August 13, 2024...
အဲ့နေ့က မိုးတွေက သည်းသည်းထန်ထန်ကို ရွာနေခဲ့တယ်...
ကျောင်းဆင်းချိန်မှာမှ ကွက်တိကိုက်ပြီးတော့ ရွာချလာတဲ့မိုးက ကျွန်မအတွက်တော့ တကယ့်ကို ကံဆိုးမိုးမှောင်ကျမှု အကြီးစားပေါ့...
ကြည့်ရတာ ထီးယူလာခဲ့ဖို့မေ့တာ ကျွန်မတစ်ယောက်တည်း ဖြစ်နေပုံပဲ...။ အဲ့တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ...။ မိုးကလည်း တော်ရုံတန်ရုံနဲ့ တိတ်သွားမဲ့ပုံ မပေါ်ဘူး...။ကံကြမ္မာက ကျွန်မကို မျက်နှာသာ မပေးတာကြောင့် ကျွန်မနည်းနဲ့ ကျွန်မဟန်ပဲ ကြည့်ပြီးတော့ လုပ်ရတော့မဲ့ပုံပဲ...။
မတတ်သာတဲ့အဆုံး လွယ်အိတ်ကို ခေါင်းပေါ်မှာတင်ပြီးတော့ မိုးရွာကို ပြေးသွားဖို့အတွက် ပြင်လိုက်တဲ့ အချိန်မှာ ...
ကျွန်မရဲ့ မြင်ကွင်းထဲမှာ မရင်းနှီးတဲ့ လက်တစ်စုံကနေပြီးတော့ အဝါရောင် ခေါက်ထီးလေး တစ်ချောင်းအား ကမ်းပေးလာတာကို တွေ့လိုက်ရတယ်။
ဘာပါလိမ့်...
ကျွန်မများ အမြင်မှားတာများလား ဆိုပြီးတော့ ကျွန်မရဲ့ မြင်ကွင်းတွေကို ဖြည်းဖြည်းချင်း အပေါ်ကို ရွှေ့လိုက်တဲ့အခါမှာ ထိုလူရဲ့ Bambi Eyes လေးတွေနဲ့ ရုတ်တရက် အကြည့်ချင်း ဆုံသွားခဲ့တယ်။
အဲ့အချိန်မှာ ကျွန်မ ပထမဆုံး တွေးမိလိုက်တာက ထိုမျက်ဝန်းတွေ သိပ်လှတယ် ဆိုတာကိုပင်...။ ပြီးတော့ ကျွန်မဆီကို ဦးတည်နေတဲ့ ထိုလူရဲ့ အပြုံးလေးကလည်း တောက်ပနေတယ်ဆိုတာကို ကျွန်မ အသိအမှတ်ပြုမိတယ်...။
ထို့နောက် သူ့ရဲ့ hoodie လေးကို ခေါင်းမှာ ချုံပြီးတော့ ကျွန်မရဲ့ မြင်ကွင်းရှေ့ကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ ထိုကျောပြင်ငယ်လေး...
ကျွန်မ တစ်ယောက်တည်း အတွေးတွေလွန်နေပုံရတယ်...
ကျေးဇူးတင်စကားတောင် မပြောရသေးဘူး...ထိုလူသားက ကျွန်မ မြင်ကွင်းရှေ့က ပျောက်ကွယ်သွားခဲ့ပြီ...
ဒါက သူနဲ့ကျွန်မရဲ့ ပထမဆုံး တွေ့ဆုံခြင်းလေးပေါ့...
မိုးနဲ့အတူ ကျွန်မဘဝထဲကို ဝင်ရောက်လာခဲ့တဲ့သူဟာ ကျွန်မရဲ့ရင်ထဲကိုတော့ နွေးထွေးပြီးတော့ သာယာတဲ့ နွေဦးရဲ့ သံစဉ်လေးတွေ ဖြစ်ပေါ်စေခဲ့လိမ့်မယ်လို့တော့ ဘယ်သူကထင်ခဲ့မိမှာလဲ...။ ပျော်မြူးစွာ ခုန်ပေါက်နေတဲ့ ကျွန်မရဲ့ ရင်ဘက်ထဲက အကောင်လေးကိုတော့ မသိချင်ယောင်ဆောင်ရင်း သူပေးခဲ့တဲ့ ထီးအဝါလေးကို ဆောင်းရင်း အိမ်ပြန်လမ်းဆီသို့သာ ဦးတည်ခဲ့တယ်...
#
အခုရက်ပိုင်း ကျွန်မရဲ့ အတွေးတွေထဲမှာ ဝင်ရောက်စိုးမိုးနေခဲ့တာကတော့ ထိုလူသားလေးပင်...
ကျွန်မရဲ့ ဘဝထဲကို...
မိုးတွေလေတွေနဲ့အတူ ဝင်ရောက်လာခဲ့တဲ့သူ...
ကျွန်မအတွက်...ထိုလူသားလေးက
အမှောင်ထုကြီးကို ဖြိုခွင်းလိုက်တဲ့ အလင်းလေးတစ်စလိုမျိုး...
မှိတ်တုတ်မှိတ်တုတ် ကြယ်လေးလိုမျိုး လမင်းမရှိတဲ့ ကျွန်မရဲ့ ကောင်းကင်မှာ ထိုလူသားလေးကသာ အတောက်ပဆုံးပေါ့...
ကျွန်မရဲ့ နှလုံးသားထဲမှာ စွဲထင်နေတဲ့ ထိုလူသားလေးရဲ့ ရုပ်ပုံလေးဟာ စားပွဲပေါ်က ပြန့်ကျဲနေတဲ့ စာရွက်တွေပေါ်မှာ ရေးဆွဲထားတာ ရှုထောင့်အမျိုးမျိုးနဲ့ပေါ့...
ထိုလူသားလေးက ကျွန်မကို အကြောင်းအရင်းမရှိဘဲနဲ့ ပြုံးမိသွားစေနိုင်တဲ့ အကြောင်းအရင်းလေးပေါ့...
တစ်စတစ်စနဲ့ ပြည့်နှက်လာခဲ့တဲ့ ဒိုင်ယာရီထဲက သူ့ရဲ့အကြောင်းတွေ...
ပြီးတော့...
တစ်စတစ်စနဲ့ လေးနက်လာခဲ့တဲ့ ရင်ဘက်ထဲက ခံစားချက်တွေ...
ဒါကို အချစ်လို့ခေါ်သလား? ဒီလို ဘာမှန်းမသိတဲ့ ခံစားချက်ကြီးကိုလေ?
ကျွန်မသိနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ကျွန်မရဲ့ ရင်ဘက်ထဲမှာ လိပ်ပြာတွေ ပျံဝဲနေပြီဆိုတာပဲ...
ကျွန်မတို့ နောက်ထပ်တစ်ကြိမ် ထပ်ပြီးတော့ တွေ့ဆုံဖြစ်လိမ့်မယ်လို့တော့ ကျွန်မလုံးဝ မမထင်ထားမိခဲ့ဘူး...
ဒါပေမဲ့လည်း သူနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်...
ကောင်းသောတွေ့ဆုံခြင်းမျိုး မဟုတ်ခဲ့ပေမဲ့လို့...
Menstruation ဖြစ်တာက ဘယ်လောက်ထိ ဆိုးရွားမှန်း မိန်းကလေးတိုင်း သိပြီးသား ဖြစ်မှာပါ...။ ရှောင်လွဲချင်ပေမဲ့လည်း မတက်သာတဲ့ အခြေအနေတစ်ခုပေါ့...
တိုက်တိုက်ဆိုင်ဆိုင်ပဲ လစဉ်သုံးပစ္စည်းကလည်း ကုန်နေတာကြောင့် ကျွန်မ လမ်းထိပ်က store ဆိုင်ကို ထွက်လာခဲ့တယ်။ ထိုအရာကို ဝယ်ယူပြီး ငွေရှင်းကောင်တာပေါ်ကို တင်ပေးလိုက်တယ်။
"xxx ဝမ် ကျပါတယ်..."
မထင်မှတ်ဘဲ ယောက်ျားလေး အသံအောရှရှလေးကို ကြားလိုက်ရတဲ့အခါ 'ခါတိုင်း ရောင်းနေကျ အမတစ်ယောက် ဘယ်ရောက်သွားတာလဲလို့တောင် တွေးမိလိုက်သေးတယ်...။ ဒါပေမဲ့လည်း ဒီတိုင်း အချိန်ပိုင်း ဝန်ထမ်း ပြောင်းသွားတာ ဖြစ်မှာပါလို့သာ တွေးမိလိုက်တယ်...
ငွေရှင်းဖို့အတွက် ခေါင်းကို မော့လိုက်တဲ့အချိန် အဲ့မှာ ပြဿနာက စတော့တာပဲ...။
အဲဒီ အသံပိုင်ရှင် အချိန်ပိုင်း ဝန်ထမ်းလေးက ထိုလူသားလေး ဖြစ်နေတာတဲ့လား...?
ကျွန်မရဲ့ မျက်နှာက ရုတ်တရက် နီရဲလာပြီးတော့ ခရမ်းချည်သီးနဲ့တောင် နင်လားငါလား ဖြစ်နေလိမ့်မယ်...
ဘာလို့တိုက်တိုက်ဆိုင်ဆိုင်? မဟုတ်ဘူး...ဘာဖြစ်လို့ ဒီဟာဝယ်တဲ့ အခေါက်မှ ဖြစ်ကတာလဲ? ကျွန်မ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားချင်နေပြီ...?
ပြီးရင် အခု ကျွန်မရဲ့ပုံစံက တော်တော်ကို စုတ်ပြတ်နေမှာ...
ဆံပင်ကလည်း ခေါင်းမဖြီးထားလို့ ရှုပ်ပွနေမှာ...ပြီးရင ဝတ်ထားတာကလည်း အိမ်နေရင်း pajamas အဟောင်းပွပွကြီးတွေ...အမေရေ ရှက်လိုက်တာ...
သူကတော့ တည်တည်ငြိမ်ငြိမ်ပဲ...ကျွန်မကိုတောင် မမှတ်မိရဲ့လားမသိ...။ ကျွန်မတစ်ယောက်ထဲ အရှက်သည်းနေပုံရတယ်...
ကောင်းသော တွေ့ဆုံမှုတော့ မဟုတ်ခဲ့ပေမဲ့ အနည်းဆုံးတော့ ကျွန်မ သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့ခွင့် ရခဲ့တယ်...
ဒါဆိုရင် ကျွန်မအတွက် လုံလောက် သွားပါပြီ...
သူမ မသိခဲ့တာကတော့ သူမ ထွက်သွားပြီးနောက်မှာ ကြိတ်ရီနေခဲ့တဲ့ ကောင်လေးတ်ယောက် အကြောင်းပါပဲ...
#
လူတွေက ပြောကြတယ်...
တစ်ဖက်သက်အချစ်ဆိုတာ သိပ်ကို ပင်ပန်းပြီးတော့ နာကျင်ရတယ်တဲ့..
ကျွန်မကတော့ အဲ့လို မထင်ဘူး...
ထိုလူသားလေးကို ချစ်မိသွာခဲ့ပြီးတဲ့နောက်ပိုင်းမှာ ကျွန်မရဲ့ဘဝက ပိုပြီးတော့ အဓိပ္ပာယ်ရှိလာသလိုမျိုး ခံစားရတယ်...
သူ့အကြောင်းတွေးမိတိုင်းမှာ အလိုလိုကို ကြည်နူးမိသွားတယ်...
အခုထိ ထိုလူသားလေးရဲ့ အကြောင်းတွေကို ဘာတစ်ခုမှ မသိရသေးပါ။ နာမည်လေးတောင် မသိရသေးဘူး...
သို့သော်...
မိုးတွေနဲ့ ကျွန်မရဲ့ဘဝထဲကို ဝင်ရောက်လာခဲ့တဲ့ သူ့ကို ကျွန်မတစ်ယောက်တည်းသာ သိနိုင်တဲ့ တစ်ဦးဆိုင်နာမ်လေးနဲ့ သတ်မှတ်ထားတယ်...
မိုးကို အကြောင်းပြုပြီး သူနဲ့ တွေ့ဆုံခွင့် ရခဲ့တာကြောင့် သူ့ကို ကျွန်မ Mr. Rain လို့သာ ခေါ်ဆိုပါရစေ...
ထိုကိစ္စပြီးကတည်းက ကျွန်မမှာ ရှက်လွန်းသဖြင့် ထိုဆိုင်ဘက်ကို ခြေဦးတောင် မလှည့်ခဲ့ပေ...။ ဝယ်စရာရှိတာတွေတောင် မဝယ်ဘဲ နေခဲ့တယ်...
ဒါပေမဲ့ သူနဲ့ ထပ်တွေ့ဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပြန်တယ်...
ဘယ်သူရှိမလဲ...? အိမ်က mother ကြီးပေါ့...။ အတင်းတွေ အဲ့ဆိုင်မှာ ဈေးသွားဝယ်ခိုင်းနေတာလေ...။
အာ...ဟုတ်သား မေ့နေလိုက်တာ...။ သူ့ရဲ့ထီးလေးကို ပြန်ပေးရဦးမှာပဲ...။ သူကတော့ ကျွန်မကို မှတ်မိပါ့ဦးမလားတောင် မသိပေမဲ့ပေါ့...။
အမေမှာလိုက်တဲ့ ပစ္စည်းတွေကို သေချာဝယ်ပြီးတော့ ငွေရှင်းကောင်တာပေါ်ကို အသာအယာလေး တင်ပေးလိုက်တယ်...
"xxx ဝမ် ကျပါတယ်..."
သူ့ရဲ့ အသံလေးကို ထပ်ကြားလိုက်ရပြန်တယ်...
ကျွန်မ အလိုလိုနေရင်းနဲ့ ခြေထောက်တွေတောင် ပျော့ခွေချင်လာပြီး ပြိုလဲချင်လာတယ်...။ ပြီးရင် ဒီနီရဲနေတဲ့ မျက်နှာကိုလည်း ဘယ်နားမှာ သွားထားရမလဲ မသိတော့...
ကျွန်မ ခေါင်းကိုမော့လိုက်တော့ ကျွန်မဆီကို ဦးတည်နေတဲ့ သူ့ရဲ့ အကြည့်တွေနဲ့ ရုတ်တရက် ဆုံစည်းလိုက်ရတယ်...။
သူက ဒီနေ့ အဖြူရောင် T-shirt လေးနဲ့ အရမ်းတွေ ခန့်နေသလိုပဲ...။ နဖူးပေါ်မှာ အသာအယာလေး ဝဲကျနေတဲ့ သူ့ရဲ့ နီညိုရောင် ဆံနွယ်စလေးတွေ...။ ပြီးရင် နှင်းစလေးတွေလိုမျိုး ဖြူဖွေးနေတဲ့ အသားအရည်ကိုလဲ ပိုင်ဆိုင်ထားသေးတယ်...။ ဘယ်သူ့အမြင်မှာပဲဖြစ်ဖြစ် ထိုလူသားလေးက ချစ်စဖွယ်အတိဖြစ်နေမှာ သေချာပေါက်ပဲ...။ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် သေချာပေါက် နှစ်ခေါက် ငေးကြည့်ရမယ့် ရုပ်ရည်မျိုးပင်...
သူ့ကို ကျွန်မ တစ်ခုခု ပြောလိုက်ဖို့ကို တုံ့ဆိုင်းနေမိတယ်...
ငွေရှင်းပြီးသည့်တိုင်အောင် ကျွန်မ မသွားသေးဘဲ ရပ်နေသေးတာကို သူကသတိထားတဲ့ပုံ ပေါ်တယ်...
ထို့နောက် အသာအယာလေးပြုံးပြီး သူက ဆိုလာတယ်...
"ကိုယ် မှတ်မိတယ်..."
"ရှင်..."
ကျွန်မလည်း အယောင်ယောင် အအမ်းအမ်းနဲ့ ထွက်သွားတယ်...
သူက ဆက်ပြီးတော့ ပြောလာတယ်...
"အဲ့ထီးကို မင်းပဲ ယူလိုက်တော့..."
"ဟင်...မဟုတ်တာရှင်...အားနာစရာကြီး..."
သူက ခပ်ဟဟ ရယ်လိုက်ပြီးတော့ ဆက်ပြောလာတယ်...
"အားနာရင်လည်း တစ်ခုခုပြန်လုပ်ပေးပေါ့..."
"ပြောကြည့်လေ...ကျွန်မတတ်နိုင်တာဆို လုပ်ပေးပါ့မယ်..."
"လွယ်ပါတယ်...နောက်မှ
ကော်ဖီတစ်ခွက်လောက် ဝယ်တိုက်ပေါ့...!"
"အာ...ဟုတ်...ရှင်...?"
ကျွန်မပါးစပ်က အယောင်ယောင် အမှားမှားနဲ့ ထွက်ချင်ရာတွေ ထွက်ကုန်တယ်...။ နေပါဦး...အခုသူက ငါ့ကို ကော်ဖီ ဝယ်တိုက်ဖို့ ပြောတာလား...? ကျွန်မများ နားကြားမှားတာလည်းဆိုတော့ ဟုတ်မနေပြန်ဘူး...။
"ဒါနဲ့ အစ်ကိုက ဒီဆိုင်မှာ အချိန်ပိုင်းလုပ်ထာလား?"
ကျွန်မသူ့ကို မေးကြည့်လိုက်တယ်...
"ဟင့်အင်း...ဒါကကိုယ့်သူငယ်ချင်းရဲ့ဆိုင်...သူမမအားတဲ့အချိန်မှပဲ တစ်ခါတလေ ဝင်ကူပေးဖြစ်တာ...''
"အော်..."
ပြီးတော့ သူက စာရွက်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်းကို ကောက်ကိုင်ပြီးတော့ တစ်စုံတစ်ခုကို ခပ်မြန်မြန်ရေးလိုက်တယ်။ ပြီးတော့ တစ်စုံတစ်ခုနဲ့အတူ ထိုစာရွက်ပိုင်းလေးအား ကျွန်မလက်ထဲကို ထိုးထည့်ပေးလာတယ်...
"ကိုယ့်နာမည်က ဟီဆွန်း...အီဟီဆွန်းလို့ခေါ်တယ်..."
ပြီးတော့ သူက ကျွန်မလက်ထဲက စာရွက်ဖြတ်ပိုင်းလေးကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်....
"အဲ့တာက ကိုယ့်ရဲ့ LINE အကောင့် အပ်လိုက်ဦးနော်...
ပြီးရင် အဲ့တာက ပိုက်ဆံပြန်အမ်းတာ..."
ကျွန်မလက်ထဲက အသည်းပုံ စတော်ဘယ်ရီ သကြားလုံးလေးကို ကြည့်ပြီး ဆက်ပြောလာတယ်...
ကျွန်မ အသာအယာလေး ပြုံးလိုက်တယ်...ဘာလို့မှန်းမသိ သူ့ဘက်ကနေပြီးတော့ ကျွန်မအတွက် အခွင့်အရေး ပေးနေသလိုပဲ...အဲ့လိုဆိုရင်တော့ ကျွန်မက ပျော်တာပေါ့လို့...
အိမ်ရောက်တော့ အဲ့သကြားလုံးလေးကို ကျွန်မ ဘူးလေးတစ်ခုထဲ ထည့်သိမ်းထားလိုက်တယ်...ဒါပေမဲ့ ဘယ်လိုမှတော့ မစားရက်ပေမဲ့ သတိရတဲ့အချိန်တိုင်း ထုတ်ကြည့်ရအောင် အမှတ်တရအနေနဲ့ သိမ်းထားလိုက်တယ်...
ပြီးတော့ ကျွန်မရဲ့ contact ထဲကို ရောက်ရှိလာခဲ့တဲ့ ထိုလူသားလေးရဲ့ LINE အကောင့်လေး။ ဘယ်လိုမှတော့ စကားသွားမပြောရဲခဲ့ပေမဲ့ သူ့ရဲ့ profile လေးကို ဖွင့်ဖွင့်ကြည့်ဖြစ်တာ ၁ နာရီခြားတစ်ခါပါ...
ထိုအချိန်မှာ သူမ မသိတဲ့အရာကတော့ သကြားလုံးလေးနဲ့အတူ လက်ဆောင်ထည့်ပေးလိုက်တဲ့ ကောင်လေးတစ်ယောက်ရဲ့ နှလုံးသားလေးပင် ဖြစ်သည်...
#
မနေ့ညက ညဉ့်နက်တဲ့အထိ ကောင်းကောင်း အိပ်မပျော်ခဲ့တဲ့ အကျိုးဆက်ကတော့ ဒီနေ့မနက်မှ ရရှိလိုက်တဲ့ Panda မျက်ကွင်းညိုညိုတွေပေါ့...
တရားခံကတော့ မနေ့ညက လူကို အတွေးတွေများပြီး ရင်ခုန်အောင် လာလုပ်သွားတဲ့ ထိုလူသားလေးပေါ့...
ဒီနေ့မနက် ကျောင်းသွားရင်းနဲ့ သူနဲ့ထပ်တွေ့ရမယ်လို့တော့ ကျွန်မ လုံးဝကို မထင်မှတ်ထားခဲ့ဘူး...
သို့သော် ကံကြမ္မာရဲ့ မျက်နှာသာ ပေးမှုကြောင့် ထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်...
သူနဲ့ ကျွန်မရဲ့ လေးကြိမ်မြောက်ဖြစ်တဲ့ တွေ့ဆုံမှုလေးက ရုတ်တရက်ဆန်လွန်းတယ်...
ကျွန်မတို့ရဲ့ ကျောင်းမှာ သူနဲ့ တွေ့ရမယ်လို့တော့ မထင်မှတ်ထားခဲ့...
ကျွန်မတို့ ကျောင်းရဲ့ အဝင်ပေါက်နားလေးမှာ...
ထိုလူသားလေးက...
တစ်ခုခုကို ပြောနေတဲ့ပုံပဲ...
တစ်စုံတစ်ယောက်ကို လက်ယမ်းပြနေတာ...
ပြီးတော့...
အဲ့အပြုံးလေးတွေ...
သူ့ရဲ့အပြုံးလေးတွေကို နှမြောတွန့်တိုခြင်းမရှိဘဲနဲ့ အလှူလုပ်နေသလိုမျိုးပဲ စွန့်ကြဲနေတာ...
လေရဲ့ အဝေ့တစ်ချက်မှာ ယိမ့်နွဲ့သွားတဲ့
သူ့ရဲ့ နီညိုရောင် ဆံနွယ်လေးတွေ...
သူပြုံးလိုက်တိုင်းမှာ ပေါ်လာတတ်တဲ့
သူ့ရဲ့ ပါးပေါ်က ပါးချိုင့်လေးရယ်...
သူရယ်လိုက်တိုင်းမှာ မှေးဆင်းသွားတဲ့
သူ့ရဲ့ မျက်ဝန်းနက်နက်လေးတွေ
နေမင်းကြီးကလည်း ဘက်လိုက်တတ်ပုံရတယ်...
လူ့တွေအများကြီးထဲမှာမှ သူ့တစ်ယောက်ထဲပဲ ကွက်ပြီးတော့ တောက်ပစေသတဲ့လား...
လေထုထဲမှာ ပြန်ကြဲလျက်ရှိနေတဲ့ ချယ်ရီပွင့်ဖက်လေးတွေ...
လေဟာနယ်ထဲမှာ ပြန့်လွင့်လျက်ရှိနေတဲ့ သူ့ရဲ့ ခပ်အုပ်အုပ် ရယ်သံလေးရယ်...
ပြီတော့...
ထိုအရာတွေ ငေးမောနေတဲ့ ကျွန်မနဲ့,..
အကြိမ်ကြိမ် ကြွေဆင်းခဲ့ရတဲ့ ကျွန်မရဲ့ နှလုံးသားလေးရယ်...
Angel တွေ တကယ်ရှိတယ်ဆိုတဲ့ စကားကို ကျွန်မတော့ ယုံကြည်သွာပြီ။ ခပ်ဝေးဝေးမကြည့်နဲ့... Angel ဆိုတာ ကျွန်မ အရှေ့တည့်တည်မှာပဲ။ အဲ့လိုရုပ်ရည်မျိုးနဲ့ လူသားတော့ ဖြစ်နိုင်မ်မထင်ဘူးရယ်...
ခဏကြာတော့ သူက သူ့ကို ကြောင်ပြီးတော့ ကြည့်နေတဲ့ ကျွန်မကို မြင်သွားခဲ့တယ်။ ပြီးတော့ ကျွန်မဆီကို ဖြည်းဖြည်းချင်း လျှောက်လာနေတယ်...
အား...အီဟိဆွန်းတို့များ လမ်းလျှောက်တာတောင်မှ ဆွဲဆောင်မှုရှိလိုက်တာနော်...
မကြာခင်မှာပဲ သူ ကျွန်မအနားကို ရောက်ရှိလာခဲ့တယ်...
သို့သော် ဘာမှမပြောသေးပေ...
သူက တစ်စုံတစ်ခုအား ပြောဟန်ပြင်နေသော်ငြားလည်း တိတ်ဆိတ်လျက်ရှိသည်...
ကျွန်မလည်း စကားလမ်းစ ရှာမရဘဲ အခုချိန်မှာ ကျွန်မနှစ်ယောက်ကြားရှိလေထုဟာ စိမ်းသက်ပြီးတော့ အနေခက်စရာကြီးဖြစ်နေတယ်။
သို့သော် ကျွန်မတို့ နှစ်ယောက်ကြားရှိ အခုလို အေးခဲနေတဲ့ လေထုကို ကျွန်မဘက်ကပဲ စတင်ဖြိုခွင်းလိုက်တယ်...
"ကျောင်းနားကို ဘာကိစ္စရှိလို့လဲဟင်?"
ကျွန်မ သူ့ကို အထစ်ထစ် အ,အအနဲ့ မေးလိုက်တယ်...
သူက ခေါင်းလေးကို ကုတ်ပြီးပြန်ဖြေလာတယ်...
"ညမလေးကို ကျောင်းလာပို့တာလေ..."
"ဟင်...ညမလေး ရှိတာလား?"
"အင်း...အခုမှ အလယ်တန်းပဲရှိသေးတယ်..."
အဲ့ချိန်မှာ ကျွန်မ နားလည်သွားလိုက်တယ်...
ဒါဆို အဲ့နေ့က သူက သူ့ရဲ့ ညီမလေးဆီကို ထီးလာပေးတာပေါ့...
အဲ့ဒီ မိုးတွေသည်းခဲ့တဲ့ နေ့ကလေ...
ဒါပေမဲ့ ဘာလို့ အဲ့ထီးလေးက ပိုင်ရှင်ဆီကို မရောက်ဘဲ ကျွန်မဆီကို ရောက်လာရတာလဲ...
"ဒါနဲ့ ဟိုနေ့က ကတိကို မေ့သွားပြီလား?"
"ဘာကြီး...?"
အဲ့အခါမှာ သူက သူ့ရဲ့ နှုတ်ခမ်းတွေကို ထော်ပြီးတော့ စိတ်ဆိုးတဲ့ပုံလုပ်ပြတယ်။ ကျွန်မ သူ့ကိုကြည့်ပြီးတော့ ဟက်ဟက်ပက်ပက် ရယ်လိုက်မိတယ်။ အခုအချိန်မှာ ကျွန်မတွေးမိတာက ကျွန်မအရှေ့က ဒီယောက်ျားဟာ ကလေးဆန်ပြီးတော့ ချစ်ဖို့ကောင်းတယ်ဆိုတာကိုပင်...
"အာ...ဟုတ်သားပဲ မေ့သွားတယ်...
ဒါနဲ့ အစ်ကို ညနေ အချိန်ရလား?"
ထိုအခါ သူက ချက်ချင်း ကျေနပ်သွားပြီး ခေါင်းညိတ်ပြတယ်။ အခုကျတော့လည်း သူ့ရုပ်က လိုချင်တာ ရသွားတဲ့ ကလေးကျနေတာပဲ...။
"နောက်ကျနေပြီ မဟုတ်လား? သွားလိုက်တော့လေ!"
"အင်း...ဒါဆို သွားပြီနော်..."
#
ညနေတော့ ကျွန်မတို့ကျောင်းရှေ့မှာ သူ့ကို တွေ့လိုက်ရတယ်။ သူကလည်း ကျွန်မကို တွေ့သွားပြီး ကျွန်မကို လက်ထောင်ပြတယ်။ ကျွန်မရဲ့ စက်ဘီးလေးကိုတွန်းရင်း ဖြည်းဖြည်းချင်းပဲ သူ့ဆီကို ဦးတည်ပြီးတော့ ကျွန်မ လျှောက်သွားခဲ့တယ်။
သူ့အနားကိုရောက်တော့ သူက ကျွန်မရဲ့ စက်ဘီးလေးကို ကြည့်ရင်း ပြောလာခဲ့တယ်..."မင်းက စက်ဘီးနဲ့ ကျောင်းတက်တာလား?"တဲ့...
ကျွန်မ ခေါင်းညိတ်ပြလိုက်တော့ သူက ဘာမှပြန်မပြောဘဲ အသိအမှတ်ပြုလိုက်တဲ့သဘောနဲ့ မျက်ခုံးလေးပင့်ပြတယ်။ နောက်တော့ သူက မပြောမဆိုနဲ့ စက်ဘီးရဲ့အနောက်ခုံမှာ ဝင်ထိုင်လိုက်တယ်။
ကျွန်မရဲ့ စက်ဘီးပေါ်ကို သက်ရောက်လာတဲ့ သူ့ခန္ဓာကိုယ်လေးရဲ့ အလေးချိန်ကို ကျွန်မခံစားမိလိုက်တယ်။ နောက်တော့သူက ပြောလာတယ်..."ဒီကအကို့ကို မင်းလေး ကြိုက်တဲ့နေရာသာ ခေါ်သွားလိုက်တော့..." တဲ့...
လမ်းတစ်ဝက်လောက်ရောက်တော့ ကျွန်မရဲ့ခါးက အကျီလေးကို ညင်ညင်သာသာလေး ဆွဲကိုင်လာတဲ့ ထိုလူသားလေးရဲ့ လက်နှစ်ဖက်ကို ခံစားမိလိုက်တယ်...
ကျွန်မတို့အပေါ်ကို သက်ရောက်နေတဲ့ သစ်ရွက်တွေကြားက နေရောင်ခြည် ဖျော့တော့တော့လေး တစ်စွန်းတစ်စရယ်...
ကျွန်မတို့ကို ညင်ညင်သာသာနဲ့ တိုးဝေးပြီးတော့ တိုက်ခတ်လျက်ရှိတဲ့ သန့်စင်ပြီးတော့ လတ်ဆက်တဲ့ လေညင်းလေးရယ်...
ပြီးတော့ ကျွန်မရဲ့ အနောက်က ချစ်ရတဲ့သူလေးရယ်...
ဘာလို့မှန်းမသိ အခုအချိန်မှာ ကျွန်မအတွက်တော့ အရာရာက ပြီးပြည့်စုံ နေသလိုပဲ...
လမ်းအကွေ့တစ်ချက်မှာ ဘရိတ်ဖမ်းအုပ်လိုက်ခြင်းကြောင့် ထိစပ်သွားလိုက်ရတဲ့ ကျွန်မရဲ့ ကျောပြင်နဲ့ သူ့ရဲ့နဖူးပြင်လေး...
ပြီးတော့ သူ့ဆီကနေ အသာအယာ ညီးသံလေးထွက်လာတယ်...သူ့ရဲ့နဖူးလေး နာသွားတဲ့ပုံပဲ...
ကျွန်မ အသာအယာလေး ရယ်လိုက်မိတယ်...
ဒီလူက ဘယ်လိုတွေတောင် ချစ်စရာကောင်းနေရတာလဲလို့...
အဲ့နောက်မှာ ကျွန်မရဲ့ခါးကို သိသိသာသာနဲ့ ဖက်တွယ်လာထိုသူရဲ့ လက်တစ်စုံ...
ပြီးတော့ အပြင်းအထန် ခုန်ပေါက်လာတဲ့ ကျွန်မရဲ့ ဘယ်ဘက်ရင်အုံထဲက အကောင်ငယ်လေး...
ကျယ်လောင်လွန်းလို့ သူကြားသွားမှာတောင် စိုးရိမ်ရတဲ့ သူမရဲ့ ရင်ခုန်သံတွေ...
သို့သော်...
ထိုရင်ခုန်သံတွေကို သူမကြားတာတော့ ဖြစ်မည်မထင်...
သူသေချာပေါက် ကြားလိုက်တာပေါ့...
ဒီလောက်ထိ ကျယ်လောင်တဲ့ ရင်ခုန်သံတွေကို...
သူ အသာအယာလေး ရယ်လိုက်မိတယ်တယ်...
ပြီးတော့ တစ်နေ့ကျရင် သူ သူမကို ပြောပြချင်ပါသေးတယ်...
ထိုသို ခံစားနေရတာ သူမတစ်ယောက်ထဲ မဟုတ်ကြောင်းကို...
To Be Continued...
Thanks For Reading...