ရွှေရင်အေး
အပိုင်း(၆)
#ရွှေရင်အေး
01220111
“ကေ..ပြိးပြီ..ကျော်..”
“ခဏလေးခင်ဗျ…နေလောင်ခရင်မ် လိမ်းဖို့ မေ့နေလို့ပါ…ခဏလေးပဲနော်…”
ကေ မိတ်ကပ် ပြင်ဆင် အ၀တ်အစားလဲပြီးချိန် ပြောလိုက်ပေမဲ့လည်း သူ က အားနာသလို ပြောပြီး အ၀တ်လဲခန်းထဲကို ၀င်သွားသည်။
နောက်ပြီး ပြန်ထွက်လာကာ အ၀တ်ဘီဒိုကို ဖွင့်ပြီး နေလောင်ခံ လိုရှင်းကို ယူကာ လက်တွေ လည်ပင်းတွေ လိမ်းနေပြန်သည်။
သူ့ရဲ့ အသားအရေ ၀င်းနေတာက သူ့ ထိန်းသိမ်းမှုကြောင့်ဆိုတာ ကေ အခုမှသာ သဘောပေါက်တော့သည်။
ယောက်ျားလေးပေမဲ့ အသားအရောင်က ညီပြီး ကြည်နေတာ သူဂရုစိုက်လို့ပေါ့..။
မှန်တင်ခုံရှေ့မှာ ရပ်ကာ မှန်ကို တစ်ချက်ကြည့်ပြီး ဆံပင်တွေကို လက်ချောင်းတွေနဲ့ ဆွဲ၍ ပုံချနေသေးသည်။
ကေ က မြန်မာဝတ်စုံ လက်ရှည် လိမ္မော်နုရောင်လေး ၀တ်ထားပေမဲ့ သူကတော့ ကြည်ပြာရောင် ရှပ်လက်ရှည်နဲ့ ပုဆိုးအစိမ်းအနက်ကွက်လေး တွဲဝတ်ထားသည်။
“ရပြီ…ခင်ဗျ…”
ကေ ခေါင်းညိတ်လိုက်ပြီး သူ့အနောက်ကနေ လိုက်လာခဲ့လိုက်သည်။
လှေကားတွေ ဆင်းနေရင်းက ရပ်တန့်သွားတော့ ကေ လည်း ရပ်လိုက်မိသည်။
“ကလျာ သွားနှင့်နော်…ကျော့် ကတ္တီပါ ဖိနပ်က အပေါ်ရောက်နေလို့…”
“ကေ ယူပေးရမလား..”
“ရတယ်…ရတယ်….ကျော်ပဲ သိလို့ပါခင်ဗျ..…”
လှေကားတွေကို ပြန်တက်သွားတော့ ကေ စီးနေကျ ဒေါက်ဖိနပ်နဲ့ သွားမဲ့နေရာက လိုက်ဖက်ပါ့မလားလို့ တွေးမိသည်။
ကတ္တီပါ ဖိနပ် အပါးလေး တစ်ရံတော့ ဆောင်ထားဖို့ ကေ မှတ်ထားလိုက်ရသည်။
ဖိနပ် ကျောက်စိမ်းရောင် ကို လက်က ကိုင်ပြီး အောက်ထပ် ဆင်းလာတော့ ကေ ဖိနပ်ဝတ်ပြီးပေမဲ့လည်း သူ့ကို ရပ်စောင့်ပေးလိုက်သည်။
ခြေချောင်းသွယ်သွယ်တွေနဲ့ ကတ္တီပါ ဖိနပ်က အတော်လေး လိုက်ဖက် ကြည့်ကောင်းပါသည်။
သူ့မျက်နှာကို ကြာကြာ မကြည့်ရဲသူမို့ ခြေချောင်း လက်ချောင်းတွေကိုတော့ ခဏခဏ သတိထား၍ ကြည့်ဖြစ်ပါသည်။
ခြေချောင်းသွယ်သွယ် လက်ချောင်းသွယ်သွယ်တွေက အရပ်ရှည်တဲ့ လက္ခဏာပေမဲ့လည်း လက်သည်းခြေသည်းတွေက ကြည်လင်နေတာ ဆေးဆိုးထားသလားတောင် ထင်ရပါသည်။
ကေ တွေးနေရင်းက တစ်ခု သတိထားမိပေမဲ့ သူတစ်ပါး ကိုယ်ရေးကိုယ်တာမို့ မေးလို့ မကောင်းတာနဲ့ မြိုသိပ်လိုက်ရသည်။
“ခုလောက် သွားမှ နေ၀င်ချိန်မှီလိမ့်မယ်..နေ၀င်တာ စောလာလို့ ခင်ဗျ..”
“…….”
ကေ ခေါင်းညိတ်လိုက်ပြီး ကားတံခါးပိတ်၍ ခါးပတ် ပတ်လိုက်သည်။
ကားမောင်းနေတဲ့ တစ်လျှောက်လုံး သူကော ကိုယ်ကော တိတ်ဆိတ်ငြိမ်သက်နေတာက ထုံးစံလို ဖြစ်နေပါပြီ..။
မမြင်ဖူး မရောက်ဖူးတဲ့ လမ်းရှုခင်းတွေကိုသာ ကြည့်ရင်း လိုက်ပါလာခဲ့ရသည်။
တံတားကို ရောက်တော့ လူတွေများပြီး ဆူညံနေလို့ ကေ ကားထဲက ထွက်ပေမဲ့လည်း သူ့ထွက်တာကို စောင့်နေမိသည်။
မိနစ်ပိုင်းကြာသည် အထိ ထွက်မလာတော့ တစ်ခုခု ဖြစ်လို့လားဆိုတဲ့ စိုးရိမ်ပူပန် စိတ်ဖြင့် သူ့ဘက်ကို သွားလိုက်သည်။
“………”
နှုတ်ခမ်းကို လက်သန်းဖြင့် တို့ထိနေပြီး ကေ ရောက်သွားတော့မှ ပြုံး၍ တစ်ရှုးတစ်ရွက်နဲ့ လက်ကို သုတ်လိုက်သည်။
တစ်ရှုးဖြူဖြူမှာ အနီဖျော့ဖျော့ အရောင်လေးတွေ ပေစွန်းကုန်သည်။
သူကတော့ တစ်ရှုးကို လုံးပြီး ကားထဲက အမှိုက်အိတ်ထဲ သေချာ ထည့်နေသေးသည်။
“………”
ကေ စိတ်ထဲမှာ ထူးဆန်းသလို ခံစားနေရသည်။
ကားကို ထားခဲ့ပြီး လမ်းကို ဖြည်းဖြည်းလျှောက်နေချိန် သူနဲ့ ယှဉ်လျှောက်ရသလို လေသင့်နေတာကြောင့် ရေမွှေးနံ့ ခပ်သင်းသင်းလည်း ရနေပါသည်။
“မုန့်စားမလား ကလျာဒေ၀ီ…”
“ရှင်..”
အောက်ဘက် က ဆိုင်တန်းတွေကို မေးငေါ့ပြတော့ ကေ ခေါင်းကို ရမ်း၍ ငြင်းဆန်လိုက်မိသည်။
ကလျာဒေ၀ီ လို့ ခေါ်လိုက်တာက ကေ့အတွက် အထူးအဆန်း ဖြစ်နေပြန်ပါသည်။
မြန်မာဆန်ဆန် ၀တ်စားထားတဲ့ သူ့ကို လူအတော်များများ လိုက်ကြည့်ကြတာ ကေ သတိထားမိလာသည်။
ကေ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကလည်း ကေ့ကို ကြည့်ကြတာပါပဲ..။
“ဒါကော…သောက်မလားဗျ…”
“အဲဒါ ဘာလဲဟင်…”
“နာမည်မေ့နေတာ….ရင်အေးတာမျိုးတော့ပါတယ်…”
ကေ မုန့်ပန်းကန်တွေကို တစ်ချက်ကြည့်မိပြီးမှ နာမည် စဉ်းစားလို့ ရတော့သည်။
“ရွှေရင်အေး…”
ကေ ပြောလိုက်တော့ သူ က ပြုံးပြီး ခေါင်းညိတ်သည်။
“သောက်မလားဗျ…”
“မသောက်တော့ပါဘူး…”
သူ က ဆက်လျှောက်တော့ ကေ လည်း ဘေးနားကနေ လိုက်လျှောက်မိသည်။
“ရွှေရင်အေး…တကယ်လှတဲ့ နာမည်ပဲ…တကယ်လိုက်ဖက်တယ်….”
“ဟင်…”
“ရင်အေးစေတာကို ပြောတာပါဗျ….”
ကေ နားမလည်သော်လည်း စပ်စပ်စုစု မမေးချင်တော့လို့ ဘာမှထပ်မပြောမိတော့ပါဘူး.။
“အဲ့မုန့်က ကလျာဒေ၀ီနဲ့ အတော်တူတယ်….”
“ရှင်…”
ကေ့ဘ၀မှာ မုန့်နဲ့ အနှိုင်းခံရတာ ပထမဆုံးပဲမို့ အတော်လေး အံသြမိပါသည်။
ဘာကို ဆိုလိုမှန်း မသိသော်လည်း ကိုယ့်အမှား ကိုယ့်အပြစ်ကိုသာ အရင်တွေးကြည့်နေမိသည်။
“မြင်ရုံနဲ့ ရင်ထဲအေးသွားစေတယ်လေ….ရွှေရင်အေးလေး…”
ကေ နေရခက်သလို ဘယ်လို တုန့်ပြန် ပြောရမှန်းမသိလို့ တိတ်ဆိတ်စွာပဲ နေလိုက်ပါသည်။
“ဒီဘက်တိုးပါဆို…နေပူသေးတယ်…”
“မတိုးဘူး..မတိုးဘူးဟယ်…”
“မတိုးဦးကွာ…”
ကေတို့ ရှေ့က စုံတွဲက ထီးတစ်မိုးအောက်မှာ လျှောက်နေကြသော်လည်း မိန်းကလေး ဖြစ်သူက အရိပ်အောက်က ထွက်နေသည်။
ကောင်လေး က ရုတ်တရက်ကြီး ဆွဲဖက်လိုက်တော့ ကောင်မလေး ခမျာ ရှက်လန့်တကြားဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီး ကောင်လေးရဲ့ လက်မောင်းကို ရိုက်တော့သည်။
ကောင်လေးကတော့ လွှတ်မပေးပဲ ထီးကိုလည်း ကောင်မလေးဘက်ကို ပိုသာအောင် မိုးပေးထားသေးသည်။
ကေ သဘောကျလို့ ပြုံးလိုက်မိချိန် ဘေးမှာ တွဲလျှောက်နေတဲ့ သူကတော့ ရှေ့က စုံတွဲကို ကျော်တက်သွားသည်။
အတော်လေး ကျော်တက်သွားပြီး နောက်ကိုလည်း လှည့်မကြည့်တော့ ကေ လည်း ခြေလှမ်းကို နည်းနည်းမြန်လိုက်ရသည်။
ကိုယ် မရောက်ဖူးတဲ့ အရပ်ဒေသမှာ တစ်ယောက်တည်း ကျန်နေခဲ့မှာ ကြောက်ပါသည်။
ဖုန်းကော ပိုက်ဆံအိတ်ကော ကားထဲမှာ ထားခဲ့မိသည်..။
တံတား အစမှာ လူတွေများနေတော့ ကေတစ်ယောက်တည်း စမ်းတ၀ါးဝါးဖြင့် လျှောက်နေရသည်။
ဒေါက်အထူ မဟုတ်ပဲ ဒေါက်ချွန်စီးလာမိတော့ ဖိနပ်ဒေါက်ဝင်ပြီး ဒုက္ခရောက်မှာကိုလည်း စိုးရိမ်ရသလို လူတွေကလည်း အာရုံစိုက် စောင့်ကြည့်နေတော့ ပို၍ နေရခက်ပါသည်။
“အို..”
ကေ စိတ်ပူနေသလိုပဲ ဒေါက် အချွန်အမြင့်က ပျဉ်ကြားထဲ ၀င်သွားပြီး သိုင်းကြိုးကလည်း ပြုတ်ထွက်ကုန်တော့သည်။
လူတွေ သွားလာနေတဲ့ တံတားပေါ်မှာ ကိုယ်တစ်ယောက်တည်း လမ်းလယ်ခေါင် ဒုက္ခများနေတာ..။
ကေ ရှက်သော်လည်းပဲ ဖိနပ်ဝင်နေတာကို ခြေထောက်လှုပ်၍ ထုတ်ရသည်။
ဖိနပ်ဒေါက်က သစ်သားနှစ်ခုကြားမှာ ညှပ်နေတော့ အတော်လေး အားစိုက်ရသည်။
လမ်းသွားလမ်းလာတွေ လည်း ရှိနေတော့ လူသွားရင်လည်း ကိုယ်ကို ရို့၍ ရှောင်ပေးရသေးသည်။
ကေ တစ်ယောက်တည်း ရှက်လန့်ထူပူပြီး စိတ်ဆင်းရဲနေချိန် ဖိနပ်ပေါ် လက်တစ်ဖက် ရောက်လာသည်။
“ကျော်….”
ကေ ခံစားချက်ကြောင့် မျက်ရည်ဝဲတက်သွားသည်။
သူ က ဆောင့်ကြောင့်ထိုင်ပြီး ခြေဖနောင့်ဘက်ကို ထိန်းကိုင်၍ ဆွဲထုတ်ပေးလိုက်တော့ အလွယ်တကူ ထွက်သွားသည်။
“ဖိနပ်ပြန်ဝယ်နေတာနဲ့ ကျန်ခဲ့တာ…ကလျာ က မျက်စိရှေ့တင် ပျောက်သွားလို့ ရှာရသေးတယ်..ဒါလေး ပြောင်းဝတ်လိုက်ပါ ခင်ဗျ…”
သူ့ဘေးမှာ ချထားတဲ့ လိမ္မော်ရောင် ကတ္တီပါဖိနပ် အထူလေးကို ရှေ့မှာ ချပေးတော့ အံသြမိသည်။
သူ အရှေ့က သွားနေတယ်ထင်ပြီး တစ်ယောက်တည်းလျှောက်လာခဲ့လိုက်တာလေ..။
ကေ မငြင်းတော့ပဲ ဖိနပ် ပြောင်းဝတ်လိုက်ရသည်။
"စိတ်မှန်းနဲ့ ဝယ်တာ နည်းနည်းကြီးသွားတယ်ဗျ…"
"ရပါတယ် ကျော်…သိပ် မသိသာပါဘူး…"
သူက ပြုံး၍ မော့ကြည့်ကာ ပြောတော့ ကေ အားနာစွာဖြင့် ပြောလိုက်မိပါသည်။
“ချောလိုက်တာ…”
“ချောလည်းချော..ချိုလည်းချို…”
ဘေးက ဖြတ်ကျော်သွားတဲ့ ကောင်မလေးတွေက ပြောသွားတော့ ကေ မျက်နှာပူ ရှက်သလိုလို ခံစားရပြန်သည်။
ကေ ချွတ်ပြီးသား ဖိနပ်ကို ကောက်ဖို့ ဒူးကွေး၍ လက်ရွယ်ချိန် သူက ကောက်ကိုင်လိုက်တော့ အံသြမိသည်။
“ပေးပါ…ကျော်…”
“ကိုင်ထားပေးမယ်ခင်ဗျ…နောက်ပြီး လူမကွဲသွားအောင် လက်ကိုင်ထားပါလား..”
ကေ့ကို တံတားဘက်ကပ်လျှောက်ခိုင်းပြီး လူသွားလူလာ ဘက်မှာ သူက နေပေးသည်။
ဖိနပ်ကို ဘေးဘက်မှာ ကိုင်ပေးထားရတာကြောင့် သူ့လက်မောင်းကို မ၀ံ့မရဲဖြင့် ဖွဖွ ကိုင်ထားလိုက်ရသည်။
“အရောင်ဆင်တူပဲ…”
“……”
ကေ နားမလည်လို့ သူ့ကို ကြည့်လိုက်မိချိန် သူကလည်း ကေ့ဘက်ကို ကြည့်နေတာနဲ့ ဆုံပြီး နေရခက်သွားသည်။
“……..’
သူ မေးငေါ့ပြတဲ့ နေရာကို ကြည့်လိုက်တော့ နေလုံး က အရောင်ပြောင်းနေပြီး အနားမှာ ရှိတဲ့ တိမ်တိုက်လေး တစ်ခု က လိမ္မော်ရောင် ပြောင်းနေသည်။
ဒင်နာပွဲသွားရတုန်းက အရောင်တိုက်ဝတ်ပေမဲ့လည်း အခုတော့ သူက အစိမ်း ကိုယ်က လိမ္မော်မို့ ဆန့်ကျင့်ဘက် အရောင်တွေလိုပါပဲ…။
“လှလိုက်တာ…”
တံတားပေါ်မှာ ဈေးထိုင်ရောင်းနေတဲ့ အန်တီက ကေ့ကို မော့ကြည့်ရင်း ပြောလိုက်တာကြောင့် ပြုံးပြလိုက်မိသည်။
“ချောလိုက်တာနော်…နှစ်ယောက်စလုံးပဲ…”
သူ ကြားမကြားတော့ မသိပေမဲ့ ကေ ကတော့ သူ့လက်မောင်းကို ကိုင်ထားရတာ နေရခက်လာသလို ဖိနပ်ကိုင်ပေးထားရတာကိုလည်း အားနာမိသည်။
“ကျော်..ဖိနပ်ပေးလေ…”
“မပေးပါဘူးခင်ဗျ…”
ကေ ပြောရခက်သွားသည်။
ငြင်းတာတောင်မှ ယဉ်ကျေးနေတော့ နှုတ်ခမ်းက အလိုအလျောက် ပြုံးမိသွားသည်။
“တံတားက ဝေးလားဟင်…”
“မဝေးပါဘူး..”
“……..”
“အသွားအပြန် တစ်နာရီလောက်ပဲ ကြာလိမ့်မယ်…”
ကေ အံသြလွန်းလို့ သူ့ကို ကြည့်မိတော့ ကေ့ကို ပြုံးစေ့စေ့နဲ့ ကြည့်နေလို့ ဘာမှ မပြောတော့ပဲ အကြည့်လွဲလိုက်ရသည်။
ထိုင်ခုံ တစ်ခု အနားကို ရောက်တော့ သူက ရပ်တန့်လိုက်လို့ ကေ လည်း လက်ကို လွှတ်လိုက်ပြီး ရှုခင်းကို ငေးကြည့်နေမိသည်။
“တစ်ခါမှ မရောက်ဖူးဘူးလား ခင်ဗျ…”
“……..”
ကေ ခေါင်းညိတ်လိုက်ပြီး နေ၀င်ဆည်းဆာ ရှုခင်းလေးကို သဘောကျလို့ ကြည့်နေမိသည်။
“လှတယ်နော်…”
“ဟုတ်တယ်နော်…”
“လွန်လွန်ကျူးကျူးလှတော့ ဘယ်ကောင်းမလဲနော်…တခြားအလှတရားတွေပါ အလှလျော့ကုန်တာပေါ့ခင်ဗျ…”
ကေ နားမလည်လို့ သူ့ဘက်ကို လှည့်ကြည့်မိချိန် သူက ကေ့ဘက်ကို ကြည့်နေရာက အကြည့်လွဲပြီး အဝေးကို ငေးကြည့်နေသည်။
“သဘောကျလား ခင်ဗျ…”
“ဟုတ်ကဲ့…”
“ခရီးထွက်တဲ့အခါ သဘာဝရှုခင်းကြည့်ရတာ ကြိုက်လား….ဟိုတယ်မှာ ဇိမ်ကျကျ နေရတာကို ကြိုက်လားဗျ…”
နေလုံး အရောင်နဲ့ ဘေးက တိမ်တိုက် လိမ္မော်ရောင်တွေကို သဘောကျ ငေးကြည့်နေရင်း မေးခွန်းကြောင့် ဘာပြန်ဖြေရမလဲ မသိဖြစ်သွားသည်။
ပွင့်လင်းရိုးသားမှုက အကောင်းဆုံးသော ဆက်ဆံရေးတဲ့..။
သူ့ဆီက ကေ နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ မေးခွန်းတစ်ခု ရှိလာတာကိုပဲ ရင်းနှီးသလို ခံစားရပါသည်..။
“ဟို…ကေ က တစ်ယောက်တည်းတော့ မသွားဖူးပါဘူး..မေမေကြီးတို့နဲ့ သွားရင်တော့ လည်ပတ်စရာတွေ လျှောက်လည်ပြီးရင် ဟိုတယ်မှာပဲ နေကြပါတယ်…”
“မဟုတ်ဘူးလေ…ကလျာဒေ၀ီရဲ့ အကြိုက်ကို မေးကြည့်တာပါ ခင်ဗျ…”
“ကေ က….”
ကေ့အကြိုက်ကို တွေးကြည့်မိပေမဲ့လည်း တစ်ယောက်တည်း ခရီး ထွက်ရရင် ဘယ်လိုနေမယ်ဆိုတဲ့ စိတ်ကူးမျိုး တစ်ခါမှ မဖြစ်ဖူးလေတော့ ခက်ခဲလွန်းသည်။
“ကေ မသိပါဘူးရှင့်…”
ဘေးက ရယ်သံထွက်လာတော့မှ အံသြစွာ လှည့်ကြည့်မိချိန် ခေါင်းငုံ့ပြီး ပါးစပ်ကို လက်ကွယ်၍ ရယ်နေသည်လေ..။
ကေ့ကို လှောင်ရယ်တာလည်း ဖြစ်နိုင်ပေမဲ့ သူစိမ်းပတ်ဝန်းကျင်မှာ ကိုယ်နဲ့သိတဲ့ သူက ရယ်နေတော့ ကေ လည်း ကူးစပ်၍ ပြုံးမိပါသည်။
“ကျောင်းတက်တုန်းက ထရစ်ထွက်ရတယ်မလား ခင်ဗျ…”
“ဟင့်အင်း…ကေ မလိုက်ပါဘူး..မိသားစု ခရီးပဲ ထွက်ဖူးတယ်…”
“………”
ကေ့ရဲ့ ငယ်ဘ၀ကို အတွေးပြန်ရောက်သွားပေမဲ့လည်း နောင်တရတာ စိတ်မကောင်းဖြစ်တာမျိုး မခံစားရပါဘူး..။
ကျော့က သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တစ်ဦးတည်း လိုက်သွားရဲပေမဲ့ ကေ ကိုယ်တိုင်က မ၀ံ့ရဲတာပါ..။
မိသားစုဝင် မဟုတ်တဲ့ လူတွေနဲ့ တွေ့ဆုံရရင်တောင် မလုံခြုံသလို ခံစားခဲ့ရသည်။
မေမေကြီး က ကေ့အတွက် စိုးရိမ်စိတ်ပူသလို ကေ ကလည်း မေမေကြီး စိတ်မပူအောင်ပဲ နေချင်ခဲ့သည်လေ..။
တိမ်တွေရဲ့ အရောင်က ပိုတောက်လာသလို မြေပြင်ကလည်း လိမ္မော်ရောင်သမ်းပြီး လှပတဲ့ ရှုခင်းလေးပါပဲ..။
ကေ ငေးကြည့်ရင်း သဘောကျနေရသော်လည်းပဲ ကိုယ့်ကို ရပ်စောင့်နေရမှာ ကို အားနာပါသည်။
ညနေခင်း လေပြည်ညင်းတွေကြောင့် လုံချည်ဖုံးစက လှပ်သွားမှာစိုးလို့ လက်ကလေးနဲ့ ဖမ်းထိန်းထားရသေးသည်။
ဒီလို အခြေအနေမှာတော့ ကေ စိတ်ကျည်းကျပ်ရပါသည်။
“……..”
ဆံပင်တွေကို ဘေးသိမ်းထားပေမဲ့လည်း ရှေ့ဘက်က ဆံနွယ်တိုတွေကို ဒီတိုင်းလေး ချထားမိသည်။
လေနဲ့ အတူ မျက်နှာရှေ့မှာ လွင့်နေတိုင့်း ပြန်သိမ်းနေရတာလည်း စိတ်မသက်သာပါဘူး..။
ပန်းနံ့ခပ်သင်းသင်းနဲ့အတူ လက်ချောင်းသွယ်တွေက ကေ့ရဲ့ ရှေ့ဆံပင်နွယ်လေးတွေ ပေါ် ရောက်လာတော့ လှည့်ကြည့်မိသည်။
ရှေ့ဘေးဘက်မှာ ပုံသွင်းချထားတဲ့ ဆံပင် အခွေလိတ်လေးတွေကို လက်ညိုးလက်မနဲ့ တို့ထိ ကိုင်ရင်း ပြုံးနေတဲ့ သူ့မျက်နှာပေါ်မှာလည်း နေရောင်လိမ္မော်ရောင်က အလင်းပြန်နေသည်။
လမ်းသွားလမ်းလာတွေလည်း ရှိနေတာကြောင့် ကေ နေရခက်ပြီး ရှက်သလို ခံစားရသည်။
“ဆံပင်ရှည်ထားတာ ကြာပြီလားခင်ဗျ…”
“ဟင်…ငယ်ငယ်ကတည်းက ဒီအနေလောက်ပဲ ထားတာပါ..”
“ခုလောက်ဆို ဘယ်လောက်ကြာအောင် ထားရလဲခင်ဗျ…”
“ကေ က ကျောလယ်ထက် ရှည်လာရင် ညှပ်ပေး ထိပေးနေတာဆိုတော့ သေချာတော့ မသိပါဘူး..ငယ်ငယ်ကတည်းက ထားလာတာဆိုတော့လေ…သိပ်လည်း မမှတ်မိတော့ဘူးရှင့်…”
လေကြောင့် လှုပ်ခါနေတဲ့ ဆံပင်အလိတ်လေးတွေကို သူက လက်ချောင်းထိပ်နဲ့ ထိန်းကိုင်ပြီး သေချာ ကြည့်နေသေးသည်။
“ဆံလုံးဆံသားကောင်းပြီး ဆံပင်က နူးညံ့နေတာပဲ…ဘာတွေလုပ်လို့လဲ ခင်ဗျ…”
“ရှင်..ဟို…ဆံပင်ပေါင်းဆေးကြောင့် ဖြစ်ပါလိမ့်မယ်…”
“ဆိုင်မှာလုပ်တာလားခင်ဗျ..”
“မဟုတ်ပါဘူး..ကေ ကိုယ်တိုင်ပဲ ခေါင်းလျှော်ပြီး ကိုယ်တိုင်ပဲ ပေါင်းတာပါ…တစ်ခါတလေ သဘာဝ ပစ္စည်းတွေနဲ့လည်း ပေါင်းပါတယ်…”
သူ ကြည့်နေတာကို မနေတက်တော့လို့ ကေ နောက်တစ်လှမ်းဆုတ်လိုက်မှပဲ ဆံပင်ကိုင်ထားတဲ့ လက်ကို သိမ်းလိုက်ပြီး ပြုံးပြသည်။
“ပြန်ကြတော့မလား ခင်ဗျ…”
“ဟုတ်ကဲ့…”
ကေ ခေါင်းညိတ်လိုက်တော့ သူက နေရာပြောင်းပြီး ဘေးဘက်ကို ပြန်ရောက်လာပြန်သည်။
သူ့လက်မောင်းကို ကိုင်ဖို့ တွန့်ဆုတ်နေမိချိန် ကေ့လက်ချောင်းတွေနဲ့ သူ့လက်ချောင်းတွေ တို့ထိပြီး ဖွဖွ ဆုပ်ကိုင်ခံလိုက်ရလို့ ရင်ထဲ သိမ့်ခနဲ့ဖြစ်သွားသည်။
“……….”
တံတားပေါ်က ပြန်လာချိန်မှာပဲ ကောင်းကင်က အလင်းရောင်လျော့လာနေပြီ..။
ဆိုင်တန်းတွေဘက်ကို သွားကြည့်ပေမဲ့လည်း မိုးချုပ်နေပြီမို့ ကြာကြာ မလျှောက်ချင်တာနဲ့ ပြန်ခဲ့လိုက်သည်။
ကားထားတဲ့ နေရာကို ပြန်လျှောက်လာရင်း ဆုပ်ကိုင်ခံထားရတဲ့ လက်ဖျားတွေကို ဆွဲယူခံလိုက်ရတော့ အံသြမိသည်။
“လက်သည်းက ဂျယ်လား ဆီလီကွန်လား ခင်ဗျ…”
ကေ့လက်ချောင်းတွေကို သေချာကြည့်ပြီး ကေ့ဘက်ကို လှည့်ကြည့်ကာ မေးတော့ နားမလည်နိုင်ဖြစ်ရသည်။
“ဟင်…လက်သည်း…သြော်…မဟုတ်ပါဘူး…လက်သည်းအစစ်ပါ…အရောင်ပဲဆိုးထားတာပါ…”
“လှတယ်နော်…အရောင်ကလည်း သဘာဝဆန်ဆန်လေးပဲ…နံပါတ် ဘယ်လောက်ဆိုးလဲ ခင်ဗျ…”
“အကြည်နဲ့ ပန်းမိတ်ကပ် ရောဆိုးထားတာပါ…နံပါတ်တော့ မမှတ်မိဘူး…ကေ အိမ်ရောက်မှ ကြည့်ပေးမယ်နော်…”
သူက ပြုံး၍ ခေါင်းညိတ်ပြီး လက်ကို ပြန်ချကာ ဖွဖွဖျစ်ကိုင်ထားပေမဲ့လည်း နေရခက်ပါသည်။
“မျက်နှာဖြူအောင်ကော…ဘာတွေ လိမ်းလဲခင်ဗျ…”
ကားတွေ သွားလာနေတဲ့ နေရာမို့ သတိထား သွားလာနေရချိန် သူက ထပ်မေးပြန်ပါသည်။
“ဖြူအောင်တော့ မလိမ်းဖြစ်ပါဘူး..စကင်ကဲပဲ လုပ်တာပါ…”
“ကလျာဒေ၀ီက မျက်နှာ အဖု မပေါက်တက်ဘူးနော်…”
“ဟုတ်ကဲ့…ငယ်ငယ်ကတော့ ပေါက်ပါတယ်…”
“ခုက ဘာလို့ မပေါက်တော့တာလဲ…ဘာလိမ်းလို့ ပျောက်သွားတာလဲခင်ဗျ…”
“ဆယ်ကျော်သက်တုန်းက နည်းနည်းပေါက်တာပါ…နောက်ပိုင်းတော့ သူ့ဟာသူ မဖြစ်တော့တာပါ….”
“အသားအရေလည်း ကောင်းတာကိုးဗျ….အသားဖြူ ဆေးတွေ ဘာတွေကော သောက်တာလား…”
“ဟင်…မသောက်ပါဘူးရှင့်….”
“အဲဒါတောင် ဒီလောက် ဖြူတယ်နော်…အသားအရည်က ဖြူပြီးကြည်လင်နေတာပဲ…”
ကေ မျက်နှာပူ နေရခက်စွာဖြင့် ကားအနား ရောက်ဖို့သာ စိတ်စောနေမိသည်။
သူနဲ့အပြန်အလှန် စကားအများကြီး ပထမဆုံး ပြောလိုက်ရတာမို့ မောသလိုတောင် ခံစားနေရပါသည်။
ကားထဲ ၀င်ထိုင်လိုက်ပြီး သက်ပြင်းလည်း ဖွဖွ ချလိုက်မိပါသည်။
အိမ်ပြန်လမ်း တစ်လျှောက် တိတ်ဆိတ် နေသော်လည်း ကေ ကတော့ လမ်းဘေးဘက်ကိုပဲ ငေးကြည့်နေမိသည်။
“ဖြည်းဖြည်းမှ ပြန်ခဲ့လည်း ရရဲ့သားနဲ့…”
“ဖိုးဖိုး ထမင်းစား စောင့်နေရမှာ စိုးလို့ပါ…”
“ကျုပ်က အရှုပ်ထုတ်ဖြစ်နေပါ့မယ်…”
ဖိုးဖိုးက သူ့ကို ဆူသလို ပြောလိုက်တော့ ကေ အားနာမိသည်။
“မဖြစ်ပါဘူး ဖိုးဖိုးရယ်…ကေ လည်း လူရှုပ်တဲ့နေရာတွေဆို စိတ်မပျော်တက်လို့ပါ…ရှုခင်းလေးက အရမ်းလှလို့သာ အဲလောက်ကြာသွားတာပါရှင့်…”
“ငါ့သမီးမှာလည်း ပျော်ပျော်မနေတက်ပါလားကွ…ကောင်းပါတယ်…ပျော်တာများရင် အပျက်များတယ်…တည်ငြိမ်တာပဲ ကောင်းပါတယ်…သွား..သွား…အ၀တ်အစားလဲပြီး ခဏနားပြီးမှ ပြန်ဆင်းခဲ့ကြ…”
“ဟုတ်ကဲ့ရှင့်…”
ကေ လှေကားတွေကို တက်လာခဲ့သော်လည်း သူကတော့ ဖိုးဖိုးကို စာရွက်တွေ ထုတ်ပြရင်း ကျန်နေခဲ့သည်။
အပြင်က ပြန်လာတာမို့ ရေချိုးခန်းမှာ ခြေလက်ဝင်ဆေးရင်း သူ့ကားထဲမှာ ကေ့ဖိနပ်ကျန်ခဲ့တာကို သတိရသွားသည်။
ဖိနပ်ကို တစ်ချိန်လုံး ကိုင်ထားပေးခဲ့တာကိုလည်း အားနာမိပြန်သည်။
ခြေလက်ဆေးပြီး အ၀တ်အစားလဲကာ အောက်ထပ် ဆင်းလာတော့ သူက ဖုန်းပြောနေလို့ မီးဖိုခန်းထဲကိုပဲ ၀င်သွားလိုက်သည်။
“မမ…မုန့်တွေစားခဲ့လား..”
“ဟင့်အင်း…”
“မမကလည်း..မုန့်ဆိုင်တွေ အများကြီး ရှိနေတာကိုပဲ…စားခဲ့ရင် ပြီးရော..သမီးတို့အတွက်လည်း ၀ယ်ခဲ့ပေါ့လို့…“
“ကေ မေ့သွားလို့ပါ..နောက်ကျ ၀ယ်ခဲ့မယ်နော်…”
“ဟီး..ဟုတ်.ဟုတ်..”
“ဖိုးဖိုး အတွက် ငါးကင်သုပ်ကို ငရုတ်သီးစိမ်း အများကြီး မထည့်နဲ့နော်…တိုး…”
“ဟီး..ဟုတ်ကဲ့ပါ…မမရဲ့…သမီး မှတ်ထားပါတယ်…”
ငါးကင်ကို သုပ်ဖို့ ပြင်ဆင်နေချိန် ကေ က ဘေးက ရပ်စောင့်ကြည့်ပေးရသည်။
ဟင်းချိုပန်းကန်ချထားတော့ ပူ မပူ ကို လက်ဖျားဖြင့် စမ်းသပ်ကြည့်မိသည်။
ထမင်းဝိုင်း အကုန် အဆင်သင့်ဖြစ်တော့မှသာ ရှေ့ခန်းကို ထွက်၍ ထမင်းစားဖို့ ခေါ်လိုက်သည်။
“ငါးကင်က ၀ယ်ခဲ့တာလား…”
“မဟုတ်ပါဘူးဖိုးဖိုး..အိမ်မှာကင်တာပါရှင့်…”
“သြော်…သမီးငယ် ကင်တာမလား…”
“ဟုတ်ကဲ့ရှင့်…”
“အင်း..ထင်ပါတယ်..အိမ်မှာ ဒီလောက် အဖြစ်ရှိတဲ့သူ မရှိပါဘူးလို့လေ…စားကောင်းတယ်…ဆိုင်လက်ရာအတိုင်းပဲ…ပင်လယ်ကိုတောင် သတိရသွားတယ်…ဒါနဲ့…မင်းတို့ ပင်လယ်ဘက်ကို မသွားချင်ဘူးလား…”
“ဝေးဝေး မသွားချင်လို့ပါ ခင်ဗျ…အလုပ်ကလည်း သေချာ မပြီးသေးတော့ လိုအပ်ရင် ချက်ချင်းပြန်လို့ရအောင်ပါ ဖိုးဖိုး…”
“ဟုတ်သားပဲ…ကျော်တောင် အလုပ်ကို ခေါင်းထဲထည့် တွေးတက်လာပြီ…မဆိုးဘူး…တော်တယ်…”
“…….”
ထမင်းပန်းကန်ကိုပဲ ကြည့်နေသော်လည်း ချိးကျူးခံလိုက်ရတော့ ပြုံးသွားတာကို တွေ့လိုက်ပြီး ကေလည်း ပြုံးမိပါသည်။
လူကြီးဆန်တယ်လို့ ထင်ထားမိသော်လည်း တစ်ခါတလေကျပြန်တော့ ကလေးလိုပါပဲ..။
ကေ ထမင်းစားပြီးတော့ ဖိုးဖိုးတို့ စကားဝိုင်းမှာ ခဏထိုင်ပြီး အိမ်ပေါ်တက်လာခဲ့လိုက်သည်။
ဝရန်တာမှာ ခဏလမ်းလျှောက်ပြီးမှ အိပ်ခန်းထဲကို ၀င်ကာ အိပ်ရာကို ပြင်ဆင်ရသည်။
ညအိပ်ဝတ်စုံ ဂါဝန်ရှည်နဲ့ နေရတာလည်း နေသားကျနေပါပြီ..။
အိပ်ရာပြင်ဆင်ပြီးသွားတော့မှ မှန်ခုံမှာ ထိုင်လိုက်ပြီး မျက်နှာကို စကင်ကဲဖို့ ပြင်ဆင်သည်။
မျက်နှာသစ်ပြီး တိုနာ လိမ်းနေချိန် အခန်းတံခါး ပွင့်လာတော့ လှည့်ကြည့်မိသည်။
“အတော်ပဲ…”
သူက ပြုံးရင်း ပြောကာ တံခါးကို ဖြည်းဖြည်း ပြန်ပိတ်လိုက်သည်။
လက်ထဲက ဖုန်းကို အားသွင်းပြီး ခုတင်ပေါ်မှာ ထိုင်လိုက်တော့ မှန်ထဲကနေ ကြည့်မိသည်။
အရင်ရက်တွေတုန်းက ကေ က မှန်ခုံမှာ ထိုင်လိမ်းရင် သူက အ၀တ်လဲခန်းထဲမှာ အ၀တ်အစား အရင် ၀င်လဲနေတာလေ…။
ကေ နေရခက်စွာဖြင့် အကြည့်မဆုံအောင် လွဲရှောင်ရင်း မျက်နှာကို လိမ်းနေရသည်။
“အဲဒါ ဘာလဲ..ကလျာ..”
“ဒါက ဆီရမ်ပါ…”
“ဘာကောင်းတာလဲ…”
“အသားစိုပြီး ကြည်တယ်ပြောတယ်…”
“ကြည့်လို့ရလားဗျ…”
“ဟင်…ဟုတ်…”
ကေ လက်နှစ်ဖက် နဲ့ ပါးကို ဖွဖွ တို့ပုတ်ပြီး လိမ်းနေချိန် သူက ခုတင်မှာ ထိုင်နေရာက ထလာ၍ အနားမှာ ရပ်ကြည့်နေသည်။
ကေ လိမ်းပြီးသွားတော့ နှုတ်ခမ်းလိမ်းဆီ ရှာနေချိန် ပါးကို လက်ညိုးနဲ့ ဖွဖွ တို့ကြည့်တော့ အံသြမိသည်။
“တကယ်အိသွားတာပဲနော်….ချက်ချင်းပဲ…”
“ဟုတ်ကဲ့…”
“အဲဒါက နှုတ်ခမ်းလိမ်းတာမလား…”
“ဟုတ်ကဲ့…”
သူ့ရှေ့မှာ မှန်ကြည့်ပြီး နှုတ်ခမ်းကို လိမ်းရတာ နေရခက်လို့ ကေ သေချာ မလိမ်းတော့ပဲ တို့ထိရုံသာ လိမ်းပြိး နှုတ်ခမ်းချင်းလည်း ဖိကပ် မညှိပဲ ထားလိုက်တော့သည်။
“အဆီက ပုံနေတယ်လေ…ဖြန့်ဦး…နေဦး…ကျော် လုပ်ပေးမယ်…”
ကေ့ နှုတ်ခမ်းပေါ်ကို လက်ညိုးရောက်လာပြီး လိုက်ဖြန့်ပေးတော့ ရင်ထဲမှာ အေးခနဲ့ ခံစားရသည်။
“ဟင်….ဆီရမ်က လိမ်းပြီးရင် နီလာတာလား…မတည့်တာလား ကလျာ…”
“တည့်…တည့်ပါတယ်….ကေ လိမ်းပြီးပြီ…အိပ်ကြတော့မလား…”
‘…….”
ကေ ရှက်ပြီး မျက်နှာလည်း ရဲနေတာ သိတော့ ထိုင်ခုံကနေ ကပျာကယာ ထရပ်လိုက်မိသည်။
“ဒါဆို ကျော် လိမ်းဦးမယ်..ခဏနေဦးနော်…လိမ်းတာတွေ ပြမယ်..မတည့်တာတွေ ပါလား မသိလို့….ခဏလေး ခင်ဗျ…”
အ၀တ်လဲခန်းထဲကိုဝင်သွားပြီး ခဏကြာတော့ အိတ်တစ်လုံး ယူကာ ပြန်ထွက်လာသည်။
သူ့ဘက်က မြန်မြန်ဆန်ဆန် လုပ်ကိုင်နေတာ ဆိုသော်လည်း ခြေလှမ်းကလည်း ညီသလို လမ်းလျှောက်ပုံကလည်း ညင်သာသည်။
“ဒီမှာပဲ လိမ်းပြမယ် ခင်ဗျ…”
ခုတင်ပေါ်ကို အိတ်ချလိုက်ပြီး ဇစ်ဖွင့်နေတော့ ကေ လည်း ခေါင်းညိတ်၍ ခုတင်မှာ ဘေးတစ်စောင်း ၀င်ထိုင်လိုက်ရသည်။
“ဒါက မျက်နှာကပ်တာလေ…မက်..ဒီ တံဆိပ်က ကောင်းလားခင်ဗျ….”
ကေ့ကို လှမ်းပေးတော့ ယူကြည့်ပြီး ခေါင်းညိတ်လိုက်မိသည်။
“တံဆိပ်က ကောင်းပါတယ်…ဒါပေမဲ့ ယောက်ျားလေးသုံး မိန်းကလေး သုံး ထွက်တယ်…ကျော် သုံးနေတာ မိန်းကလေး အတွက် ထုတ်ထားတာပါ…ပြီးတော့ ၀က်ခြံထွက်တဲ့ အသားအရေနဲ့ အဆင်မပြေလောက်ဘူး..”
“မသိပဲ သုံးမိတာ…ဒါကြောင့် ၀က်ခြံထွက်တာ နေမယ်ဗျ…”
ကေ့လက်ထဲ ပြန်ယူပြီး ဘေးမှာ ချထားလိုက်ကာ အိတ်ထဲက ဘူးတွေကို တစ်ခုချင်းဆီ ထုတ်ချသည်။
ဈေးဝယ်သွားတဲ့နေ့က ၀ယ်ခဲ့တဲ့ မိတ်ကပ်နှုတ်ခမ်းနီဘူးတွေလည်း ပါသေးသည်။
“ဒါတွေက…”
“ကျော် လိမ်းတာလေ…နေ့ခင်းလောက်ဆို မျက်နှာက အဆီပြန်လာတော့ ပေါင်ဒါ အုပ်ရသေးတယ်…ဒါက မျက်ခုံးဆွဲတာ…ဒီအရောင်လည်း လှတယ်ဗျ”
ကေ အံသြလို့ သူ့မျက်နှာကို ကြည့်မိပေမဲ့ သူကတော့ နှုတ်ခမ်းနီတောင့်ကို လှည့်ဖွင့်ပြပြီး သေချာ ပြန်ပိတ်နေသည်။
“ဒါက ညအိပ်ရင် လိမ်းတာ…ဒါကော ကျော်နဲ့ တည့်မှာလား ခင်ဗျ…”
သူ ကမ်းပေးတဲ့ ဘူးနှစ်ဘူးကို ယူကြည့်လိုက်ပြီး ခေါင်းညိတ်ပြမိသည်။
“တည့်ပါတယ်..အစိုဓာတ်ရတာပေါ့…၀က်ခြံထွက်နေချိန်တော့ ဘာမှ မသုံးသင့်သေးဘူး…”
“ဟုတ်တယ်….ဆိုင်က ဒီဆေးတို့ရမယ်ပြောတယ် ခင်ဗျ…”
ဆေးဘူးလေး တစ်ခု ထုတ်ပြတော့ ကေ ယူကြည့်ပေးရသည်။
“ခုလိမ်းအိပ်လိုက်ရင် မနက် သက်သာ သွားလိမ့်မယ်တဲ့ ခင်ဗျ…”
“ကေ တော့ မသုံးဖူးဘူး…ခု လိမ်းကြည့်မလား…”
“ဒီမှာ..ဒီနားမှာပါခင်ဗျ…”
သူ့မျက်နှာကို စောင်းပြီး နားသယ်စပ် ရှေ့နားက ပါးရိုးကို လက်ညိုးထိုးပြတော့ ၀က်ခြံဖု သုံးလေးဖု ရှိနေသည်။
ကေ စိတ်က မရဲသော်လည်း သူက လိမ်းခိုင်းနေသည့် ပုံစံမို့ ဆေးကို လက်ညိုးပေါ် နည်းနည်း တင်လိုက်မိသည်။
ညိုမှောင်နေတဲ့ ပါးမြိုင်းမွှေးတွေက ရိပ်သင်ထားပေမဲ့လည်း စူးသလို ခံစားရတော့ ရင်ခုန်သွားသည်။
ယောက်ျားတစ်ယောက်ရဲ့ ပါးကို တို့ထိပြီး ဆေးလိမ်းပေးနေရတယ်ဆိုတဲ့ အသိက ပို၍ ရင်ခုန်တုန်လှုပ်စေပါသည်။
“ရ…ရပါပြီ…”
“ကျေးဇူးပါဗျ…သြော်..လက်သည်းနီ အရောင် ပြောမယ်ဆို…”
“ဟုတ်သားပဲ…”
ကေ ထိုင်နေရာက ထပြီး လက်သည်းနီ ဘူးတွေကို ရွေးထုတ်ရသည်။
သူကလည်း သူ့ပစ္စည်းတွေကို ယူလာပြီး မှန်တင်ခုံပေါ် စီချသည်။
“ဒီမှာပဲ ထားလို့ရမလား ခင်ဗျ…မနက်ဆို အခန်းထဲ ၀င်လိမ်းရတာ အဆင်မပြေလို့ ခင်ဗျ…”
“ရပါတယ်...ကေ့ပစ္စည်းက သိပ်မရှိပါဘူး..ဘေး က ဘုံးလေးလည်း လွတ်နေတယ်…”
“ထည့်လိုက်မယ်နော်…”
မှန်တင်ခုံ ပေါ်က ဘုံးလေးထဲမှာ ပစ္စည်းတွေကို သေချာ စီထည့်ပြီး သူ့ဘီဒိုကို ဖွင့်ကာ အိတ်သေးသေးလေး တစ်ခု ထုတ်လာသည်။
“ကျော့်ဆီမှာ ရှိတဲ့ အရောင်တွေက မတူဘူးခင်ဗျ…”
နီညိုရောင် အ၀ါရောင် အပြာရောင်တွေ ကို မှန်တင်ခုံပေါ် တင်ပြတော့ ကေ ယူကြည့်မိသည်။
“အရောင်ရင့်တွေက ဖန်စီဆန်တယ်…တစ်ခါတလေပဲ ဆိုးလို့လှတယ်…”
“ဟုတ်တယ်….ကလျာက ဘာအရောင်တွေ ရှိလဲ ခင်ဗျ…”
ကေ့ရဲ့ လက်သည်းနီဘူး အကဒ်လေးကို ဆွဲယူပြီး ကြည့်နေတော့ ကေ ဆိုးထားတဲ့ နံပါတ်တွေကို ရွေးထုတ်ပြလိုက်ရသည်။
“ပန်းမိတ်ကပ်ဆိုတာ ဒါလား ခင်ဗျ…”
“ဟုတ်ပါတယ်….”
“……”
ကေ့ လက်ဖျားတွေကို ရုတ်တရက် ဆွဲယူပြီး သေချာ ကြည့်နေတော့ နေရခက်စွာဖြင့် ငြိမ်သက်ပေးနေရသည်။
“……..”
“အရောင်က နုတယ်…ကျော်က ကလျာဒေ၀ီလောက် အသားမဖြူဘူး…လိုက်မှာ မဟုတ်ဘူး ခင်ဗျ…”
“……..”
လက်သည်းနီ ဆိုးဖို့ အကြောင်း ပြောနေတာများလားလို့ ကေ တွေးကြည့်မိပေမဲ့လည်း မဖြစ်နိုင်သလို ခံစားရပြန်သည်။
“ဟာ..ဒီအရောင်က လက်သည်းခွံအရောင်…သဘာဝအရောင်လေး…ပန်းဖျော့ဖျော့လေး မလား….ဒါလေးနဲ့ဆို အဆင်ပြေတယ်နော်…ဆိုးထားမှန်း မသိသာလောက်ဘူး…”
ကေ က အရောင်ရင့်တွေထက် သဘာဝဆန်တဲ့ အရောင်လေးတွေပဲ အသုံးများတာကြောင့် သူ ရွေးထုတ်လိုက်တဲ့ အရောင်လေးကလည်း သဘာဝ လက်သည်းရောင်လေးပါပဲ..။
သူက အဖုံးမြန်မြန် ဖွင့်ပြီး လက်ချောင်းတွေကို မှန်တင်ခုံပေါ် ဖြန့်ကားလိုက်ကာ လက်သည်းနီအဖုံးကို ဆွဲယူသည်။
သူ့လက်ချောင်းပေါ် လက်သည်းဆေး တင်လိုက်တော့ ကေ အံသြသလို နားမလည်နိုင်စွာဖြင့် ကြည့်နေမိသည်။
“ဟာ…ပေကုန်တယ်…ကလျာ ဆိုးပေးပါလားခင်ဗျ…”
“ဟင်…”
ကေ့ကို ကြည့်တဲ့ မျက်လုံးတွေနဲ့ ဆုံလိုက်တော့ ဘာမှ မပြောနိုင်တော့ပဲ ခေါင်းညိတ်ပြီး သူ့လှမ်းပေးတဲ့ လက်သည်းနီ ပုလင်းကို ယူလိုက်ရသည်။
လက်ငါးချောင်း ဖြန့်ကားထားတော့ လက်သန်းကနေ စဆိုးပေးလိုက်သည်။
ညဘက် အိပ်ချိန်မို့ ဖြန့်ချထားတဲ့ ဆံပင်တွေက ပြိုကျလာသည်။
“အို…”
“ရတယ်…ကျော် ကိုင်ထားပေးမယ်ခင်ဗျ…”
လက်သည်းနီဘူး မှောက်မှာ စိုးမိပေမဲ့ ကေ့ ဆံပင်တွေကို လက်နဲ့ တားဆီးပြီး သိမ်းမြှောက် ပေးထားတော့ နေရခက်ပါသည်။
“ကျော် ဂျယ်လုပ်လိုက်တာ လက်သည်းတစ်ဝက်ကုန်သွားပြီး အသစ်ပြန်ထွက်လာမှ ကောင်းသွားတာ ခင်ဗျ…”
“ဟုတ်တယ်…သဘာဝပဲ ကောင်းတယ်….ဒီတံဆိပ်က ဆေးခံပေမဲ့ ဖျက်ရင်လည်း လွယ်တယ်…”
“နှစ်ထပ် ဆိုးရတာလား ခင်ဗျ….”
“ဆေးသိပ်သိပ်လေး ဖြစ်အောင်ပါ…ပြီးမှ နောက်အကြည်တစ်ထပ် အုပ်ပေးမယ်နော်…”
“ဟုတ်….”
ကေ သေချာ အာရုံစိုက်ပြီး ဆွဲပေးနေရင်း လက်မ ရောက်တော့ ဆွဲရတာ အဆင်မပြေလို့ ကေ့လက်ဝါးပေါ် သူ့လက်ဝါး တင်ခိုင်းပြီး သေချာ ဆွဲပေးရသည်။
“တကယ့် သဘာဝ အရောင်လေးပဲ…လှတယ်ခင်ဗျ…”
သူ့လက်သည်းတွေကို ပြန်ကြည့်ပြီး သဘောကျ ပြုံးနေတော့ ကေ လည်း ပြုံးမိသွားသည်။
“တစ်ပတ်လောက်တော့ ခံပါတယ်…”
“ပျက်ရင် ဆိုးပေးဦးမလား ခင်ဗျ…”
“…….”
ကေ ခေါင်းညိတ်လိုက်တော့ သူကလည်း ပြုံးပြီး လက်သည်းကို လေနဲ့မှုတ်နေသည်။
လက်သည်းနီ ဘူးတွေကို ပြန်သိမ်းပြီးတော့မှ သူလည်း ထိုင်ရာက ထပြီး အိပ်ရာဆီ သွားတော့သည်။
ကေ မီးမှိတ်လိုက်ပြီး သူ့ကို ကျောပေးကာ အိပ်လိုက်သည်။
နေ့တိုင်းလိုပဲ ခုတင်အစွန်းမှာ ကိုယ်စီ ကျောပေး အိပ်ကြပေမဲ့လည်း ကေ့ခေါင်းထဲမှာတော့ နားမလည်ခြင်းတွေ ပြည့်နေသည်။
❃°•°❀°•°❃••❃°•°❀°•°❃••❃°•°❀°•°
ကျနော်စိတ်ထဲရှိသလိုတွေ ရေးမိတဲ့စာတွေကို အချိန်ပေး ဖတ်ပေးကြတဲ့ စာဖတ်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်နော်။
စာကျော်တာ စာလုံးပေါင်း သတ်ပုံ ဝါကျ မမှန်တာလေးတွေ ရှိရင် တောင်းပန်ပါတယ်နော်။
ကျနော်က အတန်းပညာမတက် သာမာန်လူတန်းစားမို့ စာတွေထဲမှာ အလွဲအချော် အမှားတွေ
အဆင်မပြေ မအပ်စပ်တာတွေ ပါရင် နားလည် ခွင့်လွှတ်ပေးပါနော်။
ကျန်းမာရေး နဲ့ အစစ အရာရာ ဂရုစိုက်ကြပါနော်..။
စစ်ဘေးရှောင်နေရသူတွေ အဆင်ပြေကြပါစေ။
လူသားတိုင်း ငြိမ်းအေးချမ်းပါစေ။
ကမ္ဘာကြီးကို ချစ်ပါ..။
ပတ်ဝန်းကျင်ကို တန်ဖိုးထားပါ..။
မှန်ကြည့်ပြီး ကျေးဇူးတင်ပါ..။
ပလတ်စတစ် လျော့သုံးပါ…။
အချိန်ပေးပြီး စာတွေဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်နော်..။
ဂရုစိုက်ကြပါနော်။
Love U All ❤️
✎ᝰ SpicaLin
#စပိုက်ကာလင်း
Photo Credit