ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၉)
“စနစ်၊ မင်း ငါ့ကို တစ်ခုခုတော့ မရှင်းပြချင်ဘူးလား” ယွမ်ကျိုးက လက်မလျှော့ဘဲ ဆက်လက်မေးမြန်းသည်။ တကယ်တမ်း စနစ်က ပုံမှန်အတိုင်း တုံ့ပြန်မှု မရှိပေ။
ဒါက တကယ်ကို သောက်ကျိုးနည်း အစုံလိုက် ခေါက်ဆွဲစွပ်ပြုတ်အချိုပဲ !
“ကောင်းပြီ။ ငါ နားလည်ပြီ” ယွမ်ကျိုးက သူ့တစ်ကိုယ်ရည်သုံး ပစ္စည်းများကို ယူလိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားသည်။
ရေစက်များကြောင့် နွမ်းလျနေသော
ယွမ်ကျိုး၏ခန္ဓာကိုယ် လန်းဆန်းသွားသည်။
ယွမ်ကျိုးက ရေချိုးခန်းမှ ထွက်ထွက်ချင်း ခွေးအူသံများကို ကြားရသည်။ ၎င်းခွေးအူသံက ကလေးငိုသံကဲ့သို့ ဆွဲဆွဲငင်ငင်အူနေသည်။
ယွမ်ကျိုးက ရှင်းရှင်းလင်းလင်း ကြားသည့်တိုင် မျက်မှောင်ကြုတ်ရုံဖြင့် အပြင်ဘက်သို့ လမ်းလျှောက်လာသည်။
သနားချင့်စဖွယ်ကောင်းအောင် ခွေးအူနေ၍ သွားကြည့်သင့်သည်ဟု ယွမ်ကျိုး ဆုံးဖြတ်လိုက်သည်။
သူ့ပခုံးပေါ်မှာ သဘက်ကို တင်ထားပြီး သူ့ရဲ့ စိုထိုင်းနေသော ဆံပင်များ ရေစက်များကျနေသည်။ ညှပ်ဖိနပ်ကို စီးပြီးနောက် အောက်ထပ်သို့ ဆင်းလာသည်။
မီးဖိုချောင်မှာ မတ်တတ်ရပ်နေပြီး ယွမ်ကျိုးက ဂရုတစိုက် နားစွင့်ပြီး အသံပင်ရင်းကို စဉ်းစားနေသည်။ နောက်တံခါးဘက်မှ လာသောအသံဖြစ်သည်။
သူ နောက်တံခါးကို ဖွင့်လိုက်စဉ် ည ၁၁နာရီထိုးနေပါပြီ။
နေ့ခင်းဘက်တွင် ရုံးအဆောက်အဦများ ရှုပ်ယှက်ခတ်နေတတ်သော်လည်း ညဘက်အချိန်တွင် မီးများ ပိတ်ထားပြီး တချို့သောအခန်းများသာ မီးဖွင့်ထားသည်။ တချို့အလုပ်သမားများ အချိန်ပိုဆင်းနေခြင်း ဖြစ်နိုင်သည်။
“အမ်၊ ဘာလို့ အသံမကြားရတော့တာလဲ။ သေသွားတာတော့ မဟုတ်ပါဘူးနော်” ယွမ်ကျိုးက မှိန်ပျပျ မီးတိုင်များအောက်မှာ လှည့်ပတ် လမ်းလျှောက်နေသည်။
ယွမ်ကျိုးစားသောက်ဆိုင်၏ နောက်တံခါးမှ ထွက်လာပြီးနောက် ကျဉ်းမြောင်းသော အုတ်လမ်းလေးရှိသည်။
ဤလမ်းလေးသည် အသစ်ဆောက်ထားသော အဆောက်အဦးများနှင့် အိမ်ဟောင်းများကို ပိုင်းခြားပေးထားသော လမ်းဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက သာယာလှပသော အနေအထား မရှိပေ။ အနည်းငယ် ရေများစိုစွတ်နေပြီး ညစ်ပတ်နေသော်လည်း နောက်တံခါးမှ ထွက်ရသောလမ်းဖြစ်၍ လက်သင့်ခံနိုင်သေးသည်။
သူ ရုတ်တရက် ခြေချော်သွားပြီး နံရံကို အချိန်မီ လက်ဖြင့်မထောက်လျှင် ချော်လဲသွားနိုင်သည်။ ထို့နောက် ခွေခွေလေး အိပ်နေသော ခွေးကလေးကို တွေ့သွားသည်။
ခွေးလေးက အုတ်လမ်း၏အဆုံးသတ်မှာ ရှိသော အမှိုက်ပုံး ဘေးနားမှာ လှဲလျောင်းနေသည်။ စိုစွတ်နေသော မြေကြီးပေါ်တွင် ကြီးမားသော ပလတ်စတစ် ထိုးအိတ်ကြီး ခင်းထားသည်။ ခွေး၏အမွှေးအရောင်
မခွဲခြားနိုင်အောင် ခွေးက အခြေအနေဆိုးရွားနေသည်။
ယွမ်ကျိုး အကဲခတ်ကြည့်လိုက်သောအခါ အိမ်မွေးခွေးလေးဖြစ်နေသည်။ အမွှေးပွ ခွေးမျိုးနွယ်ဖြစ်ပြီး မူလအရောင်က Chocolate Brown ဖြစ်သော်လည်း ယခုတော့ အရောင်အဆင်း မွဲပြာကာ အမွှေးများ လိမ်ကောက်နေသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတော်တော်များများတွင် အနီရောင်အသားစများပေါ်နေသည်။ ခြေထောက်နား တစ်ဝိုက်ကလည်း ထိခိုက်ဒဏ်ရာ ရပြီး အနီရောင်အသားစနဲ့ သွေးများ ယိုကျနေသည်။
“အရေပြားရောဂါဖြစ်နေတာလား” ယွမ်ကျိုးက ခွေးချစ်သူဖြစ်သောကြောင့် အပြင်ထွက်ကြည့်ခြင်း ဖြစ်သည်။ သို့သော်လည်း သူက ခွေးမွေးမည့်အစီအစဉ် မရှိပေ။ စားသောက်ဆိုင် လုပ်ကိုင်သူက ခွေးမွေးလျှင် ဖောက်သည်များက သူ့ဆိုင်ကို မသန့်မရှင်းဟု ထင်ကြေးပေးလိမ့်မည်။ ယခုတော့ သနားစရာကောင်းသော ခွေးလေးကို ကူညီပေးနိုင်သလောက် ကူညီပေးမည်။
ယွမ်ကျိုးက သူ့ဆိုင်သို့ ပြန်သွားပြီး ခေါက်ဆွဲပြုတ်လိုက်သည်။ ထို့နောက် ခွက်ကို ကိုင်ဆောင်ပြီး လမ်းလျှောက်ရင်း စားလိုက်သေးသည်။ ခွေးအနား ရောက်သောအခါ ခေါက်ဆွဲဖတ် နည်းနည်းလေးသာ ကျန်တော့သည်။
“ငါ မင်းကို အစားအသောက် နည်းနည်းလေးပဲ ကျွေးနိုင်တော့တယ်။ မင်းအတွက် အသုံးတော့ ဝင်မှာပါ။ မင်း စားကြည့်လိုက်ဦး”
ယွမ်ကျိုးက ခေါက်ဆွဲပြုတ်ခွက်ကို ခွေးနှင့် တစ်မီတာ အကွာအဝေးမှာ ထားခဲ့ပြီး လှည့်ထွက်သွားသည်။
အကယ်၍ ခွေးက စကားပြောနိုင်လျှင် ယွမ်ကျိုးကို စိတ်ဆိုးမာန်ဆိုး ထအော်လိမ့်မည်။
“နေမကောင်းသော လေလွင့်ခွေးလေးက သူ့ဘာသာသူပင် အတော်ကလေးကို သနားစရာကောင်းနေပါပြီ။ ခင်ဗျားကြီးက ကျုပ်အရှေ့မှာ ခေါက်ဆွဲပြုတ်ကို အားရပါးရ စားပြီး နောက်ဆုံးကျန်တဲ့ အကြွင်းအကျန် နည်းနည်းလေးကိုပဲ ချန်ထားခဲ့ရလား”
…
ကောင်းမှုကုသိုလ်ပြုပြီးနောက် ယွမ်ကျိုးက အလွန့်ကို ခန့်ညားချောမောသွားသည်ဟု သူ့ကိုယ်သူ ထင်မှတ်ကာ မနက်ဘက် အစောကြီးထသည်။
“ဟမ်၊ သူဌေးယွမ်၊ ဒီကနေ့ အစောကြီး အိပ်ရာထနေပါလား” ပုံမှန်ဖောက်သည် ၇ယောက်၊ ၈ယောက်ခန့်က ရှောင်လုံပေါင်းစားရန် ဆိုင်အရှေ့မှာ စောင့်နေသည်။ သူတို့အားလုံး မျှော်လင့်ခဲ့ရသော လျှို့ဝှက်ဆန်းကြယ်သည့် တိုက်ဆိုင်မှုလေးကို ယခုတော့ ကြုံတွေ့ရပါပြီ။ ရုတ်တရက် ဆိုင်တံခါးဖွင့်ခြင်းက သူတို့ကို ကျေနပ်စေသည်။
“ဟုတ်တယ်။ ဒီနေ့ စောစောထတယ်”
“လူငယ်လေး၊ စောစောအိပ် စောစောထတာ မင်းအတွက်လည်း ကောင်းတယ်။ ဒီလိုအပြုအမူမျိုးကို ဆက်ထိန်းထား” အဘိုးအိုက လက်နောက်ပစ်ပြီး စားသောက်ဆိုင်ထဲ အရင်ဆုံးဝင်သည်။ သူ့နောက်မှ တခြားသူများလည်း တန်းစီ ဝင်ကြသည်။ သူတို့အားလုံး အစောဆုံး ရောက်နေရသည့် အကြောင်းအရင်းက မနက်စာ စားရန် ဖြစ်သည်။
“သူဌေးယွမ်၊ အခုချိန်က အနောက်တိုင်းမှာဆိုရင် နေ့လည်ရောက်နေပြီနော်” ဝူဟိုင်းက ရွဲ့တဲ့တဲ့လေသံဖြင့် ပြောသည်။
“ငါ့အတွက်တော့ စောသေးတယ်လို့ ထင်မိတယ်။ ခဏပြန်အိပ်ရင် ကောင်းမလား”ယွမ်ကျိုးက ဝူဟိုင်းကို စိတ်အားထက်သန်စွာ ငေးကြည့်သည်။
“အမ်” တခြားသူများက
ဝူဟိုင်းကို မကျေနပ်သောအကြည့်များဖြင့် ဝိုင်းကြည့်ကြသည်။
အားလုံးအနက် အဘိုးအို၏အကြည့်က အန္တရာယ်အများဆုံး ဖြစ်သည်။ ထို့ကြောင့် ဝူဟိုင်းက ချက်ချင်း စကားလမ်းကြောင်းလွှဲသည်။
“သူဌေးယွမ်၊ ခင်ဗျားကတော့ ကျီစယ်ပြီပဲ။ ခင်ဗျားက အမြဲတမ်း လုံ့လဝီရိယရှိတဲ့သူလေ”
“ငါတို့တွေ မနက်စာ စားလို့ရပြီလား” ဝူဟိုင်းက သူ့မုတ်ဆိတ်သူ ပွတ်သပ်ကာ ထိုင်ခုံမှာ နေရာယူလိုက်သည်။
“လူငယ်လေးရေ၊ အဘိုးအိုက ရှောင်လုံပေါင်းတစ်ပွဲနဲ့အတူတူ ပုံမှန်စားနေကျအတိုင်း ပေးပါ။ အမ်၊ ခေါက်ဆွဲရနေပြီလား။ ဒါဆိုရင် အစုံလိုက်ခေါက်ဆွဲစွပ်ပြုတ်အချိုကိုလည်း ပေးပါ” အဘိုးအိုက အပိုအလို စကားမပြောဘဲ သူ့စားမည့် ဟင်းပွဲများကို အော်ဒါတင်လိုက်သည်။
“သူဌေးယွမ်၊ ခင်ဗျားဆိုင်မှာ ဟင်းပွဲတွေ တော်တော်များများ ရောင်းနေပြီပဲ။ မနေ့တုန်းက မီနူးမှာ အစုံလိုက်ခေါက်ဆွဲကို မမြင်မိပါဘူး။ဒါက ဒီနေ့မှ ရောင်းတာလား” ဝူဟိုင်းက ပြောသည်။
“ဆိုင်ရှင်ရေ ရှောင်လုံပေါင်းပေးပါ” ထိုင်ခုံမှာ နေရာယူထားသော ဖောက်သည်များက သူတို့စားမည့် ဟင်းပွဲများကို အလျင်စလို အော်ဒါတင်ကြသည်။
သူတို့အော်ဒါတင်ခြင်း အဆုံးမသတ်ခင် ယွမ်ကျိုးက စကားပြောသည်။ “အားနာပါတယ်။ ဒီနေ့မနက်ခင်းမှာ ရှောင်လုံပေါင်း ရောင်းဖို့ မပြင်ဆင်ထားဘူး”
“ဟမ်” စားသောက်ဆိုင်ထဲမှ ဖောက်သည်အားလုံးက ယွမ်ကျိုးကို တအံ့တဩ ဝိုင်းကြည့်ကြသည်။
“ဒီမနက်တော့ ရှောင်လုံပေါင်း မရောင်းပေးနိုင်ဘူး” ယွမ်ကျိုးက ပခုံးဆတ်ခနဲ တွန့်ကာ မရှက်မရွံ့ ပြန်ပြောသည်။
“သူဌေးယွမ်၊ ဒီလိုဆိုရင်လည်း ခင်ဗျား ပြန်အိပ်လိုက်သင့်တယ်။ ရှောင်လုံပေါင်း မစားရတာ ၈ရက် ရှိနေပြီ” အမျိုးသားတစ်ဦးက သူ့ခံစားချက်များကို မကျေမလည် ထုတ်ပြောသည်။
“အို့စ်၊ ဟုတ်လား” ယွမ်ကျိုးက ခနဲ့တဲ့တဲ့ ပြန်ဖြေသည်။
“ရှောင်လုံပေါင်း စားရဖို့က တော်တော်လေး ကံကောင်းမှ စားရမယ်ထင်တယ်။ ဒီလိုဆိုရင်လည်း အစုံလိုက် ခေါက်ဆွဲပြုတ်ပဲ ပေးတော့” အဘိုးအိုက လေးကန်စွာ သက်ပြင်းချလိုက်သည်။
“သူဌေးယွမ်၊ ခင်ဗျား ကျုပ်ကို တိကျတဲ့ အဖြေပေးလို့ မရဘူးလား။ နောက်နောင် ခင်ဗျားက ရှောင်လုံပေါင်း ရောင်းပါဦးမလား” အားကစားဝတ်စုံနှင့် အမျိုးသားက ပြတ်ပြတ်သားသား မေးမြန်းသည်။
“ရောင်းမှာပါ။ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး” ယွမ်ကျိုးက မရေမရာ ဖြေပြန်သည်။
“ဘယ်အချိန်လဲ” လူငယ်က ရင်တမမဖြင့် မေးမြန်းသည်။ တိကျသော အချိန်ကို သိခွင့်ရလျှင် စောင့်ရကျိုးနပ်လိမ့်မည်။
“ငါ မစဉ်းစားရသေးဘူး” ယွမ်ကျိုးက သူ့မူအတိုင်း လှည့်ပတ်ဖြေဆိုသည်။
“…”လူငယ်က ယွမ်ကျိုးကို လက်မြှောက်အရှုံးပေးလိုက်သည်။
“ခင်ဗျားတို့တွေရော ဒီနေ့ ဘာစားချင်လဲ” သူတို့ဘက်က ဘာမှ ထပ်မပြောလာ၍ ယွမ်ကျိုးက အရေးကြီးသော မေးခွန်းကို မေးမြန်းလိုက်သည်။
“အစုံလိုက်ခေါက်ဆွဲပြုတ်တစ်ပွဲ” ဝူဟိုင်းက သူ မနေ့ညက မမြည်းစမ်းခဲ့ရသော ဟင်းပွဲကို အော်ဒါတင်လိုက်သည်။
“ကြက်ဥထမင်းကြော်” အားကစားဝတ်စုံနှင့် လူငယ်က မကျေမလည် အံကြိတ်ပြီး စကားသုံးခွန်းကို ပြောလိုက်သည်။
အော်ဒါကို လက်ခံပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်ထဲသွားပြီး ချက်ပြုတ်ရန် ပြင်ဆင်သည်။
ကြက်ဥထမင်းကြော်က အရင်ဆုံး ပြီးစီးသောကြောင့် ဖောက်သည်များထံ သယ်ဆောင်လာခဲ့သည်။ ထို့နောက် အစုံလိုက်ခေါက်ဆွဲပြုတ်ကို ပြင်ဆင်သည်။ ခေါက်ဆွဲပြုတ်ကို ဗန်းပေါ်တင်လိုက်သောအခါ စွပ်ပြုတ်ရည်တစ်ပန်းကန် နှင့် ပန်ကန်ပြားအလွတ်က ဗန်းပေါ် ရောက်လာသည်။
ယွမ်ကျိုး သံသယဝင်သွားသည်။ ခေါင်းမော့ကြည့်လိုက်မှ နံရံကပ်ဗီဒိုအသစ်ကို တွေ့လိုက်ရသည်။ ခန့်မှန်းခြေအားဖြင့် (၁၀)စင်တီမီတာ ပတ်လည်ရှိနိုင်သည်။
မနေ့ညက ရရှိသော ဆုလာဘ်သည် အရမ်းလှည့်ဖြားလွန်း၍ စိတ်ပျက်အားလျော့စွာဖြင့် ယွမ်ကျိုးက မီးဖိုချောင်ကို မစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ နံရံကပ်ဗီဒိုကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ကြက်သွန်ဖြူများကို သပ်ရပ်စွာ အစီအရီထည့်ထားသည်။
“ငါ့ဘာသာငါ အခွံခွာရမယ့် သဘောလား” စနစ်က သူ့ကို ဆုလာဘ်ပေးတိုင်း တစ်နည်းမဟုတ် တစ်နည်း စိတ်ဒုက္ခပေးတတ်သည်။ ယခုတော့ အစုံလိုက်ခေါက်ဆွဲပြုတ် အော်ဒါမှာတိုင်း ကြက်သွန်ဖြူခွာရဦးမည်။
သူက ကြက်သွန်ဖြူနှစ်မြွှာကို ခွာထုတ်ပြီး ပန်းကန်ပြားပေါ် တင်လိုက်သည်။
“မင်းတို့အော်ဒါမှာထားတဲ့ အစုံလိုက်ခေါက်ဆွဲပြုတ်” ယွမ်ကျိုးက ပန်းကန်ပြားကို အဘိုးအို နှင့် ဝူဟိုင်းဆီ သယ်သွားသည်။
ဖောက်သည်နှစ်ယောက်၏အမူအရာက အံ့အားသင့်နေသော အမူအရာကို ဖော်ပြနေသည်။
အပိုင်း(၄၉)
ပြီးပါပြီ။