တစ်ဆယ့်ငါးနှစ်အရွယ် ကိုကို့ကို
ကျွန်တော် အသက် တစ်ဆယ့်ငါးနှစ်မှာ
ဝေဝေဝါးဝါးဓာတ်ပုံတစ်ပုံတည်းနဲ့ စွဲလမ်းခဲ့ရတယ်..
"အန်ဒရီ .."
"ဟင် .."
လွမ်းနွေရဲ့ ခပ်တိုးတိုးခေါ်သံလေးအပြင် အေးစက်နေတဲ့ လက်တစ်ဖက်နဲ့အန်ဒရီ့ရဲ့လက်မောင်းလေးကို တို့ထိလိုက်တော့ မှိတ်ချထားသည့် မျက်ဝန်းတွေက ပွင့်လာခဲ့သည်။
"ဟင် .. ကိုကို ရေတွေစိုနေတယ်"
အိပ်ချင်မူးတူးအခြေအနေမှာတောင် လွမ်းနွေရဲ့ ပြောင်းလဲမှုကို သတိထားမိကာ အပူတပြင်းဖြစ်သွားပုံရသည့် အန်ဒရီ။
" မင်း ဘာလို့ .. အဲ့လောက် ဆိုးရတာလဲ အန်ဒရီရယ်"
" ကိုကို .. ကျွန်တော် .."
အန်ဒရီက ခုံပေါ်ကနေ ထလို့ လွမ်းနွေအတိုင်း အောက်မှာ ဒူးထောက်ချထိုင်လိုက်ပြီး ..
"ကိုကို ဘာလို့ရေတွေစိုရွှဲနေရတာလဲလို့ .. ကိုကိုဖျားအုံးမယ်"
"မင်းကြောင့်လေ အန်ဒရီ .. မင်းဘာလို့ လူကြီးတွေကို မပြောဘဲ ထွက်သွားလဲ၊ ငါတို့ဘယ်လောက်စိတ်ပူလိုက်ရလဲ မင်းမတွေးဘူးလား ဟင် "
လွမ်းနွေက လေသံမာမာနဲ့ပြောပြန်တော့လည်း ခေါင်းကိုငုံ့ထားပြန်သည်။ ဒီကောင်လေးက အပြစ်ကလေးများလုပ်ထားပြီးရင် သနားအောင်လည်းနေတတ်သေး၏။
"ငါ အရမ်းစိတ်ပူသွားတာ အန်ဒရီ .. မင်း အဲ့လို မဆိုးရဘူးလေကွာ"
"ကိုကို့ အခန်းရှေ့မှာ စာထားခဲ့တယ်လေ .. ကျွန်တော် ဒီဘက်အိမ်မှာလို့"
လွမ်းနွေဟာ မိခင်ဖြစ်သူလာပြောတုန်းက စိတ်ပူပူနဲ့ ပြေးထွက်လာခဲ့တာ စာတွေဘာတွေလည်း သူမမြင်နိုင်ခဲ့။
လွမ်းနွေက ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်၏။ အန်ဒရီ့အတွက် သူ့ရဲ့ နောက်ဆုံးလက်နက်ကို ထုတ်သုံးရန်သာ တွေးလိုက်မိတော့သည်။
"အန်ဒရီ .. မင်း ငါ့ကို တကယ်ပဲ ချစ်တာလား၊ မင်းကိုယ်မင်း ချစ်နေတာလား"
"ဟင် .. "
"မင်း လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် သူ့ရဲ့ ဖြစ်တည်မှုကို အလေးထားရမယ်၊ သူ့ရဲ့ စကားအရာကိုလေးစားရမယ်၊ သူလိုအပ်တာကို မင်းဖြည့်ဆည်းပေးရမယ်၊ ဒါတွေက လူတစ်ယောက်ကို ချစ်ရင် ဖြစ်လာတဲ့ ခံစားချက်တွေလေ .."
အန်ဒရီက အသံတိတ်နေဆဲ .. သူကတော့ စကားလုံးတွေကို နာကျင်စွာနဲ့ ဖွင့်ဟနေဆဲ။
"ဒါပေမဲ့ မင်းကအဲလိုမဟုတ်ဘူး အန်ဒရီ .. မင်းက ကိုယ့်ကိုယ်ကိုယ်ချစ်နေတာ မင်းဖြစ်ချင်တာကိုလုပ်တယ်၊ မင်းလိုအပ်တာကို အရယူတယ်၊ တစ်ဖက်သားကို မငဲ့ကွက်ဘဲ မင်းကိုယ်မင်းပဲကြည့် .."
"မဟုတ်ဘူး ကိုကို၊ ကျွန်တော် အဲ့လိုလူစားမျိုးမဟုတ် .."
"ငါမြင်နေတာတော့ မင်းကအဲ့လိုလူပဲ"
သူက ထိုကောင်လေးရဲ့ စကားကိုတောင် ဆုံးအောင်နားမထောင်ဘဲ ဖြတ်ပြောလိုက်ရင်း ..
မင်း မုန်းချင်သလောက် မုန်းသွားလိုက်ပါတော့ အန်ဒရီရယ်။
အန်ဒရီ့မျက်ဝန်းတွေဟာ နီရဲလို့ မျက်ကြောတွေပါထောင်လာခဲ့တာကို လွမ်းနွေ မြင်နေရသည်။ ဒီကလေးလေးကို ဘယ်လောက်ထိ နာအောင်ပြောရမလဲ .. ပြောတဲ့ သူကိုယ်တိုင်ကလည်း ထပ်တူ နာကျင်နေရကြောင်း ..
"ကိုကို ကျွန်တော့်ကို လိမ်နေတာ"
ခေါင်းခါလိုက်တဲ့အခါ အန်ဒရီ့ရဲ့ ခိုတွဲနေတဲ့ မျက်ရည်စလေးတွေဟာ အောက်သို့ သက်ဆင်းကြရလေတော့သည်။
"ငါတကယ်ပြောနေတာ အန်ဒရီ"
ရုတ်တရက်ပါပဲ အန်ဒရီက ထိုင်နေရာမှ နံရံဆီသို့ ထသွားပြီး လက်ကို အားကုန်သုံးလို့ ထုရိုက်လိုက်တဲ့အခါ လွမ်းနွေမှာ မျက်လုံးတွေပါပြာသွားရတော့၏။
"အန်ဒရီ !!"
"မင်း အခုချက်ချင်းရပ်လိုက်စမ်း"
"ဒါ ဘာလုပ်တာလဲ ဟမ်၊ မင်း ဘာသဘောလဲ"
ထိုကောင်လေးရဲ့ လက်တွေဟာ သွေးချင်းချင်းနီရဲလို့ .. လွမ်းနွေက အခုမှပင် ထိန်းမရတော့သည့် မျက်ရည်များစီးကျလာခဲ့ကာ အန်ဒရီ့ရဲ့ သွေးစိုနေသည့် လက်ကလေးတွေကို ဖွဖွလေးဆုပ်ကိုင်လိုက်တော့၏။
"အန်ဒရီရယ် .. ငါ တောင်းပန်ပါတယ် .. မင်းငါ့ကို မနာကျင်အောင်ထားလို့ မရဘူးလားဟင် .."
မင်းတစ်ခုခုဖြစ်မယ်လို့ တွေးမိလိုက်တိုင်း ငါက ပိုပြီးအဆပေါင်းများစွာ နာကျင်ရပါတယ် အန်ဒရီရယ်။ ကျေးဇူးပြုပြီး ငါ့နှလုံးသားလေး မနာကျင်ဖို့ မင်းကိုယ်မင်း ဂရုစိုက်ရမယ် ..
တစ်ယောက်တစ်ခွန်းနှင့် ဆွဲလားရမ်းလားဖြစ်နေခဲ့သည့် သူတို့နှစ်ဦး။ လွမ်းနွေရဲ့ ငိုရှိုက်သံကိုကြားလိုက်ရတဲ့ အန်ဒရီမှာတော့ ပုံမှန်အသိစိတ်တို့ပြန်ဝင်လာကာ ..
"ကိုကို .."
"ငါ တောင်းပန်ပါတယ်"
"ကိုကို .. မငိုပါနဲ့နော်"
လွမ်းနွေရဲ့ မျက်ရည်တွေက ထိုကောင်လေးရဲ့ လက်ဖဝါးကြီးကြီးတွေကြောင့် ရပ်တန့်သွားခဲ့ရ၏။ လွမ်းနွေက အန်ဒရီ့ကို မော်ကြည့်လိုက်ရင်း ..
"အန်ဒရီ .. အိမ်ကို ခဏပြန်လိုက်ပါ၊ မိဘတွေကို
စိတ်ပူရအောင်မလုပ်ပါနဲ့"
လွမ်းနွေရဲ့ လက်ဖဝါးလေးတွေဟာ အန်ဒရီ့ရဲ့ စီးကျနေသည့် မျက်ရည်များရှိရာသို့ လက်လှမ်းလာခဲ့သည် .. အန်ဒရီ့ရဲ့ မျက်ရည်ပူတွေဟာ သူ့နှလုံးသားထဲ ချော်ရည်တစ်ခု စီးဆင်းသွားသလိုမျိုး ..
"ကိုကို .. ကိုကို အန်ဒရီ့ကို စဉ်းစားပေးမယ်လေ"
"အန်ဒရီ ပြန်လာတဲ့အခါ .. အန်ဒရီမေးထားတဲ့ အကြောင်းအရာကို ကိုကို့ကို ပြန်မေး .. ကိုကိုဖြေမယ်"
မဖြစ်သင့်တဲ့ ကိစ္စတွေဟာ ကြိုတင် ဖြစ်မလာခဲ့ဖို့ကောင်းသည်။
"ကိုကို .. ကျွန်တော့်ကိုကြည့်"
လက်ပြန်ရုတ်လို့ အကြည့်လွှဲရန်ပြင်နေသည့် လွမ်းနွေရဲ့ လက်ကလေးကို အန်ဒရီက ပြန်လည်ဆွဲကိုင်လို့ သူ့ရဲ့ပါးမှာ အပ်ထားလိုက်ရင်း ..
"ငါက ကိုကို့ကို ဓာတ်ပုံကလေးတစ်ပုံတည်းနဲ့ စွဲလမ်းခဲ့ရတဲ့ကောင်ပါ"
တစ်ဆယ့်ငါးနှစ်အရွယ် ကိုကို့ကို
ကျွန်တော် အသက် တစ်ဆယ့်ငါးနှစ်မှာ
ဝေဝေဝါးဝါးဓာတ်ပုံတစ်ပုံတည်းနဲ့ စွဲလမ်းခဲ့ရတယ်..
"ငါ ကိုကို့ကို ချစ်တယ်ဆိုတာ အရာအားလုံးနဲ့ ယှဉ်ပြီးတော့ကို လဲခဲ့တာ .. ငါ့ကိုယ်ငါဆိုတာက ကိုကိုနဲ့ယှဉ်ရင် ဟိုးနောက်ဆုံးမှာပဲ"
ကိုကိုသိပါတယ် အန်ဒရီရယ်၊ ကိုကို အသိဆုံးပါ။
"ကိုကို့ကို ချစ်လို့ဆိုပြီး ငါ့အတွက် မျှော်လင့်ချက်တွေ၊ လိုချင်တပ်မက်မှု၊ တုံ့ပြန်မှု အဲတာတွေတစ်ခုမှ မျှော်လင့်ပြီး ငါရောက်လာခဲ့တာမဟုတ်ဘူး ကိုကို .."
လွမ်းနွေဟာ နှလုံးသားထဲက နာကျင်လွန်းစွာဖြင့် .. ထိုစက္ကန့်တွေ မိနစ်တွေတိုင်းဟာ ငရဲကျနေသလို။
"ကိုကို့ရဲ့ တည်ရှိမှုလေးက ငါ့အတွက် အရေးပါလွန်းလို့ .. တန်ဖိုးထားရလွန်းလို့ .. မြင်နေရုံနဲ့ ရောင့်ရဲရလွန်းလို့ ကိုကိုပြန်ချစ်ဖို့ကိုလည်း ငါမမျှော်လင့်ထားခဲ့ဘူး .. ငါ့အတွက် ကိုကို့ရဲ့ ဖြစ်တည်မှုလေးကပဲ အရာရာဖြစ်ခဲ့တာ.."
"ဒါပေမယ့်.."
"ဒါပေမယ့် ကိုကို .. ကိုကို ငါ့ကို တကယ်ပဲ ပြန်စေချင်တယ်ဆိုရင် ငါပြန်ပါ့မယ်"
တစ်လျှောက်လုံး အသံတိတ်နေခဲ့သည့် လွမ်းနွေဟာ တုန်ယင်စွာနှင့် မျက်လုံးတွေကို မှိတ်ချလိုက်တော့သည် .. လက်မလွှတ်နိုင်ခြင်းတွေကို သူ့မျက်ဝန်းထဲမှာ ရှာတွေ့သွားမှာ စိုးထိတ်မိ၏။
"ကိုကို မရှိဘဲ မနေနိုင်တာကို သိထားပေးပြီးတော့ ကိုကိုက ငါ့အတွက် တည်ရှိနေပေးရင် ငါကျေနပ်ပါတယ်"
အန်ဒရီက သူရဲ့ မျက်နှာကို အနည်းငယ်လေးစောင်းလိုက်ရင်း သူ့ပါးကိုအပ်လို့ ဆုပ်ကိုင်ထားခဲ့တဲ့ လွမ်းနွေရဲ့ လက်ကလေးကို ယုယုယယ နမ်းရှိုက်လိုက်လေတော့သည်။
" ပထမဆုံးနဲ့ နောက်ဆုံးနှုတ်ဆက်အနမ်းပါ ကျွန်တော့်ရဲ့ ပန်းလေး"
သူတို့နှစ်ဦးရဲ့ နှလုံးသားတွေဟာ ထိုနေရာမှာပဲ သော့ခတ်လို့ သိမ်းဆည်းထားလိုက်တော့သည်။
တခဏတာ .. သို့မဟုတ် ထာဝရစာ။