Chapter ● 74 ●
"နင် ......"
ပျန်းရှင်းယွီ၏မျက်ဝန်းများ လွန်စွာပြူးကျယ်ဝိုင်းစက်လာပြီး မျက်ရည်တွေလည်း အိုင်ဖွဲ့လာကာ -
"ဘယ်လိုလုပ် ...... ဒီလိုဖြစ်ရတာလဲ ......"
ချိုးယိ စကားမဆိုဘဲ နံရံကိုမှီရင်းသာ သူ့ကို ကြည့်နေသည်။
ပျန်းရှင်းယွီက သူ့အား မျက်လုံးအပြူးသားဖြင့် အတော်ကြာအောင် ကြည့်နေပြီး နောက်ဆုံးတော့ ဆိုင်ထဲကို လှည့်ပြီး ပြေးဝင်သွားသည်။
ချိုးယိ သူ့နောက်ကျောကို ကြည့်၍ သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်၏။ တစ်ကိုယ်လုံး ပျော့ခွေပြီး အားနည်းသွားသလိုပင်။
တကယ်ကို ပြောထုတ်လိုက်ပြီ။
ဒီလိုနဲ့ တကယ်ကို ပြောထုတ်လိုက်ခဲ့ပြီ။
ပြီးတော့ ပြောလိုက်တာက ပျန်းရှင်းယွီကို ဖြစ်နေသေးတယ်။
ချိုးယိ၏အတွေးထဲတွင် ကမောက်ကမဖြင့် ရှုပ်ထွေးနေကာ သူသည်လည်း ပျန်းရှင်းယွီထက် များစွာ တည်ငြိမ်အေးဆေးနေခြင်း လုံးဝမရှိပါ။
မိနစ်အနည်းငယ်ခန့် ကြောင်ငေးနေမိပြီးနောက် သူ ရုတ်ခြည်း အသိပြန်လည်လာကာ ဖုန်းကိုယူထုတ်လာသည်။ ဖုန်း၏မျက်နှာပြင်ပေါ်တွင် ပွတ်ဆွဲနေသည့်အချိန်၌ သူ့လက်ချောင်းတွေတောင် အနည်းငယ် တုန်ယင်နေတော့သည်။
သူ ပျန်းနမ်၏နံပါတ်ကို ခေါ်ဆိုလိုက်ကာ ထိုဘက်တွင် အတော်ကြာအောင် ဖုန်းဝင်နေပြီးတော့မှ ပျန်းနမ်က ဖုန်းကိုင်လိုက်သည်။
"အေး။ ငါ ခုနတုန်းက ဘောလုံးရိုက်နေရင်းတန်းလန်းမို့လို။ ဘာလဲ ငါ့ကို လွမ်းနေပြီလား"
"ပျန်းနမ်"
ချိုးယိက ဖုန်းကို ဆုပ်ကိုင်ထားလျက် အသံက အနည်းငယ် အက်ကွဲရှတနေကာ စကားကို အားယူ ပြောနေရပြီး -
"ငါ ...... တောင်းပန်ပါတယ်။ ငါ တစ်ခုခုလုပ်လိုက်မိပြီ။ နည်းနည်း စိတ်လိုက်မာန်ပါဖြစ်သွားတယ်"
ဟုတ်သည်။ စိတ်လိုက်မာန်ပါဖြစ်သွားသည်။ ပျန်းနမ်ကို ဘယ်လိုအခြေအနေမျိုးထဲ တွန်းပို့လိုက်မိသလို ဖြစ်သွားမလဲဆိုတာ တဒင်္ဂအတွင်း မတွေးလိုက်ချေ။
"ဘာဖြစ်လို့လဲ။ မင်း ပျန်းရှင်းယွီကို ရိုက်လိုက်တာလား"
ပျန်းနမ်က ရယ်၍ မေးသည်။
"အဲဒါထက် ဆိုးတယ်"
ချိုးယိက အသက်တစ်ချက် ရှူသွင်းလိုက်ပြီးနောက် တဖြည်းဖြည်း ရှူထုတ်လာကာ -
"ငါ ယောက်ျားလေး သဘောကျတဲ့အကြောင်း သူ့ကို ပြောပြလိုက်မိပြီ။ ငါ့မှာကောင်လေးရှိတယ်လို့ ပြောပြလိုက်ပြီ ......"
ချိုးယိက ပျန်းနမ်အား ဖြစ်ပျက်ခဲ့သည့်ကိစ္စအကြောင်း အကျဥ်းချုပ် ရှင်းပြလိုက်ပြီးနောက် တစ်ဖက်ရှိပျန်းနမ်မှာ ရုတ်တရက် အသံတိတ်သွားသည်။ ချိုးယိ ခဏစောင့်လိုက်ပြီး တစ်ခုခု ထပ်ပြောဖို့အလုပ်မှာပဲ ပျန်းနမ် ရယ်လိုက်ပြီး -
"တကယ် မထင်ထားခဲ့ဘူး။ မင်း ဒီလိုနဲ့ တကယ်ကြီး ပြောထုတ်ဖြစ်လိမ့်မယ်ဆိုတာ။ ချိုးသာ့ပေါင် မင်း စောက်ရမ်းမိုက်တယ်။ လာ တစ်ချက်နမ်းရအောင်"
ပျန်းနမ် ဖုန်းထဲကို တစ်ချက်နမ်းလာသည်။ ချိုးယိတစ်ယောက် ရှုပ်ထွေးနေဆဲဖြစ်ရာ သူလည်း ပျန်းနမ်အား ဖုန်းထဲကနေ တစ်ချက်ပြန်နမ်းလိုက်ရုံသာ တတ်နိုင်တော့သည်။
"မင်း ဘာတွေ စိတ်ပူနေတာတုန်း။ မင်းရည်းစားက ငါဆိုတာကို ပျန်းရှင်းယွီ မှန်းမိသွားမှာစိုးလို့လား"
ပျန်းနမ် သူ့ကို မေးသည်။
"မှန်းရတာ လွယ်တယ်မဟုတ်ဘူးလား။ ငါတို့နှစ်ယောက် ဆက်ဆံရေးသိပ်မဆိုးဘူးဆိုတာ သူသိတယ်လေ"
ချိုးယိက မျက်မှောင်ကြုတ်လျက် ပြောသည်။ ဒီကိစ္စကို နောက်ပိုင်းကျရင် ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို တွေးနေပြီး ခေါင်းကလည်း တစီစီမြည်ပြီး အုံနေသေးသည်။
"မင်းနဲ့ရှန်းထောင်းကြားက ဆက်ဆံရေးကမှ ကောင်းတာလေ။ ပြီးတော့ သိသွားလဲ ဘာဖြစ်တုန်း သိပါစေပေါ့"
ပျန်းနမ် စဥ်းစားလိုက်ပြီး လုံးဝ အမှုမထားဟန်ဖြင့် -
"အဲဒါကြောင့်နဲ့များ ငါ့ကို စားပစ်လိုက်မှာမို့လို့လား"
"အခုတော့ သိလို့မဖြစ်ဘူး။ ဒီအချိန်အပိုင်းအခြားမှာ မင်းအိမ်ကို ပေးသိလို့မဖြစ်ဘူး။ မင်းက အခုမှ အလုပ်သင် စဆင်းခါစပဲ ရှိသေးတယ်။ မကြာခင် နှစ်သစ်လဲ ကူးတော့မှာ။ ဒီကိစ္စ ဖြစ်လာရင် ဂယက်က တအားကြီးမှာ။ မင်းဘက်မှာ တစ်ခုခုဖြစ်မှာကို ငါစိုးရိမ်လို့"
"ငါ့ကိုစိတ်ပူတယ်ပေါ့"
ပျန်းနမ် ရယ်၍ မေးသည်။
"အဲဒါ အဓိပ္ပာယ်မရှိတဲ့စကားမဟုတ်လား"
ချိုးယိ သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ -
"ငါပြောလိုက်တုန်းက ဘာမှမစဥ်းစားဘဲ ခေါင်းက ထူထူပူပူနဲ့ ပြောလိုက်တာ။ သူက မင်းညီမလေးဆိုတာတောင် ငါ မတွေးဖြစ်လိုက်ဘူး ......"
"ချိုးယိ"
ပျန်းနမ် မရယ်နေတော့ဘဲ လေးနက်သောလေသံ ပြောင်းလိုက်ပြီး -
"ငါအခု ဘယ်လိုခံစားချက်မျိုးဖြစ်နေလဲဆိုတာ မင်းသိလား"
"ဘယ်လိုခံစားချက်လဲ"
ချိုးယိ မေးသည်။
"လခွမ်း။ ပြောလိုက်ပြီ။ စောက်ရမ်းမိုက်တယ်။ လန်းချက်ပဲ"
ပျန်းနမ်၏အသံက ကျယ်လောင်လာပြီး အော်ပြောလိုက်ပြီးနောက် အသံတိုးသွားပြန်ကာ -
"ငါ ရင်ထဲအရမ်းထိသွားတာ။ တကယ်ပြောတာ"
"မင်းက ငတုံးကိုး"
ချိုးယိတစ်ယောက် အနည်းငယ် မချင့်မရဲဖြစ်စွာ ရယ်လိုက်ရပြီး -
"ပျန်းနမ် ငါပြောတာ နားထောင်"
"အင်း"
ပျန်းနမ် အသံပြုလိုက်သည်။
"ဒီတလောအတွင်းတော့ တတ်နိုင်သလောက် မင်းအိမ်က မသိစေနဲ့အုံး။ အလုပ်သင်ဆင်းတာက အခုမှ စခါစ။ နှစ်သစ်ကူးရင် ကိစ္စတွေလဲ များတယ်။ အားလုံး နေရာကျပြီး တည်ငြိမ်ကုန်တော့မှ ဒီကိစ္စကို ဖြေရှင်းဖို့ အချိန်ရော အင်အားရော လုံလုံလောက်လောက်ရှိမှာ။ နားလည်ရဲ့လား"
ချိုးယိ ပြောသည်။
"နားလည်တယ်"
ပျန်းနမ် ပြန်ဖြေလိုက်ပြီး -
"အကယ်၍ ငါပြောတာ အကယ်၍နော်၊ အကယ်၍ သိသွားတယ်ဆိုရင်ရော"
ချိုးယိ ခဏလောက် တိတ်ဆိတ်သွားပြီးမှ -
"ငါ့ကို ချက်ချင်း ပြောပြ"
"ပြီးတော့ရော"
ပျန်းနမ် ထပ်မေးသည်။
"ငါ မင်းအဖေနဲ့ စကားသွားပြောမယ်"
ချိုးယိ ပြောသည်။
"ငါလူး။ ဒါဆို ငါကရော"
ပျန်းနမ် မကျေမနပ်ဖြစ်စွာ ကျွတ်ခနဲ စုတ်သပ်သည်။
"ဒါမှမဟုတ်လဲ မင်းက ဘေးနားမှာနေပြီး ကြည့်နေပေါ့"
ပြောပြီး ချိုးယိ ရယ်သည်။
"အဲဒီလိုကမှ ငတုံးဖြစ်တာလေ။ မလုပ်ဘူး"
ပျန်းနမ် ရေတစ်ငုံသောက်လိုက်ပြီး ကျွတ်ခနဲတစ်ချက် စုတ်သပ်လိုက်ပြန်သည်။
"ဒါဆို အတူတူပေါ့"
ချိုးယိ ပြောသည်။
"အဲဒီလိုဆိုရင်တော့ ရသေးတယ်။ အစကတည်းက ဒီလိုဖြစ်ရမှာ။ ချိုးသာ့ပေါင် ငါမင်းကို တစ်ခုမေးအုံးမယ်"
ပျန်းနမ် တဟီးဟီးနှင့် ရယ်လိုက်ပြီးနောက် -
"မင်း နောင်တရလောက်လား။ ဒီလိုမျိုး ရုတ်ခနဲ ပြောထုတ်လိုက်မိလို့လေ"
"မရဘူး။ ပြောင်းလဲလို့မရတဲ့ကိစ္စတစ်ခုက နောင်တရစရာ ဘာမှ မရှိဘူး။ ငါ စိတ်လိုက်မာန်ပါ ပြောထုတ်လိုက်တယ်ဆိုရင်တောင် ငါ့စိတ်ထဲမှာ အဲဒီလိုတွေးထားလို့သာ အဲဒီလို စိတ်လိုက်မာန်ပါလုပ်လိုက်တာ"
ချိုးယိ ရယ်လိုက်ပြီး -
"ငါအခုတော့ ဒီကိစ္စကို ကောင်းကောင်းဖြေရှင်းချင်တဲ့စိတ်ပဲရှိတယ်"
ဖုန်းချလိုက်ပြီးနောက် ချိုးယိသည် နောက်ဖေးတွင် ဆေးလိပ် နောက်တစ်လိပ်ထပ်သောက်ပြီး စိတ်ကို ငြိမ်အောင် လုပ်လိုက်သည်။
ရင်ထဲ အနည်းငယ် ဖရိုဖရဲဖြစ်ရသည်ဆိုသည့်တိုင် စိတ်လှုပ်ရှားနေပြီး စိတ်သက်သာရာလည်း ရပါသည်။ ထို့ပြင် အနည်းငယ်လည်း ရတက်မအေးဖြစ်နေသည်။ တစ်ကိုယ်လုံးတွင် ရှိသမျှ သွေးများ ဦးနှောက်ထဲသို့ စုပြုံ စီးဝင်သွားသည့်အလားပင်။ ခြေလက်တွေတောင် အနည်းငယ်အေးစက်ကုန်သည်။
ပျန်းနမ်သာ အနားမှာရှိလျှင် ကောင်းမည်။ အစဥ်အမြဲ ပူနွေးနွေးဖြစ်နေသည့် ခန္ဓာကိုယ်ပေါ်တွင် ပွတ်တိုက်တိုးကပ်လိုက်လျှင် နွေးထွေးသွားပြီ။
ဆိုင်ထဲ ပြန်ဝင်လာတော့ ပျန်းရှင်းယွီကို မတွေ့ရချေ။ သူ နားနေခန်းထဲတွင် တစ်ပတ် ပတ်လိုက်သော်လည်း အရိပ်ကိုတောင် မတွေ့ရချေ။
ချိုးယိသည် တခြားရွေးစရာမရှိတော့ဘဲ ဆိုင်ထဲရှိ ခဏနား၍ရသောနေရာများအားလုံးကို ပတ်ကြည့်လိုက်ရုံသာ တတ်နိုင်တော့သည်။ မိမိ၏မစ်ရှင်ကို လူသိသွား၍ ထိုလူကို တစ်ကမ္ဘာလုံးအနှံ့ လိုက်ရှာပြီး သတ်ဖြတ်နေရသော လူသတ်သမားတစ်ယောက်ကဲ့သို့ သူ ခံစားလိုက်ရသည်။
နောက်ဆုံး သန့်စင်ခန်းသွားခါနီးလေးတွင် အမျိုးသမီးသန့်စင်ခန်းထဲကနေ ထွက်လာသော ပျန်းရှင်းယွီနှင့် ထိပ်တိုက် ဆုံလေတော့သည်။
ပျန်းရှင်းယွီ၏မျက်ဝန်းများက နီရဲနေကာ ကြည့်လိုက်သည်နှင့် ငိုထားမှန်း သိသာလှသည်။ မျက်နှာထက်တွင်လည်း မျက်နှာသစ်ထားသဖြင့် သုတ်၍မစင်လိုက်သော ရေစက်လေးတွေ တွဲခိုနေတာကိုတောင် မြင်နေရသေးသည်။
အစကတော့ ချိုးယိက သူ့အခြေအနေကို ကြည့်ချင်ရုံသာ ဆိုသော်ငြား ယခုလို ရုတ်တရက် ထိပ်တိုက်ဆုံလာတော့ သူ စကားပြောသင့်လား မပြောသင့်လားဆိုတာတောင် မသိတော့ချေ။
ပျန်းရှင်းယွီလည်း စကားမဆိုချေ။ သူ့ကို မျက်ဝန်းတွေ ပင့်ကြည့်လိုက်ကာ ဆံပင်တွေကို နောက်ဘက်ကို သပ်သိမ်းရင်း ပြုံးပြလာပြီးနောက် ထွက်သွားသည်။
ချိုးယိ သူ့ကို လှည့်ကြည့်လိုက်သည်။ သူ့ကို မေးခွန်းထပ်မမေးလာသော၊ ငိုယိုဂျီကျခြင်းမရှိသော ပျန်းရှင်းယွီ၏မျက်ဝန်းထဲက ရှုပ်ထွေးသည့်အရိပ်အရောင်ခံစားချက်တို့ကြောင့် ချိုးယိတစ်ယောက် ရတက်မအေး ဖြစ်လာရသည်။
ပျန်းရှင်းယွီတစ်ယောက် အံ့ဩဖို့ကောင်းစွာပင် တိတ်ဆိတ်နေကာ တစ်ညနေခင်းလုံး အလုပ်ကို ကြိုးပမ်းလုပ်နေသည်။
ယနေ့က စနေတနင်္ဂနွေပိတ်ရက်ဖြစ်သောကြောင့် ညနေပိုင်းတွင် ဧည့်သည် အလွန်များသည်။ သီးသန့်ခန်းများလည်း အားလုံးလူပြည့်နေကာ ပျန်းရှင်းယွီက ဟိုပြေးဒီပြေးလုပ်နေရသည်။ သူ့ကို မြင်လျှင် မပြုံးပြလာတာကလွဲလျှင် အခြားသော ထူးခြားမှု မူမမှန်မှု မရှိပေ။
ဧည့်သည်များသော ညပိုင်းများတွင် သူတို့အလုပ်ဆင်းသည့်အချိန် နောက်ကျတတ်သည်။ အထူးသဖြင့် သီးသန့်ခန်းက စားပွဲထိုးဝန်ထမ်းများဖြစ်သည်။
အကုန် သိမ်းဆည်းကုန်ပြီး၍ စားသောက်ဆိုင်ထဲမှ ထွက်လာသည့်အချိန်မှာ ည ၁၂ နာရီထိုးခါနီးနေပြီဖြစ်၏။ ချိုးယိ တံခါးမကြီးကနေ ထွက်လာပြီး ညဘတ်စ်ကားစီးပြန်ဖို့ ပြင်သည်။ ဒီရက်ပိုင်းတွင် သူ စက်ဘီး မစီးလာဖြစ်ချေ။ ခါတိုင်း စက်ဘီးရပ်နေကျနေရာတွင် မြေအောက်ပိုက်လိုင်းပြင်ဆင်နေသဖြင့် စက်ဘီးရပ်စရာနေရာ မရှိပေ။
တံခါးမကြီးမှ ထွက်လာသည်နှင့်တပြိုင်နက် လမ်းစည်းကမ်းနှင့်မညီညွတ်စွာ တရားမဝင် ပါကင်ထိုးရပ်နေသော ကားတစ်စီးကို တွေ့ရသည်။ စက်တောင် မသတ်ထားချေ။
ထို့နောက် ပျန်းရှင်းယွီက သူ့နောက်ကနေ ဖြတ်ပြေးသွားပြီး ကား၏ရှေ့တံခါးကို ဖွင့်ကာ ဝင်ထိုင်လိုက်သည်။
ကားမောင်းသည့်လူက ပျန်းဟောက်ဖြစ်တာကို ချိုးယိ တွေ့လိုက်ရသည်။
ပျန်းနမ် ရုံးဆင်းပြီး၍ အိမ်ပြန်ရောက်ချိန်တွင် သူ့ကို ဖုန်းဆက်လာခဲ့သည်။ အိမ်တွင် ဘာမှ ထူးထူးခြားခြား မရှိချေ။ ပျန်းရှင်းယွီက ဒီအကြောင်း အိမ်ကို ပြောပြထားဟန်မတူ။
သို့သော်ငြား မျက်နှာပေါ်က အမူအရာခံစားချက်များကို မကွယ်ဝှက်နိုင်သော ရွှေမင်းသမီးလေးသာ တစ်လောကလုံး သူ့ညီမလေးသာ ချစ်စရာအကောင်းဆုံး အထက်မြက်ဆုံးလို့ အထင်ရောက်နေသည့် ညီမလေးထိပ်ထားစံနှင့်ဆုံလျှင်တော့ သေချာပြောလို့မရတော့ပေ။
ပျန်းရှင်းယွီ သူ့ကို ဘယ်လိုမြင်လဲဆိုတာ ချိုးယိ အမှုမထားပါ။ ပျန်းနမ်တို့တစ်မိသားစုလုံး၏ သူ့အပေါ်အမြင်သဘောထားကိုလည်း သူ အရေးမထားပါ။ သူ စိတ်ပူသည့် တစ်ခုတည်းသောအရာမှာ ပျန်းနမ်နှင့်သူ တွဲနေတာကို ဒီလူတွေ သိသွားမှာကို ဖြစ်သည်။
ပျန်းနမ်ကတော့ လုံးဝကို အရေးမစိုက်ချေ။ သူ၏အထူးစွမ်းရည်ကတော့ တစ်ခုခုမဖြစ်သေးသ၍ လုံးဝ မတွေးပူခြင်းပင်။
ချိုးယိ ရယ်လိုက်သည်။ မသိလျှင် မိမိက အဘွားကြီးအိုလေးတစ်ယောက်နှယ် ......
အိမ်ပြန်ရောက်တော့ ချိုးယိ ဆေးကြောသန့်စင်ပြီးနောက် ခုတင်ပေါ်တွင် လှဲလိုက်သည်။
ချိုးယန့်ကတော့ အိပ်ပျော်သွားခဲ့ပြီ။ လူက စောင်ထဲတွင် မြုပ်နေလျက် ခေါင်းအုံးပေါ် မှောက်အိပ်၍ ခလူးခလောအသံလေးမြည်အောင် ဟောက်နေသည်။ သူ ချိုးယန့်ကို ပက်လက်လှန်ပေးလိုက်ပြီး သူ့မျက်နှာလေးကို သပ်လိုက်ရင်း -
"ဒီနေ့တော့ တကယ်ကြီးကို အိပ်ပျော်နေပါလား။ ကြုံတောင့်ကြုံခဲ"
အနားတွင် လူရှိနေတာကို ချိုးယန့်က ခံစားမိသွားတော့ လက်ဆန့်ထုတ်လာကာ ချိုးယိကို လှမ်းဖက်လာပြီး အိပ်မှုံစုံမွှားဖြင့် ဗလုံးဗထွေး ရေရွတ်လာသည်။
"ကိုကို ......"
"အိပ် အိပ်"
ချိုးယိ သူ့ကို ပုတ်ပြီး ချော့သိပ်သည်။
ချိုးယန့်တစ်ယောက် အလွန်လျင်မြန်စွာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြန်သည်။
အချိန်ကို ကြည့်လိုက်တော့ သန်းခေါင်ကျော်နေပြီ။ ချိုးယိ ဖုန်းကို လှမ်းယူပြီး ပျန်းနမ်၏နံပါတ်ကို ဆက်လိုက်သည်။
"ချိုးသာ့ပေါင်"
ဖုန်းတစ်ဖက်တွင် ပျန်းနမ်၏အသံက အိပ်ချင်မူးတူး နှာသံ ပါနေ၏။
"အိပ်နေပြီလား"
ချိုးယိ မေးသည်။
"အင်း"
ပျန်းနမ် ရယ်လိုက်ရင်း -
"မင်း အခုမှ အိမ်ပြန်ရောက်တာလား"
"ရောက်တာ တစ်အောင့်လောက်ရှိနေပြီ။ အိပ်ရာမှာတောင် လှဲနေပြီ"
ချိုးယိက စောင်ကို ဆွဲခြုံလိုက်ပြီး -
"ပျန်းရှင်းယွီ အိမ်ရောက်ပြီလား"
"ရောက်ပြီ။ သူ့အစ်ကို သူ့ကို သွားကြိုခဲ့တာ။ သူ ဘာမှ မပြောဘူး။ ရောက်တာနဲ့ အခန်းထဲ တန်းဝင်သွားတာ"
ပျန်းနမ် အသံတိုးတိုးလေးဖြင့် -
"ငါ့ကို စဥ်းစားမိလောက်မယ်မထင်ဘူး။ မင်း စိတ်မပူနဲ့"
"ငါက အကျင့်ပါနေလို့ စိတ်ပူနေတာ"
ချိုးယိ ရယ်လိုက်ကာ -
"မနက်ဖြန်ညနေကို မင်းတခြားကိစ္စတွေ လျှော့ချိန်းထား။ ငါ ကျန်ဖေးမှာ မင်းကို လာခေါ်မယ်။ ငါတို့ ညပိုင်းကို အပြင်ထွက်လည်ကြမယ်"
"စုံတွဲညစာ စားဖို့လား"
ပျန်းနမ်က ဒီအကြောင်း ပြောသည်နှင့် စိတ်တက်ကြွလာပြီး အိပ်ချင်နေသည့်အသံလည်း ပျောက်သွားသည်။
"အင်း စားမယ်။ ပြီးရင် ရုပ်ရှင်လဲ သွားကြည့်လို့ရတယ်"
ချိုးယိ ပြောသည်။
"ရုပ်ရှင်ကြည့်တဲ့အချိန်မှာ တစ်ခုခုလုပ်ကြမှာလား"
ပျန်းနမ် အသံကို နှိမ့်ပြီးမေးသည်။
ချိုးယိ သဘောကျသွားကာ -
"ဘာတွေတွေးနေတာလဲ။ ရုပ်ရှင်ရုံထဲက စီစီတီဗွီတွေက အနီအောက်ရောင်ခြည်နဲ့ဆိုတာ မင်း မသိဘူးလား။ အမှောင်ထဲမှာလဲ မြင်ရတယ်"
"ဟုတ်လား။ ငါ တကယ်ကြီးကို မသိဘူး"
ပျန်းနမ် စဥ်းစာလိုက်ပြီးနောက် ရယ်လိုက်ပြန်ကာ -
"ကိစ္စမရှိဘူး။ ငါတို့ အိပ်ငိုက်စရာကောင်းတဲ့ရုပ်ရှင် ရှာကြည့်မယ်လေ။ အတည် ရုပ်ရှင်ကြည့်ဖို့ လာတဲ့သူ အများကြီးရှိမယ်မထင်ဘူး။ စီစီတီဗွီကင်မရာစောင့်တွေလဲ လိပ်ပတ်လည်အောင် လိုက်စောင့်ကြည့်နိုင်မှာမဟုတ်ဘူး။ ငါတို့ အဲဒီကြားထဲမှာ အတူတူလိုက်ပြီး ကခုန်စီးမြောကြတာပေါ့"
"ဟုတ်ပြီ"
ချိုးယိ ရယ်၍ ပြောသည်။
ချစ်သူများနေ့တွင် စားသောက်ဆိုင်၌ ပုံမှန်နေ့တွေထက် လူပိုများသည်။ နေ့လယ်ပိုင်း လာစားကြသော ဧည့်သည်ပမာဏမှာ ညနေပိုင်း ညစာစားချိန် ဧည့်ကျတာနှင့်တောင် သိပ်မကွာတော့ပေ။ စုံတွဲလေးများမှာ အတွဲတိုင်းနီးနီးက set menu သာ မှာယူကြသည်။
သူနှင့် ပျန်းနမ်သည်လည်း ယခုကဲ့သို့ပင် ညစာအတွက် စားသောက်ဆိုင်တစ်ဆိုင်ကို သွားပြီး စုံတွဲ set menu မှာစားကြမှာကို တွေးမိသည်နှင့် ချိုးယိ စိတ်ထဲတွင် ထိရှသွားရပါသည်။
နေ့ခင်းပိုင်းတွင် သီးသန့်ခန်း လူသိပ်မများသောကြောင့် ပျန်းရှင်းယွီက ထုံးစံအတိုင်း အောက်ထပ်တွင် လာကူပေးသည်။
ချိုးယိ သူ့ကို တစ်ချက်ကြည့်လိုက်တော့ မျက်လုံးများ အနည်းငယ်မို့အစ်နေပြီး လူလည်း တက်တက်ကြွကြွမရှိချေ။ သူနှင့်ဆုံလျှင် ယခင်အတိုင်း ဘာစကားမှ မဆိုချေ။
ချိုးယိသည် လူတစ်ယောက်ကို တစ်ဖက်သတ်သဘောကျနှစ်သက်ခဲ့ဖူးခြင်း မရှိချေ။ တစ်ဖက်သက်သဘောကျခြင်း ရှုံးနိမ့်ခဲ့တာဆိုလျှင် ပြောဖို့တောင် မလိုတော့ချေ။ ပျန်းရှင်းယွီ၏ ယခုလိုပုံစံအခြေအနေကို ကြည့်ပြီး စိတ်ထဲတွင် ဖော်ပြရခက်သော ခံစားချက်ဖြစ်မိသည်။ ဒီကောင်မလေး တကယ်ကြီးကို အတော်လေး အနေရခက်ပြီး သက်သောင့်သက်သာမရှိနေတာဖြစ်နိုင်တယ်လို့သာ တွေးမိတော့သည်။
နေ့လယ်ပိုင်း အလုပ်ရှုပ်ခြင်း ပြီးဆုံးသွားပြီးနောက် ချိုးယိသည် ဝန်ထမ်းခေါင်းဆောင်ကို ပြောပြီး ဆိုင်ထဲကနေ ထွက်ခွာလာခဲ့သည်။
ဘတ်စ်ကား တိုးစီးသည့်အချိန်တွင် ကျောပေါ် လွှဲတင်ထားသော အိတ်ကို သူ လက်ထဲ ကိုင်ဆွဲလိုက်သည်။ ဝက်ရုပ်ကလေးနှစ်ရုပ်ဟာ သံဘူးထဲတွင် ထုပ်ပိုးထားပြီး အဖိခံရ၍ ပုံပျက်သွားမှာကို မစိုးရသော်လည်း သူ အနည်းငယ် စိတ်မချဖြစ်နေဆဲပင်။
မွေးနေ့လက်ဆောင်တုန်းက တစ်ခါ ပျက်စီးခဲ့ဖူးပြီဖြစ်သဖြင့် ချစ်သူများနေ့လက်ဆောင်အလှည့်မှာတော့ မတော်တဆ ထပ်ဖြစ်လို့ မဖြစ်ပါ။
လမ်းတစ်လျှောက်လုံးတွင် နှင်းဆီပန်းစည်းတွေကို ရင်ခွင်တွင် ပွေ့လျက် ပြုံးရွှင်ပျော်မြူးနေကြသော ကောင်မလေးတွေကို တွေ့ရသည်။ သူ မနေနိုင်ဘဲ ခဏလောက် စိတ်ကူးယဥ်ကြည့်မိသည်။ အကယ်၍ ရှန်းထောင်းပေးသော အကြံအတိုင်း ...... နှင်းဆီပန်းတစ်စည်း ပွေ့ထားသော ပျန်းနမ်က ဘယ်လိုပုံစံ ဖြစ်နေမလဲ ......
အများသူငှာရဲ့အမြင်မှာတော့ ချစ်သူကောင်မလေးကို လက်ဆောင်ပေးဖို့ သွားနေသော ဖြတ်သွားဖြတ်လာတစ်ယောက်အဖြစ်သာ ထင်မှတ်လောက်မည်။
ကျန်ဖေးဂိတ်ပေါက်ဝသို့ရောက်သောအခါ တံခါးအပြင်ဘက် ပန်းခင်းဘောင်အစွန်းတွင် ဆောင့်ကြောင့်ထိုင်နေသော ပျန်းနမ်ကို ချိုးယိက မထင်မှတ်ထားစွာ တွေ့လိုက်ရသည်။ သူ လျှောက်လာတာကို မြင်တော့ ဘောင်ပေါ်ကနေ ခုန်ချလာ၍ သူ့ရှေ့ ပြေးလာကာ အသံ အတော်ကျယ်စွာ အော်ပြောလေသည်။
"ဟိုင်း အချစ်ကလေး"
"...... ဟိုင်း"
ချိုးယိ သဘောကျသွားကာ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး -
"အ ...... ချစ်ကလေး။ မင်းက ဘယ်လိုဖြစ်လို့ ဒီအပြင်ကို ရောက်နေတာလဲ"
"လော်ယိယန်ကို ရှောင်တာလေ။ ညနေခင်း ငါ အလုပ်မရှိဘူးဆိုတော့ ဘောလုံးကစားဖို့ သူ ငါ့ကို ချောဆွဲပြန်အုံးမှာ"
ပျန်းနမ် အင်္ကျီကို ဆွဲပြင်လိုက်ရင်း -
"သွားမယ်လေ။ ငါတို့ တစ်နေရာရာ အရင်ရှာပြီး နေပူဆာလှုံရင်း တစ်ခုခု အရင်သောက်ကြမယ်။ ပြီးရင် ထမင်းစားမယ်။ အဲဒါပြီးတော့ ရုပ်ရှင်ကြည့်မယ်။ ဟုတ်တယ်နော်"
"ရတယ်"
ချိုးယိသည် အငှားကားတစ်စီး ဖြတ်လာတာကို တွေ့တော့ လက်ဆန့်တားလိုက်ပြီး -
"လော်ယိယန်က ချစ်သူများနေ့မှာတောင် ကွင်းမှာ တင်းနစ်လာရိုက်တယ်ပေါ့။ ကောင်မလေး မရှိဘူးလား"
"တစ်နယ်စီ ဝေးနေကြတာလေ"
ပျန်းနမ် သွားပေါ်အောင် ရယ်လိုက်ပြီး -
"ငါကြားတာတော့ သူ့နှုတ်ခမ်းမွေးလေးကို သူ ရိတ်လိုက်လို့ဆိုပြီး သူ့ရည်းစားက တော်တော့်ကို စိတ်မချမ်းမသာ ဖြစ်နေတယ်တဲ့။ သူ့နှုတ်ခမ်းမွေးလေးကိုပဲ စွဲလမ်းနေတာဆိုပြီး"
"ဒီအကြိုက်က တမူထူးခြားလိုက်တာ"
ချိုးယိ ကားပေါ်တက်ပြီး သွားမည့်နေရာကို ပြောပြလိုက်သည်။
ဒါက ရေကန်နဘေးတွင် တည်ဆောက်ထားသော ကော်ဖီဆိုင်ဖြစ်၏။ ပတ်ဝန်းကျင် အလွန်ကောင်းပြီး ဈေးနှုန်းလည်း အင်မတန်မြင့်သည်။ ပျန်းနမ် ကြားတာနဲ့ လန့်သွားရတော့၏။ ယခုတော့ သူဟာ ယွမ် ၂၀၀၀ တောင် မပြည့်သော လစာလေးသာ ရှိသည့်အပြင် ယခုလအတွက် အလုပ်သင်လစာလည်း အပြည့်မပေးသေးချေ။ ထို့ကြောင့် ငွေသုံးစွဲခြင်းအပေါ် ယခင်ကထက် များစွာ အကဲဆတ်သွားသည်။
"နို့မှုန့်နဲ့ဖျော်ထားတဲ့ နွားနို့တစ်ခွက်ကိုတောင် ယွမ်သုံးဆယ်ကျော်တောင် ယူတာလား"
ပျန်းနမ် သူ့ဘေး တိုးလာ၍ နားနားတွင် အသံတိုးတိုးဖြင့် တွတ်ထိုးနေကာ -
"လမ်းမကြီးတွေဘေးကမစ်တီးဆိုင် သွားတာကမှ ဟုတ်အုံးမယ် ......"
"မင်း ပျန်းနမ်ရော ဟုတ်ရဲ့လား"
ချိုးယိ ရယ်လိုက်ပြီး သူ့ကို တစ်အောင့်လောက် စိုက်ကြည့်နေပြီးမှ -
"သခင်လေးကတောင် ဒီလိုစကားပြောလာပြီဆိုတော့ တအားကို အံ့ဖွယ်သရဲဖြစ်နေပြီ"
"ငါက မင်းရဲ့ချစ်လှစွာသော အချစ်ကလေး ပျန်းနမ်ပဲ"
ပျန်းနမ် သူ့နားနားတွင် အသံတိုးတိုးဖြင့် တီးတိုးပြောနေပြီး -
"ဒါပေမဲ့ အခုက ဘဝသမားဆန်ဆန် နေထိုင်ဖြတ်သန်းကြည့်ဖို့ လေ့ကျင့်ယူနေတာမဟုတ်လား။ စိတ်ထဲမှာ ဒီလ ဘာမှလဲမလုပ်ဘဲ ပိုက်ဆံ မရှိတော့သလိုပဲ ......"
"အဲဒါကြောင့် ဒီနေ့ ဘာမှမလုပ်ဘူးဆိုရင်လဲ ပိုက်ဆံ ပိုထွက်လာမှမဟုတ်တာ"
ချိုးယိ သူ့ပေါင်ကို ပုတ်ပေးလိုက်ပြီး -
"ငါပြောတာပဲ နားထောင်လိုက်"
"ဒါဆို မင်းစကား နားထောင်မယ်"
ပျန်းနမ် ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ဆိုစေ ဒီလောက်နှစ်ပေါင်းများစွာအတွင်း ချိုးယိတစ်ယောက် တစ်မိသားစုလုံးကို ကျွေးမွေးစီစဥ်လာတာ ဘယ်သူမှာလည်း မငတ်ခဲ့ချေ။ ထို့ပြင် ချိုးယန့်လေးကို ဒီလောက် လူချစ်လူခင်ပေါအောင် ပျိုးထောင်ခဲ့သေးသည်။
ကော်ဖီဆိုင်ထဲတွင် အလွန် လူများနေသည်။ သစ်သားတံတားအသေးစားလေးပေါ်ကနေ ဖြတ်၍ ဝင်လာသည့်အချိန်တွင် ခန်းမကြီးထဲရှိ ကြိုးပုခက်ဖြင့်လုပ်ထားသော ထိုင်ခုံဝိုင်းများအားလုံး လူပြည့်နေခဲ့ပြီ။
"အုပ်စုလိုက် ချစ်ခြင်းတွေပါလား။ ဆေးဘက်ဆိုင်ရာကျောင်းကိုတောင် မီတော့မယ် ......"
ပျန်းနမ် အထဲဝင်လာသည်နှင့် တန့်သွားခဲ့ရသည်။ ဆိုင်ခန်းထဲတွင် စုံတွဲလေးတွေသာ ရှိရာ ယောက်ျားသားနှစ်ယောက် ဝင်လာသည်ကို မြင်သည်နှင့် မနည်းလှသော လူများက သူတို့နှစ်ယောက်ဆီကို အကြည့်ရောက်လာကြသည်။
"ငါတို့ အပြင်ဘက်မှာ သွားထိုင်မယ်"
ချိုးယိက ရေကန်ကို မျက်နှာမူနေသော မှန်အပြည့်ကာပြတင်းပေါက်ဘက်ကို လက်ညှိုးညွှန်ပြလိုက်၍ -
"ငါ အရင် လေ့လာခဲ့ပြီးပြီ"
"မင်း မဟုတ်ဘူးမလား"
ပျန်းနမ် အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်တော့ အပြင်ဘက်တွင် ကော်ရစ်တာတစ်ခုဆိုသော်ငြား ထိုင်နေသည့်လူလည်း မနည်းပါ။ သို့သော် အပြင်ဘက်လဟာပြင်ဖြစ်နေ၍ ရာသီဥတုကလည်း အေးစိမ့်နေရာ -
"မင်း အအေးမိတာတောင် ပြန်မကောင်းသေးဘူးလေ"
"မအေးဘူး။ ငါပြောပြီးပြီလေ စနည်းနာထားပြီးသားပါဆို။ လာ"
ချိုးယိ ရယ်လိုက်ပြီး ဘေးဘက်တံခါးပေါက်ကနေ ကော်ရစ်တာဘက်ကို လျှောက်သွားသည်။
ပျန်းနမ် နောက်ကနေ လိုက်သွားရုံသာ တတ်နိုင်သည်။
"လူကြီးမင်း ဘယ်နှယောက်ပါလဲ"
စားပွဲထိုးတစ်ယောက် နောက်က လိုက်လာပြီး -
"ဘယ်မှာ ထိုင်ချင်ပါသလဲ"
"နှစ်ယောက်ပါပဲ"
ချိုးယိက ကော်ရစ်တာ၏ အဆုံးအစွန်ကို ညွှန်ပြလိုက်ကာ -
"ကျွန်တော်တို့ ဟိုမှာ ထိုင်မယ်"
"ကောင်းပါပြီ။ စောင်သွားယူပေးမယ်နော်"
"လခွမ်း။ စောင် ဟုတ်လား"
ပျန်းနမ် သဘောခွေ့သွားသည်။
ကော်ရစ်တာအဆုံးကို ရောက်သွား၍ ကြည့်လိုက်တော့ လက်ရန်းနှင့်ကပ်လျက်ရှိနေသည့် တာတာမီထိုင်စင်တစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။ ကောရစ်ဒါ၏မှန်အမိုးကနေ နေရောင်ခြည်က ဖြာကျနေပြီး ဤထိုင်စင်တစ်ခုလုံးအပြည့်ကို နေရောင်ဖြင့် လွှမ်းကာထားသည်။
[T/N: တာတာမီထိုင်စင်က အောက်မှာ ပုံထည့်ထားပေးတယ်နော်။]
တာတာမီစင်ပေါ်တွင် ထူထဲသောထိုင်ခင်း ခင်းထား၍ စားပွဲပုတစ်လုံး ထားထားသည်။ စားပွဲ၏တစ်ဖက်တစ်ချက်တွင် အမှီပါသော beanbag ဆိုဖာရှည်နှစ်လုံးကို တစ်ဖက်စီတွင် ထားထားသေးကာ ကြည့်လိုက်လျှင် အိပ်ရာနှစ်ခုနှင့်တောင် တူနေတော့သည်။
"ဟ တော်တော် နွေးထွေးပါလား"
ပျန်းနမ် ကိုင်ကြည့်လိုက်တော့ လက်ထဲတွင် နွေးနွေးထွေးထွေးလေထုကို ခံစားလိုက်ရပြီး စားပွဲ၏အောက်ဘက်ကို တစ်ချက် ငုံ့ကြည့်လိုက်ရာ အောက်တွင် အနွေးပေးစက်တစ်လုံး ရှိနေတာကို တွေ့လိုက်ရသည်။
"ဒါနဲ့ ဟေ့ရောင် ဒီဆိုင်မှာ ဒီလိုနေရာရှိတာ မင်း ဘယ်လိုသိတာတုန်း"
"ဆောင်းတွင်းမှာ အခန်းတွင်းမဟုတ်ဘဲ အပြင်ဘက်မှာ ဒိတ်ချင်ရင် ဘယ်တွေသွားသင့်လဲဆိုတာ အင်တာနက်မှာ တစ်ချက် ရှာကြည့်လိုက်တာ၊ တစ်ယောက်ယောက်က ဒီမှာလို့ ပြောလို့"
ချိုးယိ ရယ်လိုက်ကာ -
"သူများ အရင်ဦးထားမှာတောင် ငါစိတ်ပူနေသေးတာ။ ဒီနေ့ လေတအားပြင်းပြီး ထိုင်လို့မရမှာလဲ စိုးရိမ်လိုက်ရသေးဆယ်။ ဒါပေမဲ့ တကယ့်တကယ်တော့ တော်တော်လေး ကောင်းသားပဲ"
စားပွဲထိုးက အလွန်လျင်မြန်စွာပင် စောင်နှစ်ထည် ယူလာခဲ့ပေးပြီး ပျန်းနမ်နှင့်ချိုးယိတို့သည် ဖိနပ်ချွတ်ပြီး ထိုင်စင်ပေါ် တက်လာခဲ့သည်။ ထိုင်ခင်းပေါ် မှီထိုင်လိုက်ပြီး စောင်ကိုပါ ထပ်ခြုံလိုက်ကာ အနားတွင် တစ်ချက်တစ်ချက် တိုးဝင်လာသော အနွေးဓာတ်တို့ဖြင့် တကယ်ကိုပဲ ...... မအေးတော့ချေ။
"ငါလူး။ နေလို့ကောင်းလို့ သေတော့မယ်"
ပျန်းနမ် ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ပြီးနောက် ဘေးစောင်းကြည့်လာကာ -
"ဒီကိုလာ သခင်လေး တစ်ချက် နမ်းရအောင်"
"နောက်ကို အရင်လှည့်ကြည့်လိုက်အုံး"
ချိုးယိက မီနူးစာအုပ်ကို ယူပြီး ဖြည်းဖြည်းချင်း လှန်ကြည့်နေသည်။
"ဘာလဲကွာ ......"
ပျန်းနမ် နောက်ကို တစ်ချက်လှည့်ကြည့်လိုက်တော့ -
"ငါလူး။ စောက်ကျိုးနည်း .. ချိုးယိ မင်း တမင်လုပ်တာမဟုတ်လား။ ဒီလိုပုံနဲ့ ဘယ်လိုလုပ် ဟိုကိုင်ဒီပွတ် လုပ်လို့ရအုံးမှာလဲ"
သူတို့နောက်ကျောတွင် ကြမ်းပြင်ကနေမျက်နှာကျက်အထိ မှန်အပြည့်နံရံဖြစ်ကာ အထဲတွင် ထိုင်နေသည့်သူများ ပြတင်းအပြင်ဘက်ကိုသာ ကြည့်လာပါက သူတို့နှစ်ယောက်ကို တန်းမြင်နိုင်သည်။ မျက်နှာပြင်ကျယ် တီဗွီလိုပင်။
ချိုးယိ မီနူးကို ငုံ့ကြည့်နေရင်း အတောမသတ်နိုင်အောင် ရယ်နေကာ -
"မင်းဆိုတဲ့လူက ဘာလို့ ဒီလိုဖြစ်နေရတာလဲ။ လူရမ်းကား ကလေကချေလုပ်လို့မရတာနဲ့ လူကို မာန်မဲနေရသလား"
"ဒီလိုဆိုမှတော့ လှုပ်တောင် မလှုပ်ရဲတော့ဘူး"
ပျန်းနမ် ဆန္ဒပြနေသည်။
"မင်း ဟိုဘက်ကို ကြည့်လိုက်"
ချိုးယိက သူတို့နှင့် မီတာအနည်းအကွာရှိ ရေကန်ကို မျက်နှာမူလျက် ထိုင်နေသော စုံတွဲလေးတစ်တွဲကို ညွှန်ပြလိုက်ရင်း -
"မင်း သူတို့ကို ကြည့်မှာလား"
"သူတို့ကို ဘာလို့ ကြည့်ရမှာလဲ"
ပျန်းနမ် တစ်ချက်ဝေ့ကြည့်လိုက်သည်။
"ဒါဆို သူများတွေလဲ အားအားယားယား ဘာလုပ်ဖို့ ငါတို့ကို ကြည့်မှာလဲ"
ချိုးယိ ခေါင်းလောင်းနှိပ်ကာ စားပွဲထိုးကို ခေါ်လိုက်ပြီး -
"ချစ်သူရည်းစားနဲ့ ချိန်းတွေ့ပြီး ချစ်ကြည်နူးနေတဲ့အချိန်မှာ ဘယ်သူက အားယားပြီး သူများတကာကို လိုက်ကြည့်နေမှာတုန်း"
"ဒါလဲ ဟုတ်သား"
ပျန်းနမ် စဥ်းစားလိုက်ပြီးနောက် ချိုးယိကို ငဲ့ကြည့်လိုက်ကာ -
"ငါ မင်းကို ထိုင်ကြည့်တာတောင် ကြည့်မဝနေဘူး"
ချိုးယိသည် အပေါ်ယံတွင် မြင်နေရသလောက် ဒီနေရာတွင် ထိုင်နေရတာကို စိတ်ပေါ့ပါးနေခြင်း လုံးဝ မရှိပါ။ သူက ပျန်းနမ်ထက်တောင် တစ်ပါးသူ၏မျက်လုံးတွေ အမြင်တွေကို ပို၍ ဂရုစိုက်သည်။ အကယ်၍ ယခင်ကသာဆိုလျှင် သာ၍တောင် ဆိုးရွားသေးသည်။ ဒီနေရာတွင် ထိုင်နေသည့် မိမိကိုယ်ကိုယ် လုံးဝ စိတ်ကူးမယဥ်ရဲချေ။
သို့သော် ယခုတော့ မတူတော့ပါ။ တခြားအရာတွေကို အသာထားအုံး၊ ဒီနေ့က ယခုက ချစ်သူများနေ့ဖြစ်သည်။ စကားစမိတာနဲ့ ပျန်းနမ်အား စိတ်လှုပ်ရှားတက်ကြွစေသော ချစ်သူများနေ့ဖြစ်သည်။ နောက်နောင် ပြန်လှည့်ကြည့်လိုက်လျှင် ယနေ့ကို ခိုးကြောင်ခိုးဝှက်ဖြစ်ရသော အမှတ်တရမျိုး သူတို့နှစ်ယောက်အတွက် မကျန်စေခဲ့ချင်ပါ။
ပျန်းနမ်ကို ပြောလိုက်သည့်စကားက သူကိုယ်တိုင်လည်း ထပ်တူ နားထောင်ရအောင် ဖြစ်သည်။
ပျန်းနမ်က သရေစာမုန့်တစ်ပွဲနှင့် သစ်သီးတစ်ပွဲ မှာလိုက်ပြီး ကိုကိုးအပူတစ်ခွက်လည်း ထပ်မှာသည်။
"ငါက ဒီလိုမျိုး ပျစ်ပျစ်နှစ်နှစ်နဲ့ မွှေးလဲမွှေး ချိုလဲချိုတဲ့အရသာမျိုးကို ကြိုက်တယ်"
"ငါက ....."
ချိုးယိ စဥ်းစားလိုက်ပြီးနောက် -
"ဒီဟာ။ အစေ့အဆံဖျော်ရည်"
ပျန်းနမ်က အစေ့အဆံဖျော်ရည်အပေါ် အလိုမကျမှု ပြသလာသည်။ ဒီဥစ္စာကို မြင်လိုက်တိုင်း အမြဲပင် သူ စိတ်မဝင်စားဟန်ဖြင့် -
"ဆန်ဖျော်အနှစ်က ဘယ်မှာ စားကောင်းလို့လဲ။ ငါ့အဖေ ပြောပြဖူးတယ်၊ ငါ့အမေရင်းနဲ့နေရတုန်းက ငါ့အမေက ငါ့ကို အမြဲ ဒါပဲ ကျွေးတယ်တဲ့"
[T/N: ချိုးယိ မှာလိုက်တဲ့ဟာက Multi-grain rice milk ပါ။ ပျန်းနမ်ပြောတဲ့ဟာကကျတော့ ကလေးတွေစားတဲ့ ဆန်နဲ့လုပ်ထားတဲ့ ကလေးစားတဲ့ cereal ပါ။]
"အရသာကို မှတ်မိလား"
ချိုးယိက ရယ်၍ မေးသည်။
"...... မမှတ်မိတော့ဘူး"
ပျန်းနမ်လည်း ရယ်လိုက်ကာ -
"တကယ်တော့ ငါ့ကို အိမ်ကို ပြန်ခေါ်မလာခင်တုန်းကအကြောင်းတွေကို ငါ သိပ်တောင် မမှတ်မိတော့ဘူး။ ငါ့အမေနဲ့ပတ်သက်ပြီး မှတ်မိတာတောင် ငါ မူကြိုတက်တဲ့အချိန်လောက် ဖြစ်နေပြီ"
"နောက်ပိုင်းကိစ္စတွေကို မှတ်မိနိုင်ရင်ပဲ ရပါပြီ"
ကိုကိုးအပူနှင့် အစေ့အဆံဖျော်ရည်တို့ကို တချိန်တည်းအတူတူ လာချပေးသည်။ ပျန်းနမ်က အစေ့အဆံဖျော်ရည်၏ အရသာကို စမ်းသပ်ကြည့်ဖို့ရာအတွက် တစ်ငုံ ယူသောက်လိုက်ပြီးနောက် တန့်သွားခဲ့ကာ သူသည် ကိုကိုးဖျော်ရည်ကို ချိုးယိရှေ့ တွန်းပေးလိုက်၍ -
"ငါတို့ လဲသောက်ကြမယ်လေ"
"...... အဲဒါဆိုလဲ ငါ့ကို အရင်တော့ ပေးမြည်းပါအုံး"
ချိုးယိ ကူကယ်ရာမဲ့သွားသည်။
"မင်း မစားဖူးဘူးလား။ အဲဒါတောင် ဒါကို မှာသေးတယ်ပေါ့"
ပျန်းနမ်သည် အစေ့အဆံဖျော်ရည်ကို သူ့ရှေ့သို တွန်းပေးရုံသာ တတ်နိုင်ကာ -
"မင်းကို တစ်လုတ်ပေးမြည်းမယ်"
"မစားဖူးဘူး။ စားကောင်းမယ်ထင်လို့ မှာလိုက်တာ"
ချိုးယိ တစ်လုပ် မြည်းလိုက်ပြီး ပျန်းနမ်ကို ကြည့်ကာ -
"ဒါမှမဟုတ် ဒါ နောက်တစ်ခွက် ထပ်မှာလိုက်မယ်လေ"
နှစ်ယောက်သား အတော်ကြာအောင် အူမြူးရယ်မောနေလိုက်ပြီး နောက်ဆုံးတွင် စားပွဲထိုးအား နောက်တစ်ခွက် ထပ်မှာလိုက်သည်။
ချိုးယိက စားနေရင်းနဲ့ အစေ့အဆံဖျော်ရည်ကို အတော်ကြာအောင် စနည်းနာနေသည်။ ဒီစားစရာက ဆန် ဆီရီယယ်ထဲ နွားနို့နှင့်အတူ ကြေအောင်ချေထားသော သစ်ကြားသီး၊ မြေပဲ အစရှိသည်တို့ကိုပါ ထည့်ထားသည်။ လုပ်ရတာ မခက်လောက်ပေ။
"ငါ အိမ်ပြန်ရောက်ရင် လုပ်စမ်းကြည့်မယ်လေ။ လုပ်လို့ရလားလို့ ကြည့်ကြည့်တာပေါ့"
ချိုးယိ ပြောသည်။
"ရည်းစားက စားဖိုမှူးဖြစ်နေတော့ ကောင်းနေရောပဲ"
ပျန်းနမ် ရယ်၍ လက်ဖျောက်တစ်ချက် တီးလိုက်သည်။
နေရောင်ခြည်က အချိန်ကာလယန္တရားကို ဖြည်းနှေးသွားစေနိုင်သည်ဟု ပျန်းနမ် အစဥ် တွေးမိသည်။ ဂိမာန်ဆောင်းတွင်းထဲ လေတိုက်မပြင်းသည့်နေ့ရက်များတွင် စောင်ကို ခြုံလျက် ရေကန်နဘေး မှီထိုင်ရင်း စကားပြောရသည့်ခံစားချက်လေးမှာ လူကို အလွန်ဇိမ်ရှိစေပြီး စိတ်ပေါ့ပါးစေသည်။
နေရောင်အောက်တွင် ပိတ်ဖုံးနေသော မွေးညင်းပေါက်တို့ တဖြည်းဖြည်းချင်း ပွင့်လာပြီး နွေးထွေးစွာ ရှူရှိုက်နေသည်။
ဘာကိုမှ မစဥ်းစား မတွေးတော၍ ရသည်။ ဘာကိုမှ ဂရုမစိုက်၊ အလေးမထားလည်း ရသည်။ ဘေးနားတွင်ရှိနေသည့်လူနှင့် တစ်ခါတစ်ခါမှာသာ ရောက်တတ်ရာရာ ပြောဖြစ်သည်။
"မင်း ငါ့ကို အမြဲတမ်း ဒီလိုမျိုး အဘိုးကြီးတွေလို နေ့စဥ်ဘဝ ဖြတ်သန်းဖို့ ခေါ်လာနေလိုက်။ ပထမဆုံး ရေကန်ဘေးမှာ လက်ဖက်ရည်ကြမ်းသောက်တယ်။ ပြီးတော့ အနွေးမီးဖိုအပေါ်တည့်တည့်မှာ လှဲပြီး အစေ့အဆံဖျော်ရည်သောက်တယ် ......"
ပျန်းနမ်သည် မျက်လုံးတွေကို မှေးကျဥ်း၍ သူရိန်နေမင်းကို ကြည့်လိုက်ရင်း -
"မင်းက တကယ်ကိုပဲ ......"
"ဒါဆို မင်း လော်ယိယန်နဲ့ တင်းနစ်သွားရိုက်လေ။ လူငယ်လေး"
ချိုးယိ ရယ်၍ ပြောသည်။
"သဝန်တိုနေပြီ မင်း"
ပျန်းနမ် သဘောကျစွာ ရယ်လိုက်သည်။
"တကယ်ကြီး နည်းနည်းမြန်မြန်လေး အဘိုးကြီးဖြစ်ချင်တယ်"
ချိုးယိက ခါးညောင်းဆန့်ရင်း ဆိုသည်။
"ဘာလို့လဲ"
ပျန်းနမ် သူ့ကို လှည့်ကြည့်လိုက်၏။
"အဘိုးကြီးနှစ်ယောက်ဖြစ်ပြီး နေပူဆာလှုံတဲ့အချိန်ရောက်သွားပြီဆိုရင် အဲဒီအဓိပ္ပါယ်က မဖြတ်ကျော်နိုင်ဘူးလို့ ထင်ခဲ့တဲ့ ရှိသမျှ အဟန့်အတားတွေ ခလုတ်ကန်သင်းတွေအားလုံးကို ဖြတ်ကျော်လာခဲ့ပြီးပြီလို့ ဆိုလိုတာပဲ"
ချိုးယိလည်း လှည့်ကြည့်လာသည်။
"မင်း ကြောက်လား။ တကယ်လို့ အိမ်ကလူတွေ သိသွားတဲ့အချိန်ရောက်ရင်"
ပျန်းနမ် မေးသည်။
"ကြောက်တယ်"
ချိုးယိက အသံတိုးတိုးဖြင့် ဆက်၍ -
"သိပ်ကြောက်တယ် ...... ဒါပေမဲ့ ကြိတ်မှိတ်ပြီး အံကြိတ်လိုက်ရင် ဖြတ်ကျော်နိုင်မယ်လို့ ထင်တယ်"
"ငါလဲ အဲဒီလို ထင်တယ်"
ပျန်းနမ် အသံထွက်အောင် ရယ်လိုက်သည်။
နှစ်ယောက်သား တောင်စွယ်နေကွယ်ချိန်အထိ လှဲနေကြပြီး လေစတိုက်လာ၍ လေထုလည်း အေးလာတော့မှသာ ထကြကာ ငွေရှင်းလိုက်ကြသည်။ ထို့နောက် တဖြည်းဖြည်းနဲ့ လမ်းမပေါ် လျှောက်ထွက်သွားကြ၏။
ညစာကို ဘယ်ဆိုင်မှာစားမလဲဆိုတာ နှစ်ယောက်စလုံး ဘာအစီအစဥ်မှ မရှိကြချေ။ အတော်ကြာအောင် ရောက်တတ်ရာရာ လှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံးမှ အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင် တွေ့လိုက်သည်။ မှိန်ဖျော့ဖျော့မီးရောင်နှင့်အတူ အေးဆေးဖြည်းနှေးသော ဂီတသံတို့ဖြင့် ကခုန်လှုပ်ရှားနေသော ဖယောင်းတိုင်မီးလေးပါ ထွန်းထားသေးရာ ပျန်းနမ်၏စကားအတိုင်း ပြောရမည်ဆိုလျှင် "လူရမ်းကား ကလေကချေလုပ်ဖို့ သိပ်သင့်တော်လွန်းလို့ မဝင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် အားနာရတယ်" ဆိုသည့်အထိပင်။
သို့နှင့် နှစ်ယောက်သား ထိုဆိုင်ကို ဝင်လိုက်ကြပြီး နှစ်ယောက်စာ ဖယောင်းတိုင်မီးရောင် ညစာကို မှာလိုက်ကြသည်။
သို့သော်ငြား လူရမ်းကားလည်း အောင်အောင်မြင်မြင် မလုပ်ဖြစ်လိုက်ပါ။ ယနေ့တွင် တစ်လောကလုံးရှိ စုံတွဲများ အပြင်ထွက်လည်ပတ်ကြရာ မသိလျှင် ချစ်ခြင်းမေတ္တာကြည်နူးမှုပြိုင်ပွဲလုပ်နေသည့်အလားပင်။ ဖယောင်းတိုင်မီးရောင်ညစာသည်လည်း ရလဒ်က နဂါးငွေ့တန်းလိုပင်။ ပတ်ပတ်လည် လေးဖက်လေးတန်စလုံး လူတွေချည်းသာ။
ညစာစားပြီး၍ ထွက်လာသည့်အချိန်တွင်တော့ မထင်မှတ်မိစွာ အနည်းငယ် အံ့အားသင့်ခဲ့ရသည်။ သူတို့နှစ်ယောက်ထိုင်သော ဝိုင်း၏နောက်ကဝိုင်းသည်လည်း ယောက်ျားလေးနှစ်ယောက်ပင်။ ထို့ပြင် ဖယောင်းတိုင်မီးရောင်တွေကြား တစ်ယောက်ကိုတစ်ယောက် ကြည့်နေသည့် မျက်ဝန်းတွေအရ ကြည့်လိုက်သည်နှင့် နှစ်တစ်နှစ်၏ စိတ်ဓာတ်ကျစရာအကောင်းဆုံးနေ့ရက်ကို အပြင်ထွက်ပြီး အချိန်လာဖြုန်းသော အထီးကျန် တစ်ကိုယ်ရည်တစ်ကာယ ဘော်ဒါရောင်းရင်းများမဟုတ်တာ သိသာလွန်းလှသည်။
ထိုရှာဖွေတွေ့ရှိမှုကြောင့် ပျန်းနမ်တစ်ယောက် စိတ်ကြည်ပြီး မြူးထူးသွားရကာ တစ်လမ်းလုံး ဝမ်းသာလာတော့သည်။
ချိုးယိက အစတုန်းက ဘာမှထွေထွေထူးထူး မခံစားရသော်ငြား ဘေးနားရှိ ပျန်းနမ်က အူမြူးနေတော့ သူလည်း အူကြောင်ကြောင်နဲ့ လိုက်ရယ်မိတော့သည်။
ရုပ်ရှင်ရုံကိုရောက်တော့ ပို၍ အကျိုးထူးလာသည်။ အနားယူဧရိယာရှိ ဆိုဖာကို တစ်ချက်ကြည့်လိုက်တော့ စုံတွဲ သုံးတွဲ ထိုင်နေတာကို တွေ့ရသည်။
နှစ်ယောက်စလုံး အနည်းငယ်တောင် ကြောင်တောင်တောင် ဖြစ်သွားရသည်။
ပျန်းနမ်က ယခင်ကတော့ ဒါတွေကို ဘယ်တုန်းကမှ တခုတ်တရ သတိထားမိတတ်သူမဟုတ်ပါ။ အပြင်ထွက်လျှင် အများဆုံးရှိမှ ကောင်မလေးချောချောလေးတွေကို ဝေ့ဝဲအကဲခတ်ကြည့်ရုံသာ။
သို့သော် ချိုးယိကတော့ လုံးဝကို အာရုံမစိုက်ရဲချေ။ ရင်တွင်းထဲကနေ မျက်ဝန်းအထိ မြင်နေလည်း သူ မမြင်ချင်ယောင်ဆောင်ထားသည်။
ယခု ချစ်သူများနေ့တွင် သူတို့နှစ်ယောက်မှာ မြို့တက်လာသည့် ရွာသားနှစ်ယောက်အတိုင်းပင်။
နောက်ဆုံး ရုံထဲဝင်လိုက်တော့ မီးတွေတောင် မမှိတ်ရသေးခင် ပျန်းနမ်သည် နှစ်ယောက်ထိုင် အတွဲခုံတွင် မှီထိုင်လိုက်ပြီး -
"အနီအောက်ရောင်ခြည်က ဘာဟုတ်သေးလို့လဲ။ စီစီတီဗွီရှိလဲ ဂရုမစိုက်တော့ဘူး။ လာခဲ့စမ်း သခင်လေး တစ်လုတ်လောက် ကိုက်ရအောင်"
ချိုးယိ သူ့ဘေး ဝင်ထိုင်လိုက်ပြီး ခေါင်းလှည့်လာကာ သူ့နှုတ်ခမ်းပေါ်တွင် တစ်ချက်နမ်းလိုက်၏။ ပျန်းနမ်က သူ့နောက်စေ့ကို ဖိပြီး ဆက်နမ်းဖို့လုပ်သည့်အချိန်တွင် ချိုးယိက ရယ်၍ -
"နေအုံး"
"ဒီလို မလုပ်ရဘူးလေ။ ရည်းစားထားနေတာ ရည်းစားထားတာနဲ့တူအောင် အလုပ်အပေါ် စိတ်မြှုပ်ပါအုံး။ ဟုတ်ပလား"
ပျန်းနမ် လှုပ်ရှားမှု ရပ်လိုက်ရင်း ဆိုသည်။
"မင်းကိုပေးဖို့ လက်ဆောင် ရှိတယ်"
ချိုးယိ အိတ်ကို ဖွင့်ကာ အထဲကနေ သံဘူးလေးတစ်ဘူး ယူထုတ်လာပြီး ပျန်းနမ် လက်ထဲ ထည့်ပေးလိုက်ရင်း -
"မင်း ကြိုက်လားမကြိုက်လားတော့ မသိဘူး"
"ငါ့လခွမ်း"
ပျန်းနမ် တန့်သွားကာ -
"လက်ဆောင်လဲ ရှိသေးတာလား"
"ကြည့်ကြည့်"
ချိုးယိ ပြောသည်။
ပျန်းနမ် သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သံဘူးလေးကို ဖွင့်လိုက်ရာ ဘူးထဲတွင် အချင်းချင်းဖက်နေကြသော ဝက်ရုပ်လေးနှစ်ရုပ်ကို တွေ့လိုက်ရတော့ ပထမဆုံး ကြက်သေသေသွားသည်။ ထို့နောက်မှာတော့ ဘူးကို ကိုင်ထားရင် အတောမသတ်နိုင်အောင် ရယ်လိုက်ပြီး -
"မင်းဘိုးအေလား ချိုးသာ့ပေါင်။ စောက်ကျိုးနည်း မင်း လက်ဆောင်လေးပေးတာတောင် လူကို ဖဲ့သေးတာလား"
"ငါက မည်းတာကိုပဲ ကြိုက်လို့"
ချိုးယိလည်း ရယ်လိုက်သည်။
"အသားအရောင်နှစ်ရောင်ကို ကြားအရောင်ဖြစ်အောင် လုပ်ချင်တာလား"
ပျန်းနမ် ကျစ်ခနဲ စုတ်သပ်လိုက်ကာ -
"အရုပ်လုပ်ရင်း မြင်းကျားဖြစ်လာမှာကို မင်းမို့လို့ မကြောက်မရွံ့"
နှစ်ယောက်သား အသံကို ဖိနှိမ့်၍ အတော်ကြာအောင် ပေါကြောင်ကြောင်ရယ်နေကြပြီးနောက် ရုပ်ရှင်ရုံထဲတွင် မီးများအားလုံးကို မှိတ်လိုက်တော့သည်။
ထိုတော့မှ ပျန်းနမ် အရယ်ရပ်လိုက်ပြီး တစ်အောင့်လောက် တိတ်ဆိတ်သွားပြီးမှ -
"ဘယ်လိုလုပ်မလဲ၊ ငါ့မှာ မင်းအတွက် လက်ဆောင် မပါဘူး"
"ကိစ္စမရှိဘူး"
ချိုးယိက သူ့နဘေးကို ကပ်လိုက်ပြီး -
"ငါ အခု လိုချင်တာ တောင်းလို့ရလား"
"ရတယ်"
ပျန်းနမ်လည်း စဥ်းတောင်မစဥ်းစားဘဲ ခေါင်းညိတ်လိုက်ကာ -
"ဘာလိုချင်လဲ"
"ငါ့ကို ရည်းစားစာတစ်စောင် ရေးပေး"
ချိုးယိက လေသံတိုးတိုးဖြင့် -
"စာရွက်နဲ့ရေးပေး။ ရင်ထဲထိရှအောင် နက်နက်ရှိုင်းရှိုင်း ကြည်ကြည်နူးနူး ရေးရမယ်။ စာလုံးရေ တစ်ထောင်"
"ငါလူး"
ပျန်းနမ်တစ်ယောက် တစ်မိနစ်လောက် မှင်သေနေပြီးတော့မှ ရုပ်ရှင်ပိတ်ကားပေါ်က အလင်းရောင်တို့ဖြင့် ချိုးယိကို လှည့်ကြည့်လာပြီး -
"ဟေ့ကောင် မင်း ငါ့ကို ဆေးထိုးတာလား။ စာမေးပွဲဖြေရတဲ့ စာစီစာကုံးတောင် ဝမ်းချုပ်တဲ့အထိ အောင့်အည်းရေးတာတောင်မှ ဘယ်တော့မှ စာလုံးရေ ၈၀၀ မပြည့်ဖူးဘူး"
"ရေးမလား မရေးဘူးလားဆိုတာပဲ ပြောစမ်းပါ"
ချိုးယိ ပြောသည်။
"ရေးမယ်"
ပျန်းနမ် အံကို ကြိတ်ပြီး -
"ရေးပေးမယ်"
"လူရမ်းကား လုပ်မလား။ အခု"
ချိုးယိက ပြုံး၍ မေးလာပြန်သည်။
"လုပ်မယ်"
ပျန်းနမ်သည် အံ့ကြိတ်ထားလျက်ပင် လက်က ချိုးယိ၏အင်္ကျီကို ဆွဲလှပ်၍ အထဲကို အမြန် လက်လျှိုသွင်းလိုက်ပြီး -
"ရမ်းကားမယ်"
***
(ဆက်ရန်)
T/N:
၁) တာတာမီထိုင်စင်က ဒီလိုပုံလေးပါ။
၂) အစေ့အဆံစုံဖျော်ရည် (Multi-grain rice milk)
16 Apr 2024