း ပြန်ဖြေသွားသည်။
“တကယ်ကို အမြင်ကျယ်ရပါတယ် သူဌေးယွမ်ရယ်။ ခင်ဗျားကို ဘယ်လို တုံ့ပြန်ရမလဲတောင် မသိတော့ဘူး” ရေဘဝဲက ယွမ်ကျိုးကို ကူကယ်ရာမဲ့သော အမူအရာဖြင့် စကားပြောသည်။
ယွမ်ကျိုးကို မဖျောင်းဖျနိုင်၍ တခြားသော ဖောက်သည်များက ရွေးချယ်စရာ မရှိသည့်အဆုံး နေ့လည်စာ စားရန် တခြားစားသောက်ဆိုင်သို့ သွားကြသည်။
အလွယ်တကူ လက်လျှော့သွားသော စားသုံးသူများကို လင်းဟုန်က ခြောက်ကပ်ကပ် ငေးကြည့်လိုက်သည်။
“လက်ဖက်ကြက်ဥ အေးကုန်တော့မယ်” ယွမ်ကျိုးက လေးကန်သော လေသံဖြင့် သတိပေးသည်။
“ဪ ဟုတ်သားပဲ။ အခုအချိန်အထိ လက်ဖက်ကြက်ဥတွေကို မစားရသေးဘူး” လင်းဟုန်က ၁၈၈၈ယွမ်တန် လက်ဖက်ကြက်ဥကို ရုတ်တရက် အမှတ်ရသွားသည်။
သူက ပန်းကန်ပြားသေးသေးလေးကို သူ့ဆီ ဆွဲယူပြီး စတင်စားသည်။ မကျေနပ်ချက်အားလုံးကလည်း ပျောက်ကွယ်သွားခဲ့သည်။
“သူဌေးယွမ်၊ ဒီဟင်းပွဲက အရမ်းဈေးကြီးလွန်းတယ်။ ဒါကြောင့်မို့ အခွံခွာပေးလို့ မရဘူးလား” လင်းဟုန်က နီညိုရောင် လက်ဖက်ကြက်ဥကို ငေးကြည့်ပြီး မကျေမနပ် ပြောဆိုသည်။
“အစားအသောက်စားရင် ကိုယ့်အားကိုယ်ကိုးတာ အကောင်းဆုံးပဲ။ ဒါမှ ပိုအရသာရှိမှာလေ” ယွမ်ကျိုးက အထာကျကျ ကြည့်ကာ ပြန်ပြောသည်။
“ဟုတ်တယ်” လင်းဟုန် အပါအဝင် တခြားသူငယ်ချင်းများက လက်ဖက်ကြက်ဥကို စားသုံးကြသည်။
ကြက်ဥအခွံက ပုံမှန်အတိုင်း အခွံခွာရ လွယ်ကူသည်။ ကြက်ဥအခွံပေါ်မှ သေးငယ်သော အပေါက်လေးက ကြက်ဥတစ်လုံးလုံးကို အခွံခွာနိုင်သည်။
အခွံခွာခြင်း ပြီးဆုံးပြီးနောက် သူငယ်ချင်း လေးယောက်က ခဏကြာ ငေးကြောင်ကြည့်နေသည်။
"ဒါက တောင်နဲ့ ရေတွေရဲ့ပန်းချီကားကို ဆွဲထားသလိုပဲ" ကျီလျန်က သံသယဝင်သော ခံစားချက်ဖြင့် မေးမြန်းလိုက်သည်။
“ကြက်ဥလေးလုံး၏ ပန်းချီကားက တစ်လုံးနဲ့ တစ်လုံး မတူဘူးနော်။ ပုံစံမပျက်တဲ့ ပန်းချီကားပဲ"
ရေဘဝဲက ကြက်ဥလေးကို ဘေးချင်းကပ်ထားကာ မယုံကြည်နိုင်ဟန်ဖြင့် ပြောဆိုသည်။
"ဒါအမှန်ပဲ။ ငါ့ကြက်ဥရဲ့ပန်းချီကားက တိမ်တိုက်အထိ ရောက်လုနီးပါး တောင်ထိပ်နဲ့ တူတယ်။ လင်းဟုန်ရဲ့ကြက်ဥက မြစ်ထဲ လှေစီးနေတဲ့လူနဲ့ တူတယ်။ အံ့ဩဖွယ်ပဲ"
Tankက ဂရုတစိုက်ကြည့်သည်။
"သေချာတာပေါ့။
ကြက်ဥပေါ်မှာ ပန်းချီကား ဆွဲထားသလိုပဲ။ အနံ့အရသာလည်း ပြည့်စုံတယ်" လင်းဟုန်က စကားဆက်မပြောခင် ပင့်သက်ရှိုက်လိုက်သည်။
“အရသာ မြည်းကြည့်မယ်" ကျီလျန်က လက်ဖက်ကြက်ဥကို တူဖြင့် ကောက်ယူလိုက်ပြီး စတင်စားသည်။
“အဲဒီလူက အမြဲဒီလိုပဲ။ ဒီအနုပညာလက်ရာက ဘယ်လိုပဲဖြစ်ဖြစ် မင်းလက်ထဲ ရောက်သွားရင် အခြေအနေ မကောင်းဘူး" လင်းဟုန်က စို့နင့်သော လေသံဖြင့် ပြောဆိုသည်။
"အနုပညာလက်ရာက ဘယ်လိုပဲဖြစ်ဖြစ် စားရမှာက စားရမှာပဲလေ။ ဒီအပြင် အနံ့က အရမ်းကို ဆွဲဆောင်မှု ရှိတယ်" ရေဘဝဲက လက်ဖက်ကြက်ဥ၏ အရသာထဲ နစ်မြောနေသည်။
"ထားလိုက်ပါတော့ ငါတို့လည်း စားကြမယ်" လင်းဟုန်ကို ငေးကြည့်ပြီး Tankက ပြောသည်။
"ကောင်းပြီလေ" လင်းဟုန်လည်း သဘောတူလိုက်သည်။ လူအများစုက အရသာရှိသော လက်ဖက်ကြက်ဥများကို စားသောက်ရန် အစပြုသည်။
လက်ဖက်ကြက်ဥ၏အရသာကို သိချင်လျှင် သူတို့မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သိနိုင်သည်။
လက်ဖက်ကြက်ဥက တကယ်တမ်း အရမ်းမကြီးပေ။ ဂရုတစိုက်ဖြင့် ဖြည်းဖြည်းချင်း ဝါးစားလျှင်ပင် ၅မိနစ် မကြာပေ။
"အရသာ ဘယ်လိုရှိလဲ။ နောက်တစ်မျိုး ထပ်မှာဦးမလား" ယွမ်ကျိုးက ရိုးရှင်းသော လေသံဖြင့် စကားပြောသည်။
"ငါ့ပါးစပ်ထဲက ကြက်ဥကို အရင်ဆုံး ကုန်အောင်စားခွင့် ပေးပါဦး" လင်းဟုန်က ပြောသည်။
"လင်းဟုန်၊ ငါတို့တွေ ညစာအတွက် နောက်ထပ်လက်ဖက်ကြက်ဥ ထပ်မှာမလား"
ရေဘဝဲက အတွေ့အကြုံရှိသော အမူအရာဖြင့် အချိန်ကိုက် မေးမြန်းသည်။
လျစ်လျူရှုသော ခပ်ယဲ့ယဲ့ အပြုံးလေးက ခက်ထန်သော မျက်နှာပေါ် ပေါ်လာသည်။
"မင်း ဝယ်ကျွေးမှာလား" လင်းဟုန်က တိုက်ရိုက်မေးမြန်းသည်။
"လင်းဟုန်၊ မင်းက တကယ်ကို လူချမ်းသာလေ။ ဒါကြောင့်မို့ ငါတို့အပေါ် ရက်ရောတဲ့ အမူအရာ ပြလို့မရဘူးလား။ လက်ဖက်ကြက်ဥလေးပဲလေ။ အရမ်းရက်စက်ဖို့ လိုအပ်လို့လား" လင်းဟုန်က လက်ဖက်ကြက်ဥ မဝယ်ကျွေးခဲ့လျှင် အလွန်အမင်း ဆိုးရွားသော အမှားတစ်ခုကို လုပ်ဆောင်ထားသကဲ့သို့ ရေဘဝဲက မပွင့်တပွင့် ပြောဆိုသည်။
"ဟင့်အင်း၊ ငါ ခုတလော မွဲနေတယ်။ မင်း ဝယ်ကျွေးရမယ်။ မင်း အခုတလော အရောင်းအဝယ် ကောင်းတယ်မလား။ မင်း ငါတို့ကို အစားအသောက် မဝယ်ကျွေးရသေးဘူး။ ဒါကြောင့်မို့ ဒါက အချိန်ကိုက်ပဲ" လင်းဟုန်က ယဉ်ကျေးသော အမူအရာ မပြသဘဲ ပြန်ဖြေသည်။
“Tank နဲ့ ငါ သူဆင်းရဲလေးမလို့ ဒကာခံမယ့်သူကိုပဲ စောင့်နေတာပါ။ မင်းတို့ နှစ်ယောက်ထဲက ဘယ်သူပဲ ကျွေးကျွေး အဆင်ပြေတယ်။ တကယ်တမ်း ရေဘဝဲက ဒီလိုပြောရတဲ့ အကြောင်းပြချက်က ခိုင်လုံတယ်" ကျီလျန်က Tankနှင့် မဟာမိတ်ဖွဲ့လိုက်သည်။
"ဟုတ်တယ်။ မင်းတို့တွေ ဒကာခံပါ" Tankက တစ်စုံတစ်ယောက် ဒကာခံမည့် အချိန်ကို စောင့်နေသည်။
"ဒီနှစ်ကောင်က စိတ်ရှုပ်စရာကောင်းတယ်" ရေဘဝဲက မပျော်မရွှင် ငြီးတွားသည်။
"ရေဘဝဲ ၊ ဒီတစ်ခေါက်က မင်း ဝယ်ကျွေးရမယ့် အလှည့်လေ" လင်းဟုန်က ပျော်ရွှင်ကြည်နူးစွာ ပြောသည်။
"အိုကေ၊ ဒီဆိုင်မှာ ညနေခင်းစာ ဝယ်ကျွေးမယ်" ရေဘဝဲက တည့်တိုးပြောတတ်သော အကျင့်စရိုက် ရှိသည်။ သူက ပျော်စေချင်ရုံသက်သက် စနောက်ခြင်း ဖြစ်သည်။ ပြဿနာ တစ်ရပ် ရှင်းလင်းပြီးနောက် ချက်ချင်း သဘောတူလိုက်သည်။
"အိုကေ၊ ကောင်းပြီလေ။ သွားကြမယ်" လင်းဟုန်က တံခါးအပြင်ဘက်သို့ ဦးဆောင်ထွက်သွားသည်။
တခြားတစ်ဖက်တွင်မူ ရှောင်ချန်း နှင့် ယင်ယာက စားလို့ မပြီးသေးချေ။
"ကျေးဇူးတင်ပါတယ်။ သွားမယ် ရှောင်ချန်း" ယင်ယာက ယွမ်ကျိုးကို ပထမဆုံး ကျေးဇူးတင်လိုက်ပြီး ရှောင်ချန်းဘက်လှည့်ကာ စကားပြောသည်။
“အွန်း။ ကျွန်မတို့သွားတော့မယ် သူဌေးယွမ်" ရှောင်ချန်းက ယင်ယာနောက် မလိုက်ခင် ယွမ်ကျိုးကိုနှုတ်ဆက်စကားပြောသည်။
ယခုတော့ မုရှောင်ယွမ်သာ စားသောက်ဆိုင်ထဲမှာ ရှိနေခဲ့သည်။ ယွမ်ကျိုးက စားပွဲခုံပေါ်မှ စားပြီးသား ပန်းကန်ပြား နှင့် ပန်းကန်လုံးများကို ကြည့်ပြီးနောက် စကားပြောသည်။
“ရှောင်ယွမ် ၊ မင်း အခု ပြန်နိုင်ပြီ။ညနေခင်းမှာ နောက်မကျစေနဲ့"
"ပန်းကန်လုံး နဲ့ ပန်ကန်ပြားတွေကို မရှင်းလင်းရသေးဘူးလေ"
မုရှောင်ယွမ်က တုံ့ဆိုင်းတုံ့ဆိုင်း ပြန်ဖြေသည်။
“မလိုအပ်ပါဘူး။ မင်း အခုပဲ သွားနိုင်ပြီ” ယွမ်ကျိုးက အသုံးပြုထားသော ပန်းကန် ခွက်ယောက်များကို မီးဖိုချောင်ထဲ ပြန်သယ်သွားသည်။
မုရှောင်ယွမ် ထွက်သွားသောအခါ ယွမ်ကျိုးက အခန်းတံခါးကို ပိတ်လိုက်ပြီး မစ်ရှင် အခြေအနေကို စစ်ဆေးလိုက်သည်။
[ယာယီမစ်ရှင်] နှစ်ရက်အတွင်းမှာ လက်ဖက်ကြက်ဥ ၁၀ပွဲကို မူလဈေးနှုန်းဖြင့် ရောင်းချပေးပါ]
(လက်ဖက်ကြက်ဥ ၁၀ပွဲကို မူလဈေးနှုန်းအတိုင်း ရောင်းချနိုင်မှာသာ တကယ် အရည်အချင်းရှိသူ ဖြစ်နိုင်မယ်)
[ဆုလာဘ်] အလှဆင်ပုံဖော်ခြင်း ကျွမ်းကျင်မှု အလယ်အလတ်အပိုင်း
[မစ်ရှင် အခြေအနေ] ၄ / ၁၀
“လက်ဖက်ကြက်ဥကို ပရိုမိုရှင်းဆင်းဖို့ ပိုကြိုးစားရတော့မယ်” ယွမ်ကျိုးက မစ်ရှင်အခြေအနေကို ကြည့်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်သည်။
ထို့ကြောင့်လည်း ဆိုင်မှာလာစားသော ဖောက်သည်များက ယွမ်ကျိုးကို ယနေ့ စကားများလွန်းသည်ဟု ခံစားမိသည်။ ယွမ်ကျိုး အမေးများဆုံး မေးခွန်းက လက်ဖက်ကြက်ဥစားချင်လား ဖြစ်သည်။ ဖောက်သည်များက ငြင်းဆန်လိုက်သောအခါ သူက ဘာဆိုဘာမှ မပြောတော့ပေ။ သူ့မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိဘဲ လေးနက် တည်ကြည်နေသည်။
သူတို့က မုရှောင်ယွမ်ကို မျက်စပစ်ပြီး အခြေအနေကို စုံစမ်းသည်။ သို့သော်လည်း မုရှောင်ယွမ် ကိုယ်တိုင်က အကြောင်းအရင်းကို မသိခဲ့ချေ။
စားသုံးသူ ဖောက်သည်များ တန်းစီစောင့်ဆိုင်းနေစဉ် ကောင်မလေး တစ်ယောက်က စားသောက်ဆိုင်ထဲ အလောတကြီး ပြေးဝင်လာသည်။
“သူဌေး၊ ရှင်က ရွှေရောင်ကြက်ဥထမင်းကြော် ရောင်းတယ်လို့ သတင်းကြားလို့ပါ” သူမကို တအံ့တဩ ပုံစံဖြင့် ဝိုင်းကြည့်နေခြင်းကို လျစ်လျူရှုပြီး ယွမ်ကျိုးကို တိုက်ရိုက်မေးမြန်းလိုက်သည်။
“ဟုတ်တယ်” ခဏတွေးကြံပြီးနောက် ယွမ်ကျိုးက သူ့နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော်ကို ရွှေရောင်ထမင်းကြော်ဟု ခေါ်သင့်သည်ဟု စဉ်းစားကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ကောင်မလေးက မျက်စိမှိတ်တုတ်မှိတ်တုတ်ဖြင့် စိတ်လှုပ်ရှားစွာ စကားပြောသည်။
“သူဌေးကို ဟင်းချက်ပညာသင်ပေးတဲ့ ဆရာရဲ့မျိုးရိုးနာမည်က လျိုလား”
“အားနာပါတယ်၊ ငါ့မှာ ဆရာမရှိဘူး။ ကောင်မလေး မင်းလည်း တန်းစီပေးပါ” ယွမ်ကျိုးက လေးနက်သောအမူအရာဖြင့် ပြန်ဖြေသည်။
“အားလုံးပဲ မစိုးရိမ်ပါနဲ့။ ငါက ဝယ်မစားပါဘူး။ ငါက မေးခွန်းတချို့ မေးချင်လို့ပါ။ ခဏနေရင် ပြီးမှာပါ” ကောင်မလေးက ချစ်စဖွယ်ကောင်းသော အပြုအမူဖြင့် ပြန်ဖြေသည်။
အပိုင်း(၉၀)
ပြီးပါပြီ။