ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၅၃)
ယွမ်ကျိုးက အခွန်ပေးဆောင်ရာ အစိုးရဌာနမှ ထွက်လာလာချင်း မစ်ရှင်အသစ်ကို လက်ခံရရှိသည်။
သို့သော်ငြားလည်း မစ်ရှင်၏အကြောင်းအရာများက ယွမ်ကျိုးကို မှင်တက်စေသည်။
"စနစ်၊ ဒါက ဘယ်လိုသောက်ကျိုးနည်း မစ်ရှင်မျိုးလဲ" ယွမ်ကျိုးက စိတ်ပျက်အားလျော့စွာဖြင့် ကူကယ်ရာမဲ့ ပြောလိုက်သည်။
စနစ် "ဆိုင်ရှင်က အဆင့်၂ကို ရောက်သွားပြီဆိုတော့ အဆင့်မြှင်တင်ဖို့ အထူးအဆင့်သတ်မှတ်ချက် မစ်ရှင်ကို တရားဝင် ဖွင့်လိုက်ပါပြီ"
[အဆင့်မစ်ရှင်၁] “ဆိုင်ရှင် ဒီကနေ့က စပြီးတော့ သုံးရက် ဆိုင်ပိတ်ထားပေးပါ]
(မစ်ရှင်အညွှန်း: ကျွမ်းကျင်စားဖိုမှူးအဖြစ် ရွေးချယ်ခံရဖို့ အစားအသောက် ခရီးစဉ်လေး ထွက်သင့်တယ်မလား။ သွားကြမယ်။ လူငယ်လေးရေ တစ်လောကလုံး လှည့်ပတ်သွားကြမယ်)
[မစ်ရှင်ဆုလာဘ်] ဖရဲသီးအချိုရည်
“စနစ်၊ ငါက ခရီးသွားရတာ တကယ် မကြိုက်ဘူး" ယွမ်ကျိုးက အလုပ်ကြိုးစားသော လူငယ်လေးအမူအရာဖြင့် ခပ်တန်းတန်း ပြောဆိုသည်။
စနစ်"ဆိုင်ရှင်ရဲ့စွန့်စားလိုတဲ့ခံစားချက်ကို ဖော်ပြထားပြီသားပါ။ ကိုယ့်ဘာသာကိုယ် လိမ်ညာနေဖို့ မကြိုးစားပါနဲ့။ အဆင့်မစ်ရှင်ကို ငြင်းပယ်ခွင့် မရှိပါဘူး"
အခွန်ရုံးအရှေ့မှာ တွေဝေသော အမူအရာဖြင့် မတ်တတ်ရပ်နေခြင်းက ပို၍ထူးဆန်းသည်။ ထို့ကြောင့် ယွမ်ကျိုးက ခြေလှမ်းခပ်သွက်သွက် လှမ်းပြီး တက္ကစီး ငှားရန် ပြင်ဆင်သည်။ လမ်းတစ်လျှောက်တွင် စနစ်နှင့် ငြင်းခုန်ရန်လည်း မမေ့လျော့ခဲ့ပေ။
"စနစ်ရယ်၊ ဒီလိုစွန့်စားမှုမျိုးခိုင်းစေပြီး အပြစ်မပေးပါနဲ့။ ဒီလို သတ်မှတ်ချက်က ခင်ဗျားရဲ့အတွေးသက်သက်လေ"
သို့သော်ငြားလည်း စနစ်က ခွန်းတုံ့မပြန်ခဲ့ပေ။
"ကားဆရာရေ၊ ကျွန်တော်ကို နံပါတ်၁၄ ထောင်ရှီးလမ်း ပို့ပေးပါ"
ယွမ်ကျိုးက လက်ဆန့်ကာ တက္ကစီး တားလိုက်သည်။ ဒါရိုက်ဘာကို သွားမည့်နေရာ အတိအကျ ပြောပြီးနောက် စားသောက်ဆိုင်ပိတ်မည့် အကြောင်း မည်သို့သောအကြောင်းပြချက် ပေးရမလဲ အကြံထုတ်နေခဲ့သည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ပြီး သူ့လက်ကို အောက်ချလိုက်ကာ အိတ်ကပ်ထဲမှ မိုဘိုင်းလ်ဖုန်းကို ဆွဲထုတ်သည်။ အင်တာနက်ဖွင့်ကာ တချို့သော အချက်အလက်များကို ရှာဖွေသည်။
“ကျီးလျို”
“ရောက်ပါပြီ” ဒါရိုက်တာက စကားအများကြီး မပြောပေ။ ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုး တက္ကစီးခ ပေးမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်း” ယွမ်ကျိုးက ကျသင့်ငွေကို ပေးပြီးနောက် နောက်ဖေးတံခါးမှ တဆင့် စားသောက်ဆိုင်ထဲ ပြန်ဝင်သည်။
အမှိုက်ပုံးအနား ဖြတ်သွားစဉ် ပလတ်စတစ်အပြားပေါ်မှာ လှဲလျောင်းနေသောအမွေးဖွာ ခွေးကလေးသည် ယွမ်ကျိုး သူ့အနားမှ ဖြတ်သွားခြင်းကို သတိမပြုမိပေ။
ယွမ်ကျိုးက နောက်ဖေးလမ်းကြားမှ ပျောက်ကွယ်သွားမှ ခေါင်းမော့ကာ ကြည့်သည်။
ယွမ်ကျိုးက နောက်ဖေးတံခါးကို ဖွင့်ကာ အထဲဝင်သည်။ လေးအေးက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
သူက ဒုတိယထပ်သို့ အလျင်အမြန် ပြေးတက်သွားပြီး သူ့အိပ်ရာဘေးနားက အံဆွဲကို ဖွင့်လိုက်သည်။ အံဆွဲထားမှာ မသုံးရသေးသော A4စာရွက်တချို့ ရှိသည်။ သူက ဘောပင်ကို ကောက်ယူလိုက်ပြီး စာရွက်ပေါ်မှာ စကားလုံး တချို့ကို ရေးသားသည်။
နောက်ဘက်တံခါးမှ မော်ကြွားစွာ ထွက်လာပြီးနောက် ယွမ်ကျိုးက ကောင်လေးတစ်ယောက်ကို ၂ယွမ်ပေးပြီး သူ့ဆိုင်တံခါးအရှေ့မှာ စာရွက်ကပ်ခိုင်းသည်။ နေ့လည်စာ စားချိန် နီးကပ်နေ၍ တခြားသူများ သတိမထားမိခင် ဆိုင်တစ်ဆိုင်မှာ သွားစားရန် ပြင်ဆင်သည်။
ယွမ်ကျိုးကိုယ်တိုင် စာရွက်သွားကပ်လျှင် ပုံမှန်ဖောက်သည်က သူ့ကို မတော်တဆ မြင်သွားခဲ့လျှင် သူ ဆေးရုံရောက်နိုင်သည်။
ယွမ်ကျိုးက သူ့ကိုယ်သူ ဉာဏ်ရည်ထက်မြက်သူဟု ချီးမွမ်းနေမိသည်။
…
“အစ်မယင် ခဏစောင့်ပါဦး”
နေ့လည်စာ စားချိန်ရောက်လာ၍ ယွမ်ကျိုး၏စားသောက်ဆိုင်မှာ ကြက်ဥထမင်းကြော် ဝယ်စားခဲ့ဖူးသော ကောင်းယင်သည် ရုံးမှ အလောတကြီး ပြေးထွက်လာသည်။ သို့သော်လည်း ဓာတ်လှေကားဝင်ပေါက်သို့ မရောက်ခင် သူ့လုပ်ဖော်ကိုင်ဖက်များက သူ့ကို ဟန့်တားသည်။
ပုံမှန်ရုံးဝတ်စုံကို ဝတ်ဆင်ထားသော ကောင်းယင်က ကြော့ရှင်းစွာ လှည့်ကြည့်သည်။ လူ့စွမ်းအားအရင်းအမြစ်ဌာနတွင် အသစ်ခန့်ထားသောဝန်ထမ်း ကောင်မလေး ဖြစ်နေ၍ ချိုသာစွာ မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
“ကျေးဇူးတင်ပါတယ် အစ်မယင်။ မနက်က အစ်မကြောင့်သာ…”
ကောင်မလေး၏စကား အဆုံးမသတ်ခင် ကောင်းယင်က စကားဖြတ်ပြောသည်။
“လမ်းလျှောက်ရင်း စကားပြောကြတာပေါ့”
ကောင်းယင်က ကောင်မလေးကို သူ့နောက်မှ လိုက်စေသည်။
“အို့စ် တကယ်လား” ကောင်မလေး၏နာမည်က ဝေဝေဖြစ်သည်။ သူမက ကလေးမျက်နှာလေးနှင့် ပေါ့ပေါ့ပါးပါး နေထိုင်တတ်သူဟု ထင်ရသည်။
ဝေဝေက ယခုနှစ်မှသာ တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ယခုအလုပ်က သူမ၏ပထမဆုံး အလုပ်ဖြစ်သည်။ သူမက ဉာဏ်ရည်ထက်မြက်ပြီး လိုက်လျောညီထွေ နေတတ်သည့်အပြင် နာခံမှုလည်း ရှိသည်။ င် အရမ်းအရေးကြီးသော စာရင်းဇယားတွင် အမှား ထည့်သွင်းမိခြင်း ဖြစ်သည်။ ကောင်းရင်က သူမ၏ စာရင်းဇယားကွက်ကို စစ်ဆေးပေးပြီး သူမကို အကြံပေးခဲ့ခြင်း ဖြစ်သည်။
“ဓာတ်လှေကားထဲ ဝင်ကြမယ်” ကောင်းယင်က အရင်ဆုံး ဓာတ်လှေကားထဲဝင်သည်။ သူမနောက်မှ တခြားသူများလည်း လိုက်ပါလာသည်။
“ရပြီ ဆက်ပြောလေ” ဓာတ်လှေကားပေါ်ရောက်သောအခါ ကောင်းယင်က ဝေဝေကို စကားအစပျိုးပေးသည်။
“ညီမက အစ်မကို ကျေးဇူးတင်စကား ပြောချင်ရုံပါ အစ်မယင်။ အစ်မရဲ့ကူညီပေးလို့ ဒုက္ခမရောက်တာ မဟုတ်ရင် မနက်ခင်းတုန်းက ပြင်းပြင်းထန်ထန် အဆူခံရလောက်တယ်”
ဝေဝေက လူငယ်ဆန်သော အပြုအမူနှင့် ချစ်စဖွယ်ကောင်းအောင် စကားပြောသည်။
“ရပါတယ်။ ကျေးဇူးတင်စရာ မလိုအပ်ပါဘူး။ ငါတို့အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပဲလေ” ကောင်းယင်က သူမ၏ကျေးဇူးတရားကို အာရုံမထားပေ။
“ညီမ သတင်းကြားထားတာက အစ်မက ထမင်းဘူး မယူလာဘူးတဲ့။ အစ်မကို နေ့လည်စာ လိုက်ကျွေးလို့ရမလား”
ဝေဝေက ကောင်းယင်၏မျက်နှာအမူအရာကို အသေးစိတ် အကဲခတ်လိုက်သည်။
“သန့်သန့်ရှင်းရှင်း အစားအသောက်ကို ဝယ်ကျွေးပါ့မယ်”
ဝေဝေက သူတို့ကုမ္ပဏီ အနီးအနားတွင် အရသာရှိသော ကြက်ဥထမင်းကြော် ရောင်းချသည့် သတင်းကို ကြားထားသည်။ စားသောက်ဆိုင်ထဲ ဝင်ရောက်ခွင့်ရရှိရန် တန်းစီစောင့်နေသူ အများကြီး ရှိသည်။ ထို့အပြင် သူဌေး၏ အကျင့်စရိုက်ကလည်း ထူးခြားသည်။ သူက ဤစားသောက်ဆိုင်မှာ ဟင်းပွဲများ၏အရသာကို မြည်းကြည့်ချင်သည်။ ယနေ့တွင် ကောင်းယင်က သူမကို ကူညီပေးခဲ့၍ ကောင်းယင်ကို ကြက်ဥထမင်းကြော် ဝယ်ကျွေးချင်သည်။
ကောင်းယင်ကလည်း ယနေ့ နေ့လည်စာအတွက် ယွမ်ကျိုး၏စားသောက်ဆိုင်သို့ သွားရောက်ရန် ကြံရွယ်ထားသည်။ သို့သော်လည်း ဝေဝေ၏စိတ်အားထက်သန်သော အပြုအမူကြောင့် သူမကို ငြင်းပယ်လိုက်လျှင် ရိုင်းစိုင်းသည့် သဘော သက်ရောက်နိုင်သည်။ ထို့ကြောင့် သူမ သဘောတူလိုက်သည်။
သူတို့ ကုမ္ပဏီမှ ထွက်လာသောအခါ ဝေဝေက အရှေ့ကနေ လမ်းပြသည်။ သို့သော်လည်း လမ်းတစ်လျှောက်လုံး ဝေဝေ ပြောသမျှကို နားထောင်ရသမျှ သူမ သွားခဲ့ဖူးသော အမည်မသိ စားသောက်ဆိုင်လေး ဖြစ်နေလိမ့်မည်ဟု ခံစားမိသည်။ သူမတို့သွားနေသော လမ်းကလည်း ရင်းနှီးသထက် ရင်းနှီးလာပြီး နောက်ဆုံးမှ နေရာအတူတူပဲဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ကောင်းယင်ကဲ့သို့ အသန့်ကြိုက်သူအတွက် သူ သွားရုံကြံရွယ်ထားသော စားသောက်ဆိုင်နှင့် သူ့ကို ဖိတ်ကြားသော စားသောက်ဆိုင်က တစ်ထပ်တည်းကျနေ၍ ကံကောင်းသည်ဟု ခံစားမိသည်။
ကောင်းယင်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။
အမျိုးသမီးနှစ်ယောက်သည် စကားပြောရင်း လမ်းလျှောက်လာ၍ ယွမ်ကျိုး၏စားသောက်ဆိုင် တည်ရှိသော လမ်းသို့ ရောက်သွားသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်ဝင်ပေါက်တွင် ရှုပ်ယှက်ခတ်နေခြင်းကို ခပ်လှမ်းလှမ်းမှ မြင်တွေ့ရသည်။
“ကြည့်ပါဦး အစ်မယင်၊ ထင်တဲ့အတိုင်းပဲ ဝင်ပေါက်နားမှာ တန်းစီစောင့်နေတဲ့ ဖောက်သည်တွေ အများကြီးပဲ။ မြန်မြန် သွားမယ်”
ဝေဝေက အရှေ့မှ ဦးဆောင်သွားသည်။
“အေးအေး”
အမျိုးသမီးနှစ်ယောက်က သိပ်မကြာလိုက် စားသောက်ဆိုင်ဝင်ပေါက်သို့ ရောက်သွားသည်။ သို့သော်လည်း သူတို့မျှော်မှန်းထားသော ရလဒ်နှင့် ခြားနားနေသည်။ စားသောက်ဆိုင်ဝင်ပေါက်မှ စုရပ်နေသော ဖောက်သည်များက ဆိုင်ရှင်သူဌေးကို ကျိန်ဆဲနေခြင်း ဖြစ်သည်။
“သူဌေးယွမ်က တကယ့်ကို လှည့်ဖြားလွန်းတယ်။ စားသောက်ဆိုင်ပိတ်မှာကို ဘာလို့ ကြိုတင် သတင်းမပေးတာလဲ။ ဒီနေ့တော့ ငါ့ဗိုက်ပြည့်ဖို့ တခြားဆိုင်က အစားအသောက်တွေ ဝယ်စားရတော့မယ်”
ယောက်ျားတစ်ယောက်က ပြောသည်။
“အမှန်ပဲ။ သူဌေးယွမ်က လုပ်ရက်လိုက်တာနော်။ မနက်ဖြန် မလာတော့ဘူး” အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားက ပြောသည်။
“ဟေ့လူ၊ အရင်တစ်ခေါက်တုန်းကလည်း ခင်ဗျားပဲ မလာဘူး ပြောခဲ့တာလေ။ အခုတော့ ဆိုင်ရှေ့ကို ရောက်နေတာပဲမလား”
ပိန်ပိန်ပါးပါး အမျိုးသားက အရှက်မဲ့သော အမူအရာဖြင့် ပွင့်လင်းစွာ ပြန်ပြောသည်။
“တခြားစားသောက်ဆိုင်တွေက ဒီလိုအရသာကောင်းတဲ့ ကြက်ဥထမင်းကြော်ရောင်းရင် ဒီဆိုင်ကို မလာတော့ဘူး။ ဟွန့်”
ထိုစကားကိုပြောလိုက်စဉ် သူ့ကန့်ကွက်ချက်ကို ဖော်ပြရန် ဟွန့်ဟူသော စကားလုံးလေးကိုပင် ထည့်သုံးလိုက်သေးသည်။
“ဘယ်သူမှ မရောင်းပေးနိုင်ပါဘူး”
တံခါးပေါက်နားမှာ စောင့်ဆိုင်းနေသူအားလုံး တစ်ပြိုင်နက်တည်း သက်ပြင်းချသည်။
သူတို့ပြောနေသောစကားကို နားစွန်းနားဖျား ကြားလိုက်သော ဝေဝေက မနေနိုင် မထိုင်နိုင် မေးမြန်းသည်။
“ဘာဖြစ်တာလဲ။ ဆိုင်မဖွင့်ဘူးလား”
“ကောင်မလေး၊ မင်းဘာသာမင်း လာကြည့်လေ။ အသိပေးစာကို တံခါးမှာ ကပ်ထားတယ်”
ပိန်ပိန်ပါးပါး အမျိုးသားက တံခါးပေါက်ပေါ်မှာ A4ဖြင့်ကပ်ထားသောစာကို လက်ညိုးထိုးပြသည်။
အသိပေးစာ”ယနေ့ကျရောက်သော မေလ၂၈ရက်က အပြည်ပြည်ဆိုင်ရာ ဆံပင်မြတ်နိုးသူနေ့ဖြစ်လို့ ဆိုင်တစ်ရက်ပိတ်ပါတယ်”
“စာရွက်အောက်မှာ ရေးထိုးထားတဲ့ လက်မှတ်က ဆိုင်ရှင်ရဲ့လက်မှတ်ပဲ”
သူမက ဤစာကိုမြင်မြင်ချင်း ပထမဆုံး ခံစားချက်က အံ့ဩခြင်း ဖြစ်ပြီး ဒုတိယခံစားချက်က ထိတ်လန့်သွားခြင်း ဖြစ်သည်။
“အစ်မယင် တောင်းပန်ပါတယ်”
ဝေဝေက ကောင်းယင်ကို သနားချင့်စဖွယ်ကောင်းအောင် ငေးကြည့်သည်။
သူမက ကောင်းယင်ကို အရသာရှိသော ဟင်းလျာ ဝယ်ကျွေးမည်ဟု အတင်းဆွဲခေါ်လာသော်လည်း စားသောက်ဆိုင်က ပိတ်ထားသည်။
သူမ မကြားဖူးသော နေ့ထူးနေ့မြတ်ဖြင့် ဆိုင်ပိတ်သွားသည်။
ကောင်းယင်က သတိပေးစာကို ကြည့်ကာ မျက်ခုံးပင့်လိုက်ပြီး ကောင်မလေးကို နှစ်သိမ့်သည်။
“ကိစ္စမရှိပါဘူး။ အရင်က ဒီဆိုင်မှာ လာစားဖူးတယ်။ အဲဒီသူဌေးမှာ သာမန်ထက် ထူးခြားတဲ့ အကျင့်စရိုက် ရှိတယ်”
“ဟမ်။ အရင်က ဒီဆိုင်မှာ လာစားဖူးတာလား။ တကယ်လား။ ဘယ်လိုအရသာရှိလဲ ပြောပြပါလား”
နှစ်သိမ့်သောစကားကိုကြားပြီးနောက် ဝေဝေက အားတုံ့အားနာဖြစ်သော ခံစားချက်များ ပြယ်လွင့်သွားသည်။ ထို့ကြောင့် သူမက ကောင်းယင်ဘက် လှည့်ကာ မရပ်မနား မေးမြန်းသည်။
အပိုင်း(၅၃)
ပြီး၏။