နွေနေက ပူပြင်းလှသည်။တိုက်ခတ်သည့်လေတောင် အပူငွေ့တရိပ်ရိပ်နှင့်။ရွာဦးစေတီရှိ ဆည်းလည်းသံတချွင်ချွင်က စိတ်ငြိမ်းချမ်းစေသည့် တေးသံသဖွယ် လေနှင်ရာပျံ့လွင့်လို့နေ၏။
တစ်ချက်ချက် တောပန်းရနံတို့ကလည်း လေရူးနှင့်လွင့်ပျံလာတတ်သေးသည်။ဤသို့ သာယာသောနေ့လည်ခင်းအချိန်၌ မသာယာနိုင်သူတို့လည်းရှိကြသေးသည်။
သူကြီးအိမ်ရှေ့ မန်းကျည်းပင်ရိပ်၌ ကတုံးဆံတောက်ကေနှင့် အမျိုးသားလေးဦးမှာ ထိပ်တုံးတပ်လျှက် အပူဒဏ်အားခံစားနေရပေသည်။သူတို့မှာ အခြားမဟုတ် သူကြီးသားတော်မောင်နှင့် အပေါင်းပါ သုံးယောက် ဖြစ်လေသည်။ဟုတ်သည် ကတုံးဆံတောက်နှင့်။
ဠီကာ၏ မူလဆံပင်ရှည်တို့မှာ ကတုံးဆံတောက်အသွင်သို့ပြောင်းသွားပြီဖြစ်သည်။အကြောင်းမှာ မြို့မှပြန်ရောက်လာသော သူငယ်ချင်းကောင်းကြီးနှစ်ယောက်နှင့်
ကြက်ပွဲသို့သွားကြရင်း တစ်ဖက်ရွာသားများနှင့်အချင်းချင်းငြိကြလေရာ ကြက်ရန်ပွဲမှ လူရန်ပွဲသို့ရောက်လေခြင်း။
ဟိုဘက်ရွာသားများ ထိပ်ပေါက် ခေါင်းကွဲကုန်ပြီး စာကလေးတို့သုံးယောက်မှာ မျက်နှာတို့ ရောင်ကိုင်းနေကာ ဠီကာကတော့ မျက်ခုံးကန့်လန့်အမာရွတ်ဖြင့်။
လေးယောက်ပေါင်းမိတိုင်း ရန်ပွဲဖြစ်နေကျဖြစ်ရာ ဟိုနှစ်ကောင်မြို့တက်တုန်း သာယာခဲ့သောတမာတန်းရွာကလေးသည် သူတို့နှစ်ယောက် ပြန်လာသည်နှင့် တစ်ရွာလုံး မျက်ခုံးလှုပ်ကုန်၏။
ယခုတစ်ခါအဖြစ်တွင် သူကြီးစိတ်ဆိုးဆိုးဖြင့် လေးယောက်လုံးအား ထိပ်တုံးခတ်ရုံသာမက ရွာဦးကျောင်း ဆရာတော် ဘုန်းဘုန်းအကူအညီဖြင့် လေးယောက်လုံး ကတုံးဆံတောက်ဖြစ်သွားခြင်းဖြစ်သည်။
ဖခင်ဖြစ်သူအားမကြောက်သောဠီကာမှာ ဘုန်းဘုန်းကိုဖြင့် လေးစားရိုသေလေသည်။
မနေ့ညနေမှစ၍ ထိပ်တုံးစာမိထားသူလေးယောက်မှာ ယနေ့မွန်းတည့်ထိလွတ်မည့်အရိပ်ယောင်ပင်မမြင်ရသးပေ။ ဟိုနှစ်ကောင်မိခင်နှင့် စာကလေး နှမဝမ်းကွဲ ထမင်းလာပို့၍သာတော်သေးသည်။မိမိဖခင်အလိုဆို ထမင်းပင်ကျွေးမည့်ပုံမပေါ်။
သိသားပဲ ဒေါ်မြမြနှင်းရဲ့ ကိုကိုချစ်ခေါ်သံလေး လွမ်းနေတာနေမှာပေါ့ ဟမ့်။ဠီကာ စိတ်ပေါက်ပေါက်နှင့်တွေးနေမိသည်။ထိပ်တုံးခတ်ခံရသည်မှာ သူ့အတွက်အဆန်းမဟုတ်သော်ငြား ယခုကဲ့သို့ အချိန်အကြာကြီး အခတ်ခံရသည်မှ ပထမဦးဆုံးအကြိမ်ဖြစ်သည်။
ခါတိုင်းဒေါ်မြမြနှင်းရှိနေ၍ ယခုလို တစ်ခါမှ နေ့မကူးဖူးပေ။ပြောရင်းမှ ယနေ့အမေရှိမနေရခြင်း အကြောင်းပြချက်ကို သတိရမိသည်။လူကမမြင်ရသေးဘူး စိတ်ဒုက္ခကအရင်လာပေးတယ်။လာပါစေအုံး တွေ့မှ မှတ်လောက်သားလောက်အောင် ပညာပေးပစ်အုံးမယ်။
"အာစရိ"
"ပြော"
"ဒီနေ့ ကြီးတော်နှင်းတို့ ပြန်လာမှာမလား"
"အေး ကြားတာပဲ "
"တော်ပါသေးတယ် မနက်ဖြန်ထိတော့ နေ့မကူးလောက်တော့ပါဘူး"
"နေ့ကူးလည်း ပူမနေနဲ့ ငါတို့အိမ်ကထမင်းလာပို့မှာပါကွ"
"ပို့မှာပေါ့ သူတို့အတွက်နားအေးတာကိုး မဟုတ်ရင် ဘယ်သဝေထိုးပြီး ဘယ်သူနဲ့ရန်ဖြစ်နေမလဲ တွေးပူနေရတာကိုး"
"ဟီးဟီးဟုတ်တယ်ဗျ အိမ်ကဆို သူကြီးအတွက်တောင် ဟင်းတွေပိုချက်လာပေးသေးတယ် ကျေးဇူးတင်လွန်းလို့တဲ့ ဟားဟား"
စာကလေးစကားအဆုံး အားလုံးသဘောတကျရီမိကြလေသည်။ဟုတ်တော့လည်းဟုတ်သည်။ယခုကဲ့သို့ ခြေချုပ်မိနေခြင်းက သူတို့အတွက်တော့ သာယာတဲ့နေ့ရက်တွေပဲလေ။ဠီကာဘေးကနှစ်ကောင်မှာ အမွှာတွေဖြစ်သည့် ငပွေးနှင့်ငထွေးတို့ဖြစ်သည်။
ဠီကာ့ အိမ်နှင့် နှစ်လမ်းကျော် ဒေါ်စိန်တင်၏သားတွေပင်။ဒေါ်စိန်တင်၌ သားသမီးလေးယောက်ရှိကာ အမွှာသမီးကြီးနှစ်ယောက်နှင့်ငပွေးတို့အမွှာတစ်တွဲဖြစ်သည်။သမီးနှစ်ယောက်မှာ ပယင်းနှင့်ယမင်းတို့ဖြစ်ပြီး ရွာရှိ ကွမ်းတောင်ကိုင်တွေလည်းဟုတ်လေသည်။ငပွေးတို့ညီအကိုမှာ ဆိုးသွမ်းသော်လည်း အစ်မတွေအား အတော်ချစ်ကာတွန့်တိုလေ ၏။။ထို့ကြောင့် ပယင်းတို့မှာအတော်လှသော်ငြား ဘယ်ကာလသားမှ မစနောက်ရဲပေ။
"ဒါနဲ့ငဘုန်း ဒီနေ့ကြီးတော်နှင်းနဲ့အတူ မြိုးသားတစ်ယောက်ပါမယ်ဆိုဟုတ်လား"
"ဟုတ်တယ် အိမ်မှာနေမယ်ပြောတာပဲ"
"ဟင် တစ်သက်လုံးလား"
ငပွေး၏အံ့သြတကြီး အမေးအဆုံး ခေါင်းတစ်ချက်အရိုက်ခံလိုက်ရသည်။
"ငါလပြွတ်ကိုတစ်သက်လုံးဖြစ်ရမှာလား
မလာရသေးဘူး ဒေါသကအရင်ထွက်နေရပြီ ကြည့်ထားစမ်းပါ တစ်လနဲ့ပြန်သွားစေရမယ်"
"အဲ့လိုတော့မလုပ်ပါနဲ့ကွာ သူ့မိဘတွေကလည်းဆုံးထားတာမကြာသေးဘူး ဆွေမျိုးဆိုလို့ကြီးတော်လှပဲရှိတာကြားတယ် "
"မင်းသနားရင် မင်းအိမ်ခေါ်ထားလိုက်ငထွေး ငါကတော့ သူ့ကိုလုံးဝမသနားနိုင်ဘူး သူဆို ကလေးမဟုတ်တော့ဘူး ငါကြားတာတော့ ကျောင်းဆရာတောင်ဖြစ်နေပြီတဲ့ ယောကျ်ားဖြစ်ပြီးပျော့ညံ့နေရင် ရွှေကျီးလိုယောကျ်ားသာယူထားလိုက်ပေါ့"
"ဟုတ်သားပဲ ရွှေကျီးဆိုမှသတိရတယ် အဲ့တာကကော ဘယ်လိုဖြစ်တာတုန်း ငါကြားခါစက နားကြားမှားတယ်တောင်ထင်တာကွာ"
"မင်းတို့ကြားတဲ့အတိုင်းပဲ အဲ့ကောင်ကအဟုတ်ကိုယောကျ်ားယူထားတာ ချစ်ချက်ကလည်းတုန်လို့ဆိုပဲ မိန်းမတွေတောင်အားကျရတယ်တဲ့ဗျား"
"စာကလေးရာ မင်းအသံက အားကျနေတဲ့အသံကြီး ဘာလဲငါတို့ကိုများချိန်နေတာလား"
ငပွေးစကားအဆုံး စာကလေးကြက်သီး ပင်ထသွားရလေသည်။မရှိတဲ့ခေါင်းမွေးတောင် ထောင်ချင်လာသလိုလို။
"ထွီးမင်းတို့ကို ချိန်စရာလားကွ ချိန်ချင်ရင်အလိမ္မာအိမ်ပါ မင်းအစ်မတွေဆိုဟုတ်သေး"
စာကလေးစကားအဆုံး မျက်ဝန်းနှစ်စုံက ဒိုင်းကနဲရောက်လာလေသည်။
"ပြန်ပြောကြည့်လိုက်စမ်း စာကလေး"
ငပွေးစကားသံက အံကြိတ်သံရော၍ ကြက်သီးထစရာ။စာကလေးတံတွေးမျိုချမိသွားသည်။
"သဘောပြောပြတာပါကွာ မင်းကလည်း အဟီး"
စာကလေးစကားအဆုံး မျက်နှာချိုသွေးကာ သွားပါဖြီးပြလိုက်သည်။ထိုအခါမှ သကောင့်သားနှစ်ကောင်က မျက်နှာလွှဲသွားလေသည်။
"ကြပ်ကြပ်သတိထားနေ"
"တော်ကြစမ်းပါကွာ နေကပူရတဲ့ကြားထဲ
မင်းတို့အသံတွေနဲ့ ခေါင်းတောင်ကိုက်လာပြီ"
"ဒါနဲ့ ခုမှစဥ်းစားမိတယ် မြို့သားကကျောင်းဆရာဆိုတော့ ငါတို့ထက်အသက်ကြီးမှာပေါ့နော့"
ငပွေးစကားအဆုံး ငထွေးစဥ်းစားသလိုမေးပွတ်မိ၏။
"အေးကွကြီးလောက်တယ် အသက်ကြီးလည်း မနေတတ်ရင်တော့မလေးစားနိုင်ပါဘူးကွာ ဆရာဆိုတော့ ဘဝင်ကိုင်ပြီးအောက်ခြေလွတ်လောက်တယ်ကွ"
"အေးအဲ့တာဆိုရင် ငါနဲ့တွေ့ပြီလေ ငါ့အိမ်မှာနေပြီး စောက်ချိုးမပြေလို့ကတော့ အဟွန့် ဘုန်းဠီကာမောင် အကြောင်းကောင်းကောင်းကြီးသိသွားစေရမှာပေါ့"
"ဟုတ်တယ် အာစရိ ဒီလိုလုပ် သူ့ဘက်ကအကြောမတင်းခင် ကိုယ့်ဘက်ကအာဏာပြထားလိုက် ဥပမာ မြို့မှာရေအလကားရနေတော့ ဒီမှာလည်းသူများခပ်ပြီးသားရေ အလကားသုံးချင်လောက်တယ် အဲ့တော့ သူ့ဘာသာရေခပ်ချိုးခိုင်းပစ် ပြီးတော့"
"နေပါအုံးစာကလေးရာ အရင်စောင့်ကြည့်ပါအုံး ပြီးမှ အချိုးမပြေလို့ပညာပြလည်း နောက်မကျပါဘူး ပြီးတော့သူက ဒီမှာခဏပဲနေမှာ ကျောင်းဖွင့်တာနဲ့သူ့နေရာသူပြန်မှာပဲ အဲ့တော့ ငါတို့ခေါင်းရှူပ်ခံပြီးစဥ်းစားမနေနဲ့ ခုသူကလည်းသူ့အပူနဲ့သူဆိုတော့ အရမ်းမြောက်ကြွမနေလောက်ပါဘူး"
"ငထွေးပြောတာ မဆိုးဘူး ငါတို့အရင်စောင့်ကြည့်တာပေါ့"
"ဟုတ်တယ် ပြီးတော့အခုမင်းပုံက ထောင်ထွက်လိုလို ဘာလိုလိုဆိုတော့ အင်း မြို့သားတွေ့တွေ့ချင်းလန့်သွားမှာ သေချာသလောက်ပဲ"
ငပွေးပြောလည်းပြောချင်စရာ ဠီကာပုံစံက တကယ့်လူမိုက်ရုပ်နှင့်။အက်ျီရင်ဘတ်ပြဲနှင့် ရင်ဘတ်တစ်လျှောက် အညိုရောင်ကြွက်သားများမှာ သူ့နေရာနှင့်သူ တင့်တယ်စွာ ပုဆိုးကိုခပ်တိုတိုဝတ်ထားပြီး နေလောင်ထားသောမျက်နှာ ကတုံးဆံတောက်နှင့် မျက်ခုံးရှိ လတ်လတ်ဆတ်ဆတ်အမာရွတ်တို့မှာ မြင်သူတိုင်း နှစ်ခါမကြည့်ရဲလောက်အောင်အထိ လူမိုက်ဆန်လေသည်။
"အဟွန့်"
ဠီကာသဘောကျစွာ ခနဲ့ပြုံးပြုံးမိသွားသည်။လာခဲ့စမ်းပါမြို့သားရာ ခင်ဗျားနှစ်ခါမကြည့်မိစေနဲ့ပေါ့။ ကြည့်မိတာနဲ့ ကျုပ်နဲ့ငြိသွားစေရမယ်။
"ဒါနဲ့ငဘုန်း သူ့နံမည်ကဘာတဲ့လဲ"
ငပွေးပြောမှ သတိရသည် သူ့နံမည်တောင်မသိရသေးဘူး။ဠီကာအရေးမစိုက်စွာဖြင့် ခေါင်းတစ်ချက်ကုတ်ကာ
"မသိပါဘူးကွာ အရေးမှမပါတာ"
"ကျွန်တော်သိတယ် ကျွန်တော်သိတယ်"
စာကလေးမျက်နှာက ဂုဏ်ယူနေဟန်ဖြင့် ခပ်မော့မော့
"မင်းကဘယ်လိုသိတာတုန်း"
"အာစရိကလည်း စာကလေးပါဗျ ကြီးလှတို့မြို့တက်ကတည်းက ရွာထဲမှာကြားလာတာ ကလေးတုန်းကဒီကိုလာလည်ဖူးတယ်တဲ့ဗျ"
"အရစ်တက်တယ် စာကလေးရာ လိုရင်းကိုသာပြော"
ငထွေး၏စိတ်မရှည်သံအဆုံး စာကလေးတစ်ချက်စဥ်းစားလိုက်သေးသည်။
"နေပါအုံး နံမည်လေးက ဆန်းဆန်းလေး..."
"နံမည်ကလည်း ဆန်းဆန်းလေးလို့ပဲ မိန်းမဆန်လိုက်တာ"
"အဲ့တာနံမည်မဟုတ်ဘူး ငထွေးရ သူ့နံမည်လေးက အထူးအဆန်းလေးလို့ပြောတာ"
"နို့ သိမှသိပဲဟာကို"
"ပါးစပ်ဖျားတင်မေ့နေတာ နံမည်မှာ "ချစ်"ဆိုတာပါတယ်ကွာ"
စာကလေး အတင်းဖြစ်ညှစ်စဥ်းစားရင်းမှ နံမည်အားမှတ်မိသွားလေသည်။
"သြော် သိပြီ "ချစ်သဝဏ်လွှာ" တဲ့"
စကားအဆုံးအားလုံးငြိမ်သက်သွားသည်။
"တင်စီးလိုက်တာကွာ"
ဠီကာ ဆီမှထွက်လာသောစကား။ဒီနေ့အတွက်မသောက်ရသေးသောကြောင့်ဖြစ်မည်ထင် ရင်ဘတ်တစ်ခုလုံး တုန်ရင်နေတာအတိုင်းအဆမဲ့။
"အေးကွ တော်တော်တင်စီးတယ် လူကတော့ဘယ်လိုနေမလဲမသိဘူး"
"ငါကြားတာကတော့ သူငယ်ငယ်တုန်းက တော်တော်ချစ်ဖို့ကောင်းတာတဲ့ကွ ဖြူဖြူဖွေးဖွေးလုံးလုံးကစ်ကစ်နဲ့ မိဘတွေကပိုးလိုဥထားပြီး ချစ်စနိုးနဲ့ ပိုးဥလေးလို့တောင်ခေါ်တယ်ဆိုပဲ "
"စောက်ပိုတွေ"
ဠီကာနှုတ်ခမ်းရွဲ့မိသွားသည်။
"အေးလေ မင့်ဟာက တော်တော်ပိုလွန်းပါတယ် အခုအသက်ကြီးလာပြီဆိုတော့ ပြောင်းလဲသွားလောက်ပြီပေါ့ ငဘုန်းကိုပဲကြ ည့်ပါ့လား ကလေးတုန်းက ဖြူဖြူတုတ်တုတ် ခုများဖြင့် အညိုရင့်ရင့်တောင်သန်းနေပြီ"
"ဟားဟားဟား"
ငပွေးစကားအဆုံး အားလုံးရီမိကြလေသည်။ထိုစဥ်ခြံဝမှ လှည်းတစ်စီးဝင်လာသဖြင့် အားလုံးအကြည့်တွေက လှည်းဆီအာရုံရောက်သွား၏။
လှည်းမောင်းသမား ကိုတိုးမောင်ကလှည်းအား ဠီကာတို့ရှိရာ မန်ကျည်းပင်ရိပ်သို့ မောင်း လာလေသည်။မန်ကျည်းပင်မှာနှစ်ပင်တွဲဖြစ်သည့်အပြင် လူကြီးသုံးယောက်ဖက်စာမျှ လုံးပတ်ရှိသောကြောင့် အရိပ်ကောင်းစွာရလေသည်။
ထို့နောက်လှည်းပေါ်မှ ဦးစွာဆင်းလာသူမှာ မနက်ကတည်းကရွာထိပ်ထိသွားကြိုသောဦးချစ်ကို ပြီးနောက်ဒေါ်လှရီ ထို့နောက်အထုတ်အပိုးများအားအရင်ချလေသည်။
ငပွေးတို့လေးယောက်သား မျက်တောင်မခတ်စတမ်း စပ်စုနေသည်မှာ ယခုထိလှည်းပေါ်မှမဆင်းသေးပဲ ပုဆိုးဖြင့်တစ်ခေါင်းလုံးအုပ်ထားကာ မျက်နှာပင်မမြင်ရသေးသော မြို့သားဆီမှာ
"နှင်း ဖြည်းဖြည်းဆင်း ရရဲ့လား လာကိုကိုချစ်လက်ကို အားပြုပြီးဆင်း "
"ရပါတယ်ကိုကိုချစ်ရယ် ကြာကြာထိုင်တော့ခြေကျဥ်နေလို့ပါ"
"ဖြည်းဖြည်းဆင်းနော် လာ ဟုတ်ပြီ ဟိုက သားလေးရော ဆင်းခဲ့လေ ရောက်ပြီ သားရောခြေကျဥ်နေတာလား"
ဦးချစ်ကို အိမ်သူသက်ထားအား လှည်းပေါ်မှ တွဲခေါ်ပြီး ခုထိမျက်နှာမမြင်ရသေးသော မြို့သားလေးအား အမေးဆိုလိုက်သည်။ထိုအသံအားကြားလိုက်သူ ဟိုလေးယောက်မှာ ကြက်သီးတွေပင်ထလာလေသည်။
*ဘာတဲ့ သားဆိုပဲ အဟွန့် ငါ့ပြောနေကျနဲ့ကွာပ *
ဒါကတော့ တစ်ယောက်သောသူ၏အတွေး
"ခြေကျဥ်နေတာမဟုတ်ဘူး ကိုကိုချစ်ရဲ့ လှည်းမူးနေတာ နေကလည်းပူတော့ချွေးထွက်တွေလည်းများတယ်ထင်တယ်တော်ရေ သားလေးလာ အိမ်ပေါ်အရင်တက်နားလိုက်နော် ပြီးမှရေမိုးချိုးပြီး ထမင်းစားရအောင် လှရေပြီးရင်အိမ်နောက်ဖေးကသံပုရာပင်က သံပုရာသီးလေးရှာပေးပါအုံး
ကလေးအမူးပြေရှူခိုင်းရအောင်"
ဒေါ်မြမြနှင်း ပြောလည်းပြောလှည်းပေါ်မှကောင်လေးအားလည်းသူကြီးနှင့်အတူ တွဲကာခေါ်သွားလေသည်။ဟိုလေးယောက်မှာပါးစပ်အဟောင်းသား။သူကြီးကတော်က အစမှအဆုံးအထိ မန်းကျည်းပင်အောက်မှ သားတော်မောင်အား မမြင်သလို သတိတောင်မရပေ။ခါတိုင်းသဲသဲလှုပ်နေသော မာတာမိခင်ကြီးမှာ မသိလျှင်အတိတ်မေ့သွားသကဲ့သို့ပင်။
"ကြီးကြီးကျယ်ကျယ် လှည်းမူးတယ်တဲ့ကွာ"
ငထွေးစကားသံကြားမှ သတိပြန်ဝင်လာကြလေသည်။
"အေးကွာ ငါဖြင့်ကြား ကြားဖူးပေါင်ကွာ"
"အာစရိတော့စွန့်ပစ်ခံရပြီ"
စာကလေးစကားဆုံးမှသုံးယောက်သား ဠီကာ အားပြိုင်တူကြည့်မိသည်။သွားပြီ အာစရိ ဒေါသထွက်လွန်း၍ အသံပင်ထွက်မလာတော့။သုံးယောက်သား ကိုယ်ချင်းစာစွာ အလိုက်တသိငြိမ်သက်သွားကြသည်။သို့သော်ဠီကာမှာ သူ့အတွေးဖြင့်သူ။
သူ့အတွေးထဲရောက်နေတာက လှည်းပေါ်မှဆင်းလာချိန်မြင်လိုက်ရသော နီနီရဲရဲ ဖွေးဖွေးသွယ်သွယ်ခြေထောက်တစ်စုံ ပြီးနောက်ခေါင်းမှ ပုဆိုးစအားစုကိုင်ထားသော ဝင်းမွတ်မွတ်ရှည်သွယ်သွယ် လက်တစ်စုံ။ငါ့လခွမ်း အဲ့လိုအလှပတွေ ကမ္ဘာပေါ်မှာ ရှိတယ်တဲ့လား။
##############
ငြိမ်း🍓🍓