ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၅၅)
"စီးပွားရေးကို ဘယ်လိုလုပ်ကိုင်နေတာလဲ။ သူဌေးယွမ်က ဒီလိုနေ့ထူးနေ့မြတ်ကို ရှာဖွေဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရမှာပဲ"
"ဟုတ်လို့လား။ ယင်ယင် ငါတို့လည်း ရှာကြည့်မယ်။ မနက်ဖြန် ဘယ်လို့နေ့ထူးနေ့မြတ် ရှိသေးလဲ ကြိုရှာထားမယ်"
စိတ်တည်ငြိမ်သွားပြီးနောက် ညွှန်ကြားသည်။
နေ့ထူးနေ့မြတ်များကို ရှာဖွေနေသည့်ကောင်မလေးသည် ယင်ယင်ဖြစ်သည်။ သူများက တခြားသူများပြောသည့်စကားကို နာခံစွာ အချက်အလက်များကို ရှာဖွေနေသည်။ ဒုဌာနမှူးလီသည် အချိန်အတော်ကြာတွေဝေနေပြီးမှ သတိပြန်ဝင်လာသည်။ သူက စပ်စပ်စုစုဖြင့် မေးမြန်းလိုက်သည်။
"ဆိုင်ရှင်က နောက်နေ့ရော ဆိုင်ဖွင့်ပါ့မလား။ ထွက်ပြေးသွားတာရော မဖြစ်နိုင်ဘူးလား။ ဒီဆိုင်က ဟင်းပွဲတွေက အရမ်းဈေးကြီးတယ်လို့ ကြားတယ်"
"လူသစ်၊ ခင်ဗျားက ဘာမှမသိပါဘူး။ သူဌေးယွမ်ရဲ့ဟင်းချက်စွမ်းရည်က ဟင်းမချက်ရင် အလဟဿဖြစ်သွားမှာ"
ထိုလူပြောသော စကားကို သဘောတူညီစွာဖြင့် အားလုံးက ခေါင်းညိတ်ကြသည်။
ယခုတော့ ဒုဌာနမှူးလီက ယုံကြည်လက်ခံသွားသည်။ သို့သော်လည်း စားသောက်ဆိုင်တံခါးက မဖွင့်သေး၍ သူ့အထက်လူကြီးကို အစီရင်ခံရန် မဖြစ်နိုင်သေးချေ။ ထို့ကြောင့် သူ ထပ်မံမေးမြန်းလိုက်သည်။
"သူဌေးက ဒီနေ့ ဆိုင်ဖွင့်ပါဦးမလား"
"ဘာတွေလာပြောနေတာလဲ။ ဒီနေ့ ဆိုင်ဖွင့်ပါဦးမလား"
"ဒီနေ့ဆိုင်မဖွင့်ပါဘူးလို့ ကြေညာစာကပ်ထားတယ်လေ" ၎င်းအမျိုးသားက ဒုဌာနမှူးလီကို ထေ့ငေါ့သောလေသံဖြင့် ပြန်ပြောသည်။
ဒုဌာနမှူးလီက တစ်နေ့လုံး မစောင့်နိုင်ချေ။ သူက ခဏတွေးကြံပြီးနောက် မနက်ဖြန် မနက်ခင်းမှ စုံစမ်းစစ်ဆေးရေးအတွက် ပြန်လာရန် ဆုံးဖြတ်ခဲ့သည်။ ထိုမှသာ
သူ့အထက်လူကြီးကို တိကျသော အစီရင်ခံစာ တင်ပြနိုင်မည်ဖြစ်သည်။
"ငါသိသွားပြီ။ ငါသေချာရှာထားပြီးပြီ" ယင်ယင်က လေးနက်သောလေသံဖြင့် စကားပြန်ပြောသည်။
"ဘယ်လိုလဲ။ မနက်ဖြန် နေ့ထူးနေ့မြတ်ရှိသေးလား" အမျိုးသားတစ်ယောက်က တိုးလျသော လေသံဖြင့် မေးမြန်းသည်။
"ဟင့်အင်း၊မနက်ဖြန် ထူးဆန်းတဲ့နေ့ထူးနေ့မြတ်မရှိဘူး" ယင်ယင်၏ပြောဆိုသောလေသံကြောင့် လူတိုင်း ရင်တမမဖြစ်နေရသည်။ စကားပြောဆိုသူက မိန်းကလေးမဟုတ်လျှင် လည်ပင်းလိမ်ချိုးပစ်လိမ့်မည်။
"ကောင်းပြီလေ။ ပိတ်ရက်မရှိဘူးဆိုတော့ သူဌေးယွမ်က ဘယ်လိုအကြောင်းပြချက်တွေပေးမလဲဆိုတာကို စောင့်ကြည့်ရသေးတာပေါ့" သတင်းကောင်းကို ကြားပြီးနောက် လူအများစုက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ ထို့နောက် နှစ်ယောက်တွဲ၊သုံးယောက်တွဲခန့် လူစုခွဲပြီး မနက်ဖြန်မှ ပြန်လာရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့အားလုံးက အရမ်းကို တုံးအလွန်းသည်။ တတိယနေ့တွင် ယွမ်ကျိုးက တခြားသော နည်းလမ်းဖြင့် ဆိုင်တံခါးရှေ့တွင် ကြေညာစာ ကပ်ထားသည်။ ထို့ကြောင့် အစားကောင်းမစားရသည်မှာ နှစ်ရက်ကြာပြီဖြစ်သော ဝူဟိုင်းက ယွမ်ကျိုးကို အမိမဖမ်းနိုင်သေးချေ။ ဒီတစ်ခေါက် အသုံးပြုသွားသောနည်းလမ်းက ရိုးရှင်းပြီး အကြင်နာတရားခေါင်းပါးလွန်းသည်။
ယွမ်ကျိုးက နှိုးစက်နာရီကို မနက် ၂နာရီ နှိုးရန် သတ်မှတ်ပေးထားသည်။ ထို့နောက် အိပ်ရာမှထပြီး အရှေ့တံခါးပေါက်မှတစ်ဆင့် တိတ်တိတ်ကလေး လမ်းလျှောက်ထွက်သည်။ ယွမ်ကျိုးက ညဘက်ကောင်းကင်ယံ၏အလှကို ငေးကြည့်ကာ သူ့နှလုံးသားကို တင်းတိမ်စေလိုသော ရည်ရွယ်ချက်ရှိသည်။
ညအမှောင်ယံတွင် ပတ်ဝန်းကျင်က ကြောက်ခမန်းလိလိ အရှိန်အဝါများကို ထုတ်လွှင့်နေပြီး အေးစိမ့်စိမ့်ခံစားချက် ဖြစ်ပေါ်စေသည်။
လမ်းမီးရောင်များက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၍ ချောက်ခြားသောပတ်ဝန်းကျင်ကို ပို၍ ထင်ဟပ်စေသည်။ ယွမ်ကျိုးက အပေါ်အင်္ကျီကို ဝတ်ဆင်ထား၍ အအေးဓာတ်ကို လုံးဝမခံစားရပေ။
"အမလေး... လန့်သွားတာပဲ။ မင်းက ငါ့ကို လန့်ပြီး သေအောင်လုပ်နေတာလား" ယွမ်ကျိုး၏အသံက လူသူကင်းမဲ့နေသောလမ်းမပေါ်တွင် ပဲ့တင်ထပ်လာသည်။
သူ့ဆိုင်၏ဝင်ပေါက်ဝနားမှာ လှဲလျောင်းနေသောခွေးကြောင့် ယွမ်ကျိုး လန့်ဖျပ်သွားသည်။ မှောင်မဲသောပတ်ဝန်းကျင်တွင် လင်းလက်တောက်ပနေသော မျက်ဝန်းများကြောင့် ယွမ်ကျိုး ထိတ်လန့်သွားခြင်းဖြစ်သည်။
ခွေးက ခေါင်းမော့လိုက်ပြီး ယွမ်ကျိုးကို တစ်ချက်ကြည့်ကာ အသံမပေးဘဲ ပြန်လှဲလျောင်းလိုက်သည်။
ယွမ်ကျိုးက ခွေးနားချဉ်းကပ်လိုက်ပြီး သူနေ့တိုင်း စွပ်ပြုတ်ကျွေးနေသော အမွှေးပွခွေးလေးဖြစ်မှန်း သိသွားသည်။ ၎င်းခွေးကလေးက အမှောင်ထဲမှာ လှဲလျောင်းနေပြီး သူ့တောက်ပသောမျက်ဝန်းများက တစ်စုံတစ်ရာကို ကာကွယ်ပေးနေသည်ဟု ထင်ရသည်။
"မင်းက ဒီနေရာမှာ အိပ်နေတာလဲ။ ကိုယ့်နေရာကို ပြန်" စားသောက်ဆိုင်က အလွန်အန္တရာယ်ကင်းပြီး အကာအကွယ်မလိုအပ်ကြောင်း ယွမ်ကျိုး ရှင်းရှင်းလင်းလင်း သိသည်။
သို့သော်ငြားလည်း ဤမြင်ကွင်းက သူ့ကို ပျော်ရွှင်စေသည်။ တစ်စုံတစ်ယောက်က သူ့ကို နောက်ကွယ်မှ ကူညီပေးနေလိမ့်မည်ဟု မထင်ခဲ့မိပေ။ အမွှေးပွခွေးလေးက ယွမ်ကျိုးကို လှမ်းကြည့်လိုက်ပြီး လျစ်လျူရှုကာ စားသောက်ဆိုင်ကို သတိ၊ဝီရိယရှိစွာဖြင့် ဆက်လက်စောင့်ကြပ်သည်။
"ကောင်းပြီ၊ကောင်းပြီ။ မင်းအိပ်ချင်တဲ့နေရာမှာအိပ်" ခွေးက သူ့စကားကို နားမထောင်မှန်း သဘောပေါက်သွားသောအခါ ပခုံးဆတ်ခနဲတွန့်လိုက်ပြီး တံခါးပေါက်မှာ သတိပေးစာ ကပ်လိုက်သည်။
ခြေညှပ်ဖိနပ်တစ်စုံကို ဝတ်ဆင်ကာ ဟိတ်ဟန်ထုတ်စွာ လမ်းလျှောက်ပြီး သူ့အိပ်ခန်းသို့ ပြန်လာကာ အိပ်စက်ရန် ပြင်ဆင်သည်။
ယွမ်ကျိုး၏အသိအမှတ်ပြုမှုကို မရရှိသည့်တိုင် ခွေးကလေးက စားသောက်ဆိုင်ကို ယွမ်ကျိုးမသိအောင် ညပေါင်းများစွာ စောင့်ကြပ်ပေးခဲ့သည်။
နေရောင်ခြည်ဖြင့် ကောင်းကင်ကြီး လင်းလက်လာပြီး နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိသွားသည်။ ကြိုတင်သဘောတူထားသည့်အတိုင်း ပုံမှန်ဖောက်သည်များက စားသောက်ဆိုင်သို့ရောက်လာသည်။ ခပ်လှမ်းလှမ်းမှနေ၍ အရှေ့တံခါးမှာ ကပ်ထားသော စာရွက်ကို မြင်သောအခါ မကောင်းသောအတိတ်နမိတ်ဆိုးကို ရုတ်တရက်ကို သိမြင်လိုက်၍ စာရွက်ပါအကြောင်းအရာများကို စစ်ဆေးရန် အလောတကြီး ပြေးသွားကြသည်။
"ဒီလို အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်မျိုးကို သုံးမယ်လို့ ထင်တောင်မထင်ထားဘူး။ အရည်အချင်းရှိလွန်းတဲ့သူဌေးကို အညံ့ခံပါတယ်" ရဲ့လျန့်ချန်က ပြောဆိုသည်။
"ငါတော့ သူ့အရည်အချင်းကို တကယ် လေးစားသွားပြီ" ထိုစာကြောင်းကို အဆုံးသတ်ပြောပြီးနောက် တခြားသူများက လှည့်ထွက်သွားသည်။
"သူဌေးက တကယ့်ကို မိုက်တာဘဲ။ ငါတော့ သူ့ကို အရမ်းယုံကြည်သွားပြီ။ ဖြစ်နိုင်ရင် သူ့မျက်ခွက်ကို ပိတ်ထိုးပစ်ချင်တယ် ဒါမှမဟုတ်ရင် ဒီလိုမဟုတ်တမ်းတရားတွေ လျှောက်ရေးတဲ့ သူ့လက်ကို ရိုက်ချိုးပစ်ချင်လာပြီ"
အသိပေးစာ "ဒီနေ့ ငါ စိတ်မပျော်ရွှင်ဘူး။ အထူးပိတ်ရက်တွေကိုလည်း ငါ မရှာနိုင်တော့ဘူး။ ဒါကြောင့်မလို့ ဆိုင်တစ်ရက်ပိတ်မယ်လို့ ကြေညာတယ်။ ဒါမှ ငါ့ရဲ့ညှိုးနွမ်းနေတဲ့စိတ်ကလေး ပြန်ရွှင်လန်းလာမှာပါ။ ငါစိတ်ပျော်ပိုက်သွားရင်တော့ မနက်ဖြန် ဆိုင်ဖွင့်ပါ့မယ်" စာရွက်တွင် ရေးထိုးထားသောလက်မှတ်က ယွမ်ကျိုး၏လက်မှတ်ဖြစ်သည်။
ဤတစ်ကြိမ်တွင် ပုံမှန်ဖောက်သည်များက စားသောက်ဆိုင်ဝင်ပေါက်မှာ
ဆက်လက်မစောင့်ဆိုင်းကြပေ။
စားသောက်ဆိုင်သို့ အပြေးတစ်ပိုင်းဖြင့် ရောက်လာသော ဒုဌာနမှူးလီက ဆိုင်ပိတ်ထားခြင်းနှင့် နောက်တစ်ကြိမ် ပက်ပင်းတိုးသည်။ ဤတစ်ကြိမ်တွင် အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဖောက်သည်များကိုပင် မတွေ့ရဘဲ တံခါးပေါ်တွင် ကပ်ထားသော အသိပေးစာကိုသာ မြင်တွေ့ရသည်။ အသိပေးစာတွင် ရေးသားထားသော အကြောင်းအရာများကို မြင်တွေ့ရသောအခါ သူ တကယ် ဒေါသထွက်သွားသည်။
"ဒီလိုဆိုင်သေးသေးလေးရဲ့ သူဌေးက စိတ်အပြောင်းအလဲ မြန်လှချည်းလား"
သူက စားသောက်ဆိုင်ထဲ ဝင်ခွင့် မရခဲ့၍ သူ့အထက်လူကြီးကို အစီရင်ခံစာတင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် နောက်တစ်နေ့မှ ထပ်လာရမည်။ ထို့အပြင် အသိပေးစာတွင်လည်း မနက်ဖြန်ဆိုင်ဖွင့်မည်ဟု ရေးသားထား၍ ကံကောင်းသွားသည်။
ထိုစဉ် ဌာနမှူးက ဒုဌာနမှူးထံ လူလွှတ်လိုက်သည်။
"ဌာနမှူးက ဒုဌာနမှူးနဲ့ ပြောစရာ ရှိလို့ပါတဲ့"
"ကောင်းပြီလေ။ ခဏနေရင် ငါ လာခဲ့မယ်"
ဒုဌာနမှူးလီက ကူကယ်ရာမဲ့ သဘောတူရန်သာ တတ်နိုင်သည်။
ဌာနမှူးက စာရွက်စာတမ်းများကို တည်းဖြတ်နေစဉ် တံခါးခေါက်သံက ဌာနမှူး၏အတွေးစကို ပြတ်တောက်စေခဲ့သည်။ ထို့နောက် သူက တည့်တည့်မတ်မတ် ထိုင်ကာ စကားပြန်ပြောသည်။
"ဝင်လာခဲ့ပါ"
"ဌာနမှူး၊ အားနာပါတယ်။ စားသောက်ဆိုင် ပိတ်ထားတာ ၃ရက်ရှိပြီ။ အခြေအနေကို သေချာ မစုံစမ်းရသေးဘူး"
ဒုဌာနမှူးလီက ရုံးခန်းထဲ ဝင်ဝင်ချင်း အရင်ဆုံး တောင်းပန်စကားပြောက အခြေအနေကို အသေးစိတ် ရှင်းပြသည်။
"ဒါဆိုရင် လူအများစုက အဲဒီစားဖိုမှူးရဲ့ ဟင်းချက်စွမ်းရည်ကို ချီးမွမ်းနေတာပေါ့ ဟုတ်လား"
ဌာနမှူးက စိတ်ဝင်တစား မေးမြန်းသည်။
"ဟုတ်တယ်။ အဓိကပြဿနာက ဆိုင်ရှင်ရဲ့ အဓိပ္ပါယ်မဲ့လွန်းတဲ့ လုပ်ရပ်ပဲ"
ဒုဌာနမှူးလီ၏မှတ်ချက်တွင် မကျေနပ်သော ခံစားချက်များ ရောယှက်နေခြင်းက သံသယဝင်စရာ မလိုအပ်ပေ။
"စားဖိုမှူးမှာ ချီးကျူးလောက်တဲ့ ဟင်းချက်စွမ်းရည် ရှိရင်တော့ နားလည်ပေးလို့ ရပါတယ်"
ဌာနမှူးက အပြုံးလေးဖြင့် ပြောသည်။
သို့သော်လည်း ဒုဌာနမှူးလီ၏ အတွေးက ဌာနမှူးနှင့် ခြားနားသည်။ သို့သော်လည်း သူက သူ့အထက်လူကြီးနှင့် မျက်နှာချင်းဆိုင် မငြင်းခုန်ချင်ပေ။
"ကောင်းပြီလေ။ မနက်ဖြန် အလုပ်ဆင်းရင် စားသောက်ဆိုင်ကို ထပ်သွားဦး"
၃၀မီတာ ပတ်လည် စားသောက်ဆိုင်က ကြီးမြင့်သော အခွန်ဈေးနှုန်း ပေးနိုင်ရသည့် အကြောင်းအရင်းကို စိတ်ဝင်စားမိသည်။ ထို့အပြင် ဆိုင်ရှင်က လူထူးဆန်းဟု နာမည်ကျော်နေသေးသည်။ သူ့ကိုယ်တိုင်၏ စူးစမ်းလိုစိတ် နှင့် သူ့အလုပ်တာဝန်အရ ကိုယ်တိုင် သွားရောက်စုံစမ်းသင့်သည်ဟု ခံစားမိသည်။
လွန်ခဲ့သော နှစ်ရက်ခန့်က ယွမ်ကျိုးသည် ဟင်းလျာမျိုးစုံကို မြည်းစမ်းခြင်းဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ ယင်းခရီးစဉ်မှ အတော်အတန် အတွေ့အကြုံ ရခဲ့သည်။ တချို့သော စားသောက်ဆိုင်များက သူ့ဆိုင်ကဲ့သို့ ထိပ်တန်း အကောင်းဆုံး ဟင်းချက်ပစ္စည်းများကို မရရှိသော်လည်း အလတ်ဆတ်ဆုံး ပစ္စည်းများကို အသုံးပြုထားသည်။
သာဓကဆိုသော်လည်း လူနေရပ်ကွက်ထဲမှ ပေါက်စီဆိုင်လေးသည် တစ်နေ့ ၄နာရီသာ ဆိုင်ဖွင့်ပြီး သူ့ဈေးနှုန်းက တခြားစားသောက်ဆိုင်များ၏ နှစ်ဆဖြစ်သည့်တိုင် ဆိုင်ဖွင့်ချိန်အတွင်း ပေါက်စီ အားလုံး ရောင်းကုန်သည်။ တချို့သော စားသုံးသူများက ရောင်းကုန်သွားသည့်တိုင် ထပ်မံရောင်းချပေးရန် တောင်းဆိုသည်။
ယွမ်ကျိုးက ပထမဆုံးအကြိမ် ဆိုင်သို့ သွားစဉ်က ဝယ်ယူခွင့် မရခဲ့ပေ။ သူ့အလှည့်ရောက်သောအခါ ပေါက်စီအားလုံး ရောင်းကုန်သွားသည်။ ထို့အပြင် ၎င်းဆိုင်က အသားပေါက်စီတစ်မျိုးတည်းကိုသာ ရောင်းချသည်။
ဒုတိယအကြိမ် ကြိုးစားကြည့်ရာတွင် ယွမ်ကျိုးက တစ်လုံး ဝယ်စားနိုင်ခဲ့သည်။
ဆိုင်ကို ၄နာရီ ဖွင့်ရသည့် အကြောင်းအရင်းကို နားလည်သွားသည်။ ဆိုင်ရှင်က လတ်ဆတ်သော ပါဝင်ပစ္စည်းများနှင့် သန့်ရှင်းမှုကို ထိန်းသိမ်းရန် သူကိုယ်တိုင် လုပ်ဆောင်ရ၍ ဖြစ်သည်။
ယွမ်ကျိုးက နာမည်ကြီး စားသောက်ဆိုင်ဟောင်း၏ သတင်းကောင်းကိုလည်း ကြားသိထားသည်။ သူ့ဆိုင်၏အထူးဟင်းလျာက ပင်လယ်ခရုဟင်း ဖြစ်သည်။ စားသုံးသူတိုင်းက ဟင်းတစ်ပွဲချင်းစီကို အကန့်အသတ်ဖြင့် မှာယူရသည်။ လတ်ဆတ်မှု နှင့် အရသာရှိသော ဂုဏ်သတင်းကြောင့် ယွမ်ကျိုးက ဤဆိုင်မှာ အရသာ မြည်းစမ်းရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
အပိုင်း(၅၅)
ပြီးပါပြီ။