နှစ်ဆုံးစာမေးပွဲကြီးပြီးပြီ။ ကျောင်းသားကျောင်းသူများ ဝန်ထုပ်ဝန်ပိုးကြီးအား ခေါင်းပေါ်မှ ဟိုးအဝေးကြီးကို လွှင့်ပစ်လိုက်ရချိန်မို့ အားလုံးပေါ့ပါးနေတော့သည်။
" ပိတောက်မောင်... သင်္ကြန်အခြေအနေ "
" အင်း အဆင်ပြေတယ်... မင်းတို့သွားတော့မယ်ဆိုရင် ငါ့ကို လှမ်းပြော "
" ငါတို့ရှမ်းပြည်က ရှမ်းပျိုဖြူလေးတွေက ချောတယ်နော်.... သမာဓိခိုင်မှ လိုက်ခဲ့ကြ "
" သင်္ကြန်ကဲပါတယ်ဆိုမှ... သမာဓိခိုက်အောင်ဆိုရင် တရားစခန်းပဲ ဝင်မှာပေါ့ကွ "
" ရှမ်းမလေးတွေက တကယ်ချောတာလား "
" ပြောမယုံ၊ ကြုံမှသိမယ် ငါ့ကောင်တွေ "
" မင်းတို့ လူကမရောက်သေးဘူး.. နှာခေါင်းက ဟိုရောက်နေကြပြီ "
" ပျိုတိုင်းကြိုက်တဲ့ ပိတောက်ခိုင်ရယ်... ငါတို့က မင်းလိုမှမဟုတ်တာ... မင်းကတော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတာတောင် ငြိမ်ချက်... မဟုတ်မှလွဲရော ဈာန်တွေဘာတွေတောင် ရနေပြီလား "
" ဟိုရောက်မှ ဈာန်မလျှောစေနဲ့နော်... ဟား ဟား ဟား "
ပိတောက်မောင်တို့ သူငယ်ချင်းလေးယောက် နောက်လိုက်ပြောင်လိုက် တဟားဟားနဲ့ တက်ကြွနေကြသည်။
=======================================
" ကိုယ့်ကိုယ်ကို ဂရုစိုက်နော် "
" ဟုတ်ကဲ့ "
" ကျွန်တော်တို့ သူငယ်ချင်းကို အကောင်းဆုံးကာကွယ်ပါ့မယ်ဗျ "
သူငယ်ချင်းတွေက ရွှတ်နောက်နောက်နဲ့ ပြောသည်။ ဦးနွေမောင်ရော၊ ဒေါ်မေသင်္ကြန်ရောက သူတို့သူငယ်ချင်းတစ်စုကို သားအရင်းတွေလို ဆက်ဆံတာကြောင့် သူတို့အုပ်စု တဟားဟားနဲ့ ပေါ့ပေါ့ပါးပါးပင်။
ပိတောက်မောင်၊ စိုင်းယံ၊ သူရဇ္ဇ၊ သော်ဇင်မျိုးတို့ လေးယောက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့သို့ အလည်တစ်ခေါက် ခြေဆန့်ခဲ့ကြလေသည်။
.
.
.
ညောင်ရွှေသို့ အကြိုနေ့မတိုင်ခင် ၁၂ ရက်နေ့က ရောက်သည်။ ရောက်စရောက်ခိုက်မှာပဲ ကိတောက်မောင် ပျော်ချင်စိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။
" ဟာ.. ချာတိတ်... အမှတ်မထင် လာဆုံတယ်နော် "
ပိတောက်မောင်ရဲ့ မျက်နှာကတော့ စိုင်းကူဆွဲ့ကို တွေ့လိုက်သည်နှင့် တခြားတစ်ယောက်ပြောင်းသွားသလို သုန်မှုန်စူပုတ်သွားသည်။
" မင်းတို့က သိနေတာလား "
သော်ဇင်မျိုးက အံ့ဩတကြီး ထမေးသည်။ သူရဇ္ဇကလည်း သိလို၍ နားစွင့်နေသည်။ သို့သော်လည်း အဖြေကဖြင့် ပြန်မရလိုက်။
" ဒီလိုပြန်ဆုံတယ်ဆိုတော့ ဖူးစာပါလို့ဖြစ်မယ်... တိုက်တိုက်ဆိုင်ဆိုင် ဆုံလည်းဆုံတတ်တယ်နော် "
" ခင်ဗျား ပါးစပ်ပိတ်ထားလို့ မရဘူးလား.. နားငြီးတယ် "
စိုင်းယံတို့အိမ် သွားတဲ့လမ်းတစ်လျှောက် ကားပေါ်မှာ ပိတောက်မောင်နား တောက်တဲ့လိုကပ်ပြီး သာလိကာလို တတွတ်တွတ်စကားပြောနေသည့် စိုင်းကူဆွဲ့ကို စိတ်မရှုပ်ဘဲ ဘယ်သူနေနိုင်မလဲ။ စိုင်းယံရဲ့အစ်ကိုဝမ်းကွဲပါတဲ့။ အဖေက ရှမ်း၊ အမေက ဗမာ။ ရှမ်းဗမာကပြားလေး စိုင်းကူဆွဲ့ကို သူ့အဘိုးအဘွားတွေက ခေါ်ထားလို့ ညောင်ရွှေမှာ ခဏလာနေနေခြင်းဖြစ်သည်။
ပိတောက်မောင် စိတ်အပျက်ဆုံးက သင်္ကြန်ရက်တွေအတွင်း ထိုလူနဲ့ တစ်အိမ်တည်းမှာ အတူတူနေရမည်။ မြင်တွေ့နေရမည်။ ဘာဖြစ်လို့ စိုင်းယံနဲ့မှ အမျိုးလာတော်နေတာလဲ။
" ဖူးစာ လူးလာ ဒူးကာလို့ မရဘူးဆိုတာ တကယ်မှန်တာပဲ... ကိုယ်ကတော့ ဘာမှကာထားမှာမဟုတ်ဘူး... ရင်ခွင်ထဲသာ တဲ့တိုးဝင်လာခဲ့ "
စိုင်းယံရဲ့အိမ်ရောက်တော့ ကားပေါ်မှ ကိုယ့်အထုပ်လေးတွေ ကိုယ်စီဆွဲလို့ အိမ်ထဲဝင်ဖို့လုပ်နေချိန် စိုင်းကူဆွဲ့က လက်နှစ်ဖက်ကိုဆန့်ကာ ပိတောက်မောင်ရှေ့မှာ ရင်ခွင်ကျယ်ကို လှစ်ဟလိုက်သည်။ ပိတောက်မောင်လည်း မျက်ဖြူလှန်မိလျှက် အရှေ့ကလူကို ရှောင်ကွင်းသွားတော့သည်။ သည်လူနဲ့ သင်္ကြန် ၅ ရက်ကို ဘယ်လိုဖြတ်သန်းရပါ့။
စိုင်းယံတို့ အဘိုးအဘွားများက သဘောကောင်းကြပါသည်။ သူတို့ကို နွေးနွေးထွေးထွေး ပျူပျူငှာငှာ ကြိုဆိုကြ၏။ စိုင်းကူဆွဲ့တို့၏အိမ်ကြီးက ကျွန်းနဲ့ဆောက်ထားပြီး အတော်ပင်ကျယ်ဝန်းသည်။ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာသောအိမ်ဖြစ်၍ လက်ရာမှာ သေသပ်လှပ၏။
" ခရီးပန်းလာကြမှာပေါ့... ယံလေး သူငယ်ချင်းတွေကို အနားယူဖို့ ခေါ်သွားပေးလိုက်ဦး "
" ဟုတ် "
ပိတောက်မောင်ရဲ့ ခရီးဝေးသွားပြီးလျှင် အနားယူအိပ်စက်တတ်တဲ့အကျင့်ကြောင့် သူ့အိပ်ခန်းထဲရောက်တာနဲ့ အိပ်ရာပေါ်တက်၍ အိပ်လိုက်တော့သည်။
" ချာတိတ်.. နိုးပြီလား "
" အမလေး! "
ပိတောက်မောင် နိုးလုနိုးခင် မျက်လုံးလေး မပီမပြင် ဖွင့်ကြည့်တော့ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ စိုင်းကူဆွဲ့က သူ့ဘေးနားမှာ ထိုင်၍စာအုပ်ဖတ်နေသည်။ ပိတောက်မောင် ချက်ချင်းထထိုင်လိုက်ကာ
" ခင်ဗျား ဒီကို ဘယ်လိုရောက်နေတာလဲ "
" ဒါက ကိုယ့်အခန်းလေ "
" ဘယ်လို "
သည်အခန်းကို စိုင်းယံကိုယ်တိုင် လိုက်ပို့တာကြောင့် အခန်းမှားစရာ အကြောင်းမရှိပေ။ ဒါဆို ဘယ်လိုလုပ် သူ့အခန်းကိုမှ ပို့ရတာလဲ။ သိသောသူစိုင်းယံကိုသာ မေးရမည်။ ထို့ကြောင့် ပိတောက်မောင် ချက်ချင်း စိုင်းယံဆီသို့ ထွက်လာသည်။
" စိုင်းယံ... စိုင်းယံ "
တံခါးခေါက်ပြီး ခေါ်လိုက်တော့ စိုင်းယံက အိပ်ချင်မူးတူးနဲ့ တံခါးဖွင့်ပေးသည်။ အခန်းထဲမှာ သူရဇ္ဇနဲ့ သော်ဇင်မျိုးတို့နှစ်ယောက်ကလည်း အိပ်နေကြသည်။
" ဘာဖြစ်လို့လဲ "
" ငါက မင်းအစ်ကိုရဲ့အခန်းမှာ အိပ်ရမှာလား "
" အင်းလေ.. အိမ်မှာ တခြားအခန်းတွေ မအားလို့ "
" မင်းတို့နဲ့ အိပ်လို့မရဘူးလား "
" ဒီမှာ ငါတို့သုံးယောက်တောင် ကြပ်နေတာလေကွာ... ငါ့အစ်ကိုက သဘောကောင်းပါတယ် "
ပိတောက်မောင်လည်း သူများအိမ်မှာ ဧည့်သည်လာလုပ်နေရတာမို့ ထပ်ပြီး အထွန့်မတက်ချင်တော့။ သည်နှစ်သင်္ကြန်ကတော့ သူ့အတွက် စိတ်အရှုပ်ဆုံး နှစ်သစ်ကူးဖြစ်လာတော့မည်ထင်သည်။
ပိတောက်မောင် ပြန်သွားတော့မှ စိုင်းယံလည်း အသက်ရှူနိုင်သည်။ သူ အခန်းတွေကြိုရှင်းခိုင်းထားပါလျှက် ဘာမှအဆငိသင့်မဖြစ်။ အစ်ကိုဝမ်းကွဲ စိုင်းကူဆွဲ့ရဲ့ ပူဆာမှုကြောင့် ပိတောက်မောင်ကို ထိုအခန်းထဲ ပို့လိုက်တာဖြစ်သည်။ လာဘ်ထိုးငွေ ပါးပါးလေးတော့ ရတာပေါ့ ဟဲ ဟဲ။
ရန်ကုန်သင်္ကြန်လာကဲရန် စိုင်းပြင်နေသော အစ်ကိုဖြစ်သူက သူနဲ့ သူ့သူငယ်ချင်းတွေ လာလည်မည်ဟု ဖုန်းဆက်ပြောလိုက်တော့
" ပိတောက်မောင်ဆိုတဲ့ ကောင်လေးရော ပါလာမှာလား "
" အင်း သူလည်းလိုက်မှာ "
" အဲဒါဆို မင်းတို့လာရင် ငါလာကြိုမယ်... အဲကောင်လေး ပါလာမှာသေချာတယ်နော် "
ဇာတ်လမ်းက စိုင်းယံက ကျောင်းမှာ သူငယ်ချင်းတွေနဲ့ စုရိုက်ထားတဲ့ ဓာတ်ပုံကို လိုင်းပေါ်တင်လိုက်ရာ စိုင်းကူဆွဲ့က ဒီကောင်လေးကို သိတာလားဟူ၍ အစချီကာ ဓာတ်ပုံတောင်းလို့ ပို့ပေးလိုက်ရတာလည်း မနည်း။ အခုလည်း သူ့အခန်းမှာ အိပ်ခိုင်းပေးပါဆိုပြီး တိုးတိုးတိတ်တိတ် လာအပူကပ်တော့ စိုင်းယံလည်း ပိုက်ဆံ ၅ သိန်းမျက်နှာနဲ့ လိုက်လျောပေးလိုက်ပါသည်။ သေချာတာတော့ စိုင်းယံတစ်ယောက် သည်နှစ်သစ်ကူးတွင် ရေလျှံသွား၏။
=======================================