မူပိုင် [အတွဲ နှစ်]

By ANyo_097

14K 1.2K 73

❝ ကျုပ်က ကျုပ်အပိုင်ကို မတွေ့တွေ့အောင် ပြန်ရှာနိုင်တယ် ❞ More

မူပိုင်
အပိုင်း တစ်
အပိုင်း တစ်
အပိုင်း နှစ်
အပိုင်း နှစ်
အပိုငျး သုံး
အပိုင်း သုံး
အပိုင်း လေး
အပိုင်း ငါး (ဇာတ်သိမ်း)
အပိုင်း ငါး (ဇာတ်သိမ်း)

အပိုင်း လေး

1.2K 173 7
By ANyo_097

မူပိုင် အပိုင်း (၄) ။

ကြည့်မှန်အဝိုင်းထဲ ပုံရိပ်ပေါ်နေသော ကိုယ့်ကိုယ်ကို ငေးကြည့်ရင်း လည်ပင်းရှိ အရစ်လေးအား ခပ်ဖွဖွ ထိတွေ့နေမိသည်။ ဤအရစ်လေးသည် အချစ်၏ စွန့်စားခြင်း။

" ဒေါ်ဒေါ် "

" အလုပ်သွားတော့မှာလား ဒါလင် "

" အင်း ၊ အပြန်ကျ ငါးသံပုရာပေါင်း ဝယ်လာခဲ့မယ်နော်။ ပြီးတော့ အိမ်ကို မြန်မြန်ပြန်လာခဲ့မယ် "

" မြ စောင့်နေပါ့မယ် "

ဒေါ်မြရံခြယ်ရဲ့ နဖူးလေးကို ခပ်ဖွဖွ နမ်းပြီးနောက် အိမ်အောက်ထပ်သို့ မူပိုင် ဆင်းသွားလေသည်။ တစ်ဆက်တည်းမှာပဲ ဒေါ်မြရံခြယ် အခန်းထဲသို့ တီချယ် ဝင်လာခဲ့၏။

" ဒေါ်မြရံခြယ် "

" ဘာပြောဖို့လဲ မသိဘူး "

" ဒီကနေ ထွက်သွားပေးပါ "

" ဘယ်လို "

" ဘယ်အရပ်ကလာမှန်း မသိ ၊ ဘယ်လိုလူမှန်း မသိဘဲနဲ့ အိမ်ပေါ်ခေါ်တင်ထားဖို့ မလိုဘူး ထင်ပါတယ်။ ပိုင်လေးက အတိတ်ကနေ ရုန်းမထွန်နိုင်တဲ့သူမို့ ဘာမှမပြောပေမဲ့ အုပ်ထိန်းသူတစ်ယောက်ဖြစ်တဲ့ ကျွန်မကတော့ ပြောသင့်တာပြောရမှာပဲ "

" ဘယ်အရပ်ကလာမှန်း ၊ ဘယ်လိုလူမှန်းဆိုတာ မူပိုင်ကိုယ်တိုင်တောင် မမေးမြန်းတဲ့ ကိစ္စပါ။ အဲဒါကြောင့် ဘေးလူတွေကို ရှင်းပြနေဖို့ မလိုဘူး။ မြ ပြောတာကို နားလည်မယ် ထင်ပါရဲ့ "

" ကိုယ့်ကိုယ်ကို အဟုတ်မှတ်နေတာလား ဒေါ်မြရံခြယ် "

" မြ ပြောတဲ့အထဲ စိတ်ဆိုးစရာ မပါလောက်ဘူး ထင်တယ်။ တကယ်လို့ မြ အကြောင်းကို သိချင်တယ်ဆိုရင် မူပိုင် ပြန်လာတဲ့အခါ သူ့ကိုမေးခိုင်းပါ။ သူသာမေးလာမယ်ဆို မြ ဖြေဖို့အသင့်ပါပဲ "

ဤစံအိမ်ကို ပြန်လာရသည့် အကြောင်းပြချက်ဟာ ရိုးရိုးကလေး။ မြ လောဘမကြီးပါ ၊ ချစ်ရသူရဲ့ မနီးမဝေးလေးတွင်သာ ရှင်သန်ချင်မိသည်။ မြကို မှတ်မိဖို့ ၊ မမှတ်မိဖို့ဆိုပြီး ရည်ရွယ်ချက်မျိုး မရှိ။ မူပိုင် မမှတ်မိလည်း မြ အချစ်ဟာ ဘယ်သောအခါမှ ပြောင်းလဲသွားမည် မဟုတ်ပေ။

မြကို မလိုလားသော အရပ်အဝန်းမို့ နေ့လည်စာလည်း မစားဖြစ်။ မူပိုင် ပြန်မလာမချင်း အခန်းထဲတွင်သာနေမည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။

" ကျုပ်ပြန်လာပြီ ဒေါ်ဒေါ် "

" လွမ်းနေတာ "

ရင်ခွင်ထဲသို့ တိုးဝင်လာသည့် ဒေါ်ဒေါ့်ကိုယ်လုံးလေးအား ခပ်တင်းတင်း ဖက်ထားမိသည်။ ပါးပြင်ပေါ်ရှိ သနပ်ခါးရနံ့တွေ ၊ သင်းပျံ့ပျံ့ ပိတောက်ပန်းရနံ့တွေနှင့် ဒေါ်ဒေါ်ရဲ့ ကိုယ်သင်းရနံ့လေးမှာ ရောထွေးလို့နေ၏။

" တစ်ယောက်တည်း ပျင်းနေလား ဒေါ်ဒေါ် "

" တစ်ယောက်တည်း‌နေရလည်း မပျင်းဘူးဆိုပေမဲ့ နှစ်ယောက်အတူ ရှိနေချင်တာပေါ့ ဒါလင်ရယ် "

" ကျုပ်ကောပဲလေ ၊ ဒေါ်ဒေါ့်အနားမှာ ကောနဲ့ကပ်ထားသလိုကို ရှိနေချင်တာ "

" အပိုတွေ "

" လိုတောင်လိုနေဦးမှာ "

ကျုပ်ကသာ ကပ်တွယ်ချင်နေသူပါ ဒေါ်ဒေါ်ရယ်။ ဒီလောကမှာ ခင်ဗျားမရှိလို့ မဖြစ်တဲ့အထိ ကျုပ်က မဝေးချင်သူပါ။ လောဘဟာ အကုသိုလ်ဆိုရင် ဘယ်ငရဲဖြစ်ဖြစ် ကျုပ်ခုန်ဆင်းရဲပါ၏။ ကျုပ်အတွက်တော့ ဒေါ်ဒေါ် မရှိလို့မဖြစ်ပေ။

မနက်ကတည်းက စတင်တောက်လောင်နေသော မီးစလေးသည် ငြိမ်းသွားဟန် မရှိပေ။ ဧည့်ခန်းထဲ၌ မြရယ်၊ မူပိုင်နဲ့ အုပ်ထိန်းသူဆိုသော အမျိုးသမီးရယ် အတူရှိနေကြသည်။

" တီချယ် ပြောမှာကို သေချာနားထောင် ပိုင် "

" ကျုပ်လူအကြောင်းကလွဲရင် ကြိုက်တာပြောပါ "

" မဆိုးစမ်းနဲ့ ပိုင် "

" ဒါက လိမ္မာရမဲ့အချိန် မဟုတ်ဘူးလို့ ထင်တာပဲ တီချယ် "

ဒေါသတကြီးဖြင့် တီချယ် ထရပ်လိုက်သော်လည်း မူပိုင်ကတော့ သွေးအေးစွာဖြင့် အထိုင်မပြတ်ပေ။ ထို့အပြင် နံဘေးရှိ ဒေါ်မြရံခြယ်ရဲ့ လက်ဖမိုးလေးကိုလည်း အုပ်ကိုင်ထားလေသည်။

" ဘယ်ကလာမှန်း မသိ ၊ ဘယ်သူမှန်း .. "

" မလိုဘူး တီချယ် "

" ဘာ "

" ဘယ်ကပဲလာလာ ၊ ဘယ်လိုပဲလာလာ ကျုပ်အတွက် အရေးမကြီးဘူး။ ကျုပ်လူက ဒေါ်မြရံခြယ် ဖြစ်နေဖို့ပဲ လိုတာ တီချယ် "

" ပိုင် ထင်နေတဲ့ ဒေါ်မြရံခြယ်က ဒေါ်မြရံခြယ် မဟုတ်ဘူးဆိုရင်ကော ၊ အဲလိုသာဆို ဘယ်လိုလုပ်မလဲ ပိုင် "

" ကျုပ်မှာ သက်သေမရှိပါဘူး တီချယ်။ ဒါပေမဲ့ ကျုပ်နှလုံးသားကို ယုံတယ် ၊ ရင်ခုန်သံတွေက မညာတတ်ဘူး "

ချစ်ခြင်းမေတ္တာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကာကွယ်ခြင်းလည်း ပါဝင်သည်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလည် ကာကွယ်ပေးရင်း အထိအခိုက်တို့ကို လျော့နည်းစေ၏။ " ကျန်းမာပါစေ " ဆိုသော ဆုတောင်းသည် ဘယ်လိုထိခိုက်မှုမျိုးကိုမှ မလိုလားခြင်းသာ ဖြစ်မည်။

" ဘယ်ကလာတယ် ၊ ဘယ်လိုလာတယ် ၊ ပြီးတော့ ဘယ်သူဆိုတာကို မြ ပြောပြပါ့မယ် "

" မဟုတ်တာ ၊ ဒေါ်ဒေါ် မပြောချင်ရင် မပြောပါနဲ့။ ကျုပ်အတွက် မလိုအပ်ဘူး "

" မပြောချင်လို့ မဟုတ်ဘူး ဒါလင်။ ဒါပေမဲ့ အကြောင်းအရာ အားလုံးကို နားထောင်ပြီးတဲ့အခါမှ ဒါလင် ဝမ်းမနည်းသွားဖို့ကိုတော့ မျှော်လင့်တယ် "

ဘယ်လိုပဲ ခက်ခဲခက်ခဲ ၊ ဘယ်လိုပဲ ပင်ပန်းပင်ပန်း ကြံ့ကြံ့ခံလို့ ဖြတ်သန်းနိုင်စွမ်း ရှိပါသည်။ သို့ပေမဲ့ ချစ်ရသူကိုတော့ တစ်ချက်ကလေးမျှ မျက်နှာမညှိုးစေချင်မိပေ။

" မူပိုင် သေဆုံးပြီး တစ်လပြည့်တဲ့နေ့မှာပဲ မြ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်။ လည်ပင်းမှာရှိနေတဲ့ အရစ်က ဓားဒဏ်ရာပဲ "

လက်ဖမိုးကို အုပ်ကိုင်ထားရာမှ နေရာပြောင်းကာ လည်ပင်းရှိ အရစ်လေးဆီသို့ ခပ်ဖွဖွ လာထိတွေ့၏။ မူပိုင့်မျက်ဝန်းတွေဟာ ပြိုကျနေသော တိမ်တိုက်တွေလို။ တလိမ့်လိမ့် စီးဆင်းလာသည့် မျက်ရည်များဖြင့် ဝမ်းနည်းခြင်းကို သရုပ်ဖော်လို့နေ၏။

" မြ ကံကောင်းတယ်ပဲ ပြောရမလား။ နတ်ဆရာမတစ်ယောက်ရဲ့ အကူအညီနဲ့ လူ့လောကကို ပြန်ရောက်လာခဲ့တယ်။ မြဟာ သေပြီးသား လူတစ်ယောက်ပါ။ အစီအရင်တွေ ၊ ကုသမှုတွေသာ မရှိရင် ဒီလိုနေရာမှာ အခုလိုမျိုး ရှိနေနိုင်မှာ မဟုတ်ဘူး "

" ဒါဆို "

" မြက အလောင်းကောင်သပ်သပ်ပါပဲ။ ဒီလောက်အဖြေဆို ကျေနပ်ပြီ ထင်ပါရဲ့ "

" အို ယုတ်ညံ့လိုက်တာ ၊ ဒီလိုဟာကို ဘယ်လိုနည်းနဲ့မှ အိမ်ထဲမှာနေခွင့် မပေးနိုင်ဘူး။ အခုချက်ချင်း သူ့ကို မောင်းထုတ်လိုက်တော့ ပိုင် "

စကားသံအဆုံး၌ မူပိုင် ထရပ်လေသည်။ ဝုန်းခနဲ မဟုတ်သော်လည်း ခြေဆောင့်သံ ခပ်ကျယ်ကျယ် ထွက်ပေါ်လာခဲ့၏။

" ယုတ်ညံ့တယ်ဆိုပြီး ကျုပ်လူကို ပြောရအောင် တီချယ်က ဘာမို့လို့လဲ။ ဒီစံအိမ်က တီချယ့်အပိုင် မဟုတ်ဘူးဆိုတာကို မမေ့ပါနဲ့။ သူများမြေပေါ် နင်းထားပြီး ရိုင်းပြနေတာ မသင့်တော်ဘူး တီချယ် "

" ပိုင် " ဟူသော ခေါ်သံသည် ဒေါသကြောင့် ကျယ်လောင်၏။ သို့ပေမဲ့ မူပိုင်ကတော့ တစ်ချက်ကလေးပင် မျက်နှာပျက်မသွားချေ။

" ကျေးဇူးတရားကို ထောက်ထား‌တဲ့အနေနဲ့ ဒီအိမ်ကို ပေးတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပေးတယ်။ ကျုပ်လူကိုသာ လာမထိပါးနဲ့ ၊ လမ်းမှာ မတော်တဆ တွေ့ရင်တောင် ရှောင်သွားပေး "

ဒေါ်မြရံခြယ်ရဲ့ လက်ကလေးကို ဆုပ်ကိုင်ကာ အိမ်အပေါ်ထပ်သို့ ခပ်မြန်မြန် တက်သွားလေသည်။ ဧည့်ခန်းထဲ ကျန်ခဲ့သော တီချယ်မှာတော့ ဒေါသတွေ ၊ ဝမ်းနည်းစိတ်တွေနဲ့ ယူကြုံးမရ ကျန်ခဲ့ရ၏။

" ကျုပ်နောက်လိုက်ခဲ့မယ် မဟုတ်လား "

" သေချာပေါက်ပေါ့ "

" လိုအပ်တာပဲ ယူလာခဲ့ "

" ဟုတ်ပြီ ဒါလင် "

လိုအပ်တာပဲ ယူဆိုသည့်အတိုင်း မဖြစ်မနေ လိုအပ်သော မင်္ဂလာပန်းချီကားကိုသာ ယူမိသည်။ ဒါဟာ မြတို့နှစ်ဦးရဲ့ လက်ထပ်ခြင်း အထိမ်းအမှတ် သင်္ကေတ ဖြစ်၏။

" အသင့်ဖြစ်ပြီ ဒါလင် "

" ကျုပ်အနောက်ကို လိုက်ခဲ့ပေးနော် "

မဝံ့မရဲစွာ ထပ်ပြောမိခိုက် ဒေါ်ဒေါ်က ခပ်ဖွဖွ ပြုံး၏။ ထို့နောက် နဖူးဆီသို့ အနမ်းတစ်ပွင့် ခြွေချလာကာ နှစ်သိမ့်ပေးလေသည်။

" မြလေ ဒါလင့်ကို သိပ်ချစ်တယ်။ အရမ်းချစ်လွန်းတာမို့ အမြဲကပ်တွယ်နေမှာ ၊ ဘယ်အရပ်ဒေသဖြစ်ဖြစ် လိုက်ခဲ့မှာမို့ ခေါ်သွားပေးပါ "

" ကျုပ်ကောပဲ ၊ ကျုပ်လည်းချစ်တယ် ခင်ဗျားရယ် "

ဒီအိမ် ၊ ဒီနေရာ ၊ ဒီပိုင်ဆိုင်မှုဆိုပြီး ကပ်တွယ်ခဲ့မိပေမဲ့ အချစ်နဲ့ ထိ‌တွေ့မိစဉ် ထိုအရာများသည် စွန့်ပစ်ရအလွယ်ကူဆုံးသော အရာများ ဖြစ်လာခဲ့၏။ ဘယ်လိုအရာနဲ့မှ ယှဉ်ရွေးစရာ မလိုသည်အထိ အချစ်ကို ကန်းသည် ၊ ကိုးကွယ်သည်။

ကျုပ်အတွက်တော့ အချစ်ဆိုတာ အဝေးကနေချစ်ဖို့ မဖြစ်နိုင်ဘူး ထင်ပါရဲ့။ ချစ်ရသူဆီမှ ထပ်တူမေတ္တာ ရလို၏။ ချစ်ရသူအား ပိုင်ဆိုင်လို၏။ မကွဲမကွာ အတူတကွ ချစ်ရသူအနား နေထိုင်လို၏။ ထိုကဲ့သို့ ကျုပ်အချစ်ဟာ အတ္တဆန်လေသည်။

ဒေါ်ဒေါ့်အား မြို့အပြင်ရှိ အပန်းဖြေအိမ်ဆီသို့ ခေါ်လာလိုက်သည်။ ထိုအိမ်အား လွန်ခဲ့သော ခြောက်လကျော်လောက်ကတည်းက ဝယ်ထားခဲ့ခြင်း ဖြစ်၏။ မည်သူမှမသိလေသော ကျုပ်ရဲ့ သီးသန့်အရပ်အဝန်း တစ်ခုပင်။

ခြံဝန်းကျယ်ကာ အလယ်တည့်တည့်၌ တစ်ထပ်အိမ်ကလေး ရှိ၏။ ကျွန်းဖြင့် အထူးတလည် တည်ဆောက်ထားခြင်းကြောင့် ရာသီသုံးပါးစလုံး အေးအေးချမ်းချမ်း နေနိုင်မည်ဖြစ်သည်။ ထို့အပြင် ခြံဝန်းထဲ၌ အရောင်အသွေးစုံသော ပန်းပင်များလည်း စိုက်ပျိုးထားသေးသည်။ အပန်းဖြေအိမ်ဆိုသည့်အတိုင်း အိမ်ကလေးကို မြင်လိုက်ရသည်နှင့် စိတ်အမောတို့ ပြေပျောက်လေ၏။

" အထဲဝင်ကြရအောင် ဒေါ်ဒေါ် "

အိမ်အတွင်း ပရိဘောဂများသည် အနည်းငယ် ရှေးဆန်၏။ ဆက်တီခုံများရှိရာ ဧည့်ခန်း၌ ကြီးကြီးမားမား တည်ရှိနေသော နံရံကပ် လေပန်ကာ။ ဓာတ်ပြားစက်နှင့် အညီအညာ စီရီထားသော ဓာတ်ပြားခွေများ။ ထို့အပြင် အသုံးပြုထားသော မီးသီးမှာလည်း အရင်ကကဲ့သို့ ဝါညစ်ညစ်ရယ်။

" သဘောကျလား ဒေါ်ဒေါ် "

" အင်း သဘောကျတယ် "

" မီးဖိုဆောင်သုံး ပစ္စည်းတွေကိုတော့ ခေတ်မှီတာတွေပဲ သုံးထားတယ်။ ဒါမှ အန္တရာယ်ကင်းမှာလေ "

" ကောင်းတာပေါ့ကွယ် "

" အိမ်က နည်းနည်းတော့ ကျဉ်းတယ်။ အဆင်ပြေရဲ့လား ဒေါ်ဒေါ် "

" ပြေပါတယ် ဒါလင်။ ပြီးတော့ ကျဉ်းတယ်လို့လည်း မြ မခံစားမိပါဘူးကွယ် "

" ဒါဆို အိပ်ခန်းကို သွားကြည့်ကြရအောင်နော် "

" သွားမယ်လေ "

အိပ်ခန်းတံခါးလေးကို ဖွင့်လိုက်သည်နှင့် သင်းပျံ့ပျံ့ရနံ့များ ရောပြွန်စွာ ထွက်ပေါ်လာ၏။

" အိုကွယ် "

မြ ပုံတူပန်းချီကားများဖြင့် စီခြယ်ထားသော အိပ်ခန်းကလေး။ ရင်သို့တိုးဝှေ့လာသည့် ကြည်နူးမှု ၊ တစ်ဆက်တည်း ဖြစ်တည်လာသော ဝမ်းနည်းမှုတို့ကြောင့် တားမရစွာ မျက်ရည်တို့ စီးကျလာ၏။

" ဒီပန်းချီတွေကို အပြင်လျှောက်လမ်း နေရာမှာ ပြောင်းချိတ်လိုက်မယ်။ ပြီးရင် မင်္ဂလာပန်းချီကို ဘောင်အသစ်ပြန်ထည့်မယ် ၊ အိပ်ခန်းထဲ ဝင့်ဝင့်ကြွားကြွားချိတ် .. "

" ဒါလင်ရယ် "

စကားမဆုံးခင်မှာဘဲ ရင်ခွင်ထဲ တိုးဝင်လာသည့် ဒေါ်ဒေါ်အား အသာအယာ ပြန်ဖက်ထားပေးရသည်။ တသိမ့်သိမ့် တုန်ရီနေသော ကိုယ်လုံးလေးဟာ မည်မျှငိုနေမှန်း ပေါ်လွင်စေ၏။

" အဲလောက်တောင် ချစ်တာလားကွယ် "

" အဲလောက်ဆိုတာ ဘာကိုပြောတာလဲ "

" ဟင် "

" အဲလောက်ဆိုတဲ့ အတိုင်းအတာကို ကျုပ်မသိဘူး ဒေါ်ဒေါ်။ ဘာလို့ဆို ခင်ဗျားကို ကျုပ်ချစ်တာက အတိုင်းအဆမဲ့မို့လို့ "

အတိုင်းအတာတွေ အတိုင်းအဆမဲ့သည်အထိ ချစ်တယ် ဒေါ်ဒေါ်။ ဒီလောကမှာ ခင်ဗျားကို ကျုပ်လောက် ဘယ်သူမှ ပိုမချစ်နိုင်ဘူးဆိုတာ အကြွင်းမဲ့ ယုံပေးလှည့်ပါ။

" မိန်းမတစ်ယောက်ကိုလေ "

" မိန်းမတစ်ယောက်ကို မိန်းမတစ်ယောက်က ချစ်မိတာ ဘာမှားလို့လဲ ခင်ဗျားရယ် "

" မမှားပါဘူး "

" ဘယ်တော့မှ မမှားဘူး။ အချစ်ဆိုတာ အချစ်ပဲ "

ပန်းပင်ကလေးကို ချစ်တာဟာ အချစ်ဖြစ်သလို ၊ ရေစီးကြောင်းလေးကို ချစ်တာဟာလည်း အချစ်ပါပဲ။ ယောက်ျားကိုဖြစ်စေ ၊ မိန်းမကိုဖြစ်စေ နှလုံးသားနှင့် အလဲအထပ် ချစ်တာသည်လည်း အချစ်ဖြစ်၏။ အချစ်အတွက် အကြောင်းပြချက်တွေ မလိုအပ်ပေ။ အချစ်ဆိုတာ အချစ်ပဲမို့ ဘယ်သူ့ကိုမဆို ချစ်နိုင်သည် ၊ မြတ်နိုးနိုင်သည်။ ထို့အတူ ပိုင်ဆိုင်ခွင့်လည်း ရှိနိုင်သည်။

_______
(အညို)

ချစ်ရသူနှင့်အတူ ပျော်ရွှင်စွာ နေထိုင်သွားနိုင်ဖို့ အားလုံးအတွက် ဆန္ဒပြုမိပါတယ်။

Continue Reading

You'll Also Like

3.1M 196K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.2K 55 17
this is a fanfiction book based off the character in FNAF security breach. some may be nsfw smuts/lemons with certain characters. there will be a req...
3.1M 257K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.2M 28.5K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...