နေ့လယ်ခင်းမို့ လေပြည်အေးက အခန်းထဲ ကသုတ်ကရက်ဝေ့ဝဲလာတယ်။မူသန်းပန်းရနံ့ချိုဖျော့ဖျော့ကလေးကိုလည်း အတူခေါ်ငင်လာဖို့ မေ့မနေပါဘူး။
ရိပေါ် သူ့ရှေ့က နေ့လယ်စာတမြုံ့မြုံ့ထိုင်စားနေသူလေးကိုကြည့်ပြီး နှုတ်ခမ်းစွန်းတစ်ဖက် ယောင်ယောင်ကလေးကော့တက်သွားတယ်။အသားဟင်းခပ်များများကို တစ်ဖက်လူရဲ့ပန်းကန်ထဲ ခပ်ထည့်ပေးလိုက်တော့ မျက်ဝန်းသွယ်သွယ်တွေနဲ့ ပင့်ကြည့်လာလေရဲ့။ ဒါပေမဲ့ ခဏပါပဲ။ သူထည့်ပေးသမျှကို ဒိုင်ခံဝါးဖို့ကြံရွယ်နေသူကလေးက နောက်ဆုံးတော့ တူတစ်စုံနဲ့အလုပ်ရှုပ်သွားပြီပဲဖြစ်ပါတယ်။
သူ ဒီရက်ပိုင်းအလုပ်ရှုပ်နေလို့ အိမ်မကပ်ဖြစ်ဘူး။ အရင်တုန်းက ချဲ့ထွင်ထားလက်စ လုပ်ငန်းတွေကို အခုမှ လက်စလိုက်သတ်နေရတာမို့။နောက်ပြီး လုပ်ကြံသူတွေကို အမြန်ဆုံးဖမ်းမိဖို့ အထောက်တော်ကျန်နဲ့အတူ ပူးပေါင်းပေးနေရတာကြောင့်လည်း ပါတာပေါ့။
သူ့အမျိုးသားလေးအခုလိုမှတ်ဉာဏ်ပျောက်ဆုံးသွားတာ သူ့ပယောဂမကင်းဘူးဆိုပေမဲ့ တရားခံအစစ်တွေကတော့ ရှိပြီးသားပဲလေ။သတင်းအရဆို အနောက်အရပ်ကိုပြေးတယ်လို့တော့ သိထားရတာပဲ။ အခုဆို အထောက်တော်ကျန်နဲ့အတူ သူ့ဘက်က ကိုယ်ရံတော်ချန်ကိုပါ ထည့်ပေးလိုက်ပြီမို့ မကြာခင်သတင်းကောင်းကြားရတော့မှာ မလွဲပါဘူး။
"စားလို့ကောင်းလား"
"........."
"များများစား "
ရိပေါ် အပြောကြောင့် အမျိုးသားလေးက ခေါင်းလုံးလုံးလေးကို ဆတ်ခနဲညိတ်ပြလာတယ်။ဘယ်လောက်ပဲ အရသာရှိရှိစားနေပါစေ၊ အိန္ဒြအေပြည့်နဲ့ မြုံ့မြုံ့ဝါးနေတာမို့ ရိပေါ်သက်ပြင်းကျိတ်ချလိုက်တယ်။အစက သူတောင်သံသယဝင်မိတော့မလို့ပဲ။ရှောင်ဝမ်ရယ်မဟုတ်ဘဲ တစ်ယောက်ယောက်ကများ အစားထိုးပြီးဟန်ဆောင်လှည့်ဖျားနေသလားလို့လေ။
ဘာလို့ဆို နူးညံ့သိမ်မွေ့ပြီးယဉ္ကျေးလှတဲ့ ရှောင်ဝမ်ရယ်က အသံစူးစူးလေးနဲ့ အော်ဟစ်ဂျစ်တိုက်နေမှာမဟုတ်လို့ပဲ။ဒါပေမဲ့ ဘယ်တော့မှမှားစရာမရှိတဲ့အချက်ကိုတော့ ရိပေါ်သတိထားမိတယ်။အဲ့ဒါက အခုလို အသေးစိတ်အပြုအမူတွေပါပဲ။
လူတိုင်းမှာ လုပ်လေ့လုပ်ထရှိတဲ့ ကိုယ်ပိုင်အကျင့်စရိုက်သေးသေးလေးတွေရှိတယ်။တခြားသူ သတိထားမိတာမျိုးလည်းဖြစ်နိုင်သလို၊ သာမန်ကာလျှံကာမျိုးလည်း ဖြစ်နိုင်တာပေါ့။ဥပမာ သူ့အမျိုးသားလေး တူကိုင်ပုံကိုပဲကြည့်။လက်ခလယ်လေး ထင်းထင်းကလေးကွေးတက်တဲ့အထိ တူကိုကိုင်လေ့ရှိတာမျိုးလေ။
ခါတိုင်းဆို ရိပေါ်က သူ့အမျိုးသားလေးကို မျက်လုံးချင်းစေ့ဆုံအောင် မကြည့်ဖြစ်ခဲ့ဘူး။သူတို့ ရံဖန်ရံခါ ထမင်းလက်ဆုံစားဖြစ်တဲ့အခါမျိုးမှာတောင် လက်ဖျားကလေးလောက်ပဲ ငေးမိတာရယ်။ ဒါကြောင့်လည်း ဒီလက်ချောင်းနုနုကလေးတွေရဲ့ အနေအထားနဲ့ လှုပ်ရှားပုံတွေကို မှတ်မိနေတာပဲဖြစ်တယ်။ ဒီလိုနဲ့ပဲ သူ့သံသယတွေဟာလည်း ကွာကျသွားတော့တာပါပဲ။
"ခင်ဗျားကျ ဘာလို့မစားတာလဲ"
ရုတ်တရက် အသံသေးသေးလေးထွက်လာတာမို့ ရိပေါ် တဒင်္ဂတော့ကြောင်အ သွားရတယ်။အမျိုးသားကလေးက မျက်လုံးချင်းဆုံအောင်မကြည့်ဘဲ မြုံ့မြုံ့ဝါးရင်း ပြောလာတာပဲဖြစ်ပါတယ်။ခဏနေတော့မှ သူလည်း သတိဝင်သွားရပြီး...
"ကိုယ် သိုလှောင်ရုံမှာစားခဲ့တယ်"
"သိုလှောင်ရုံ! "
"အင်း...မြစ်ဝါမြစ်ကမ်းဘေးမှာ ကိုယ်တို့ ကုန်စည်သိုလှောင်ရုံတွေရှိတယ်လေ..."
ရိပေါ် စကားဆုံးတော့ အမျိုးသားလေးက ငြိမ်ကျသွားလေရဲ့။ဘာတွေတွေးတောနေတယ်မသိ။ဝါးလက်စကို ဆက်မဝါးတော့တာမို့ ပါးစုန့်ကလေးဆို လုံးတက်နေရောပဲ။ရိပေါ်တောင် အပြေးအလွှားတွေးမိပါသေးရဲ့။ သူလေး တစ်ခုခုများ သတိရသွားလေသလားဆိုပြီးပေါ့။ သိုလှောင်ရုံတွေနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်မျိုးဖြစ်ဖြစ် မြစ်ဝါမြစ်နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်မျိုးဖြစ်ဖြစ်။
ဒါပေမဲ့ အမျိုးသားလေးပုံစံက ရိပေါ်ထင်သလိုမျိုး ဟုတ်မနေဘဲ ဒီတိုင်း ဘာမှမဝါးဘဲ ငြိမ်ချက်သားကောင်းနေရုံမို့ နောက်ဆုံးတော့ အစားကောင်းကောင်းစားဖို့ကိုသာ သူ့မှာ တိုက်တွန်းလိုက်ရတော့တာပါပဲ။
"လျှောက်စဉ်းစားမနေဘဲ သေချာဝါး "
အခုမှသာ လှုပ်လှုပ်ရှားရှားပြန်ဖြစ်သွားတဲ့ အမျိုးသားလေးက မျက်လွှာပင့်ကြည့်လာတယ်။ မျက်ဝန်းလဲ့လဲ့ရွှန်းရွှန်းတွေနဲ့ဆုံချိန်မှာတော့ ရိပေါ် ရင်ထဲဒုတ်ခနဲ။သူအထွေအထူးမစဉ်းစားနိုင်သေးခင်မှာပဲ အမျိုးသားလေးတစ်ယောက် ပလုတ်ပလောင်းသံလေးနဲ့ မေးလာတာက...
"သိုလှောင်ရုံက ဟင်းတွေက အရသာရှိလားဟင်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညဟာ မီးပုံးရဲရဲအောက်မှာ နီထွေးလို့နေတယ်။ အချိန်ကမနည်းတော့တာမို့ အိမ်တော်တစ်ခုလုံးလည်း တိတ်ဆိတ်နေပြီပဲဖြစ်တယ်။အိပ်ရာပေါ်က တစ်ယောက်သောသူကတော့ ခုထိ ဂျစ်တိုက်လို့မဝသေးပုံပါပဲ။ ရိပေါ်မှာတော့ စားပွဲကိုမှီရပ်ရင်း လက်ပိုက်ကြည့်နေဖို့သာ တတ်နိုင်ပါတော့တယ်။
"ဆေးမသောက်ချင်ဘူး ဆေးမသောက်ချင်ဘူး ဆေးမသောက်ချင်ဘူးလို့..."
ခုတင်ပေါ် တင်ပလွှဲထိုင်ရင်း ခြေဆောင့်နေသူကလေးက အသံစူးစူးလေးနဲ့ ညည်းတွားနေတာပဲဖြစ်တယ်။ ရိပေါ် ငြိမ်ပြီးငေးနေတုန်းမှာပဲ ခေါ်သံစူးစူးကလေး ထွက်လာပါတော့တယ်။
"ဝမ်သာ့ရန်"
"ဟမ်"
"ဆေးမသောက်လို့မရဘူးလားဟင်"
"အင်း မရဘူး"
သူ့အဖြေတုံးတိတိကြောင့် အမျိုးသားလေးရဲ့ နှုတ်ခမ်းပါးရဲရဲလေး စူထော်လာတယ်။ နောက်တော့ မျက်နှာကလေး ငယ်ချသွားပြီး တိုးတိုးလေး ဈေးဆစ်လာပါတယ်။
"ဒီတစ်ညလေးပဲ မသောက်မှာလေ"
"အင်း ဒီတစ်ညလေးပဲဆိုပေမဲ့ မင်းမြန်မြန်နေကောင်းဖို့ကအရေးကြီးတာမို့ သောက်ရမယ်"
သူ့စကားသံက နူးနူးညံ့ညံ့ဆိုပေမဲ့ ပြတ်သားနေတာတော့အမှန်ပဲ။ သူ့အမျိုးသားလေးရဲ့ ခေါင်းဒဏ်ရာက သက်သာနေပြီဆိုပေမဲ့ မှတ်ဉာဏ်ပြန်ရဖို့အတွက် သမားတော်ကျို ပေးထားတဲ့ဆေးတွေကို မှန်မှန်သောက်ဖို့ အရေးကြီးတယ်။
"ဝမ်သာ့ရန်ကလည်း "
ရုတ်တရက် အသံတိုးတိုးလေးက အီအီကလေးထွက်လာပြန်တယ်။မှတ်ဉာဏ်ပျောက်ပြီးခါမှ အခုလိုအသံသေးသေးလေးတွေကို ကြားဖူးတာမို့ ရိပေါ်ကတော့ အံ့ဩရသလို အများကြီးလည်း စိတ်လှုပ်ရှားနေရပါတယ်။တစ်ချက်တစ်ချက် သူ့ရင်ခုန်နှုန်းတွေတောင် မမှန်ချင်တော့သလိုပဲ။
ဟိုအရင် သူ့အမျိုးသားလေးက အေးတိအေးစက်နိုင်ပေမဲ့ အခု သူ့အမျိုးသားလေးကျတော့ ကလေးဆန်လွန်းတယ်။ဒါပေမဲ့ သူ့ကိုဆို ရှိန်နေသလိုလေး ဖြစ်နေတာကတော့ ကွာခြားမသွားပါဘူး။အရင်ထက် ပြောရဲဆိုရဲ ချွဲနွဲ့ရဲလာတာလေးကတော့ ခြွင်းချက်ပေါ့။သူကတော့ အဲ့ဒီကလေးဆန်တဲ့ အမူအကျင့်လေးကိုမှ စိတ်ဝင်တစားဖြစ်နေရပါတယ်။သတိထားမိသလောက်ဆို သူခုတလောအိမ်မကပ်ဖြစ်တာမို့ အမျိုးသားလေးအပေါ် သတိရစိတ်ကလည်း ပိုပြီးတော့တောင် ကြီးထွားလာသလိုပဲ။
အသံစာစာကလေး မကြားရတဲ့အခါ ရင်ထဲမှာ လစ်ဟာနေရပြီး မျက်နှာလှလှလေး မမြင်ရတဲ့အခါ ရင်ထဲမှာ တင်းကျပ်နေတော့တာပါပဲ။ အိမ်တော်ကနေ ထွက်ပြေးလေမလားတွေးမိတဲ့အခါ သူ့စိတ်တွေက ကမောက်ကမ။ တစ်သက်မှာတစ်ကြိမ်တောင် မကြုံဖူးတဲ့ ခံစားချက်အတွေ့အကြုံဆန်းတွေပေါ့။သူ အခုထိတော့ ရေရေရာရာနားမလည်သေးဘူး။
"ဟင်းးးး"
သက်ပြင်းဖွဖွနဲ့အတူ အတွေးတွေကို ပြန်ရုတ်လိုက်ချိန်မှာတော့ သူ့အမျိုးသားလေးတစ်ယောက် ဆေးခွက်နှုတ်ခမ်းကို လက်ညှိုးထိပ်နဲ့ ခပ်ဆတ်ဆတ်ကလေး ထိုးနေတာကို တွေ့လိုက်ရပါတယ်။ပုံစံကြည့်ရုံနဲ့ ဆေးခွက်ကိုမှောက်ပစ်ဖို့ ကြံရွယ်နေပုံရတာမို့ ရိပေါ်လည်း ဩရြှပတ်သားတဲ့အသံနဲ့ သတိပေးလိုက်ရပါတော့တယ်။
"ရှောင်ဝါးဝါ"
"အွန်း သိပြီ သိပြီ သောက်ပါ့မယ်"
တုံ့ပြန်စကားက ဘောက်ဆတ်ဆတ်ကလေးရယ်။ စိတ်လက်ကြည်ရွှင်မနေသူလေးက မျက်စောင်းလှလှထိုးလာပါသေးရဲ့။ကြယ်မှုန်ကြယ်မွှားတွေနဲ့ ပစ်ပေါက်လိုက်သလိုမျိုး။
"ဂွပ်..."
နောက်တော့ အမျိုးသားလေးခမျာ ဆေးခါးခါးကို တစ်ကျိုက်တည်းမော့ပစ်လိုက်တော့တာပါပဲ။လည်စေ့ပြေပြကေလေး လှုပ်ခတ်သွားချိန်မှာတော့ ရိပေါ် သတိလက်လွတ် ငေးခနဲဖြစ်သွားရတယ်။သူသတိပြန်ကပ်ချိန်မှာတော့ အမျိုးသားလေးက စောင်ပုံထဲတောင်ရောက်နေပြီရယ်။ ပြီးတော့ အသံတိုးတိုးလေးနဲ့ ပြောလာပါသေးရဲ့။
"ကိုယ့်အခန်းကိုယ်ပြန်အိပ်တော့ သွားသွား"
နှင်သံသေးသေးလေးအဆုံးမှာ သူ့နှုတ်ခမ်းပါးတစ်ဖက်က ကွေးညွှတ်တက်သွားတယ်။ ဒါက သူ့အခန်းပဲလေ။နှစ်ယောက်မျှသုံးကြတာ ရှစ်လကျော်တောင်ရှိရောပေါ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဂျိန်းးး"
မိုးခြိမ်းသံနဲ့အတူ ရိပေါ် လန့်နိုးလာတော့ အခန်းဟာ အမှောင်ထုထဲမြုပ်ဝင်နေခဲ့ပြီ။နွေရာသီဖြစ်တာမို့ မိုးကရွာချင်သလို ရွာချနေတတ်သေးတာရယ်။
အချိန်က ညလယ်ခေါင်လောက်ပဲရှိသေးတာမို့ ပြန်အိပ်ဖို့ပြင်လိုက်တယ်ဆိုရင်ပဲ နွေးနွေးအိအိအရာလေးက သူ့ရင်ခွင်ထဲ လုံးထွေးဝင်ရောက်လာပါတော့တယ်။သူ့မှာတော့ ဆတ်ခနဲဖြစ်သွားရပြီး မလှုပ်မယှက်နဲ့ တောင့်တောင့်ကြီး။
"ဟင်"
မိုးအေးတာကြောင့်မို့ထင်ရဲ့။ အမျိုးသားလေးက နွေးမဲ့နေရာရှာရင်းဖွေရင်း ခန္ဓာကိုယ်ငယ်လေးကို သူ့ရင်ခွင်ထဲ တည့်တည့်ဝင်တိုးပစ်လိုက်တာရယ်။သူ့ရင်အုပ်ကျယ်ကျယ်ကို ခေါင်းလုံးလုံးလေးနဲ့ တအိအိခွေ့တယ်။လက်ဖျားကလေးတွေဟာတော့ သူ့ဝတ်ရုံစကို တင်းတင်းထွေးဆုပ်လာပါတယ်။သူ့မှာတော့ ဒီလှုပ်ရှားမှုလေးတွေကြောင့် ရင်ခုန်နှုန်းတြွေမန်လာရသလို အသက်တောင်အောင့်ထားမိတဲ့အထိ။
"ဟွန့်အွန်"
နောက်ဆုံးတော့ အနွေးရင်းမြစ်ကို ရှာတွေ့သွားပြီနဲ့တူရဲ့။အမျိုးသားလေးဟာ နှာမှုတ်သံသေးသေးလေးနဲ့အတူ ငြိမ်ကျသွားပြီပဲဖြစ်ပါတယ်။ဒီတော့မှ ရိပေါ်လည်း သက်ပြင်းကျိတ်ချလိုက်ပြီး တောင့်တင်းနေတဲ့ ခန္ဓာကိုယ်ကိုဖြေလျှော့လိုက်ရတယ်။
တကယ်ဆို သူတို့ရဲ့ အိမ်ထောင်ဉီးကာလဟာ ဆောင်းရာသီဖြစ်ခဲ့ပေမဲ့ အမျိုးသားလေးက ဘယ်တုန်းကမှ အခုလို သူ့ဆီယိမ်းမလာခဲ့ဖူးဘူး။ယုတ်စွအဆုံး မျက်နှာချင်းတောင် ဆိုင်မအိပ်ခဲ့ဖူးပါဘူး။သူကလည်း ထိုနည်း၎ပဲ။နှစ်ယောက်သားဟာ သဘာဝကျကျနဲ့ကို စည်းအထပ်ထပ်ခြားနေခဲ့တော့တာ။
အခုအချိန်မှာတော့ အမျိုးသားလေးက သူ့အနွေးဓာတ်ကိုသဲ့ပြီး သူ့သမာဓိကို နှဲ့လို့နေပါတယ်။နူးညံ့နွေးထွေးတဲ့ ထိသိမှုအပြင် မွှေးတေးတေးကိုယ်သင်းရနံ့လေးကြောင့် အိပ်ချင်စိတ်က အဝေးကိုပြေးသွားတာကြာပေါ့။ရင်ခုန်သံတွေဘာကြောင့် မြန်ဆန်ကုန်မှန်း သူရိပ်မိသွားချိန်မှာတော့ ဒီနွေးထွေးမှုကလေးကို လက်မလွှတ်ချင်တော့ဘူး။
ကျစ်လျစ်တောင့်တင်းတဲ့ သူ့လက်မောင်းလက်ဖျံကို အမျိုးသားလေးရဲ့ကျောပြင်ငယ်ပေါ် ဖွဖွသိုင်းလိုက်တယ်။လက်ချောင်းသွယ်တွေဟာတော့ အမျိုးသားလေးရဲ့ နူးညံ့ညံ့ဆံနွယ်ရှည်တွေကို ရွရွထိုးသပ်လိုက်ပါတယ်။မျက်လွှာကို ဖြည်းဖြည်းချင်းမှိတ်ချတယ်။မိုးက သူ့ရင်ခုန်သံနဲ့အပြိုင် စည်းချက်ညီညီရွာနေဆဲ။
မကြာခင်မှာတော့ လက်ဖျံကျစ်လျစ်လျစ်ဟာ အားထည့်လိုက်မှန်းသိသာစွာ တင်းခနဲဖြစ်သွားတယ်။ရင်ခွင်ထဲက တစ်စုံတစ်ရာလေး ပိုလို့တောင်နွေးထွေးဉီးတော့မှာ အသေအချာပါပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
TBC