အပိုင်း ၁၀၀ အရူး။
ကျန်သောစာသားတစ်ခုခု.. ဘာမှမဖြစ်လာနိုင်ပါဘူးနော် ဆိုသော စကားကမူ သူမ၏လည်ချောင်းထဲ တစ်ဆို့သွားသည်။ ရှီချီက စကားဖြတ်ပြောလိုက်ရာ သူမက စကားလုံးများကို အစာအိမ်ထဲသို့ ပြန်လည်မျိုချလိုက်သည်။ ထိုသို့သော မကောင်းသော စကားများကို မပြောသင့်ချေ။
နင်မုန့်က သူမကိုယ်သူမ သတိပေးပြီး ပါးစပ်ကို ပိတ်ထားလိုက်သည်။ ချန်းရှန်းဝေကလည်း သူမလှုပ်ရှားမှုများကို မှင်တက်စွာ စိုက်ကြည့်နေပြီးနောက် ကို့ရို့ကားယား ပြောသည်။
"မိန်းကလေးနင်က တကယ်ကို ကြည့်ကောင်းတာပဲ၊ ဟား ဟား ဟား.."
ရှီချီကမူ မျက်နှာသေဖြင့် သူမကိုသာ ဂူထဲမှ ဆွဲခေါ်သွားသည်။ သူတို့၏ အပြန်ခရီးက အလွန်ချောမွေ့သည်။ သူတို့က ရှေ့သို့ ဆက်လျှောက်နေပြီး တောင်တန်းထဲမှ ထွက်လာပြီးနောက် ရင်းနှီးကျွမ်းဝင်သော နယ်မြေ၏ ကြိုဆိုခြင်းကို ခံရသည်။ ထိုအခိုက် ထိုနေရာက လူသူရှင်းလင်းနေပြီး ယခင်က မြင်ခဲ့ရသော စိမ်းလန်းသော မြက်ခင်းပြင်သာလျှင် ရှိတော့သည်။
ရဲများက ပိတ်ဆို့ထားသော အရံအတားအဆီးက ရှိနေသေးသည်။ သို့သော် မည်သည့်အရာကမျှ မပြောင်းမလဲ သွားချေ။
အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခဲ့ပြီးနောက် ချန်းရှန်းဝေက ခေါင်းကို တစ်ချက်လှည့်ပြီး နောက်ပြန်ကြည့်လိုက်သောအခါ ဖော်ပြရန်ခက်ခဲသည့် ခံစားချက်မျိုးကိုသာ ရလိုက်သည်။
"ဒီနယ်မြေကို ကျော်ဖြတ်သွားပြီးရင် လုံးဝ ကွဲထွက်နေတဲ့ မြင်ကွင်းတစ်ခုကို မြင်ရမယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
သူက ဒါကိုသာ သူ၏အားသာချက်အဖြစ် အသုံးမပြုလျှင် ဒီလောကတွင် သူ၏နာမည် ထင်ကျန်ရစ်ခဲ့အောင် မလုပ်နိုင်လောက်တော့ချေ။ ထိုသို့တွေးပြီးနောက် သူက သူကိုယ်တိုင်သာ ဆိုလျှင် ထိုသို့လျှို့ဝှက်ဆန်းကျယ်သော ဖြစ်စဉ်များကို မကိုင်တွယ်နိုင်လောက်သေးကြောင်း သေချာသွားသည်။ ထိုသတင်းကသာ ပျံ့နှံ့သွားခဲ့ပါက အစိုးရက သည်အခွင့်အရေးကို ဖမ်းဆုပ်လောက်သည်။ ထိုသို့ဆိုလျှင် သူ သည်နယ်မြေပေါ် သုံးထားသော ဘီလီယံပေါင်းများစွာက အလကား ဖြစ်သွားပေလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်း တိတ်ဆိတ်နေခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုအပေါ်နင်းလျှောက်လာသောအခါမှ ကိုင်တွယ်ခြင်းထက် ဦးစွာ ရှင်းပြထားခြင်းက ပို၍ကောင်းသည်။ ထိုသို့ဆိုလျှင် သူ၏ပိုက်ဆံများကိုလည်း ပြန်ရှာနိုင်ပေလိမ့်မည်။ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သော လူများအတွက်ကမူ သူက မေ့သွားခဲ့လေပြီ။
ချန်းရှန်းဝေက မတော်တဆမှု ဖြစ်ရပ်၏ အရင်းအမြစ်က ဖုတ်ကောင်များနှင့်သာ ပတ်သက်နိုင်ကြောင်း သေချာသွားလေသည်။ ထို့ကြောင့် သူက အလွန်စိတ်အေးသွားပြီး ဤနေရာကို ကိုင်တွယ်ရန် အကြံအစည်များကို စတင်အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ထွက်မသွားခင် သူက တုံ့ဆိုင်းစွာ မေးသွားသေးသည်။
"သခင်လေးချီ သခင်လေးချီ တကယ်ပဲ အဲဒီဖုတ်ကောင်အထီးကို အလွယ်တကူ လွှတ်ပေးလိုက်မှာလား"
တစ်စုံတစ်ရာ ဆိုးရွားသွားမည်ကို ချန်းရှန်းဝေက စိုးရိမ်နေခြင်း ဖြစ်သည်။ နင်မုန့်က လျှို့ဝှက်စွာဖြင့် စနစ်ကို မေးလိုက်သည်။
"ရှီရှန်းချင်းက ဖုတ်ကောင်အဖြစ် ပြောင်းပြီး ထွက်ပြေးသွားတယ်။ တစ်ခုခုတော့ ဖြစ်မလာလောက်ပါဘူးနော်"
စနစ်က ပြန်ဖြေသည်။
"မင်း အတွေးများနေပြီ။ သူက ဖုတ်ကောင်ဖြစ်ရုံပဲ။ နောက်ပြီး အဲဒီလောက်အထိ အင်အားမကြီးဘူး။ ပြောရရင် ဒီနယ်က အရမ်းပြင်းနေရင် သူ အလိုအလျောက် ဖယ်ရှားခံရလိမ့်မယ်"
ရှီချီက မှင်သေသေဖြင့် ဝင်ပြောသည်။
"ဒါက ခင်ဗျားနဲ့ မဆိုင်ပါဘူး"
ချန်းရှန်းဝေက ထိုအခါမှသာ ပြုံးနိုင်သည်။
"ကျွန်တော် သခင်လေးချီကို ဒီတစ်ကြိမ်မှာ ဒုက္ခပေးလိုက်မိပြီ။ ကျွန်တော် အလေးအနက်ထားပြီး ကျေးဇူးပြန်ဆပ်မှာပါ"
သူက ရှီချီကို ငှားရန် အလွန်အားစိုက်ထုတ်ထားခဲ့ရသည်။ ယခုအခါ ပြဿနာက ဖြေရှင်းပြီးသွားသောအခါ သဘာဝအလျောက်ပင် တစ်ဖက်က ကျေနပ်သည်အထိ ဆုလာဘ်ချီးမြှင့်သင့်လေသည်။ ထိုဖုတ်ကောင်က သူနှင့် မသက်ဆိုင်တော့လျှင် အကောင်းဆုံး ဖြစ်သည်။ ရှီချီကလည်း ခေါင်းညိတ်လိုက်သည်။
နင်မုန့်က မနေနိုင်ဘဲ လှည့်ကြည့်လိုက်သည်။ နဂါးသွေးကြောဟု ထိုယန်တောင်က သန်လျက်တစ်ခုလိုမျိုး တဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။ သို့သော် သူမကသာ ပြန်သွားမည်ဆိုလျှင် ပြန်မြင်ရမည်မှန်း သေချာနေပြန်သည်။ ဒီအတိုင်း လမ်းတစ်ခုကိုသာ ရွေးချယ်ရန် လိုအပ်နေခြင်း ဖြစ်သည်။ ထိုယန်တောင်က ရန်ကျင်းမှ ခရီးသွားများစွာကို ဆွဲဆောင်ထားနိုင်သော တောင်ဖြစ်ပြီး တောင်အနောက်ဖက်ပိုင်းကိုမူ မည်သူကမျှ ရှာမတွေ့ခဲ့ကြချေ။ ပြောရလျှင် သူတို့ကသာ ဒီတောင်အနောက်ဘက်ပိုင်း၏ တည်နေရာကို ပထမဆုံး ရှာတွေ့ခဲ့သူ ဖြစ်လောက်သည်။
တစ်ခဏခန့် ကြာပြီးနောက် ရှီမိသားစုကားက လမ်းဘေးတွင် ပေါ်လာသည်။ ရှီစံအိမ်တော်သို့ ပြန်ပြီးနောက် ရှီချီက စံအိမ်ဘေးဘက်ရှိ အဆောက်အဦးထဲသို့ တိုက်ရိုက်ဝင်သွားသည်။ နင်မုန့်ကလည်း သိလိုက်သည်။ သူမက အဘွားရှီ၏ မှတ်ဉာဏ်များထဲမှ ထိုအဆောက်အဦးကို မြင်ခဲ့ဖူးသည်။ ထိုအဆောက်အဦးက ရှီမိသားစု၏ ဘိုးဘေးမျိုးဆက် အဆက်ဆက်နှင့် ပတ်သက်ဆက်နွယ်နေသည်။ ထို့အပြင် သမိုင်းဝင် မှတ်တမ်းကျောက်စာတိုင်များလည်း ရှိနေသေးလေသည်။
ရှီချီက ရှီမိသားစုကို ဦးဆောင်ခဲ့ပြီးနောက် ရှီရှန်းချင်း၏ အမှတ်တရ ကျောက်စာတိုင်ကိုလည်း ထိုဘိုးဘေးခန်းမထဲသို့ ထိန်းသိမ်းထားရသည်။
နင်မုန့်ကိုလည်း သူက ခေါ်သွားသည်။ အထဲရှိ မီးရောင်ကမူ အလွန်မှိန်သည်။ ကျောက်တိုင်များ ထားသော နေရာကသာ ဖယောင်းတိုင်မီးကြောင့် လင်းချင်းနေသည်။ ထို့အပြင် ထိုနေရာတွင်လည်း ထိုသို့ကျောက်စာတိုင် ရာကျော်ရှိကြောင်း မြင်ရလေသည်။ ထို့ကြောင့် အလွန်ကြောက်စရာ ကောင်းသည်။ သူမက တိတ်တဆိတ် တံထွေးမျိုချလိုက်သည်။
ဘာလို့ ဒီနေရာမှာ အခြောက်ခံရတယ် ဆိုတဲ့ အတွေးမျိုးကို ရလာတာလဲ။
ထို့နောက် သူမ၏အနောက်ဘက်မှ လေအေးများ တိုက်သွားသည်။ နင်မုန့်က ရှီချီအနားသို့ ကပ်သွားသော်လည်း ရှီချီက တုံ့ပြန်လာချေ။ အချိန်အတန်ကြာပြီးမှသာ ရှီချီက ကျောက်စာတိုင်တစ်ခုကို ဂါရဝပြုလိုက်ပြီးနောက် စကားအနည်းငယ် ပြောသည်။ သို့သော် ဘာသံမှ မကြားရချေ။ နင်မုန့်ကလည်း လိုက်ပါ ဂါရဝပြုလိုက်သည်။ သို့သော် ဘာပြောရမှန်း မသိချေ။ ထို့ကြောင့် တိတ်တဆိတ်သာ ကောင်းချီးပေးလိုက်ပြီး သူမနှင့်ရှီချီကို အသက်ကြီးသွားသည်အထိ ငြိမ်းငြိမ်းချမ်းချမ်း နေရအောင် ကာကွယ်ပေးရန် ဆုတောင်းလိုက်သည်။
သူမက ထိုသို့ဆုတောင်းပြီးသည်နှင့် သူမ၏ ခေါင်းထိပ်မှ အလွန်စူးရှသည့် မျက်ဝန်းတစ်စုံကို ခံစားလိုက်ရသည်။
နင်မုန့်က မော့မကြည့်ရဲချေ။ သည်အတိုင်း ထိုခံစားချက် ပျောက်ကွယ်သွားသည်အထိ စောင့်နေလိုက်သည်။ ထို့နောက်မှသာ သက်ပြင်းချနိုင်တော့သည်။ သူမက တဖြည်းဖြည်းချင်း ခေါင်းလှည့်လိုက်သောအခါ တိုင်ဆိုင်စွာဖြင့် တစ်ဖက်လှည့်လာသော ရှီချီနှင့် မျက်လုံးချင်း ဆုံသွားသည်။
"မင်းက ဒီလို ဂါရဝပြုလိုက်တော့ ရှီမိသားစုဝင် ဖြစ်သွားပြီ"
သူက ပြောသည်။
နင်မုန့် "..."
သူမက မျက်နှာကို လှည့်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်သည်။
"ငါ နင့်ရဲ့အိမ်ထောင်စုစာရင်းမှာ ရေးထားပြီးသား မဟုတ်လား"
လက်ရှိသူမက ထိုအိမ်ထောင်စုစာရင်းကိုလည်း မပြောင်းနိုင်ချေ။ ထို့ကြောင့် လက်ရှိနောက်ခံကိုသာ လက်ခံရုံသာ ရှိတော့သည်။ မည်သို့ပင် ဆိုစေ ချန်းရှန်းဝေကလွဲပြီး မည်သူကမှလည်း သူမက သူ၏ဇနီးဖြစ်ကြောင်းကို မသိထားသေးချေ။
ရှီချီက သဘောတကျ ကြည့်လာသည်။
"မင်း ဝန်ခံရင် ပြီးတာပဲ"
နင်မုန့်က စိတ်ဆိုးသွားပြီး စကားမပြောတော့ချေ။ ထို့နောက် သူတို့နှစ်ယောက်က ဘေးချင်းကပ်လျက် နေလျက် ထိုဘိုးဘေးခန်းမထဲမှ ထွက်လာပြီး စံအိမ်သို့ ပြန်သည်။ ထိုနေရာတွင် အချိန်အတော်ကြာ နေပြီးနောက် စံအိမ်က သူမနှင့် အသင့်တော်ဆုံးဟုပင် ခံစားနေရလေသည်။
သို့ရာတွင် ရှီချီကမူ သူမကို သခင်မကြီး၏ အခန်းထဲတွင် နေခွင့်မပြုတော့ပေ။ ထိုအစား သူ၏ ဘေးခန်းကို ပေးလာသည်။ ထို့အပြင် နှစ်ခန်းလုံး၏ လေသာဆောင်က ဆက်နေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမက နေရာတစ်ခု ရလိုက်ခြင်း ဖြစ်လေရာ နင်မုန့်က သဘောမကျ မဖြစ်ချေ။
ဟိုဟိုဒီဒီ လျှောက်သွားကြည့်ပြီးနောက် သူမက စိတ်အခြေအနေ ကောင်းမွန်နေသေးသည်။ ခြံထောင့်တွင် ပန်းပင်ရေလောင်းနေသော လီချွမ်ကို မြင်သောအခါ နောက်ဆုံး တစ်စုံတစ်ရာကို သတိရသွားပြီး မေးလိုက်သည်။
"လီရှားက ဘယ်မှာလဲ"
သူမ၏အသံက အလွန်တိုးသက်နေခြင်း မရှိသဖြင့် လီချွမ်က ကြားလိုက်ရသည်။ သို့သော် ထိုနာမည်ကို ကြားလိုက်သည်နှင့် သူမ၏နှလုံးသားက အေးစက်သွားသလို ခံစားရပြီး နင်မုန့်ကို အဓိပ္ပာယ်အပြည့်ပါသော အကြည့်ဖြင့် ကြည့်လာသည်။ ထို့နောက် လက်ယမ်းပြီးနောက် ထိုနာမည်ကို မပြောရန် ဆုံးဖြတ်လိုက်သည်။
လွန်ခဲ့သော နှစ်၂၀အတောအတွင်း သူမက လီရှား၏နာမည်ကို ထည့်မပြောရဲခဲ့ချေ။
လီရှားက ရှီမိသားစုမှ တားမြစ်ထားသော နာမည်တစ်ခု ဖြစ်လာသည်။ အထူးသဖြင့် လွန်ခဲ့သော နှစ်နှစ်ဆယ်က ကိစ္စ ဖြစ်ပျက်ပြီးချိန်တွင် ဖြစ်သည်။ စံအိမ်ထဲမှ လူတစ်ယောက်က လီရှား၏နာမည်ကို မှားခေါ်မိသောအခါ နောက်ပိုင်းတွင် ထိုလူကို မည်သည့်အခါကမျှ ပြန်မတွေ့ရတော့ကြောင်းကိုပင် သတိထားမိသေးသည်။
သူမကိုယ်တိုင်ကပင် ထိုနာမည်ကို ထုတ်မပြောဝံ့သည်မှာ နှစ်၂၀ ကျော်သွားလေပြီ။ သူတို့ကြားမှ အကွာအဝေးကြောင့် နင်မုန့်ကလည်း တစ်ဖက်သူ၏ အဓိပ္ပာယ်အပြည့်ပါသော အကြည့်မျိုးကို ခံစားလိုက်ရသည်။ ထို့ကြောင့် ရှီချီကိုသာ နားမလည်သလို ကြည့်လိုက်သည်။ သေချာပေါက်ပင် ရှီချီက အေးစက်စွာ ပြောလာသည်။
"ခွေးကျွေးလိုက်ပြီ.."
ထိုစကားကို ကြားသောအခါ နင်မုန့်က တစ်ခဏခန့်အထိ ကြောင်သွားပြီး စကားမပြောနိုင်တော့ချေ။ သူ့စကားလုံးများထဲမှ အေးစက်မှုကြောင့် သူမက အေးစက်သွားရပြီး အခြေအနေကို နားမလည်နိုင်တော့ချေ။
လီချွမ်ကမူ နားလည်မှုအပြည့်ဖြင့် အခန်းထဲမှ ထွက်သွားပြီး သူတို့နှစ်ယောက်ကိုသာ ချန်ထားပေးခဲ့သည်။
နင်မုန့်က ရှီချီ၏စကားကို ထပ်ခါတလဲလဲ တွေးတောနေပြီးနောက် နောက်ဆုံးမှသာ ခန့်မှန်းလိုက်နိုင်သည်။ လီရှားက အမှန်တကယ်ပင် ခွေးကျွေးခံခဲ့ရသည်။ သူက ထိုအခြေအနေကိုပင် မည်သို့ ခံစားသင့်ကြောင်းကို နားမလည်နိုင်တော့ချေ။
ရှီချီ၏ စရိုက်နှင့် ဆိုလျှင် ထိုသို့လုပ်ရသည့် အကြောင်းပြချက် ရှိပေလိမ့်မည်။ သူမနှင့် လီရှားတို့က သခင်မကြီး၏ဘဝတွင် ထိတွေ့ဆက်ဆံမှု ရှိခဲ့သည်။ သို့သော် နောက်ပိုင်း ပြန်မမြင်ခဲ့ရချေ။ ထို့နောက်ပိုင်း ဖြစ်ပျက်ခဲ့သော ကိစ္စအတွက်မူကား သူမက မသိတော့ချေ။ ကြည့်ရသည်မှာ ရှီချီက ထိုသို့ဆုံးဖြတ်ချက် ချရလောက်အောင် ဖြစ်ပျက်ခဲ့သော ကိစ္စပေါင်းများစွာ ရှိလောက်သေးသည်။
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ရှီချီက နောက်ဆုံးတွင် ပြောသည်။
"မင်း ကြောက်သွားတာလား"
နင်မုန့်က ခေါင်းခါသည်။
"မဟုတ်ဘူး.. ဒီအတိုင်း ဘာဖြစ်ခဲ့လဲ ဆိုတာကို ငါ သိချင်နေတာ"
လီချွမ်နှင့် လီရှားတို့က ရှီမိသားစုထံ တစ်ပြိုင်တည်း ရောက်လာကြပြီး သင်ကြားပေးခံရသည်။ လီရှားကသာ သူတို့၏စံအိမ်သို့ မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ခြင်း ဆိုလျှင် တစ်စုံတစ်ယောက်က ကြိုတင်ကြံစည်ထားသည်မှာ ကြာလောက်ချေပြီ။
ရှီရှန်းချင်း၏ အဖြစ်အပျက်ကို ပြန်တွေးမိတော့ ဖြစ်နိုင်ချေတစ်ခုက သိသာထင်ရှားလာရသည်။
ရှီချီ၏အကြည့်များက လေးနက်သွားပြီး အသံကမူ နူးညံ့သွားသည်။ သို့သော် ထိုနူးညံ့သော အသံကပင် ရှင်းပြရခက်ခဲလောက်အောင် သုန်မှုန်နေသည်။
"မင်း သိဖို့ မလိုဘူး"
သူက သူမကို ဒီလို အရာမျိုးကို ဘယ်လိုမျိုး သိခွင့်ပေးရမှာလဲ။
နင်မုန့်ကလည်း သူက အမြဲတစေ ခေါင်းမာတတ်ကြောင်းကို နားလည်ထားသည်။ ထို့အပြင် ထိုကိစ္စက သူမနှင့်ပင် ဆက်စပ်နေလောက်သည်။
အတွေးတစ်ခုက သူမ၏ ခေါင်းအတွင်းသို့ ဝင်လာသည်။ ရုတ်တရက် သူမ စံအိမ်မှ ထွက်သွားခဲ့စဉ်က အဖြစ်အပျက်ကို သတိရလိုက်သည်။ ထိုစဉ်က သူမကလွဲပြီး လီချွမ်နှင့် လီရှားကသာ ဒီစံအိမ်တွင် ရှိသည်။ ကျန်သောသူများက အနက်ရောင်ဝတ်စုံနှင့် လူများသာလျှင် ဖြစ်သည်။
လူသတ်သမားက အလွယ်တကူ ဝင်လာခဲ့ပြီး သူမကို သတ်နိုင်ရန်အတွက် အတွင်းမှ လူတစ်ယောက်၏ အထောက်အပံ့ လိုအပ်လောက်လေသည်။ ထိုသူက လီရှားပင် ဖြစ်နိုင်သည်။ သူမက တွေးလေလေ ထိုသို့ဖြစ်နိုင်လေလေဟု ခံစားရလေလေ ဖြစ်လာသည်။ မဟုတ်လျှင် ခွေးကျွေးခံရစရာ အကြောင်း မရှိချေ။
ရှီချီ၏ တွေးတောစဉ်းစားနိုင်စွမ်းနှင့် ဆိုလျှင် တစ်ဖက်သူက အမှားတစ်ခုခု လုပ်လိုက်မိ၍ ပေါ်သွားခြင်း ဖြစ်လောက်သည်။
နင်မုန့်က ဆက်မမေးတော့ဘဲ ထိုကိစ္စကို စိတ်ထဲတွင်သာ သိမ်းထားလိုက်သည်။ နောက်တစ်ရက်တွင် ဝေ့ပေါ်ပေါ်တွင် ယင်တစ္ဆေလမ်းမှ သတင်းများက တက်လာသည်။
ချန်းရှန်းဝေက အထူးတလည် သတင်းစာရှင်းလင်းပွဲ ကျင်းပကာ ခမ်းခမ်းနားနား ကြေညာချက် ထုတ်ခဲ့သည်။ ရဲများ၏ အကူအညီဖြင့် သူက အများပြည်သူက သူ့ကို ယုံကြည်အောင် အယုံသွင်းနိုင်ခဲ့သည်။ သို့တိုင်အောင် သူဝယ်ခဲ့သော နယ်မြေကမူ သက်ရောက်ခံနေရသေးသည်။
မည်သို့ပင်ဆိုစေ။ ထိုနေရာက လူသေထားသော နေရာတစ်ခု ဖြစ်နေသည်။ သူက မည်သို့ပင် တွေးတောစေကာမူ ချောက်ချားဖွယ် ကောင်းနေပေလိမ့်မည်။ ကံကောင်းစွာဖြင့် ကစားကွင်းသာ တည်ဆောက်တော့မည် ဖြစ်ပြီး အိမ်ယာတည်ဆောက်မည် မဟုတ်ပေ။ မဟုတ်လျှင် မည်သူကမျှ လာနေရဲမည် မဟုတ်ချေ။ လိုက်လံရှာဖွေ ကြည့်ရှုနေပြီးနောက် နင်မုန့်က ဖုန်းကို ပြန်သိမ်းလိုက်သည်။
ချန်းရှန်းဝေက နှစ်ပေါင်းများစွာ ကြာအောင် အိမ်ခြံမြေနယ်ပယ်တွင် ကျင်လည်ခဲ့ခြင်း ဖြစ်လေရာ ဒီလို မတော်တဆမှု ဖြစ်ရပ်များကိုလည်း အတွေ့အကြုံ ရှိထားပြီးသား ဖြစ်လေသည်။ ထို့ကြောင့် သူက မည်သို့ ကိုင်တွယ်မည် ဆိုသော ကိစ္စကို စိုးရိမ်ပေးရန် မလိုအပ်ချေ။ သူကလည်း ဖြစ်လာနိုင်သော ကိစ္စများကို ကိုင်တွယ်ရန် လုံလောက်သည့်အင်အား ရှိနေသေးလေသည်။
စားပွဲပေါ်တွင် စက္ကူအရုပ်လေးများက အကောင်းဆုံး ကြိုးစားပြီး ခဲတံကို ကိုင်ကာ လျှောက်လုပ်ရန် ကြိုးစားနေသေးသည်။ ယခင်နှစ်ရက်အတွင်း နင်မုန့်အနေဖြင့် ထိုနှစ်ကောင်က ခဲတံကို ဘယ်ညာကိုင်ပြီး စားပွဲပေါ်တွင် လျှောက်ရွေ့နေတတ်သလို ယခုဆိုလျှင် နောက်ပြန်ပင် ရွေ့နိုင်နေပြီဖြစ်သည်။ နေ့ရက်တိုင်းလိုလို သူတို့က တူညီသော ကိစ္စကို မပျင်းမရိဘဲ လုပ်နေကြသည်။
နင်မုန့်က ဘောပင်တစ်ချောင်းကို ထုတ်ပြီးနောက် အနီရောင်စက္ကူရုပ်လေးကိုယ်ကို အစွန်းထားဖြင့် တွန်းလိုက်သည်။ သူမက အနည်းငယ် အားထည့်လိုက်မိခြင်းအား သတိမထားမိခဲ့ချေ။ ထို့ကြောင့် စက္ကူရုပ်လေးကို တစ်ချက်တွန်းရုံဖြင့် လဲကျသွားစေခဲ့သည်။
"အား.. တောင်းပန်ပါတယ် တောင်းပန်ပါတယ်"
သူမက လျင်လျင်မြန်မြန် တောင်းပန်လိုက်သည်။ အနီရောင်စက္ကူရုပ်လေးက ဖင်ထိုင်လျက် လဲကျသွားပြီးနောက် ခဲတံကို လွှတ်လိုက်ကာ မကျေမနပ် ဖြစ်သွားသည်။ ထို့နောက် သူမကို ကျောပေးသွားပြီး လျစ်လျူရှုတော့မည့် အမူအရာမျိုးကို ပြလာသည်။
အစိမ်းရောင်စက္ကူရုပ်လေးကမူ အလွန်ပျော်နေသည်။ သူမက ဝတ်စုံသေးသေးလေးကို တစ်ပတ်လှည့်လာစေပြီး နင်မုန့်၏ လက်ညှိုးကို လာဖက်ကာ ပွတ်သပ်နေတော့သည်။ သူကသာ စကားပြောနိုင်လျှင် အလွန်စကားများနေလောက်သည်။
နင်မုန့်က သူတို့နှင့် အချိန်အတန်ကြာ ကစားနေလိုက်ပြီး နောက်ဆုံးမှသာ သူတို့က ခဲတံသယ်မည့်အရေးကို မနှောင့်ယှက်တော့ဘဲ အောက်ထပ်သို့ ပြန်ဆင်းလာလိုက်သည်။ ဧည့်ခန်းထဲတွင် လီချွမ်က ဖုန်းကြည့်ရင်း ထိုင်နေသည်။
သူမက အောက်ဆင်းလာသောကြောင့် လှေကားတွင် ဆူညံသံ ထွက်လာလောက်သော်လည်း လီချွမ်က သတိမထားမိလေဘဲ ဖုန်းကိုသာ ဆက်ကြည့်နေသည်။ နင်မုန့်က မနေနိုင်ဘဲ သိချင်သွားရသည်။
"ဘာတွေ ဒီလောက်အာရုံစိုက်နေတာလဲ"
လီချွမ်က အလျင်စလို လှည့်ကြည့်လာပြီး သူမကို မြင်သောအခါ ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။
"သခင်မ.."
"..."
ရှီချီက သူမကို ဘိုးဘေးခန်းမသို့ ခေါ်သွားသည် ဆိုသော သတင်းက ပြန့်သွားပြီးကတည်းက သည်နေရာရှိ လူတိုင်းက သူမကို တုံ့ဆိုင်းခြင်းမရှိဘဲ သခင်မဟုသာ ခေါ်ကြသည်။ သူမက သူတို့၏စကားကို ငြင်းရန် သင့်လျော်သော သက်သေကိုလည်း မထုတ်ပေးနိုင်ခဲ့ချေ။
မည်သို့ပင် ဆိုစေ အိမ်ထောင်စုစာရင်းရှိ ဒုတိယစာမျက်နှာမှ လူတစ်ယောက် ဖြစ်သည့်အလျောက် သူမနှင့်အိမ်ထောင်စုခေါင်းဆောင်၏ ဆက်ဆံရေးကို လူတိုင်းက သတိထားမိပြီးသား ဖြစ်သည်။ ထို့အပြင် ပေါ်တင်ရေးချထားပြီး သက်သေအဖြစ် ရှိနေလေရာ သူမ ငြင်းဆန်၍ မရတော့ချေ။ အဆုံးတွင် သူမ ဒီအတိုင်း လွှတ်ထားပေးလိုက်ရသည်။ လီချွမ်ကမူ သတိထားမိဟန် မပေါ်ပဲ ရှင်းပြလာသည်။
"ကျွန်မ သတင်းတစ်ခု တွေ့လို့ ဝင်ဖတ်ကြည့်နေတာပါ.. အပြင်ဘက်မှာ လူရိုင်းတွေ ပေါ်လာပြီး လူတွေကို လိုက်ကိုက်နေတယ်လို့ ကြားတယ်"
"လူရိုင်း ဟုတ်လား"
နင်မုန့်က သိချင်သွားသည်။
"မြို့လည်ခေါင်မှာ လူတွေကို လိုက်ကိုက်နေတဲ့ လူရိုင်း ဟုတ်လား"
လက်ရှိအချိန်တွင် အကျော်ကြားဆုံး လူရိုင်းများက မဖွံ့ဖြိုးသော တောင်တန်းနှင့် တောအုပ်များတွင် နေထိုင်ကြသူများ ဖြစ်သည်။ ရုတ်တရက် သူတို့က မြို့ကြီးသို့ တက်လာသည်။ လီချွမ်က ခေါင်းညိတ်ပြီးနောက် ဖန်သားပြင်ကို ပြသည်။
"ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ အချို့လူတွေ အားလုံးက ညလယ်ခေါင်မှာတင် ဆေးရုံကို အပို့ခံလိုက်ရပါတယ်။ သူတို့အားလုံးကို သီးသန့်ကြပ်မတ်ဆောင်မှာ ကုသနေရပါတယ်"
မြင်နေရသောပုံက သူမ ပြောခဲ့သည့်အတိုင်း ဖြစ်သည်။ လီချွမ်ကမူ အများကြီး မပြောရဲချေ။ မည်သို့ပင် ဆိုစေ သခင်မလေးက အလွန်ကြောက်ရွံ့တတ်သော ပုံစံမျိုးလေးနှင့် တူသည်။ သူမက ကြောက်သွားလျှင် ဒုက္ခများပေလိမ့်မည်။ သူမက အကျိုးဆက်ကို မခံရဲချေ။
သခင်မ...
ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ။
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။