နာရီအနည်းငယ်ကြာပြီးနောက် မေမေနှင့်တီတီယမင်းတို့ စျေးကပြန်လာကြသည် ။ အထုတ်တွေအများကြီးကိုင်ပြီးဝင်လာကြသဖြင့် အကြင်နာနှင့် တီချယ်ထကာ ဝိုင်းကူသယ်ပေးသည် ။
" အယ် အများကြီးပဲအစ်မရယ် "
" ဟုတ်တယ် ။ နောက်ရက်တွေအတွက်ပါ ကြိုဝယ်ခဲ့လိုက်တာ "
မေမေက ဧည့်ခန်းမှာခဏနေပြီး အမောဖြေနေသည် ။ တီတီယမင်း နှင့် အကြင်နာတို့ကတော့ မီးဖိုချောင်ထဲ ပစ္စည်များကိုနေရာချနေသည် ။
" ခက်ဝါ ... ထိုင်နေပါညီမရယ် "
မေမေက အမောပြေပြီထင်ပါရဲ့ မီးဖိုချောင်ထဲ ဝင်လာပြီး ဝိုင်းကူလုပ်ပေးနေတဲ့ တီချယ့်ကို ပြောသည် ။
" ဟင်းမချက်ရရင်တောင် ခက်ဝါဘေးကနေဝိုင်းကူချင်တယ် အစ်မရဲ့ "
တီချယ်က တကယ်အားနာ နေပုံရသည် ။ အကြင်နာ သည် မေမေနှင့် တီချယ့်ကို ကြည့်ကာ ပြုံးနေလိုက်သည် ။ မီးဖိုချောင်ထဲမှာ အကုန်လုံးက သူ့အလုပ်နှင့်သူဖြစ်ပြီး အကြင်နာ ကူစရာမလိုသောကြောင့် ဧည့်ခန်းထဲ သို့ထွက်လာလိုက်သည် ။
ဆိုဖာပေါ်ထိုင်ကာ ဖုန်းသုံးနေလိုက်ပြီး နာရီအနည်းငယ်ကြာမှ တီချယ်လှမ်းခေါ်သည့် အသံကို ကြား၍ ဖုန်းချလိုက်ပြီး မီးဖိုချောင်ထဲ ဝင်သွားလိုက်သည် ။
" ပန်းကန်တွေ ကူသယ်ပြီးစားပွဲပေါ်ချပေးဦး အကြင်နာ "
" ပြီးသွားတာမြန်လိုက်တာ "
မီးဖိုချောင်ဝင်တာသုံးယောက် ဖြစ်နေလို့ထင်ပါရဲ့ အရင်ကထက် မြန်ဆိုစွာပြီးသည် ။ အကြင်နာသည် တီချယ် ကမ်းပေးသောပန်းကန်များကို ထမင်းစား စားပွဲပေါ်သို့ တစ်ခုချင်းဆီချလိုက်သည် ။
အာလုံးပြီးစီးသွားတော့ အကုန်လုံးနေရာယူလိုက်ကြပြီး ညနေစာ စတင်ပြီးသုံးဆောင်သည် ။ ဖေဖေမရှိပဲ အကုန်လုံး မိန်းမသားတွေပဲမို့ စကားတစ်ပြောပြောဖြင့် ။ ဒါနဲ့တင် ညနေစာ စားတာကြာသွားခဲ့သည် ။
ညစာ စားပြီးသည့်နောက်တွင် အကြင်နာ ပန်းကန်ဆေးသည် ဆိုပေမယ့်တီတီယမင်းလာကူပေးသည် ။
တီချယ်ကပြန်တော့မှာမို့ မေမေနှင့် ဧည့်ခန်းတွင် စကားပြောလျက်ရှိသည် ။ တီတီယမင်းအကူကြောင့် မြန်မြန်ဆန်ဆန်ပြီးသွားခဲ့သည် ။
" တီချယ့်ကို အကြင်နာပဲပြန်လိုက်ပို့တော့မယ် "
နဲနဲလဲ မှောင်နေတာဖြစ်ပြီး လူပြတ်လို့တစ်ယောက်ထဲပြန်ခိုင်းဖို့ အကြင်နာစိတ်မချနိုင်ပါ ။ တီတီယမင်းကားကို ငှားလိုက်ပြီး တီချယ့်ကို အကြင်နာကိုယ်တိုင် လိုက်ပို့တော့သည် ။
" တို့ကမင်းအိမ်ကိုပြန်ပို့ပါတယ်ဆို မင်းကတို့ကိုပြန်လိုက်ပို့ပေးနေတယ် "
ကားပေါ်တွင် တီချယ်က စကားစလာသည် ။ ရွတ်နောက်နောက် ပြောတဲ့တီချယ့်ကြောင့် ရယ်လိုက်သည် ။
" စိတ်မချလို့လေ ... လူတွေဒီလောက်ပြတ်နေတာကို ။ "
" ပိုကိုပိုပါတယ်လေ "
ကားမောင်းနေလို့သာ မဟုတ်ရင် အကြင်နာ့နှုတ်ခမ်း တီချယ့်ပါးပြင်ဆီရောက်တော့မည် ။
" မနက်ဖြန်အကြင်နာအိမ်ကိုလာမယ်သိလား ။ စောစောလေး လာခဲ့မှာ "
" မင်းကလေ အိမ်ကိုမကပ်ဘူး ။ အစ်မကပြောတော့မှာပဲ "
" မေမေကမပြောပါဘူး ။ အရင်ထဲက အကြင်နာက အိမ်မကပ်တာ သူသိပါတယ် တီချယ်ရဲ့ "
ကားမောင်းရင်း တီချယ့်ကိုကြည့်တော့ သူမက အကြင်နာ့ကို မနိုင်ဘူးဆိုသည့် သဘောဖြင့် ကြည့်နေသည် ။ တီချယ်ရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာကို ကြည့်ပြီး ရယ်လိုက်မိသည် ။ ဖြစ်နိုင်ရင် တီချယ့်အိမ်မှာသာအမြဲ နေလိုက်ချင်တော့ရဲ့ ။
" ကဲ ရောက်ပြီ "
အကြင်နာပြောပြီး ကားကိုတီချယ့်အိမ်ရှေ့တွင် ရပ်လိုက်သည် ။ အချိန်အားဖြင့် ၇နာရီခွဲလောက်ပဲရှိပါသေးသည် ။ လမ်းတွင် တိတ်ဆိတ်နေသည် ။ ဖြတ်သွားဖြတ်လာ လူလဲမရှိတာကြောင့် တစ်ယောက်ထဲ နေမည့် တီချယ့်ကို စိတ်ပူမိသည် ။
" တီချယ် အိပ်ရင် တံခါးတွေပါတွေ သေချာပိတ်အုံး ။ ပြတင်းပေါက်တွေကော ပိတ်ဖို့မမေ့နဲ့ဦးနော် "
" ဒေါ်အကြင်နာခွန်းရယ် ဒီလိုပဲနေလာတာကြာပြီ အခုမှဘာထဖြစ်ပြန်ရသလဲ "
" ဒီတစ်ယောက်လေးပဲရှိတာကို စိတ်ပူတာပေါ့ ... ပြီးတော့ ဒီခေတ်က သူခိုးတွေလည်းပေါတယ်လေ "
တီချယ်က အကြင်နာပြောတော့ သဘောတကျရယ်လေသည် ။ တီချယ်ပြုံးတာနှင့် အကြင်နာပါအလိုလိုပြုံးမိလိုက်သည် ။
" တကယ်ပါ ပိုကိုပိုတယ် ။ အခု အိမ်ထဲဝင်တော့မယ် ။ "
ကားခါးပတ်ဖြုတ်ပြီး ဆင်းဖို့ပြင်နေတဲ့ တီချယ့်လက်ကောက်ဝတ်ကို ကိုင်လိုက်သည် ။
" နေပါဦး ... အရမ်းလောနေတာပဲတီချယ်က "
" မနက်ဖြန်လဲတွေ့ရမှာပါ အကြင်နာရယ် "
မနက်ဖြန် တွေ့ရမှာမှန်ပေမယ့် တီချယ့်ကိုတွေ့ရတာ မဝသေးပါ ။ လွန်လွန်းတယ်လို့ပဲပြောပြောတစ်နေကုန်တွေ့ နေရတာတောင် မဝပါဘူး ။
" မနက်ဖြန်တွေ့ရမှာတော့ ဟုတ်တယ်လေ ... ဒါမဲ့နဲနဲလောက် အတူတူရှိချင်သေးတာကို "
" အခုကမှောင်နေပြီလေမင်းရယ် ။ မနက်ဖြန်တို့ဆီစောစောလာခဲ့ ဟုတ်ပြီလား ။ အခုတော့ အိမ်ပြန်တော့နော် "
အကြင်နာ့ကို ဖျောင်းဖျသည့်အသံဖြင့် ပြောသည် ။ ဒီလို အသံဖြင့်ပြောနေမှတော့ အကြင်နာမနာခံပဲမနေနိုင်တော့ပါဘူး ။
" ဒါဆိုလဲ မနက်အကြင်နာစောစောလာခဲ့မယ် ။ အခုတစ်ခုကျန်သေးတယ် "
" ဟင်..ဘာကျန်သေးတာလဲ "
" goodnight kiss ပေးဖို့ "
စပ်ဖြီးဖြီးရုပ်ဖြင့် လုပ်နေပြီး မရရင်ကားထဲက မထွက်ခိုင်းတော့မည့်ပုံစံလုပ်နေသော အကြင်နာ့ကို ခက်ဝါထုရိုက်ချင်တော့သည် ။
၅စက္ကန့်လောက်တိတ်နေတဲ့ တီချယ်က ချက်ချင်းအကြင်နာ့ပါးကို ရွှတ်ခနဲ နမ်း၍ ကားပေါ်ကဆင်းသွားသည် ။ အကြင်နာ့ကို နမ်းပြီး ရှက်သွားသော တီချယ့်ပါးနီနီလေးအား အကြင်နာတွေ့လိုက်ပါသေးသည် ။
ကားမှန်ကို ချလိုက်ပြီး ခြံတံခါးဖွင့်နေတဲ့ တီချယ်ကို လှမ်းပြောလိုက်သည် ။
" တီချယ်ရေရှက်မနေပါနဲ့တော့ ခရမ်းချဥ်သီးဖြစ်တော့မယ် ။ goodnight ပါနော် ... အရမ်းချစ်တယ် ။ "
အကြင်နာ့ကိုဘာမှမပြောပဲ ခြံတံခါးပိတ်ပြီး အိမ်ထဲခပ်သုတ်သုတ်ဝင်သွားသည့် တီချယ် ။ ဒီလောက်ဆို ဒေါ်ပန်းခက်ဝါတို့ အရမ်းရှက်နေပြီဆိုတာ သေချာ၏ ။ အကြင်နာကိုယ့်ဘာသာကိုယ်တွေးကာ ရယ်ပြီး ကားစက်နှိုး၍ အိမ်ကို ပြန်လာခဲ့လိုက်တော့သည် ။
***
မနက် ၆နာရီထဲက အကြင်နာ နိုးနေလျက်ရှိသည် ။ စောစောထကာ လန်းသွားအောင် ရေအရင်ချိုးလိုက်သည် ။ ၇နာရီလောက် အိမ်ကထွက်ပြီး မနက်စာ
တီချယ်နှင့် အတူစားချင်သော်လည်း စောသောကြောင့် မေမေတို့ သံသယဝင်မှာလည်းဆိုးရသေးသည် ။
အခန်းထဲမှာပဲ ခဏလောက်ဖုန်းသုံးနေလိုက်သည် ။ ဖုန်းသုံးရင် အချိန်တွေက တကယ်ကိုမြန်ဆန်လျက်ရှိသည် ။ ၇နာရီခွဲကျော်သွားတော့ အခန်းထဲက ထွက်ပြီး အောက်ထပ်သို့ ဆင်းခဲ့လိုက်သည် ။ မနက်စာ စားနေတဲ့ မေမေက အကြင်နာ့ကိုမြင်တော့ လှမ်းပြောသည် ။
" အကြင်နာ မနက်စာမစားဘူးလား ။ အစောကြီး ဘယ်သွားမလို့လဲ "
" အကြင်နာ သူငယ်ချင်းနဲ့ ချိန်းထားတာလေး ရှိလို့လေ ။ အဲ့တာ ဟိုရောက်မှ သူငယ်ချင်းနဲ့ပဲ စားလိုက်တော့မယ်နော် ။ အခုတော့ သွားတော့မယ် မေမေ "
ခပ်သုတ်သုတ် အိမ်ထဲက လျင်မြန်စွာထွက်လာခဲ့လိုက်သည် ။ တီချယ့်အိမ်လို ပြောလိုက်ရင်လည်း ခဏခဏ သွားနေလို့ တစ်မျိုးထင်သွားမှာ ဆိုးသည် ။ လမ်းပေါ်ရောက်မှပဲ သက်ပြင်းချပြီး လေပူများ မှုတ်ထုတ်လိုက်သည် ။
" ဟူးး .. မလွယ်ပါလားနော် "
တစ်ယောက်ထဲရေရွတ်ကာ တီချယ့်အိမ်သို့ ဦးတည်သွားလိုက်သည် ။ ဒီအချိန်လောက်ဆို တီချယ်လဲ မနက်စာ စားပြီးလောက်ရောပေါ့ ။ တီချယ်အိမ်ရှေ့ရောက်တော့ ဘဲလ်ကို တီးလိုက်သည် ။
အိမ်ထဲကထွက်လာသည့် တီချယ်ကို ကြည့်ရင်း အကြင်နာ အကြည်မလွဲနိုင်တော့ပေ ။ တီချယ်သည် အဖြူရောင်အင်္ကျီကိုမှ ခါးရှည်ဖြစ်ပြီး တင်ပါးဖုံးသည် ။ ထမိန်ကို မိုးပြာရောင်လေးဝတ်ထားသည် ။ ဆံပင်ကိုလည်း အကုန်စုစည်းထားသော်လည်း အချို့ဆံပင်များကကျနေ၍ တီချယ်သည် ကပိုကရိုလေးဖြစ်နေသည် ။ တီချယ် ဝတ်ထားသည်မှာ ရိုးရှင်းသည်ဆိုပေမယ့် အကြင်နာအကြည့်မလွဲနိုင်ခဲ့တာ အမှန်ပင် ။
" တို့ကိုမမြင်ဖူးဘူးလား "
တီချယ်ပြောသည့် စကားကြောင့် အနဲငယ်ရှက်သွားတာတော့ အသေအချာပင် ။ တီချယ်သည် လှလွန်းသဖြင့် တကယ်ကို အကြာကြီး ကြည့်နေခဲ့မိသည် ။
" အရင် အိမ်ထဲဝင်ပါဦး မင်းရယ် ။ ငေးနေတာ ခဏရပ် "
အကြင်နာသည် တီချယ်ပြောမှ အိမ်ထဲဝင်ဖို့ သတိရပြီး အိမ်ထဲ ဝင်လိုက်သည် ။ အိမ်ထဲ ရောက်တော့မှ တီချယ်က မနက်စာစားနေဆဲ ဖြစ်ကြောင်းသိရသည် ။
" အကြင်နာမင်းကောဘာစားခဲ့ပြီးပြီလဲ "
" ဘာမှမစားခဲ့ရဘူး ။ ဒီကို အပြေးလာခဲ့တာ "
" ဖြစ်ရမယ်မင်းကတော့ .. ထမင်းကြော်ပိုသေးလို့တော်သေးတယ် "
တီချယ်က ဒီနေ့ထမင်းကြော်ထားတယ်ထင်ပါရဲ့ ။ အကြင်နာ့ကို ထိုင်စေပြီး သူကထမင်းကြော်ထည့်ပေးနေလေသည် ။ ပန်းကန်ကို ရှေ့သို့ချပေးပြီး တီချယ်က မျက်နှာချင်းဆိုင်တွင် ထိုင်သည် ။
" တီချယ် အခုမှမနက်စာစားတော့ ထတာနောက်ကျတာလား "
" တို့ညကအိပ်မပျော်လို့ မနက်ထတာနောက်ကျသွားတာ "
မျက်နှာချင်းဆိုင်တွင် ထိုင်ပြီး မနက်စာစားရင်း ပြောနေသည့် တီချယ့်ကို စချင်လာသည် ။
" အကြင်နာ့အကြောင်းစဥ်စားလို့ အိပ်မရတာမို့လား "
" မင်းနော် ကလေးကလားနဲ့ "
" အဲ့ဆို တကယ်ဟုတ်လား ... အကြင်နာ့အကြောင်းစဥ်းစားနေလို့လား "
" စဥ်းစားစရာလားနော် အိပ်မပျော်လို့ဆို ။ တော်ပြီ အစားစားရင်း စကားမပြောနဲ့တော့ "
ထပ်ပြောရင် အကြင်နာနဲ့ စကားမပြောတော့မှာ ကြောက်သဖြင့် ပါးစပ်သာ ပိတ်နေလိုက်တော့သည် ။ မနက်စာ စားပြီးနောက်တွင် အကြင်နာ ဘယ်လို အချိန်ဖြုန်းရမလဲ စဥ်းစားနေသည် ။ တီချယ်က မီးဖိုချောင်ထဲက ထွက်မလာသေးသဖြင့် အကြင်နာ ဧည့်ခန်း ဆိုဖာပေါ်တွင် ထိုင်ပြီး ပျင်းနေသည် ။
" အကြင်နာ မပျင်းဘူးလား "
ပြောပြီးဘေးတွင်လာရောက်ထိုင်သည့် တီချယ် ။ အကြင်နာခေါင်းခါပြလိုက်သည် ။
" ပျင်းစရာကြီးကို "
" တီချယ်နဲ့ရှိရင် အကြင်နာ မပျင်းပါဘူး ။ ပျော်တောင်ပျော်သေးတာ "
ဆိုဖာကအကျယ်ကြီးဆိုပေမယ့် နှစ်ယောက်လုံးက ပူးကပ်နေသည် ။ အကြင်နာကတော့ ဒီလိုအခြေအနေမျိုးကို တကယ်သဘောကျသည် ။
" တီချယ် အကြင်နာစဥ်းစားနေတာ ... အကြင်နာနဲ့ တီချယ်ရဲ့ ဆက်ဆံရေးကို တစ်နေ့သိကြမှာပဲလေ ... သူတို့ သဘောမတူခဲ့ရင် တီချယ်အကြင်နာ့ကိုယုံပြီး အကြင်နာလက်ကိုကိုရဲရဲတွဲနိုင်မှာလား "
မဖြစ်လာသေးတဲ့အရာတွေဆိုပေမယ့် အကြင်နာတွေးပူမိသည် ။ ဖေဖေက ငယ်ငယ်ထဲက အကြင်နာ့စိတ်ကို သိလို့လက်ခံပေးနိုင်လောက်ပြီး မေမေ့စိတ်ကိုတော့ အကြင်နာ သေချာစွာမသိပါ ။
" ဒီကိစ္စ့က ဒီအသိုင်းအဝိုင်းကြားမှာ လက်မခံနိုင်လောက်တဲ့ အရာဆိုပေမယ့်လည်း တီချယ်မင်းလက်ကိုရဲရဲ တွဲနိုင်ပါတယ် ။ တီချယ် မင်းကိုပဲယုံကြည်တယ် အကြင်နာ "
နှစ်ယောက်လုံး လက်ကိုကိုင်ထားကာ တစ်ယောက်နှင့်တစ်ယောက် ကြည်နူးစရာမျက်ဝန်းများနှင့် အချင်းချင်း ကြည့်နေသည် ။
" ဘာတွေပဲဖြစ်လာဖြစ်လာ အကြင်နာ့လက်ကိုမဖြုတ်ပါနဲ့ တီချယ် ။ တီချယ်နဲ့ဆိုရင် အကြင်နာဘာမဆိုရင်ဆိုင်ရဲတယ် ။ အရမ်းချစ်တယ် တီချယ် "
" တို့လည်းမင်းကို အရမ်းချစ်တယ် "
တစ်ယောက်ကိုတစ်ယောက် ပြုံးလိုက်ကြပြီး နှစ်ယောက်လုံးရဲ့ မျက်နှာများက နှီးကပ်လာသည် ။ အကြင်နာသည်ရင်များ အဆမတန်ခုန်နေပြီး ခက်ဝါလည်း ထိုအတိုင်းပင် ။
အကြင်နာ၏ နှုတ်ခမ်းက ခက်ဝါ၏နှုတ်ခမ်းပေါ်သို့ ငြင်သာစွာ ကျရောက်လာသည် ။ တီချယ့်၏ လက်များသည် အကြင်နာ့၏ ပုခုံးပေါ်သို့ ရောက်လာသည် ။ နှစ်ယောက်လုံး အချိန်ကြာစွာ ထိုအခြေနေမျိုးအတိုင်း ရှိနေခဲ့ပြီး ထိုအချစ်နွံထဲကမည်သူမှ မရုန်းထွက်နိုင်ခဲ့ပါ ။
****