အပိုင်း ၉၅ ခိုးနမ်းရုံပဲလား။
နင်မုန့်က ရှီချီ၏အင်္ကျီလက်ကို ခိုးဆွဲလိုက်ပြီးနောက် ကိုးရိုးကားရား ပြုံးကာ ရှင်းပြသည်။
"ဒီအတိုင်း နင်မုန့်လို့ပဲ ခေါ်ပါ"
ချန်းရှန်းဝေက သူမကို အဲဒီလို ဘယ်ခေါ်ရဲမှာလဲ။
သူက ပြုံးပြီး ဖြေလိုက်သည်။
"မိန်းကလေးနင်က တကယ်ကို ကြော့ရှင်းကြည့်ကောင်းပြီး အရှိန်အဝါ ကြီးမြတ်တဲ့ လူတစ်ယောက်ပါပဲ"
သူ၏ စကားထိုသို့ ပြောလိုက်ပြီးသည်နှင့် ဘေးဘက်မှ လူက သူ့ကို ကြည့်လာသလို ခံစားရသည်။ ချန်းရှန်းဝေက ချက်ချင်းလိုလို သူ စကားမှားသွားပြီ ဖြစ်ကြောင်း သိလိုက်ပြီးနောက် အမှန်ပြန်ပြင်လိုက်သည်။
"ကျွန်တော်.. မိန်းကလေးနင်တို့နှင့် သခင်လေးချီတို့ရဲ့ ပျော်ရွှင်မှုက ထာဝရ တည်မြဲပါစေလို့ ဆုတောင်းပေးပါတယ်။ မိန်းကလေးတို့ရဲ့ ချစ်ခြင်းကလည်း ထာဝရ တည်တံ့ပါစေ"
ရှီချီက ထိုအခါမှသာ အသိအမှတ်ပြုလိုက်သည်။
"အမ်း"
နင်မုန့် "..."
ငါ့ဖင်ကိုပဲ အမ်းလိုက်..
သူမက ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး လွန်ဆွဲသော ခံစားချက်မျိုးဖြင့် အံကို ကြိတ်ကာ ပြောသည်။
"ငါ ပြောမယ်။ ငါ လက်ထပ်မှတ်ပုံတင်ကို မမြင်ရမချင်း အသိအမှတ် မပြုနိုင်ဘူး"
နင်မုန့်က လက်ထပ်ပြီးသော အမျိုးသမီးတစ်ယောက် မဖြစ်ချင်သေးချေ။
သူမ တစ်ကြိမ်သော်မျှ လက်မထပ်ဘူးခဲ့သည့် တိုင်အောင် တီဗီထဲတွင် ကြည့်ဖူးသည်။ ဒီအတိုင်း လက်ထပ်မှတ်ပုံတင်အတွက် ဓာတ်ပုံရိုက်ရန် လိုအပ်လေသည်။ ထို့အပြင် သူမတွင်လည်း လက်ထပ်ပွဲ မရှိခဲ့ဖူးသလို ဓာတ်ပုံများလည်း မရှိခဲ့ချေ။ ထို့ကြောင့် ရှီချီက ထိုပြဿနာကို အရင်ကတည်းက ဖြေရှင်းပေးထားမည်ဟုလည်း မယုံကြည်ချေ။ ထို့ကြောင့် ကိုယ့်မျက်လုံးဖြင့် ကိုယ်မြင်ရမှသာ ယုံကြည်ရတော့ပေမည်။
ထိုနည်းလမ်းဖြင့် သူမက လှပပြီး လက်မထပ်ရသေးသော မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို အယုံသွင်းလိုက်သည်။
ရှီချီက မျက်ခုံးပင့်လိုက်သည်။
"မင်းက မြင်ချင်တာလား။ ရတာပေါ့"
သူ့မှာ တကယ် မရှိဘူးဟု သူမက ထင်နေတာလား။
ဘယ်လောက် တုံးလိုက်သလဲ။
သူက ထိုသို့ ပြောပြီးနောက် ဆက်ပြောရန် ဆန္ဒမရှိတော့ဘဲ နင်မုန့်ကိုသာ ဘေးဖက်သို့ ခေါ်သွားသည်။ အနောက်တွင် ချန်ထားခံခဲ့ရသော ချန်းရှန်းဝေကမူ အံ့ဩလွန်းသဖြင့် မျက်လုံးက ကျွတ်ထွက်မတတ် ဖြစ်သွားသည်။
ဘေးဘက်မှ ချောင်းနားထောင်နေသော တစ်ယောက်က အနားသို့ လျှောက်လာပြီး သံသယအပြည့်ဖြင့် မေးသည်။
"ငါ အခုကြားတာ မှားတာ မဟုတ်ပါဘူးနော် သခင်လေးချီက လက်ထပ်ပြီးသွားပြီလား"
ဘယ်လိုဖြစ်နိုင်မှာလဲ။
သူ လက်ထပ်ပြီးသွားပြီ ဆိုရင် ဘာလို့ သူတို့က မသိရတာလဲ။
နောက်ပြီး ဒီလို ခမ်းနားတဲ့ လက်ထပ်ပွဲမျိုးအကြောင်း မကြားခဲ့ဘူးရတာလဲ။
အခြား တစ်ယောက်က ဝင်ပြောသည်။
"သူ နောက်နေတာ ဖြစ်မှာပါ။ သခင်လေးချီရဲ့ စိတ်သဘောထားကို မသိဘူးလား။ သူက တမင်သက်သက် ပိုင်နက်နယ်မြေကို ကြွေးကြော်လိုက်တာပဲ။ သူမအပေါ် အခြားသူရဲ့ ဘယ်လိုအကြံမှ မရှိအောင် လုပ်တာဖြစ်မယ်"
သူတို့ကလည်း ရှီချီ၏ ပတ်ဝန်းကျင်တွင် မည်သည့်အမျိုးသမီးများ မရှိကြောင်းကို သိထားသည်။ သို့သော် ဒီတစ်ကြိမ်တွင် သူက သူမကို နီးကပ်ခွင့်ပြုထားသည့်အပြင် အလွန် ရင်းနှီးကျွမ်းဝင်စွာဖြင့် ပြောဆိုဆက်ဆံ နေခဲ့သေးသည်။
အံ့ဩသင့်စရာ အကောင်းဆုံး ကိစ္စက ဇနီးဆိုသော စကားလုံးကို သူကိုယ်တိုင်ကပင် နှုတ်ဖြင့် ထည့်ပြောလာခြင်း ဖြစ်သည်။ ဒါကပင် သူတို့ကို ကိုယ်နားကိုယ် မယုံအောင် ဖြစ်သွားစေခဲ့သည်။
ချန်းရှန်းဝေက ပြောမလာခဲ့သော်လည်း သူကိုယ်၏ နှလုံးသားထဲတွင် အခြားအတွေးက ရောက်နေခဲ့ပြီဖြစ်သည်။ သူက သိပ်မဝေးသော နေရာမှ လူနှစ်ယောက်ကို ကြည့်လိုက်သည်။ အမျိုးသမီးက တစ်ချက်ကြည့်ရုံဖြင့်ပင် သဘောကျစရာ မကောင်းချေ။ သို့သော် နူးညံ့ပြီး သိမ်မွေ့ဟန်ရှိသည်။ သူမက နူးညံ့စွာ လှပလွန်းသော သူတစ်ယောက်လည်း ဖြစ်သည်။
အစပိုင်းတွင် သူက တွေးခဲ့မိသည်မှာ သခင်လေးချီက ဆွဲဆောင်မှု ပြင်းထန်သော အလှလေးများကို ရိုးသွားသဖြင့် ဒီလို ရှားရှားပါးပါး ရိုးရှင်းသည့် ဆန်ပြုတ်နှင့် အရံဟင်းများကို အရသာခံချင်ခြင်းဟု ထင်ခဲ့မိသည်။ ယခုမူ အခြေအနေက ထိုသို့ မဟုတ်လောက်တော့ချေ။
သူ၏နားသို့ ကပ်ချင်နေသော မရေမတွက်နိုင်သည့် လှပသည့် အမျိုးသမီးပေါင်းများစွာ ရှိခဲ့ပြီး အားလုံးက အဆင်သင့်ပြင်ထားသော စားပွဲများကဲသို့ ဖြစ်ခဲ့သည်။ သူက တစ်ယောက်ပြီး တစ်ယောက်ကို ရွေးချယ်ရန်သာ လိုအပ်သည်။ ထိုသို့ ရွေးချယ်မည် ဆိုလျှင်ပင် မထပ်စေရလောက်အောင် ပေါများလွန်းနေခဲ့သည်။ မည်သို့ပင်ဆိုစေ ချန်းရှန်းဝေအနေဖြင့် သခင်လေးချီက လိုအပ်သည်ထပ်ပိုပြီး တစ်စုံတစ်ယောက်ကို စိုက်ကြည့်သည်ဆိုသော ကောလာဟလမျိုးပင် မကြားခဲ့ဘူးချေ။
သို့သော် အရှေ့မှ ထိုပိန်ပါးသော အမျိုးသမီးကမူ မတော်တဆမှုများထဲက မတော်တဆမှု တစ်ခုလိုမျိုး ရှားရှားပါးပါး ဖြစ်နေသည်။
ချန်းရှန်းဝေအနေဖြင့် မျှော်လင့်စောင့်စား နေမိသည်ပြီ ဖြစ်သည်။ သတင်းကို ရပြီးနောက် အခြားသူများ၏ အမူအရာများကို မြင်လိုက်သော်အခါ သူတစ်ယောက်ထဲသာ မသိသောသူ မဟုတ်ဘဲ လူတိုင်းကလည်း မသိသောသူ ဖြစ်ကြောင်း သိလိုက်ရသည်။
မြက်ပင် ပေါင်းပင်များနှင့် ချုံပုတ်များ၏ အရှေ့တွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက်က မျက်လုံးကို အနည်းငယ် အောက်စိုက် ထားသည်။ သူက တစ်စုံတစ်ရာကို ပြောနေသလိုမျိုးပင် ထင်နေရပြီး သူ၏ထင်ရှားကာ နက်မှောင်သော မျက်ခုံး ရှည်လျားနှာခေါင်း ကြည်လင်လှပသော မျက်နှာကျပုံစံနှင့် ညင်သာ သိမ်မွေ့သော အလင်းမျိုး လက်နေသော မျက်ဝန်းထဲတွင် နူးညံ့သည့် အားလှိုင်းတစ်ခုကို ဖုံးကွယ်ထားသည်။
ရုတ်တရက် သူက တစ်နေရာသို့ လှည့်မော့ကြည့်လိုက်သည်။
ချန်းရှန်းဝေ၏ နှလုံးသားက တုန်ယင်သွားပြီး အေးစက်ကာ သုန်မှုန်နေသော သားရဲတစ်ကောင်၏ စောင့်ကြည့်ခြင်းကို ခံရသလိုမျိုး ခံစားရကာ ကျောပြင်က ချွေးရွဲသွားပြီး ချက်ချင်းလိုလို အကြည့်လွှဲလိုက်သည်။
သူ၏ ယခုအတွင်းကို ပို၍သေချာသွားမိသည်။
ရှီချီက အကြည့်ကို ပြန်ရုတ်ပြီးနောက် ရှင်းပြရန် ခက်ခဲလောက်အောင် ကယောင်ချောက်ချား ဖြစ်နေသော နင်မုန့်ကို ကြည့်လိုက်သည်။
"ညကျရင် ကိုယ်မင်းကို လက်ထပ်မှတ်ပုံတင် ပြမယ်။ ဒီတော့ မရုန်းကန်ပါနဲ့တော့"
နင်မုန့် "..."
သူကသာ သူမ၏ လက်ကို လွှတ်ပေးမည်ဆိုလျှင် သူမ အချိန်တစ်ခုကြာ ရုန်းကန်ကောင်း ရုန်းကန်ရလောက်သည်။ ထိုအခန်းကဏ္ဍ ပြီးသောအခါ ရှီချီတွင် ကိုင်တွယ်ရမည့် ကိစ္စများ ရှိလာသည်။
ထိုစစ်ဆေးသူ သုံးယောက်ထံမှ ရလဒ်များ မထွက်သဖြင့် ချန်းရှန်းဝေက ဒေါသထွက်နေခဲ့ ပြီးနောက် နောက်ဆုံးတွင် အကူအညီ လာတောင်းပြန်သည်။
"သခင်လေးချီ သခင်လေး ဒီအကြောင်းကို ဘယ်လိုထင်..."
ရှီချီက စကားမပြောချေ။ နင်မုန့်ကိုသာ လမ်းဘေးဘက်သို့ ခေါ်သွားလိုက်ပြန်သည်။ ထိုလမ်း၏ အလွန်ဝေးကွာသော ဘေးတစ်ဘက်ခြမ်းတွင် အဖျက်စီးခံ ပြန်လည် တည်ဆောက်မည့် အိမ်ပေါင်းများစွာ ရှိနေသည်။ အခြားတစ်ဖက်ခြမ်းကမူ အသုံးမပြုထားသော နယ်မြေအလွတ် ဖြစ်သည်။ ထိုသို့ဖြင့် မြက်ပင် ပေါင်းပင်များ ပေါက်နေပြီး တစ်ခါမှပင် စိုက်ပျိုးထားခြင်းမျိုးလည်း မရှိချေ။ ထိုနယ်မြေကလည်း ချန်းမိသားစု၏ ဝယ်ယူထားသော ပိုင်နက်နယ်မြေထဲတွင် ပါသည်။
ထိုမြက်ပင်များ၏ အမြင့်က လူတစ်ယောက်၏ ခါးတစ်ဝက်ခန့် နီးပါး မြင့်နေပြီ ဖြစ်ပြီး မည်သူကမှလည်း ဂရုမစိုက်ဘဲ ပစ်ထားခဲ့သည်။ ချန်းရှန်းဝေက ရှီချီက အထဲသို့ ဝင်သွားကြောင်း မြင်သောအခါ အလျင်စလို တားသည်။
"သခင်လေးချီ ကျွန်တော့်ရဲ့ လူတွေနဲ့ လမ်းရှင်းခိုင်းလိုက်ပါ့မယ်။ သခင်လေး တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်ရပါတယ်"
အထဲမှာ မြွေရှိနေရင် ဘယ်လိုလုပ်မလဲ။ နင်မုန့်က အရပ်မရှည်ချေ။ သူမက လမ်းဘေးမှ လျှောက်လာချိန်တွင် ထိုမြက်ပင်များက ခါးအထိ ရှည်ကြောင်းကို မြင်လိုက်ရသည်။ ထို့အပြင် စိမ်းစိုနေသေးသည်။ သူမက စနစ်က မေးသည်။
"အထဲမှာ ဘာရှိလဲ"
စနစ်က ပြောသည်။
"အများကြီးပဲ လိုချင်သလောက်ရတယ်။ ပိုးကောင်ပဲ ဖြစ်ဖြစ် တိရိစ္ဆာန် ကောင်လေးတွေပဲ ဖြစ်ဖြစ် ဘာမဆိုရှိသင့်တာ မှန်သမျှ ရှိတယ်"
နင်မုန့်က စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်သည်။ သူမက အသိပြန်မဝင်ချိန် သူမ၏ တစ်ကိုယ်လုံးကို အလျားလိုက် သယ်ခံလိုက်ရသလို ခံစားလိုက်ရပြီး တအံ့တဩ အော်လိုက်မိသည်။
ရှီချီက သူမ မသိခင် သူမကို ပွေ့ချီလိုက်သည်။
"ငါ့မှာ ခြေထောက်မရှိတာမှ မဟုတ်တာ"
နင်မုန့်ကမူ သူမ၏ လက်ကို မည်သည့်နေရာသို့ ထားရကောင်းမှန်း မသိတော့ချေ။ သူမ၏ မျက်နှာကလည်း ပူတက်လာပြီး ဇောက်ထိုး ရပ်နေရသလို ခံစားလိုက်ရသည်။
ရှီချီက အပြုံးမမြင်သော အပြုံးမျိုးလျှက် ပြောသည်။
"မင်းက တစ်ယောက်ထဲ လျှောက်နိုင်လို့လား"
နင်မုန့် "..."
ငါ ပြန်ပါ ပျံနိုင်တယ်။ ယုံလား။
နင်မုန့်ကမူ ပါးစပ်ကိုသာ ပိတ်ထားလိုက်ပြီး နှုတ်ခမ်းကို ဆူကာ စကားမပြောတော့ချေ။ အဝတ်တစ်ခုသာ ရှိနေမည် ဆိုလျှင် သူမက ချက်ချင်း စုတ်ဖြဲလိုက်ပြီး တစ်ကိုယ်လုံးကို ကာကွယ်ထားရန် သုံးလိုက်ချင်သေးသည်။ ခေါင်းပင် အုပ်ထားလိုက်ချင်သည်။
ဖြစ်စဉ်တစ်ခုလုံးကို နောက်မှ စောင့်ကြည့်နေသော ချန်းရှန်းဝေကမူ ကြောင်တောင်တောင် ဖြစ်သွားပြန်သည်။ အဆုံးတွင် သူက ခေါင်းကို ခါလိုက်သည်။ သခင်လေးချီက စကားပြော ကောင်းတာပဲ။ သူကသာ ဒီလို နည်းလမ်းဟောင်းမျိုးကို သုံးမယ်ဆိုရင် အလဟဿ အဆုံးသတ် ရလောက်တယ်။
သူက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး အနောက်မှ လူများကိုသာ လမ်းရှင်း ခိုင်းလိုက်ရသည်။
အချိန်တစ်ခု ကြာပြီးနောက် လူအုပ်က အလွန်ဝေးကွာသည့် နေရာအထိ လျှောက်လှမ်းကြပြီ ဖြစ်သည်။ နောက်သို့ ပြန်ကြည့်လိုက်သောအခါ မြက်ပင် ပေါင်းပင်များကိုသာ မြင်နိုင်သည်။ လမ်းကိုပင် မမြင်ရတော့ချေ။
ချန်းရှမ်းဝေက ခေါင်းတွင် ချွေးရွဲလာသည်။ ပူပြင်းသော နေမင်းက သူ့ကို သေသည်အထိ သတ်နေသလိုပင် ခံစားရသည်။ သူက မနေနိုင်တော့ဘဲ ကျယ်လောင်စွာ လှမ်းမေးလိုက်သည်။
"သခင်လေးချီ ကျွန်တော်တို့ ဘယ်သွားကြမှာလဲ"
သူက ထိုသို့ မေးလိုက်ပြီးချိန်တွင်ပင် ရှီချီက နင်မုန့်ကို အောက်သို့ ချပေးသည်။ သူက ထိုနေရာတွင် ရပ်လျက် ပေါ့ပါးသော လေသံဖြင့် ပြောသည်။
"ကိုယ်တို့ ရောက်ပြီ"
ချန်းရှန်းဝေက စိတ်ဝင်တစားဖြင့် ပတ်ဝန်းကျင်တွင် ကြည့်လိုက်သည်။ ယခင်က သတိမထားမိခဲ့သော ယခုမူ သူတို့ ရောက်နေသော နေရာက ကွာခြားနေကြောင်း မြင်လိုက်ရသည်။ သူတို့ စထွက်လာသော နေရာနှင့်ပင် မတူတော့ချေ။
သူက မင်တက်စွာ မေးသည်။
"ငါဒီမြေကို ဝယ်ထားတုန်းက ဒီနယ်မြေတွေကိုလည်း စစ်ဆေးကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပတ်ဝန်းကျင်မှာ ဒီလိုနယ်မြေ မရှိသလိုဘဲ ဘာလို့ အရင်နဲ့ မတူတော့တာလဲ"
သူ၏ မျက်စိတစ်စုံ မြင်နိုင်သမျှက သိပ်မဝေးသော နေရာမှ တောင်တစ်လုံးအပြင် တောင်ထိပ်များစွာ ရှိနေသော တောင်တစ်လုံးကို မြင်နိုင်ခြင်း ဖြစ်သည်။ တောင်ထိပ်က ဝေဝါးသော မြေထု အနောက်တွင် ရှိနေပြီး ခေါင်းမော့ကာ ကြည့်မည်ဆိုလျှင်ပင် အဆုံးကို မမြင်နိုင်ချေ။ သူက ကြည့်လျှင် မြင်နိုင်သမျှက တောင်တန်းများသာ ဖြစ်ပြီး စမ်းရေကျသံကိုပင် ကြားနေရသည်။ တွေးကြည့်ရလျှင် ယခုလေးတင် သူတို့က ဒီနေရာတွင် မြက်ပင်များသာ ပေါက်ရောက်နေခဲ့ခြင်းလည်း ဖြစ်သည်။
ရှီချီက နှာခေါင်းရှုံ့ကာ ပြောသည်။
"ခင်ဗျား မြင်နေရတာက တကယ့်မြင်ကွင်း မဟုတ်ဘူး။ တကယ်တော့ မြက်ခင်းပြင်ဆိုတာက ပုံရိပ်ရောင်ပဲ"
နင်မုန့်က မတွေးနိုင်ဘဲ စနစ်က စိတ်လှုပ်ရှားစွာ ပြောသည်။
"အိုး ဒီနေရာက.. ဒီနေရာက ဖုန်းရွှေတကယ်ကောင်းတဲ့ နေရာပဲ နဂါးသွေးကြော မရှိတာတောင်မှ တော်တော်လေးကို မဆိုးတဲ့ နေရာပဲ ဘယ်လောက် ကောင်းလိုက်သလဲ"
သူမက တအံ့တဩ မေးသည်။
"နဂါးသွေးကြောက ဘာလဲ"
စနစ်က ရှင်းပြသည်။
"နဂါးသွေးကြောက တကယ်အသုံးဝင်တာပေါ့ ဖုန်းရွှေမှာ နဂါးသွေးကြောရှိတယ် ဆိုတာက မြေမျက်နှာ အနေအထားနှင့် တောင်တန်းနေရာတွေက နဂါးတစ်ကောင်လိုမျိုး ကံကောင်းစေတဲ့ အရှိန်အဝါကောင်းမွန်စေတယ်လို့ ပြောတာပဲ။ အဲဒီတော့ အဲဒီနေရာက အရမ်းကို ကောင်းမွန်တယ် ဖုန်းရွှေ အရမ်းကောင်းတဲ့ အဖိုးတန်နေရာ တစ်ခုပဲ"
စနစ်က ဆက်လက်ပြီး စိတ်လှုပ်ရှားစွာ ရှင်းပြသည်။
"အကျိုးသင့် အကြောင်းသင့် ရှင်းရှင်းလင်းလင်း ရှင်းပြရမယ် ဆိုလျှင် အချို့သမိုင်းထဲမှာ မင်းဆက် အများအပြား ပျက်စီးသွားရတာက နဂါးသွေးကြော အက်ကွဲ သွားတာကြောင့်လည်း ပါတယ်။ တိုင်းပြည်တစ်ပြည်မှာ နဂါးသွေးကြော ရှိမှ အဲဒီတိုင်းပြည်က ဖွံ့ဖြိုးတိုးတက် လိမ့်မယ်။ တိုင်းပြည်က ပျက်စီးသွားခဲ့ရင် နဂါးသွေးကြောကလည်း သူ ရှင်သန်နေထိုင်မှု ပိုကောင်းတဲ့ အခြားနေရာကို ရွေးချယ်သွားပြီဟု ဆိုလိုတာပဲ။ လက်ရှိအချိန်မှာ နဂါးသွေးကြောရှိတဲ့ နေရာက ခွန်းလွန်းတောင်ပဲ အဲဒီနေရာကို တောင်တစ်သောင်း ဘိုးဘေးလို့ ခေါ်ကြတယ်။ တစ်လောကလုံးက တောင်တန်းတိုင်းကို အခြေခံထားတာပေါ့"
ထိုရှင်းပြချက်က ဒဏ္ဍာရီဝတ္ထုတစ်ပုဒ်ကို ဖတ်နေရသည်နှင့် တူသည်။ သို့ရာတွင် နင်မုန့်က နဂါးသွေးကြောများ၏ အကျိုးကျေးဇူးများကို သိလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ဒီနယ်မြေကို ပို၍ သတိထားမိသည်။ အထူသဖြင့် ဒီနေရာက ပုံရိပ်ရောင် ရှိနေသည်။
သူမအနေဖြင့် ပုံရိပ်ရောင်က ပထမဦးဆုံး အကြိမ် မြင်ရခြင်း မဟုတ်ချေ။ သို့သော် ဒါက လူလုပ် ဖြစ်နေကတည်းက ကိစ္စက မရိုးရှင်းနိုင်တော့ချေ။
စနစ်ကလည်း သူမကို ဒီနေရာအကြောင်း ဖြည်းညင်းစွာဖြင် ရှင်းပြသည်။
"ဒီနေရာက နဂါးသွေးကြောနယ်မြေပြီးရင် ဒုတိယမြောက် ဖုန်းရွှေကောင်းတဲ့ အပြင် လူစောင့်ကြပ်တဲ့ တောင်တန်းက ကြွယ်ဝမှုကို စောင့်ကြပ်တဲ့လူဆိုတဲ့ အဓိပ္ပာယ်လည်း ရောက်တယ်။ ဒီတော့ သင်္ချိုင်းနေရာကိုသာ ရွေးမယ်ဆိုရင် ဒီနေရာက အကောင်းဆုံး သင်္ချိုင်းကုန်း ဖြစ်လာနိုင်တယ်။ လေတိုက်တာကို ရှောင်ရှားနိုင်သလို ရေစီးတာကိုလည်း ရှောင်ရှားပြီးသားပဲ ဒီသင်္ချိုင်း ရှေ့မှာသာ ဆင့်ခေါ်မှုတွေ ဂါထာမန်းမှုတ်တာတွေ လုပ်မယ်ဆိုရင် ဒီနေရာက အသက်စွမ်းအင် အများဆုံး ရနိုင်တဲ့ မြေကွက်လပ်တစ်ခုပဲ"
နင်မုန့်ကမူ တစ်ဝက်သာ နားလည်လိုက်သည်။
ထိုစကားများကမူ ယုံကြည်ရနိုင်သလို ထင်ရသည်။ ထို့အပြင် မြက်ပင်များကလည်း အလွန်မြင့်မားစွာ ပေါက်နေပြီး မြက်ခင်းပြင်ကျယ်ကလည်း အလွန်ကျယ်လွန်းသည်။ ရိုးရိုးရှင်းရှင်းပင် အသက်စွမ်းရည် အပြည့်ရှိသော ဟင်းလင်းပြင် ကွင်းပြင်တစ်ခု ဖြစ်နေသည်။
စနစ်က ဆက်လက်ပြီး စကားများနေသေးသည်။
"ကြည့်ပါဦး မင်းရဲ့ အရှေ့က သိပ်မဝေးတဲ့ နေရာမှာ လျှို့ဝှက်နေရာ တစ်ခုရှိတယ်။ အဲဒီဘေးက နေရာက လူ၂ယောက် လက်ကိုင်ထားသလို ပုံစံမျိုး ဖြစ်နေတယ်။ ဒါက သင်္ချိုင်းဂူအတွက် နေရာကောင်းပဲ"
နင်မုန့်ကမူ ညွှန်ပြသော နေရာသို့ ကြည့်လိုက်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုကို မြင်လိုက်ရသည်။ မြူထုများက ဖျော့တော့နေပြီး အဖြူရောင် တိမ်ဆိုင်းများကလည်း သူတို့ရောက်လာသည်နှင့် လျင်မြန်စွာဖြင့် အဝေးသို့ လွှင့်သွားသည်။
သူမက စနစ်၏လက်ချာကို နားထောင်ပြီးချိန်တွင်ပင် သူမ၏အကြည့်က ရှီချီထံ ရောက်သွားသည်။ ရှီချီကမူ ခေါင်းကိုလှည့်ပြီး ချန်းရှန်းဝေနှင့် စကားပြောနေသည်။ သူ၏ အသံက တိုးပြီး နားထောင်ရကောင်းသည်။ မသိလိုက် မသိဘာသာပင် သူမက ဆွဲဆောင်ခံလိုက်ရသည်။
သူမက အသိဝင်သောအခါ ချန်းရှန်းဝေက လူတစ်အုပ် ဝိုင်းလျက် အရှေ့သို့ ထွက်သွားနှင့်ပြီ ဖြစ်သည်။
သူတို့ သွားသော ဘက်ကမူ တိုက်ဆိုင်စွာဖြင့်ပင် စနစ်က ပြောသော သင်္ချိုင်းကုန်းကောင်း ဖြစ်နိုင်သော နေရာတစ်ခု ဖြစ်သည်။ ထိုအခါ တစ်ခဏတွင် သူမနှင့် ရှီချီကသာ ထိုနေရာတွင် ကျန်ရစ်တော့သည်။
ပတ်ဝန်းကျင်တွင် မည်သည့်အသံမှ မရှိသလို လေတိုက်သံလည်း မကြားရချေ။ နင်မုန့်က ခေါင်းစောင်းလိုက်သောအခါ သူ၏ ထင်းနေသော မေးရိုးကို သတိလက်လွှတ် ကြည့်မိသွားသည်။
ရှီချီ၏မေးရိုးက အလွန်လှပြီး သူမ၏မျက်စိက အောက်သို့ တဖြည်းဖြည်း ရောက်သွားကာ ဆွဲဆောင်မှု ပြင်းထန်သည့် လည်စလုတ်ထံ ရောက်သွားသည်။ ထို့မှအောက်သို့ တဖြည်းဖြည်း ဆင်းရင်း သေသပ်စွာ အစမှ အဆုံးအထိ တပ်ထားသော ကြယ်သီးများကို မြင်နိုင်သည်။ သည်နည်းအားဖြင့် အရာအားလုံးကို ကွယ်ထားသည်။ ထို့နောက် သူမ၏ အကြည့်က လည်စလုတ်ထံ ပြန်ရောက်သွားပြန်သည်။ စလုတ်က မြင့်ချည်နိမ့်ချည် ဖြစ်နေသည်။
ဘယ်လောက်လှ လိုက်သလဲ။
နင်မုန့်က သတိလစ်သွားသလိုမျိုး လက်ဆန့်ကာ ထိတွေ့ကြည့်လိုက်မိသည်။
ရှီချီက ကြောင်သွာသည်။ သူမက လှုပ်ရှားလာမည်ဟု မထင်ထားမိချေ။ သူက နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပြီးနောက် လည်စလုတ်က လှိုင်းထသွားပြန်ကာ သူမ၏ လက်ချောင်းအလိုက် နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။
နင်မုန့်က အသိပြန်ဝင်ကာ လက်ကို ချက်ချင်း ပြန်ရုပ်လိုက်သည်။ ထို့နောက် ရှက်ရွံ့စွာ ပြောလိုက်သည်။
"အာ.. ငါ ဒီတိုင်း ထိကြည့်ရုံပဲ"
ရှီချီက သူမ၏ လက်ကောက်ဝတ်ကို ဆွဲကာ မေးသည်။
"ထိကြည့်ရုံပဲ ဟုတ်လား"
နင်မုန့်ကမူ ကြက်ကလေး ဆန်ဆိတ်သလို ခေါင်းတဆတ်ဆတ် ညိတ်ပြီးနောက် ရည်ရွယ်ချက် အစစ်အမှန်ကို ဖုံးကွယ်ကာ ပြောသည်။
"ဟုတ်တယ် ဟုတ်တယ် ငါ ဒီအတိုင်း ထိကြည့်ရုံပဲ။ ငါ အခြား ဘာမှမလုပ်ပါဘူး"
ရှီချီက မေးသည်။
"တကယ်လား"
နင်မုန့်က ခေါင်းညိတ် လိုက်ချင်သော်လည်း သူ၏အမူအရာကို ကြည့်ခြင်းဖြင့် ဆက်မညိတ်နိုင်တော့ချေ။ သေချာစွာပင် သူကလည်း သူမ၏ အပြုအမူကို ဖောက်မြင်နိုင်လေသည်။
ကြည့်ကောင်းလွန်းတာက ပြစ်မှုပဲ။
ဘလော့ဂါ၏ ထိုလျှို့ဝှက်စာပါ အကြောင်းအရာက ထူးဆန်းစွာဖြင့် သူမ၏ခေါင်းတွင် ပေါ်လာသည်။ နင်မုန့်က ရပ်တန့်ပြီးနောက် ရှီချီကို ခိုးကြည့်လိုက်သည်။
ငါ တကယ် ခိုးနမ်းလိုက်သင့်လား။
နင်မုန့်က တစ်ခဏခန့် တွေးတော့လိုက်သည်။ သူမ ခေါင်းတွင် မရေမတွက်နိုင်သော အတွေးများက အယုံနိုင်စရာ အရှိန်နှုန်းဖြင့် ဝင်ရာက်လာပြီး သူမ၏ နှလုံးခုန်နှုန်းကို ရုတ်တရက် စိတ်မရှည်သလို ဖြစ်လာအောင် အခုန်နှုန်း မြန်ဆန်လာစေသည်။ သူမ၏ တစ်ကိုယ်လုံးကပင် အနည်းငယ် ပူလာသည်။ သူမက ရှီချီ၏ မျက်နှာကို တစ်ခဏခန့် စိုက်ကြည့်နေပြီး စိတ်ထဲတွင် ရုန်းကန်နေရသည်။ နောက်ဆုံးတွင် တွေးတော စဉ်းစားနိုင်စွမ်းများ အားလုံးကို ဖယ်ရှားပြီးနောက် သူ၏ရှပ်အင်္ကျီကို လှမ်းကိုင်လိုက်ကာ မျက်လုံးကို မှိတ်ပြီး ခြေဖျားထောက်ကာ အရှေ့သို့ တိုးလိုက်သည်။
နူးညံ့မှု နှစ်ခု ထပ်တိုက် တွေ့ဆုံလိုက်ချိန်တွင် နင်မုန့်၏ တစ်ကိုယ်လုံးက ပူပြင်းသွားသလို ခံစားရပြီး လက်ချောင်းများက ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ သူမ၏ နှလုံးသားကပင် ရင်ဘက်ထဲမှ ထွက်တော့မည်ဟုပင် ခံစားလိုက်ရသည်။
ရှီချီ၏ မျက်ဝန်းထဲတွင် အံ့ဩသင့်နေသော အမူအရာပင် မရှိချေ။ သူက အလွယ်တကူပင် သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ ထိုသို့ ဆွဲလိုက်သည်နှင့် တစ်ကိုယ်လုံးက သူ၏ လက်မောင်းအတွင်း ကျရောက်သွားတော့သည်။
သူက သူမ၏မေးစေ့ကို ညဘက်လက် နှစ်ချောင်းဖြင့် တစ်ချက် ဆိတ်လိုက်ကာ မလိုက်သည်။
...
မင်းကိုယ်တိုင် ငါ့ရဲ့ ထောင်ချောက် ထဲကို ဝင်လာခဲ့တာပဲ။
ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။