မှတ်မှတ်ရရ ဒီစည်ပင်ရိပ်သာလမ်းအိမ်ကို ပြောင်းလာသည့် ပထမဆုံးနေ့ပါပဲ။
ရုံတို့နဂိုအိမ်က ရန်နိုင်လမ်းပေါ်မှာ။ရုံတို့အိမ်လို့သာပြောတာ တကယ်က ရုံ့ဖေဖေမေမေတို့ပိုင်တဲ့အိမ်မဟုတ်။ရုံက ဘိုးဘိုးကြီးလို့ခေါ်ရပြီး ရုံ့ဖေဖေနဲ့တီစိမ့်တို့က ဘဘလို့ခေါ်ကြသည့် ဘိုးဘိုးဦးရာကျော်ရဲ့အိမ်။
ရှေးဘိုးဘွားပိုင်ခြံမို့ ခြံကြီးကအကျယ်ကြီး။ခြံထဲမှာဘိုးဘိုးကြီးတို့နေတဲ့ တိုက်အိမ်မကြီးအပြင် တစ်ထပ်တိုက်ပုသေးသေးလေးတစ်လုံးခွဲဆောက်ထားသေးသည်။
ဘိုးဘိုးကြီးက ရုံ့မေမေနဲ့အန်တီစိမ့်တို့ ညီအစ်မရဲ့ဦးကြီးတော်စပ်သည်။ရုံ့အဘွားရင်းရဲ့အစ်ကိုပေါ့။ငယ်ငယ်ကလေးထဲက မိဘမဲ့ဖြစ်နေတဲ့ ရုံ့မေမေတို့ကို ဘိုးဘိုးကြီးက သူ့သားသမီးတွေနဲ့အတူမွေးခဲ့တာ။
ဘဘလို့ခေါ်ရပေမယ့် တီစိမ့်အတွက်အဖေရင်းလို ရုံနဲ့နံနက်ခင်းအတွက် အဘိုးအရင်းလိုပါပဲ။
ဘိုးဘိုးကြီးမှာ သားသမီးအရင်းသုံးယောက်ရှိပေမယ့် သမီးနှစ်ယောက်က အိမ်ထောင်မပြု။သား ကိုသောင်းကျော်ကသာ အိမ်ထောင်ပြုပြီး သားတစ်ယောက်မွေးထားသည်။ကိုထင်ကျော်တဲ့... ရုံတို့ထက်အများကြီးကြီးသေးတဲ့ အစ်ကိုပေါ့။
တိုက်အိမ်မကြီးမှာက ဘိုးဘိုးကြီးနဲ့ကြီးကြီးနှစ်ယောက်အတူနေသည်။ဘဘဦးသောင်းကျော်တို့မိသားစုက ခြံထဲကအိမ်အသေးလေးမှာ။
ရုံကိုးတန်းတက်မယ့်နှစ်မှာ ကိုထင်ကျော်က ဘွဲ့ရအလုပ်ဝင်ပြီးလို့ အိမ်ထောင်ပြုတော့မယ့်နှစ်။
ကိုထင်ကျော်ကလည်း တမိသားစုလုံးမှာ ရှားရှားပါးပါးပါတဲ့ တစ်ဦးတည်းသောသားမို့ လက်ထပ်ပြီးသွားလည်း ဘဘကိုသောင်းကျော်တို့က အိမ်ခွဲနေဖို့ခွင့်ပြုမှာမဟုတ်။သူ့ဇနီးသည်ကပဲ အိမ်ကိုလိုက်လာရမှာ။လိုက်လည်းလိုက်လာမှာ ကိုထင်ကျော့်ကောင်မလေးက မိသားစုလည်းများပြီး နည်းနည်းလည်းမပြည့်မစုံမို့ ဒီဘက်ကိုသာခေါ်ကိုခေါ်လာရမှာ။
ဒီတော့ ခြံထဲကတိုက်ပုလေးက အလိုလိုပင် ကြင်စဦးဇနီးမောင်နှံအတွက်ရည်ရွယ်ပြီးသားဖြစ်သွားတော့သည်။
ဘဘကိုသောင်းကျော်တို့က အိမ်မကြီးဆီပြန်ရွှေ့လာမည်။ဒါနဲ့ပဲ ဖေဖေက စည်ပင်လမ်းအိမ်ကိုပြောင်းရွှေ့ဖို့စီစဉ်တော့တာ။ရုံကလည်း ကိုးတန်းကျရင်ပြောင်းရမယ့် အထကကျောင်းက အဲ့ဒီအိမ်နဲ့ကျတော့ ပိုနီးတာကိုး။ခင်းကိုပါ ရုံနဲ့အတူ ကျောင်းပြောင်းပေးဖို့လုပ်ထားတာမို့ အစစအဆင်ပြေတယ်လေ။
ကြီးကြီးတို့ ဘဘတို့က လုံးဝခွင့်မပြုချင်။
" မင်းတို့ပြောင်းချင်ပြောင်း... ကလေးတွေက တသက်လုံးငါတို့လက်ထဲကြီးလာတာ... ခုချိန်မှ ခွဲမထည့်နိုင်ဘူး... ကလေးနှစ်ယောက် ငါတို့နဲ့ထားခဲ့"
လေသံမာမာနဲ့ဆိုသေးသည်။ဘိုးဘိုးကြီးက ...
'' သူတို့လည်း သူတို့မိသားစုသီးသန့်နေရတဲ့အချိန်ရှိရဦးမှာပေါ့ ဒီလောက်နှစ်အကြာကြီးနင်တို့နဲ့အတူနေပေးပြီးပြီပဲ ... ကောင်းကောင်းမွန်မွန်အိမ်တစ်လုံးလည်း ကောင်းကျော်ဦးမှာပိုင်နေတာ ... သွားနေကြပါစေပေါ့ ... အမလေးဗျာ နိုင်ငံရပ်ခြား ပြောင်းနေကြမှာကျလို့ မြို့ဟိုဘက်ဒီဘက်ရွှေ့တာများ အဖြစ်ကိုသဲကြတယ် ခင်ဗျားတို့ကလေးတွေလွမ်းရင်ပြေးကြည့်ဗျာ ... နာရီဝက်မကြာဘူး ''
ဝင်ဆူမှပဲ ပြောင်းခွင့်ရတော့သည်။ဒါတောင် ..
" တစ်ပတ်တစ်ခါပိတ်ရက်ကျ ကလေးတွေညလာအိပ်ခိုင်း... နွေရာသီကျ ဒီမှာပဲလာနေကြနော်...ကလေးတို့... "
မျက်ရည်တစမ်းစမ်းနဲ့အလွမ်းသယ်မဆုံးပေ။
စည်ပင်လမ်းခြံက ဖေဖေဝယ်ထားတာ လူပျိုဘဝကတည်းကတဲ့။အထဲကအိမ်ကိုတော့ ဖြည်းဖြည်းချင်းငွေစုပြီး အိမ်တစ်လုံးအကောင်အထည်ပေါ်လာအောင် ဆောက်ခဲ့ရတာတဲ့။အိမ်ထောင်ကျတဲ့ အချိန်မှာ ဖေဖေအိမ်ကလေးက ပြည့်စုံပြီးစီးနေခဲ့ပြီ။ဒါပေမယ့် ရုံ့မေမေက နှလုံးရောဂါသည် ဘိုးဘိုးကြီးနဲ့ ကြီးကြီးတို့က မျက်စိအောက်ကအပျောက်မခံနိုင်တာမို့ ဇနီးနဲ့အစ်မကြီးတွေကိုငဲ့ညှာကာ ဘိုးဘိုးကြီးတို့အိမ်မှာလိုက်နေပေးခဲ့တာ။
ဒီအိမ်ကိုပြောင်းရွှေ့လာတဲ့ ပထမဆုံးနေ့။ခင်းကို ပစ္စည်းတွေအရွှေ့အပြောင်းလုပ်နေတုန်း ရှုပ်နေမှာစိုးလို့ ခေါ်မလာသေး။ဘဘတို့နဲ့ပဲကျန်ခဲ့သည်။အားလုံးနေရာတကျခင်းကျင်းထားသိုပြီးမှပဲ လိုက်လာဖို့ ဖေဖေက ရန်နိုင်တိုက်ခန်းမှာထားခဲ့တာ။
ဖေဖေကလည်း မနက်ခင်းခဏပဲလာကြည့်နိုင်ပြီး အလုပ်ရှိတော့ ပြန်ထွက်သွားရော။ရုံနဲ့ အန်တီစိမ့်နဲ့ ဘိုးဘိုးကြီးပွဲရုံက လွှတ်ပေးထားတဲ့ အလုပ်သမားတွေသာရှိသည်။
ကုတင်တို့ဗီရိုလိုဟာမျိုးတွေက အသစ်ဝယ်ပြီး စောစောထဲကပင်ဖြည်းဖြည်းချင်းလာထည့်ထားပြီးသား။ကျွန်းသေတ္တာတွေ... ဆာလာအိတ်တွေ စက္ကူပုံးတွေကို အခေါက်ခေါက်အခါခါ သယ်ယူရွှေ့ပြောင်းနေကြတဲ့ကြားထဲ တီစိမ့်က ဟိုဒီညွှန်ကြားအလုပ်ရှုပ်နေခဲ့သည်။
ရုံကတော့ ဟိုကြည့်ဒီကြည့် ဟိုလျောက် ဒီလျောက်အပြင် ဘာမှမကူတတ်။ဘယ်ပုံး ဘယ်သေတ္တာက ဘာပစ္စည်းလဲတောင်မသိပါ။ထိုင်လည်းမနေချင်တာမို့ ရုံ့ပစ္စည်းပစ္စယ နည်းနည်းပါးပါးထည့်ထားတဲ့ ကျောပိုးအိတ်ကလေးကိုလွယ်ပြီး ခြံထဲဟိုဒီလျောက်ကြည့်နေရင်းက။
" တီစိမ့်.."
ကြွေပန်းကန်လှလှတွေ စုဆည်းထည့်ထားတဲ့ သေတ္တာကို သေချာဂရုတစိုက်သယ်ဖို့ ကြပ်မတ်ညွှန်ကြားနေတဲ့ တီစိမ့်က ရုံခေါ်တာကို ချက်ချင်းမကြား။
"တီစိမ့် ..လို့.."
နောက်တစ်ခွန်းထပ်ခေါ်မှ " ဟေ"လို့ထူးသည်။
" သားအခန်းက ဘယ်မှာလဲ..."
" အတွင်းလှေကားကတက်သွား... အပေါ်ရောက်ရင်ညာဘက်ကွေ့.. ပထမဆုံးအခန်းကရုံ့အခန်းပဲ ဘယ်ဘက်ကအခန်းက ခင်းကိုထားမလို့လေ..."
ရုံခေါင်းညိတ်ပြီး အိမ်ထဲကိုဝင်လာခဲ့သည်။ရှေးအိမ်တွေလို လှေကားတစ်ထစ်ချင်းစီတိုင်းမှာ အကြွေစေ့တစ်ပြား တစ်ပြားစီကပ်ရိုက်ထားတာကို သဘောတကျ ရွေးနင်းရင်း အပေါ်ထပ်ကိုရောက်လာ၏။
ညာဘက်က ပထမဆုံးအခန်းတဲ့...
ဆေးပြန်သုတ်ထားတာ မကြာလှသေးတာမို့ သုတ်ဆေးနံ့နည်းနည်းကျန်ချင်နေသေးပေမယ့် အခန်းတံခါးကိုဖွင့်ဖွင့်ချင်း ဖျော့နုသောနို့စိမ်းရောင်ကလေးနဲ့ ပြတင်းပေါက်ကနေ အလင်းရောင်ကောင်းကောင်းဝင်နေသော ကျယ်ကျယ်လွင့်လွင့် အခန်းကလေးကိုတွေ့လိုက်တော့ ရုံလန်းဆန်းကြည်နူးနှစ်သက်သွားရသည်။ခရင်မ်ကာလာဇာခန်းစီးစကလေးက ပြတင်းပေါက်မှာအသင့်ချိတ်ထားပြီး လေတိုးနေတော့ တလွင့်လွင့်နဲ့။
အခန်းထဲမှာ ကုတင်တစ်လုံး စားပွဲတစ်လုံးနဲ့ဗီရိုတစ်လုံးရှိနေပြီးသား။ရုံက လွယ်ထားသောကျောပိုးအိတ်ကလေးကို ကုတင်ပေါ်ချပြီး ခဏထိုင်နေတုန်း ရယ်မောသံတွေ စကားသံတွေကိုကြားလိုက်ရတာ။
လုပ်စရာကလည်းမရှိ..ပျင်းကလည်းပျင်းနေတဲ့အချိန်မဟုတ်လား....
ကပ်လျက်ခြံက လွင့်ပျံ့လာသောအသံတွေဖြစ်မှာပဲဆိုတာ ခန့်မှန်းလို့ရတာမို့ ရုံထိုင်နေရာကပြီး ပြတင်းပေါက်နားကိုလျောက်လာခဲ့သည်။
ပြတင်းပေါက်ဘေးမှာခပ်ကွယ်ကွယ်ရပ်ပြီး ဇာခန်းစီးစလွင့်လွင့်ကို လက်နဲ့အသာဆုပ်ပြီး ဟိုဘက်ခြံကိုလှမ်းကြည့်မိ၏။
ခြံထဲမှာ အနက်ရောင်ကားတစ်စီးရပ်ထားသည်။ရေပိုက်ကိုင်ထားတဲ့ ကောင်မလေးတစ်ယောက်ရယ်... ကောင်လေးတစ်ယောက်ရယ်... နောက်ပြီး ခွေးကလေးတစ်ကောင်ကိုပိုက်ထားတဲ့ ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်ရယ်...
ခွေးပိုက်ထားတဲ့ကောင်မလေးက ခင်းနဲ့တူတူလောက်ရှိမှာပဲ... အိုး... ခွေးလေးက နှင်းပွင့်လို ဖြူဆွတ်ဥဖွေးနေတာပါပဲလား...
သုံးယောက်သား ကားနက်ကိုရေဆေးနေကြပုံပေါ်သည်။ဒါပေမယ့် ရေပိုက်ကထွက်လာတဲ့ရေက ကားပေါ်ရောက်ရတယ်မရှိပါ။ပိုက်ကိုင်ထားတဲ့ကောင်မလေးက ကောင်လေးကိုရေနဲ့ပက်ဖြန်းလိုက်... ကောင်လေးက ရေပိုက်ကိုပြန်လုကာ ကောင်မလေးနှစ်ယောက်ကို ရေနဲ့ပြန်ပက် ကောင်မလေးတွေက ထွက်ပြေး..ခွေးကလေးဖြူဖြူဆွတ်ဆွတ်ကပါ ကြားထဲက ခုန်ပေါက်ပျော်မြူးပြီး ရေတွေကိုလိုက်ဖမ်းနေသေးသည်။
မြင်ကွင်းကရွှင်မြူးပြုံးရယ်ချင်စရာ...
ရုံကိုယ့်ဘာသာတောင် မသိလိုက်ပဲ နှုတ်ခမ်းထူကလေးတွေတွန့်ကွေးပြုံးနေမိလျက် တဖက်ခြံထဲကမြင်ကွင်းကို အချိန်ကြာကြာပင်တိတ်တိတ်ကလေး ရပ်တန့်ငေးမောနေမိခဲ့သည်။
သူတို့ကားရေဆေးတာက ဒီလိုပုံနဲ့ဆို ဘယ်တော့များပြီးစီးမှာတဲ့လဲ။အလုပ်လုပ်တာကနည်းနည်း ဆော့ကစားနေတာကများများပဲ။
ခဏကြာအောင် ဆက်ဆော့ကစားနေပြီးတော့ သူတို့အမေလားဘာလားမသိ အမျိုးသမီးတစ်ယောက်ထွက်လာပြီး တခုခုပြောဆိုလိုက်တော့ ကောင်မလေးနှစ်ယောက်က အိမ်ထဲပြေးဝင်သွားကြတော့သည်။
အဆူခံရပြီနေမှာ။ကောင်ကလေးကတော့ ခွေးဖြူလေးနဲ့အပြင်မှာကျန်နေခဲ့သည်။
အဆူခံရထားပေမယ့် မျက်နှာပိုးကတော့ မသေးသေး။ရယ်ကျဲကျဲ ပြောင်တောင်တောင်ရုပ်ကလေးနဲ့ ခေါင်းကုတ်နေရာကနေ သူဝတ်ထားတဲ့ စွပ်ကျယ်တီရှပ်လက်ပြတ်ကို ဖျတ်ခနဲခေါင်းကနေ လှန်ချွတ်ပစ်လိုက်ပြီး ရေပိုက်ကိုကောက်ကိုင်ကာ ဆပ်ပြာမြှုပ်တဖွေးဖွေးထအောင် အားကြိုးမာန်တက် ကားကိုဆက်ဆေးနေတော့ပြန်သည်။
သူကကော ရုံ့ထက်ငယ်မလား ကြီးမလား … သူ့အရပ်အမောင်း သူ့ခန္ဓာကိုယ်အနေအထားတို့ကို ကြည့်ရတာတော့ ရုံ့ထက်ကြီးရင်ကြီး မကြီးရင်ရွယ်တူလောက်ပဲဖြစ်မယ်ထင်ပါရဲ့။
နေရောင်အောက်မှာ အပေါ်ပိုင်းအဝတ်ဗလာနဲ့ ရေတွေစိုရွှဲပြီး သူစိတ်ပါလက်ပါလှုပ်ရှားနေတဲ့ပုံက တမျိုးတောင်ကြည်ကောင်းနေတာမို့ ဘာရယ်မဟုတ် ရုံသဘောတကျအချိန်အကြာကြီးဆက်ငေးမောနေမိခဲ့သေးသည်။
ပထမဦးဆုံးအကြိမ် မြင်မြင်ချင်းမှာပင် အင်မတန်ဆော့ပြီး စကားများများ ရုပ်ပြောင်ပြောင် ရောက်လေရာမှာ အသံကျယ်ကျယ်ထွက်နေတတ်မယ့် ကောင်လေးမျိုးမှန်း ရုံရိပ်မိခဲ့ရပေမယ့် …
အင်မတန်လည်း စပ်စုတတ်သော ကောင်လေးမျိုးဖြစ်မှန်းကိုပါ နောက်ရက်တွေကျထပ်သိရပြန်သည်။
'' ရုံလည်း ခင်းနဲ့အတူတူကျမှပြန်လာချင်လာလေ … ဒီရက်ပိုင်း ရန်နိုင်လမ်းအိမ်မှာပဲပြန်နေချင်နေဦးပေါ့ … ဒီမှာလည်း အကုန်နေသားတကျဖြစ်အောင် ထားသိုနေရာချမှာနဲ့ဆိုရင် တစ်ပတ်လောက်တော့ကြာဦးမှာပဲ ''
ဘိုးဘိုးကြီးတို့အိမ်မှာက မွေးကတည်းကနေလာတမဟုတ်လား။ရင်းနှီးကျွမ်းဝင် အသားကျနေပြီးသားနေရာကနေ နေရာစိမ်းတစ်ခုစီပြောင်းရွှေ့ဖို့ကိစ္စကို ရုံဘယ်စိတ်ပါပါ့မလဲ။တီစိမ့်ကလည်း အဲ့ဒါကိုအသိမို့ ရုံ့ကိုချော့မော့သလိုပြောပေမယ့်။
'' မပြန်တော့ပါဘူး နောက်လည်းပြန်လာရမှာပဲဟာ … ဒီမှာပဲနေလိုက်ပါတော့မယ် ''
ရုံချက်ချင်းပဲ ငြင်းဆိုလိုက်မိတာ ဘာကြောင့်မှန်းတောင်မသိ။
အဲ့ဒီနေ့ညနေမှာ … နောက်တနေ့ မနက်ပိုင်းမှာ … ဟိုဘက်ခြံကနေ ဒီဘက်ခြံထဲကို ဘယ်လိုလူတွေများ ပြောင်းရွှေ့လာတာလဲဆိုတဲ့ စပ်စုသိလိုပုံကလေးတွေနဲ့ ဟိုနားဒီနားက ချောင်းကြည့်ကြတဲ့ ဟိုဘက်အိမ်ကသုံးယောက်ကို သူတို့ကမမြင်ပေမယ့် ရုံကအပေါ်စီးကမို့ တချိန်လုံးမြင်နေခဲ့တာ။
မောင်နှမသုံးယောက်ဖြစ်နိုင်တယ်လို့လည်းတွေးမိပြီးပြီ။သူကရုံနဲ့အသက်တူတူလောက်ပဲ ရှိနိုင်ပြီး အလတ်ဖြစ်နိုင်တယ်လို့လည်းခန့်မှန်းပြီးပြီ။
ဘယ်သူမှမသိအောင်လည်း သူ့ကို တိတ်တခိုး ခင်မင်ရင်းနှီးနှင့်ပြီးပြီ။
'' ရုံရေ … ရှေ့ကပဲပြုတ်အော်သံကြားသလားလို့ … ထမင်းကြမ်းတွေကျန်တာနဲ့အတော်ပဲ ထမင်းကြော်ရအောင် ပဲပြုတ်သည်ပြေးခေါ်ထားလိုက်စမ်းပါ ငါပန်းကန်နဲ့ပိုက်ဆံယူပြီးလိုက်ခဲ့မယ် ''
မျက်နှာသစ်ပြီး ရေတောင်မသုတ်ရသေးတဲ့ ရုံကတီစိမ့်စကားကြောင့် အိမ်ရှေ့ကိုကမန်းကတန်းပြေးထွက်လာရသည်။
ပဲပြုတ်သည်တွေက အလင်းထက်မြန်တဲ့နှုန်းနဲ့သွားကြတာလားမသိ။သူတို့ပဲပြုတ်အော်သံဆုံးအောင်စောင့်နေရင် အသံလည်းဆုံး လူလည်းပျောက်။ဘယ်တော့မှမဖမ်းမိ။ဒီတော့ ခပ်ဝေးဝေးကအသံစကြားတာနဲ့ပြေးနိုင်မှ။
ဘယ်ဘက်ကလာမှာပါလိမ့်။ရုံ မမြင်မစမ်း ဟိုဒီလှမ်းမျှော်နေတုန်း။
'' ဗျိုး ပဲပြုတ် … ပဲပြုတ် ဝယ်ချင်လို့ပါဗျို့ စောင့်ပါဦးဗျို့ ''
ပဲပြုတ်သည်တော့မသိ။ခြံထဲကမထွက်ရသေးတဲ့ ရုံပင် သူ့အသံကျယ်ကျယ်ကြောင့် လန့်ယူရသည်။
ပြီးတော့ ပဲပြုတ်တောင်းကိုကြိုးနဲ့ဆိုင်းကာ နောက်မှာတင်ထားတဲ့ပဲပြုတ်သည်ကလည်း စက်ဘီးကိုရပ်ပြီးဒေါက်ထောက်နေတာကိုမြင်ရပြီမို့စိတ်လည်းအေးသွားရ၏။
ပဲပြုတ်တောင်းကို အုပ်ထားတဲ့ပုဆိုးဟောင်းကိုလှန်လိုက်တော့ ထွက်လာနဲ့အငွေ့ဖြူဖြူတွေနဲ့အတူ ပဲပြုတ်နံ့ကသင်းခနဲနွေးထွေးသွားစေသည်။
'' ပဲပြုတ်ယူမယ်နော် အန်တီ တစ်ဆယ်သား.… ''
ခြံတံခါးမှာချိတ်ထားတဲ့သံချိတ်ကလေးကို ဖြုတ်ပြီးထွက်လိုက်တဲ့ရုံ့ကို အမှတ်တမဲ့တစ်ချက်လှမ်းကြည့်ပြန်လှည့်သွားပြီးမှ ဆတ်ခနဲပြန်လှည့်ကြည့်ပြီး မယုံနိုင်သလို ရွှန်းမြတောက်ပသွားတဲ့သူ့မျက်လုံးတွေ။
ဟာခနဲ ရေရွတ်လိုက်သလို အသံမထွက်ပေမယ့် ပွင့်ဟသွားတဲ့နှုတ်ခမ်းတွေက ချက်ချင်းပဲတအားပြုံးရယ်သွားတာ။
''ဒီကို အိမ်ပြောင်းလာတာလားဟင် ''
သူစကားပြောလိုက်လိမ့်မယ်လို့ ရုံကထင်မထား။သူ့လေသံက အိမ်နီးနားချင်းအသစ်ကို ဝတ်ကျေတန်းကျေနှုတ်ဆက်တဲ့လေသံမျိုးမဟုတ်ပဲ လှိုက်လှဲနွေးထွေးလွန်းတာမို့ ရုံ အံ့အံ့သြသြ ယောင်ယောင်ကန်းကန်းလေးခေါင်းညိတ်ပြမိသည်။
ရုံက နှစ်ရက်လောက်သူ့ကိုမြင်ဖူးနေပြီး ကြိုရင်းနှီးနေတာထားပါတော့ ။သူကကောဘာကြောင့်များ ပထမဦးဆုံးမြင်ဖူးတဲ့ရုံ့ကို ငယ်ပေါင်းကြီးဖော်နဲ့ပြန်တွေ့သလို ထူးထူးဆန်းဆန်းကြီးတရင်းတနှီးရှိနေရတာတဲ့လဲ။
ပြီးတော့ သူပြုံးရယ်လိုက်တဲ့အခါ အရမ်းပဲငေးမောချင်စရာကောင်းအောင်လှပပြီး နှုတ်ခမ်းတွေနဲ့အတူတူရီဝေရွှန်းမြစွာလိုက်ပြုံးရယ်တတ်တဲ့ မျက်လုံးလေးတွေရှိတယ်ဆိုတာ အဲ့ဒီနေ့က ရုံ သိခွင့်ရခဲ့တယ်လေ။
______________________________________________________________________________________
( ကြာသွားတာ ဆောဒီးပါလို့ 😁💙)
______________________________________________________________________________________