ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၅၀)
“လူငယ်လေး၊ ဒါက အစုံလိုက်ပွဲလား” အဘိုးအိုက ဗန်းပေါ်မှ ဟင်းပွဲများကို ကြည့်ပြီး မယုံကြည်နိုင်စွာ မေးခွန်းထုတ်လိုက်သည်။
“သူဌေးယွမ်၊ ဒါက ရှားပါးတဲ့ အနီရောင်ခွံရှိတဲ့ ကြက်သွန်ဖြူ ဆိုရင်တောင် ကြက်သွန်ဖြူက ကြက်သွန်ဖြူပဲ။ ဘာများ ခြားနားသွားလို့လဲ” ဝူဟိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သာမန်စွပ်ပြုတ် နှင့် ကြက်သွန်ဖြူက ၄၀ယွမ် ထိုက်တန်မည်နည်း။
ဤသည်ကား တကယ်ကို ကလိမ်ကကျစ် နည်းလမ်း ဖြစ်သည်။
“ဟူး၊ အရသာ မြည်းကြည့်ပါဦး” ယွမ်ကျိုးက လေကုန်ခံကာ စကားပြောမည့် အစီအစဉ် မရှိပေ။
“လူငယ်လေး သနပ်လုပ်ထားတဲ့ ကြက်သွန်ဖြူဆိုရင်တောင် စားနိုင်ပါသေးတယ်။ အခုတော့ ကြက်သွန်ဖြူအစိမ်းချည်လား” အဘိုးက သူ့ကြက်သွန်ဖြူ အစိမ်းမစားနိုင်ကြောင်း ထုတ်ပြောသွားသည်။
“ပူစပ်စပ် အစားအသောက်တွေကို စားနိုင်ပေမဲ့ ကြက်သွန်ဖြူအစိမ်းကိုတော့ မစားနိုင်ဘူး” ဝူဟိုင်းက ကြက်သွန်ဖြူပန်းကန်ပြားကို ဘေးတွန်းထုတ်လိုက်သည်။ ယွမ်ကျိုးက သူ့ကို လာကျီစယ်နေသည်။ ကြက်သွန်ဖြူကို စားလိုက်လျှင် မိန်းကလေးများကို ပိုးပန်ရန် မလွယ်ကူပေ။ ကြက်သွန်ဖြူက ခံတွင်းနံ့ကို ဆိုးရွားစေသည်။ ကောင်မလေးက ကြက်သွန်ဖြူအနံ့ကြောင့် ချက်ချင်း မူးလဲသွားနိုင်သည်။
“ဒါက သာမန်ကြက်သွန်ဖြူမဟုတ်ဘူး အနီရောင်သန်းတဲ့ ကြက်သွန်ဖြူ။ ခံတွင်းနံ့ကို မဆိုးရွားစေဘူး။ ခင်ဗျားတို့တွေ စားကြည့်ရင် သိလိမ့်မယ်” ယွမ်ကျိုးက ယုံကြည်လက်ခံအောင် ပြောသည်။
မည်သို့ပင်ဆိုစေကာမူ သူ့အဖြေက စနစ်မှ ပေးအပ်ထားသော အဖြေဖြစ်သည်။
စနစ် “ဒီကြက်သွန်က ခံတွင်းနံ့ကို မဆိုးရွားစေပါဘူး”
“ကြက်သွန်ဖြူက နှစ်ဝက်ခန့်ကြာအောင် စိုက်ပျိုးပြီးမှ ရင်မဲ့တဲ့ ဆေးဖက်ဝင်အပင်ပါ။ ကြက်သွန်ဖြူမြွှာကို ဆေးအနေနဲ့ သုံးစွဲနိုင်ပါတယ်။ စနစ်က အထူးပြုပြင်ပြီး စိုက်ပျိုးထားလို့ မူလကြက်သွန်ဖြူလို ခံတွင်းနံ့ကို မဆိုးရွားစေဘူး။ ဒီမျိုးစိတ်အသစ်က ခံတွင်းနံ့ ဆိုးရွားခြင်းကိုတောင် သက်သာစေပါတယ်”
“နောက်ပြီး ဆာလဖာဒြပ်ပေါင်းပါဝင်လို့ ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်စေတယ်။ ဒါကြောင့်မို့ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အကောင်းဆုံး ဟင်းချက်အမွှေးအကြိုင်လို့တောင် သတ်မှတ်နိုင်တယ်”
“ဒါတွေအားလုံးက ကြက်သွန်ဖြူ အစိမ်းမှာ ပါဝင်တာပါ။ သူတို့ကို အပူပေးလိုက်ရင် အဲဒီဓာတ်တွေ ပျက်စီးသွားပြီး မူလအကျိုးသက်ရောက်မှုကိုတောင် ဆုံးရှုံးသွားနိုင်တယ်”
“အမ်၊ ဒါပေမဲ့ ငါက ကြက်သွန်ဖြူ အစိမ်းစားရတာကို မကြိုက်ဘူး”
အဘိုးအိုက မရမက ငြင်းဆန်သည်။
ဝူဟိုင်းက ခဏတွေးကြံပြီးနောက် စကားပြန်ပြောသည်။
“ကောင်းပြီလေ၊ ဒါဆိုရင်လည်း ကြက်သွန်ဖြူအစိမ်းကို အရင်စားကြည့်မယ်။ ပြီးမှ ခေါက်ဆွဲပြုတ်စားကြည့်မယ်”
အကယ်၍ အရသာက ဆိုးရွားနေလျှင် ခေါက်ဆွဲပြုတ်၏ အရသာရှိသောမွှေးရနံ့ဖြင့် ဖုံးလွှမ်းမည်။
“သူဌေးယွမ်၊ ခင်ဗျားက ကျုပ်တို့ကို မရောင်းခင်တော့ အခွံခွာထားသင့်တယ်”
ဝူဟိုင်းက ကြက်သွန်ဖြူကို ခွာနေစဉ် မကျေမနပ် ပြောဆိုသည်။
“အစားအသောက်ကို ကိုယ်တိုင်ပြင်ဆင်ရင် ပိုစားကောင်းနိုင်တယ်လေ”
ယွမ်ကျိုးက ဝူဟိုင်းကို အထာကျကျ ကြည့်လိုက်သည်။
“အဟွတ် အဟွတ်။ သူဌေးယွမ်က အပြောကောင်းသားပဲ” ဝူဟိုင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောသည်။
“မင်း မကျေမနပ်ပြောတာကို ငါ လက်ခံပါတယ်။ ကျေးဇူးပါပဲ။ ငါလည်း မင်းလိုပဲ တွေးမိပါတယ်”
ယွမ်ကျိုးက တုံ့ဆိုင်းခြင်းမရှိဘဲ ဝူဟိုင်း၏ချီးမွမ်းစကားကို လက်ခံလိုက်သည်။
ဝူဟိုင်းက ဘာဆက်ပြောရမလဲ မသိပေ။ ကြက်သွန်ဖြူ အခွံခွာခြင်းက ခဏလေးအတွင်း အဆုံးသတ်သွားသည်။
ဝူဟိုင်းက အသေးစိတ် လေ့လာကြည့်ပြီးနောက် သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ နည်းနည်းချင်း စားကြည့်သည်။
တချို့သော စီရင်စုများ နှင့် မြို့တော်များတွင် ကြက်သွန်ဖြူ အစိမ်းစားသော အလေ့အထ ရှိသည်။ အထူးသဖြင့် ကျင်းချန်မြို့တွင် ဖြစ်သည်။ တချို့သော စားသောက်ဆိုင်များတွင် ကြက်သွန်ဖြူအမြွှာများကို စားပွဲပေါ်မှာ ချထားပေးပြီး စိတ်ကြိုက်စားခွင့်ရှိသည်။ ချန်းအန်မှ မြို့သူမြို့သားများသည်လည်း ခေါက်ဆွဲပြုတ်စားတိုင်း ကြက်သွန်ဖြူအစိမ်း စားလေ့ရှိသည်။
ကံဆိုးစွာဖြင့် ဝူဟိုင်းက ကြက်သွန်ဖြူအစိမ်းစားသော အဖွဲ့ထဲ မပါဝင်ပေ။ သူ့ပါးစပ်ထဲ ထိုးထည့်ကာ ဝါးကြည့်သည်။ ယွမ်ကျိုး ရောင်းချသော ကြက်သွန်ဖြူက အနီရောင်အခွံရှိသော ရှားပါးမျိုးစိတ်ဖြစ်၍ အရသာက ပုံမှန် ကြက်သွန်ဖြူများကဲ့သို့ အနံ့အသက် မဆိုးရွားပေ။
မွှေးကြိုင်သောရနံ့ပင် ထွက်ပေါ်လာ၍ ဝူဟိုင်း၏မျက်လုံးများ လင်းလက်သွားပြီး မြန်ဆန်စွာ ဝါးသည်။ စူးရှသော ရနံ့ပြင်းပြင်းက လန်းဆန်းတက်ကြွသော စိတ်ခံစားချက်ကို ဖြစ်ပေါ်စေသည်။ ကြက်သွန်ဖြူ တစ်မြွှာ စားပြီးနောက် ဝူဟိုင်း၏ ညစ်ညူးနေသော စိတ်ခံစားချက်များ ပြယ်လွင့်သွားသည်။
“ဒီကြက်သွန်ဖြူက တကယ်ကောင်းတာပဲ”
ဝူဟိုင်းက သူ့ခံတွင်းထဲမှ ကြက်သွန်နံ့ ထွက်သွားမည်ကို စိုးရိမ်၍ ပါးစပ်ကို လက်ဖြင့်အုပ်ကာ စကားပြောသည်။ သို့သော်လည်း ဆိုးရွားသော အနံ့အသက်မဟုတ်ဘဲ မွှေးကြိုင် လန်းဆန်းစေသော ရနံ့ဖြစ်သည်။
အသက်ရှုထုတ်ကြည့်မှ သူ့ခံစားချက် မမှားယွင်းမှန်း အတည်ပြုနိုင်ခဲ့သည်။ သူ လက်တလော အသုံးပြုနေသော သွားတိုက်ဆေးထက်ပင် ခံတွင်းနံ့ကို သင်းကြိုင်စေသည်။
“ဆိုးရွားစေတဲ့ အနံ့အသက် တကယ်မရှိဘူးပဲ”
သူ့ကိုယ်သူ ရေရွတ်ပြီးနောက် နောက်ထပ်ကြက်သွန်ဖြူကို အခွံခွာသည်။
“အဘိုးကျန်း၊ ဒီကြက်သွန်ဖြူက အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတယ်။ ဘာလို့များ စမ်းမစားကြည့်တာလဲ”
ဝူဟိုင်းက ကြက်သွန်ဖြူကို အခွံခွာနေစဉ် သူ့ဘေးနားက အဘိုးအိုကို ကြက်သွန်ဖြူ ကောင်းကျိုး ပြောပြရန် မမေ့လျော့ခဲ့ပေ။
“အနံ့ခံကြည့်ပါလား။ စောနတုန်းက ကျွန်တော်စားကြည့်လိုက်ပေမဲ့ ခံတွင်းနံ့မှ မနံ့တာလေ။ ပြီးတော့ အနံ့လည်း မစူးဘူး”
“တကယ်လား။ အနံ့စူးစူး မထွက်ဘူးလား” အဘိုးကျန်းက သူ့တူကို အောက်ချထားလိုက်ပြီး မေးမြန်းသည်။
“စမ်းစားကြည့်ရင် သိသွားလိမ့်မယ်” ဝူဟိုင်းက အဘိုးအိုကို တိုက်တွန်းသည်။
“ကောင်းပြီလေ။ ငါ အရသာမြည်းကြည့်မယ်” အဘိုးကျန်းက ခြိုးခြံ ချွေတာတတ်သူ ဖြစ်၍ ၄၀ယွမ်တန်သော စွပ်ပြုတ်နှင့် ကြက်သွန်ဖြူကို မစားခဲ့လျှင် အလဟဿဖြစ်သွားနိုင်သည်။
ကြက်သွန်ဖြူကို အခွံခွာပြီးနောက် အဘိုးအိုက သူ့ပါးစပ်ထဲ မထည့်ခင် နှာခေါင်းရှုံ့လိုက်သည်။
ကြက်သွန်ဖြူ၏ထူးခြားသောရနံ့က သူလည်း သဘောကျသွားပြီး အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။
လူအိုကြီးကျန်းက အသက်ကြီးသောကြောင့် အတွင်းအင်္ဂါအစိတ်အပိုင်းများက အားနည်းသည်။ ယွမ်ကျိုး၏လက်ရာများ ကောင်းမွန်သည့်တိုင် အဘိုးအိုက တစ်ပွဲတည်းဖြင့် ဗိုက်ပြည့်သွားတတ်သည်။ သို့တိုင် ရှောင်လုံပေါင်း (၂)ပွဲစားနိုင်ခြင်းက ခြွင်းချက် ဖြစ်သည်။
ကြက်သွန်ဖြူအစိမ်း စားပြီးနောက် သူက ပို၍ စိတ်အားတက်ကြွလာပြီး ရုပ်ပိုင်းဆိုင်ရာ ပိုအဆင်ပြေလာသည်။ သူ့အစာစားချင်စိတ်လည်း တမဟုတ်ချင်း တိုးတက်လာသည်။
"ဒါက ကြက်သွန်ဖြူ ဟုတ်ရဲ့လား"
"သူဌေးယွမ် သုံးထားတဲ့ ဟင်းချက်ပစ္စည်းတိုင်းက သာမန်ဖြစ်စရာလား"
"ငါက အရင်တည်းက ကြက်သွန်ဖြူ မကြိုက်ပေမဲ့ ဒီနေ့တော့ နှစ်မြွှာ ဆက်တိုက် စားပစ်လိုက်တယ်"
"ကြက်သွန်နှစ်မြွှာကို ၄၀ယွမ်ဆိုတော့ ပျှမ်းမျှတွက်ကြည့်ရင် တစ်ခုကို ၂၀ယွမ်ပေါ့။ အထိုက်အလျောက် ဈေးကြီးပေမဲ့ ထိုက်တန်ပါတယ်"
အနီရောင်အဆင်းရှိသော ကြက်သွန်ဖြူက ချက်ချင်း ပရိသတ် နှစ်ယောက် ရသွားသည်။
ယွမ်ကျိုး၏စားသောက်ဆိုင်က ပုံမှန်ဆိုလျှင် မနက်ခင်းတွင် တစ်နာရီခန့်ဖွင့်သည်။ မနက်ခင်းတွင် ဆိုင်ဖွင့်မရှိသော်လည်း ပုံမှန်ဖောက်သည်များက ဆိုင်ရှေ့ အမြဲရောက်နေတတ်သည်။ ဆိုင်ရှေ့ရောက်တိုင်းလည်း တံခါးပိတ်ထားသော အခြေအနေနှင့် အမြဲကြုံတွေ့ရသည်။
ယွမ်ကျိုးက သူစားနေသော ခေါက်ဆွဲပြုတ်ကို အငမ်းမရ စားပြီး နည်းနည်း ချန်ထားလိုက်သည်။ ထို့နောက် စားကြွင်းစာကျန် အနည်းငယ်ကို သယ်ဆောင်ကာ နောက်ဖေးလမ်းကြားဘက်သို့ လမ်းလျှောက်လာသည်။
နေ့ဘက်အချိန်အခါ ဖြစ်သောကြောင့် နောက်ဖေးလမ်းသည် မှောင်မည်း စိုစွတ်နေခြင်း မရှိပေ။ ကျောက်တုံးလမ်းကို ရေညှိများ ဖုံးလွှမ်းနေ၍ ရိုးရှင်း တိတ်ဆိတ်သော အငွေ့အသက်ကို ပေးစွမ်းသည်။
နောက်ဖေးလမ်းအစွန်းအထိ လမ်းလျှောက်သွားသောအခါ ကြီးမားသော ပလတ်စတစ်အိတ်ဘေးနားမှာ လှဲလျောင်းနေတတ်သည့် ခွေးကလေးစီ ရောက်သွားသည်။ ယခုတော့ ဤခွေးလေးက သနားချင့်စဖွယ်ကောင်းအောင် ခွေးဟောင်ခြင်း မရှိပေ။ နေ့ဘက်အချိန်အခါ ဖြစ်သောကြောင့် ခွေးလေး၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
၎င်းခွေးသည် ရောဂါကူးစက်ခံရပြီးနောက် ၎င်းခွေးသည် မျိုးကောင်းမျိုးသန့်မဟုတ်ကြောင်း တွေ့ရှိရသောကြောင့် ဤနေရာတွင် စွန့်ပစ်ထားခဲ့ခြင်းဖြစ်နိုင်သည်။
မနေ့ညက မြေကြီးပေါ်မှာတင်ထားတဲ့ ပန်းကန်လုံးက လွတ်နေပြီး ထိုပန်းကန်လုံးကို ခွေးနားသို့ ဆွဲယူသွားသည်။ ယွမ်ကျိုး ရောက်ရှိလာချိန်တွင် အညိုရောင်နှင့်အနက်ရောင်ရောစပ်ထားသော ခွေးလေးသည် ခေါင်းကိုမြှောက်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်အိပ်ကာ မလှုပ်မယှက်ဖြစ်နေပုံရသည်။
ယွမ်ကျိုးသည် ခွေးကို မွေးမြူရန် ရည်ရွယ်ချက် မရှိသေးပေ။ သူသည် ထုံးစံအတိုင်း ခေါက်ဆွဲပြုတ်ကို မြေပြင်ပေါ်ရှိ ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်ပြီးနောက် ပြန်ထွက်သွားသည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခွေးလေးသည် ယွမ်ကျိုးကို ကြည့်ကာ ပန်းကန်ထဲရှိ စွပ်ပြုတ်ကို မသောက်ခင် ယွမ်ကျိုး ထွက်သွားကြောင်း သေချာပြီးမှ ၎င်းပန်းကန်လုံးနားသို့ သွားသည်။
ဒီမြင်ကွင်းကို ခွေးလေးဆီ အစားအသောက် ယူလာပေးခဲ့တဲ့ အဖွားတစ်ယောက်က အမိအရ မြင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် ဤနေရာ နှင့် မနီးမဝေးတွင် နေထိုင်ပုံရပြီး ပေါင်မုန့်တစ်ဖဲ့ကို လက်ထဲတွင် ကိုင်ထားသည့် သာမန်ချည်သားတီရှပ်ကို ၀တ်ဆင်ထားသည်။
"ဒီကောင်က ဘာလို့ ခွေးစွပ်ပြုတ်ပဲ ပေးရတာလဲ။ မဟုတ်သေးပါဘူး၊ စွပ်ပြုတ်က တော်တော် အနံ့ကောင်းတယ်” သူ့ပတ်ဝန်းကျင်မှာ ပျံ့လွင့်နေတဲ့ ရနံ့ကို ရှူရှိုက်လိုက်ရတဲ့အခါ အဖွားက သူ့စကားကို ပြန်ပြင်ပြောလိုက်သည်။
ထို့နောက် သူမရှေ့တွင်ရှိသော ခွေးလေးကို ချော့ကာ “ခွေးကောင်းလေးရေ စွပ်ပြုတ်ကို မစားရပါဘူး။ မင်းအတွက် ငါမှာ ပေါင်မုန့်ရှိတယ်။ လာပြီး စားပါ"
အပိုင်း(၅၀)
ပြီးပါပြီ။