ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း(၅၉)
တိတ်ဆိတ်ငြိမ်သက်စွာအနားယူပြီးနောက် အရက်မူးနေသော အခြေအနေဖြင့် အိပ်ရာမှ နိုးလာသောအခါ သစ်သားတုံးကြီးလို အိပ်ပျော်ခဲ့မှန်း သူ့ကိုယ်သူ သိသည်။ ထို့နောက် သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး အချိန်ကြည့်လိုက်သည်။ မနက် ၆နာရီ ၂၀မိနစ်သာ ရှိသေးသည်။
"ရှောင်လုံပေါင်းကို ဒီနေ့ ရောင်းသင့်တယ်" ယွမ်ကျိုးက အိပ်ရာမှ မထခင် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ယွမ်ကျိုးက ပုံမှန်အတိုင်း သူ့အင်္ကျီကို ဆောင့်ဆွဲလိုက်သည်။ မနေ့ညက နံ့စော်နေသော အရက်နံ့ နှင့် ချွေးနံ့တို့ ပေါင်းစပ်ပြီး အော်ဂလီဆန်သော အနံ့အသက်များ ထွက်ပေါ်နေသည်။ သူက တစ်ကိုယ်ရည်သုံး ပစ္စည်းများကို သယ်ဆောင်ပြီး ရေချိုးခန်းထဲ ချက်ချင်း သွားသည်။
ယွမ်ကျိုးက ရေပန်းအောက်မှာ မတ်တတ်ရပ်နေပြီး ယခင်လက ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့၍ သူ့လက်ဖျံများ တောင့်တင်းသန်မာလာပြီး သူ့ပခုံးများကလည်း ပိုသန်မာလာသည်။ သူ့ခန္ဓာကိုယ်ပေါ် စီးကျနေသော ရေစက်များက သူ့ကို ပို၍ ဆွဲဆောင်မှု ရှိစေသည်။
စားသောက်ဆိုင်ကို ၃ရက်တိတိ ပိတ်ခဲ့၍ ဤမနက်ခင်းတွင် ရှောင်လုံပေါင်း ၁၅၀ခန့် လုပ်ထားရန် ဆုံးဖြတ်ထားသည်။ သူ့မနက်စာအတွက် ရှောင်လုံပေါင်း ၄လုံးစားခဲ့ပြီး စားသုံးသူ ဖောက်သည်များအတွက် ၁၄၆လုံးချန်ထားပေးသည်။
“သူဌေးယွမ်က ဒီနေ့ရော ဆိုင်ဖွင့်ပါ့မလား” အမျိုးသားတစ်ယောက်၏အသံက ဆိုင်ဝင်ပေါက်နားမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
“ဆိုင်ဖွင့်မှာပါ။ ဒီနေ့ တံခါးပေါက်မှာ သတိပေးစား မကပ်ထားဘူးလေ။ ဒီနေ့မှ ဆိုင်မဖွင့်ရင်တော့ သူ့ဆိုင်တံခါးကို ရိုက်ချိုးပစ်မယ်။ ငါ့ကို ယုံကြည်ထားလိုက်”
ဝူဟိုင်း၏အသံတွင် မခံမရပ်နိုင် ဒေါသဖြစ်နေသော ခံစားချက်များ ရောယှက်နေသည်။
“ဟုတ်ပါ့။ အခုပြောသလို လုပ်သင့်နေတာ ကြာပြီ”
ဘေးပတ်ဝန်းကျင်မှ ဖောက်သည်များက ဝူဟိုင်းကို စနောက်ကျီစယ်ဟန်ဖြင့် မြှောက်ပေးသည်။
ထိုစဉ် ယွမ်ကျိုးက တံခါးကို အသံကျယ်လောင်စွာ ဆောင့်တွန်းဖွင့်လိုက်သည်။
သူက ဝူဟိုင်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ လေသံဖြင့် စကားပြောသည်။
“ခင်ဗျားက တံခါးကို ရိုက်ချိုးလိုက်ရင် ကုန်ကျစရိတ်ကိုလည်း ခင်ဗျားပေးရမယ်။ ပြုပြင်ဖို့ အနည်းဆုံး တစ်ပတ်လောက် ကြာနိုင်တယ်”
ထို့နောက် ယွမ်ကျိုးက သူ့နေရာသူ ပြန်သွားလိုက်ပြီး စားသုံးသူများကို ဆိုင်ထဲ ဝင်ခွင့်ပေးသည်။ ဝူဟိုင်းကို မြှောက်ပေးခဲ့သော ဖောက်သည်များက ယခုတော့ ဝူဟိုင်းကို မသိကျိုးကျွံပြုကာ ဆိုင်ထဲဝင်ကြသည်။
“သူဌေးယွမ်၊ ဒီစကားပြောတာက ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူးလေ” ဝူဟိုင်းက အားတုံ့အားနာ ဖြစ်မိသော်လည်း ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ယွမ်ကျိုးထံမှ သနားစာနာစိတ်ကို ရယူရန် ကြိုးစားသည်။
“ငါ့မျက်နှာလေးကို ကြည့်ပါဦး။ သုံးရက်လုံး မစားနိုင် မသောက်နိုင်နဲ့ သနားချင့်စရာ မကောင်းဘူးလား။ သူဌေးယွမ်ရယ် နောက်ဆို ကြိုတင်အသိမပေးဘဲ ဆိုင်ပိတ်တဲ့ လုပ်ရပ်မျိုး မလုပ်ပါနဲ့လား”
“ဒီလိုတော့ မပြောနဲ့လေ။ အသိပေးစာကို တံခါးမှာ ကပ်ထားခဲ့တယ်လေ”
ယွမ်ကျိုးက အားမနာစတမ်း တည့်တိုးပြောသည်။
“အသိပေးစာကို သူဌေးယွမ်က ဘယ်အချိန်ကပ်လိုက်တာလဲ။ ဒီအနီးအနားက လူတွေတောင် သတိမထားမိဘူး”
ဝူဟိုင်းက နေမထွက်ခင်တည်းက စားသောက်ဆိုင် ဝင်ပေါက်ကို စောင့်ကြည့်နေတတ်သည်။ သို့တိုင် ယွမ်ကျိုး၏ အရိပ်အယောင်ကိုပင် မမြင်တွေ့ရတတ်ပေ။
ယွမ်ကျိုးက သူ့ကို ပြန်မဖြေဘဲ ကြည့်နေရုံသာ ကြည့်နေလိုက်သည်။
သူ့အကြည့်တွင် စက်ဆုပ်သောခံစားချက်များ ရောယှက်နေခြင်းကို တခြားသူများလည်း သတိထားမိသည်။ ထို့ကြောင့် ဝူဟိုင်းက စကားလမ်းကြောင်းလွှဲလိုက်သည်။ “သူဌေးယွမ်၊ ဒီနေ့ ရှောင်လုံပေါင်း ရောင်းလား”
သူက ပုံမှန်မေးနေကျ အတိုင်း မေးမြန်းခဲ့ပြီး တိကျမှန်ကန်သော အဖြေကို မမျှော်လင့်ခဲ့ပေ။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူဌေးယွမ်က သူ့ကို အံ့အားသင့်စေခဲ့သည်။
“ရောင်းတယ်”
“တကယ်ပြောနေတာလား။ ဒီလိုဆိုပြန်တော့လည်း သူဌေးယွမ်က ကြင်နာတတ်သွားပြန်ပြီ” ဝူဟိုင်းက လေးကန်စွာ သက်ပြင်းမချခင် စိတ်လှုပ်ရှားစွာ ထိုင်လိုက်သည်။
“ရှောင်လုံပေါင်း တစ်ပွဲပေးပါ”
ဖောက်သည်တိုင်းက ပင်မခန်းမဆောင်ထဲ ရောက်ရောက်ချင်း ဟင်းပွဲများကို အော်ဒါတင်ကြသည်။ ထိုင်ခုံ ၁၀ခုံက ချက်ချင်း လူပြည့်သွားပြီး နောက်မှရောက်လာသော ဖောက်သည်များက သူတို့အလှည့်ကို တန်းစီစောင့်ရသည်။
ထို့နောက် ရှောင်လုံပေါင်း၏ မွှေးရနံ့က ဆိုင်တစ်ဆိုင်လုံး ပြည့်နှက်နေသည်။
စားသုံးသူ အများအပြား တန်းစီကြသည်။ စားသုံးပြီးသော ဖောက်သည်များက တခြားသူများအတွက် နေရာဖယ်ပေးကြသည်။
နာရီဝက်ခန့်ကြာပြီးနောက် ရှောင်လုံပေါင်း(၁၄၆)ခုလုံး ရောင်းကုန်သွားသည်။ စားသုံးသူ ဖောက်သည်များက ရှောင်လုံပေါင်းကို အငမ်းမရ စားသောက်နေ၍ မီနူးအသစ်ကို သတိမထားမိပေ။
နေ့ခင်းဘက်ရောက်မှ ဝူကျိုးက မီနူးအသစ်ကို ပထမဆုံး သတိထားမိခြင်း ဖြစ်သည်။ ဝူကျိုးက ဆိုင်ကိုရောက်တိုင်း မီနူးအသစ် ရှိလား ပထမဆုံး စစ်ဆေးတတ်သော အကျင့်စရိုက် ရှိသောကြောင့် ဖြစ်သည်။ သူကောင်မလေး၏ ပံ့ပိုးမှုရှိသည့်တိုင် အလွန်အကျွံ ဝယ်မစားနိုင်သေးပေ။ လူတိုင်းက ဝူဟိုင်းကဲ့သို့ တစ်နေ့ သုံးကြိမ် ဝယ်စားနိုင်သည်အထိ မချမ်းသာပေ။ သို့တိုင် တစ်ခါဝယ်စားတိုင်း နှစ်မျိုး၊သုံးမျိုး မှာစားနိုင်သေးသည်။
“သူဌေးယွမ်။ မီနူးအသစ် ရှိတာလား” ဝူကျိုးက မမေးမြန်းခင် ထိုင်ခုံမှာ ထိုင်လိုက်သည်။
ဝူကျိုးက အပတ်တိုင်း သူ့ကောင်မလေးအတူတူ ဆိုင်မှာ ချစ်ကြည်နူးနေတတ်၍ ယွမ်ကျိုး အမြင်မကြည်လင်ပေ။ ထို့ကြောင့် သူက နံရံကို လက်ညိုးထိုးပြလိုက်သည်။
“သူဌေးယွမ်က အမြဲတမ်း မိမိုက်နေတာပဲ။ ကျွန်တော့်ကောင်မလေးက သူဌေးကို အတုခိုးဖို့ အမြဲပြောတယ်။ သူဌေးယွမ်ရဲ့တည်ကြည်တဲ့ အမူအရာက သူ့အမြင်မှာ ချစ်စရာကောင်းတယ်။ ကျွန်တော်က စကားများလွန်းတယ်လို့တောင် သူက ပြောသေးတယ်” ဝူကျိုးက
ယွမ်ကျိုး၏ခံစားချက်ကိုပင် ထည့်မတွက်ဘဲ
ယွမ်ကျိုး၏အရှေ့မှာ
သူတို့ဆက်ဆံရေးကို ကြွားလုံးထုတ်နေသည်။
“ဟုတ်တယ်။ မင်းရဲ့ကောင်မလေး မှန်တယ်။ မင်းက စကားများလွန်းတယ်”
ဒီကောင်က သူတို့ဆက်ဆံရေးကို အသုံးချပြီး စိတ်အနှောင့်အယှက်ပေးတတ်၍ အခွင့်အခါကြုံလျှင် တန်ပြန်တိုက်ခိုက်မည်ဟု တေးမှတ်ထားသည်။
“အမ်” ဝူကျိုးက သူ့ပါးစပ်သူ လက်ဖြင့်ကွယ်လိုက်ပြီး ဈေးနှုန်းစာရင်းကို စစ်ဆေးကြည့်ရန် တိတ်တဆိတ် ခေါင်းလှည့်လိုက်သည်။
“ဝိုး၊ ဖျော်ရည် ရောင်းနေပြီပေါ့။ ဖရဲသီး ဖျော်ရည်လား” တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ကောင်မလေး အကြိုက်မှန်း သိလိုက်သည်။ သို့သော်လည်း နောက်ထပ်မီးနူးအသစ်၏ ဈေးနှုန်းကို ကြည့်လိုက်သောအခါ လန့်ဖျပ်သွားသည်။
“ သ...သူ...သူဌေး…သူဌေးယွမ်...ဒါက ဆေးဖက်ဝင်လက်ဖက်ကြက်ဥရဲ့ ဈေးနှုန်းလား”
ယွမ်ကျိုးက ဝူကျိုးက အထင်သေးသောမျက်ဝန်းများဖြင့် ကြည့်သည်။ အထစ်,အထစ်ဖြင့် စကားပြောတတ်တဲ့ ကောင်လေးက ချစ်သူ ရှိပြီး
သူက ချစ်သူမရှိပေ။ သို့တိုင်က သူက အိမ်လည်းပိုင်ပြီး အောင်မြင်နိုင်ချေရှိသော အသက်မွေးဝမ်းကြောင်း အလုပ်လည်း ရှိသည်။ ယွမ်ကျိုးက သူ့ကိုယ်သူ နှစ်သိမ့်ပြီး ပြန်ဖြေသည်။
“ဟုတ်တယ်။ အဲဒီဈေးနှုန်းပဲ။ မင်း တစ်ပွဲမှာချင်လို့လား”
“ဟင့်အင်း၊ ကျေးဇူးပဲ” ဝူကျိုးက တုံ့ဆိုင်းခြင်း မရှိဘဲ ငြင်းဆန်သည်။ ယခုလို ဟင်းပွဲမျိုးကိုပင် ဝယ်မစားနိုင်၍ သူ့ကိုယ်သူ ဆင်းရဲလွန်းသည်ဟု ခံစားမိသည်။ လက်ဖက်ကြက်ဥသည် ဤနိုင်ငံအတွင်းမှ လူတော်တော်များများ ဝယ်မစားနိုင်လောက်သည်အထိ ဈေးများလွန်းသည်။
“မင်း မမြည်းကြည့်ချင်ဘူးလား။ အခုအချိန်မှာ အထူးအခွင့်အရေး ရှိတယ်လေ”
ယွမ်ကျိုးကိုယ်တိုင်လည်း လက်ဖက်ကြက်ဥကို မြည်းကြည့်ချင်သည်။ စားသုံးသူများက အော်ဒါတင်မှသာ လက်ဖက်ကြက်ဥက မီးဖိုချောင်ထဲ ပေါ်လာမည်။ ယွမ်ကျိုး မစားသေးသည့် အကြောင်းအရင်းက ဈေးများလွန်း၍ ဖြစ်သည်။
အထူးလျှော့ဈေးနှုန်းက ကြောက်ခမန်းလိလိ ဖြစ်နေ၍ မူလဈေးနှုန်းကို တွေးမကြည့်ရဲပေ။
ဒီကနေ့ ဆိုင်သို့ရောက်လာခြင်းက မှားယွင်းသည်ဟုပင် ခံစားမိသည်။ “ကြက်ဥထမင်းကြော် တစ်ပွဲနဲ့ ဖရဲသီးဖျော်ရည် တစ်ခွက်ပေးပါ”
တုန်လှုပ်သွားသော နှလုံးသားကို ချွေးသိပ်ရန် (၈၈)ယွမ်တန် ဖရဲသီးဖျော်ရည်ကို မြည်းစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
၈၈ ယွမ်တန် ဖရဲသီးဖျော်ရည်က ဈေးများသော်လည်း လက်ဖက်ကြက်ဥနှင့် ယှဉ်လိုက်လျှင် ဘာမှ မဟုတ်ပေ။
“ကောင်းပြီ။ ခဏစောင့်ပေးပါ” ကြက်ဥထမင်းကြော်ကို အရင်ဆုံးပြင်ဆင်သည်။
ဖရဲသီးဖျော်ရည် ပြင်ဆင်ခြင်းက မြန်ဆန်သည်။
“မင်းမှာထားတဲ့ ကြက်ဥထမင်းကြော်ပါ”
ယွမ်ကျိုးက ဖရဲသီးဖျော်ရည် မပါဘဲ ဝူကျိုးစီ ပန်းကန်ပြား သယ်ဆောင်လာသည်။
ယွမ်ကျိုးက ၂.၅ ကီလိုဂရမ်ခန့်ရှိသော ဖရဲသီးကို အခွံခွာနေသည်။ ပုံမှန် ဖရဲသီးများထက် ပို၍ လုံးဝန်းသော သွင်ပြင်ရှိသည်။
“သူဌေးယွမ်၊ ခင်ဗျားရဲ့ဖရဲသီးက ဝိုင်းလှချည်းလား”
“ဟုတ်တယ်” ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက ဓားအိမ်ထဲမှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ဓားက သံချေးတက်နေသော အငွေ့အသက် မရှိပေ။ သံချေးအငွေ့အသက်က ဖရဲသီး၏အရသာကို ဖျက်ဆီးပစ်နိုင်သည်။
တစ်ချက်လှီးဖြတ်ရုံဖြင့် ဖရဲသီးက စက်ဝိုင်းခြမ်း ပုံစံဖြစ်သွားသည်။
ယွမ်ကျိုးက ဖရဲသီးအသားကို ဖယ်ထုတ်ပြီး အရည်ကို စစ်ထုတ်မည်ဟု ဝူကျိုး တွေးလိုက်သည်။
သို့သော်လည်း ယွမ်ကျိုးက ဓားပြောင်းလိုက်ပြီး ဖရဲသီး၏အချိုဆုံး အပိုင်းဖြစ်သော အလယ်ပိုင်းကို ခွဲထုတ်လိုက်သည်။ အထဲမှာ အနက်ရောင် အစေ့များ လုံးဝ မပါဝင်ချေ။ အနီသား ဖရဲသီးအသားသာ ပါဝင်သည်။
ဖရဲသီး၏အရည်ရွှမ်းအသားကို ကြီးမားသောဇွန်းဖြင့် ထူးဆန်းသောစက်အသေးထဲ ရွေ့လိုက်သည်။ စက်က အရမ်းမကြီးသော်လည်း ဖရဲသီး၏အရည်ရွှမ်းသော အသားထည့်ရန် လုံလောက်သည်။
အပိုင်း(၅၉)
ပြီးပါပြီ။