ကိုကိုက ဒီလိုပဲ အလွယ်တကူ ငါ့ကို စွန့်ပစ်လိုက်တယ်
မွေးနေ့မှာ မေတ္တာတွေနဲ့ လွှမ်းခြုံပေးလိုက်ပြီမို့ ချစ်ရတဲ့ ကိုကိုပန်းလေးက တစ်နှစ်ပတ်လုံးနွေးထွေးပါစေ။
တိတ်တဆိတ်ထည့်ထားတဲ့ စာတစ်စောင်နဲ့ ဓာတ်ပုံကလေးဟာ သူ့ဟာသူပဲ နေရာတကျ ရှိနေခဲ့သည်။ လွမ်းနွေက နှစ်ယောက်တွဲဓာတ်ပုံကလေးနဲ့ စာတစ်စောင်ကို အချိန်အတော်ကြာအောင် လက်ထဲက မချနိုင်ဖြစ်နေလေတော့၏။
အချိန်တိုအတွင်းမှာ ဘယ်နားက ပေါက်ဖွားလာခဲ့မှန်းမသိသည့် မေတ္တာရေစီးဆင်းမှုသည် သူ့သွေးကြောတွေထဲအထိ စုန်ချည်၊ ဆန်ချည် နယ်လှည့်နေတော့သည်။
အန်ဒရီ့ကို သူလည်း မေတ္တာရှိပါသည်။ မဖြစ်နိုင်သည့် အရာဟု ဦးနှောက်ကလက်ကိုင်စွဲထားရင်းနှင့်ပင် သူ့နှလုံးသားက အန်ဒရီ့ရဲ့ မေတ္တာတွေကို တုံ့ပြန်လိုက်နှင့်ပြီးလေပြီ။
ဘယ်အချိန်က စတင်ခဲ့လဲ သူမသိ။ အန်ဒရီ့ဘက်က မစတင်ခင် .. စတွေ့စဉ်အခါကတည်းက ပိတောက်ခြောက်ရောင် မျက်ဝန်းတွေနဲ့တင် သူ ပိတ်မိသွားခဲ့တာလား။
မလူးသာ မလွန့်သာ အလူးအလဲ တွေဝေပြီးတဲ့အခါမှာတော့ လွမ်းနွေက ပိုလို့ မဖြစ်သင့်ခြင်းတွေကို ရှာတွေ့လိုက်ရ၏။ မေမေ၊ ပြီးတော့ အန်ဒရီ့ရဲ့ မိဘအသိုင်းအဝိုင်း ဒါဟာ ပတ်ဝန်းကျင်မဟုတ်သည့် သူတို့အရင်ဆုံး ထိတွေ့ရမည့်အရာ။ ပြီးတော့ သူကျင်လည်နေရသည့် အသိုင်းအဝိုင်း။ မေမေက သူ့ကို ဘယ်လောက်ထိ ဆရာကောင်းတစ်ယောက်ဖြစ်စေချင်လိုက်သလဲ။ သူ့တစ်ဘဝလုံးအတွက် လွမ်းနွေကို ပုံအပ်ထားခဲ့သော မိခင်တစ်ယောက်။ အန်ဒရီနဲ့ လဲလှယ်ရမည့် ပမာဏဟာ သူ့ဘဝတစ်လျှောက်လုံးနဲ့ မိခင်ဖြစ်သူ၏ မျှော်လင့်ချက်တွေ။
အန်ဒရီဟာ အခုမှ ဆယ်ကျော်သက်ကလေးဖြစ်သည်။ အချစ်ကို ကစားကောင်းကစားနိုင်သည့် အရွယ်ကလေး။ နောက်ကြုံလာရအုံးမယ့် လောကကြီးမှာ အသစ်အသစ်တွေ့လာရအုံးမယ့် လူမှုဆက်ဆံရေးတွေ၊ ဘဝတွေ၊ ရွယ်တူ ရောင်စုံကာလာကလေးတွေ ဒါတွေကိုရော အန်ဒရီ့က သူ့ရဲ့ ကတိတစ်လုံးနဲ့ လဲလှယ်နိုင်ပါ့မလား။ ရောင်စုံကာလာ ပန်းကလေးတွေနဲ့ ဆုံတဲ့အခါ သူကတော့ အန်ဒရီ့ကို အဝါရောင် ပျော်ရွှင်မှုလေးသာ ပေးနိုင်သည့် ခပ်တုံးတုံးလူအ တစ်ယောက်အဖြစ် ကျန်ခဲ့နိုင်သည်။
ကိုကို .. ကျွန်တော့်ကို ချစ်တယ်၊ ဒါပေမယ့် မပြောရဲရင် ကိုကို ပြောပြရဖို့ ရှက်နေရင် ဒီပုံလေးကို ကိုကို့ စားပွဲမှာ တင်ထားလိုက်ရုံပဲ။ ဒါဆို ကျွန်တော် နားလည်ပြီ။
ကလေးတစ်ယောက်နဲ့ ပြဇာတ်တစ်ပုဒ်ကို ဘယ်သူကရော ဘဝတစ်ခုလုံးနဲ့ အလဲအထပ်လုပ်နိုင်လိမ့်မလဲ ..
လွမ်းနွေဟာ အန်ဒရီနဲ့ သူ့ရဲ့ ဓာတ်ပုံကလေးကို ဖွဖွလေးပွတ်သပ်လိုက်ရင်း .. အံဆွဲထဲသို့ ထည့်သိမ်းလိုက်၏။ အရာအားလုံးကို အခုလိုမျိုး ခပ်လွယ်လွယ် သိမ်းထုပ်ထားလို့ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။
အန်ဒရီ့ရဲ့ အချစ်တွေရော .. ငါ့ရဲ့အချစ်တွေရော အချိန်တွေရပ်တန့်နိုင်မယ့် နေရာတစ်ခုမှာ သိမ်းထုပ်ထားလိုက်ချင်သည်။ ဒါဟာ ငါ့ရဲ့ အန်ဒရီနဲ့ပတ်သက်လို့ လွမ်းနွေရဲ့ နောက်ဆုံးဆန္ဒ။
- - -
အချိန်တွေဟာ တဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့လေသည်။
"ကိုကို .. အဲ့တာ ဘာသဘောလဲ"
"ငါ မင်းကို မချစ်နိုင်ဘူး အန်ဒရီ။ ဒါက ငါ့ရဲ့ အဖြေပဲ"
ခြံထဲက ပန်းတွေဟာ အရင်လို မမွှေးတော့ဘူး။ ရေလောင်းနေတဲ့ လွမ်းနွေရဲ့ လက်တွေဟာ အနည်းငယ် တုန်ယင်လို့နေသည်။
နောက်ကျောပေးထားသည့် အန်ဒရီမှာ ဘယ်လိုဘယ်ပုံဖြစ်နေမှန်း လွမ်းနွေ မခန့်မှန်းတတ်ပေ။ ငိုတတ်တဲ့ ကလေးလေးလား .. အရမ်းနာကျင်သွားမလား။
ဒါမှမဟုတ် ဂရုမစိုက်တဲ့ ပုံစံနဲ့ လူကို မုန်းသွားလေမလား။
ထိုသို့ တွေးမိလေတော့ လွမ်းနွေဟာ နှလုံးသားထဲက စူးနင့်စွာ နာကျင်လာရတော့သည်။ လွမ်းနွေက အသက်ကို ဖွဖွလေး ရှူလိုက်ရင်း ..
"ဘယ်အချိန် အိမ်ပြန်မယ်လို့ တွေးထားလဲ"
"ကိုကို .."
အန်ဒရီ့ရဲ့ အသံတိုးတိုးဟာ လွမ်းနွေရဲ့ နား၊နားမှာ ကပ်ကပ်လေး ဝေ့ဝဲလို့သွားလေသည်။
"ငါ အိမ်မပြန်ချင်ဘူး"
လွမ်းနွေဟာ မျက်လုံးတွေကို စုံမှိတ်ပစ်လိုက်မိတော့သည်။
"ဧည့်သည်ဆိုတာ .. အိမ်ပြန်ရမှာပဲလေ အန်ဒရီ"
အန်ဒရီဟာ ဘာတစ်ခွန်းမှ မဆိုဘဲ လွမ်းနွေရဲ့ အနားမှ ထွက်သွားလေတော့၏။
ခြေသံဖွဖွကို နားစိုက်ထောင်းရင်း ခပ်ဝေးဝေးရောက်သွားတဲ့အခါ ကြိုတင်ပြင်ဆင်ထားခဲ့ပါသော်လည်း နာကျင်ရတဲ့နှလုံးသားလေးဟာ ရပ်တည်နေဖို့အတွက် ခံနိုင်ရည်မရှိတော့သလိုမျိုး လွမ်းနွေက ထိုနေရာမှာတင် ဆောင့်ကြောင့်ထိုင်ချလိုက်မိတော့သည်။
ငွေ့ရည်ဖွဲ့နေသည့် မျက်ဝန်းတွေဟာ ပိုင်ရှင်ရဲ့ အထိန်းမရတော့သလိုမျိုး တစ်လိမ့်လိမ့်စီးဆင်းလာခဲ့လေတော့၏။
ပင်ပန်းလွန်းတယ် အန်ဒရီ။ ငါဘယ်လိုလုပ်ရမလဲ။