မူပိုင အပိုင်းသုံး။ ။
အသေကောင်ကို တန်ဆာဆင်သည့်အခါ မသေမျိုးဟူ၍ မရင့်မသီး သုံးနှုန်းတတ်ကြ၏။ မည်သို့ပင်ဖြစ်ပါစေ၊ ထိုလူသည် သေနှင့်ပြီးသား ဖြစ်လေသည်။
ပြန်လည်မွေးဖွားခြင်း မဟုတ်ပါဘဲ ပြန်လည်ရှင်သန်ခြင်းဆိုသည့် အလွှာခပ်ပါးပါးကို ရွေးချယ်လိုက်နိုင်ဖို့ အကြောင်းပြချက် တစ်ခုတည်းသာ လိုခဲ့၏။ ထိုအရာမှာ မူပိုင် ၊ မူပိုင်သည် ဒေါ်မြရံခြယ်ကို အစွမ်းကုန် မိုက်ရူးရဲဆန်စေခဲ့သော အကြောင်းပြချက်ကလေး ဖြစ်လို့နေသည်။
" ဒေါ်ဒေါ့်လည်ပင်းက ဘာဖြစ်တာလဲ "
" ရုန်းမထွက်ဖြစ်ခဲ့တဲ့ ကြိုးဒဏ်ရာလေးပါ။ သိပ်ပြီးလည်း စိတ်မပူပါနဲ့၊ မြ မနာပါဘူးကွယ် "
" ကျုပ်နားလည်ပါပြီ ဒေါ်ဒေါ် "
ဒေါ်မြရံခြယ်၏ လည်ပင်းတစ်ဝိုက်ရှိ အရစ်ကြောင်းလေးအား ခပ်ဖွဖွထိတွေ့ရင်း မူပိုင် မျက်ရည်ကျလေသည်။ အသံတိတ်ငိုကြွေးခြင်းတွေဟာ ရှိုက်သံမထွက်ပါသော်လည်း အပီအပြင် နာကျင်စေ၏။
" မငိုပါနဲ့ ဒါလင်ရယ် "
" အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ် "
ချစ်မေတ္တာဆိုတာ တစ်ဦးအပေါ်တစ်ဦး ကျေးဇူးတင်ခြင်းပါပဲ။ ပိုင်ဆိုင်ရသည့်အခါမှာလည်း ကျေးဇူးတင်ရ၊ မပိုင်ဆိုင်ရသည့်အခါမှာလည်း ထိုမပိုင်ဆိုင်ရခြင်းလေးကိုပဲ ကျေးဇူးတင်ရပေါ့လေ။ ဘယ်လိုဘယ်ပုံဖြစ်ဖြစ် ချစ်ခွင့်ရခြင်းသည်ပင် အကောင်းဆုံး ဆုလာဒ်ဖြစ်၏။
" မြလည်း ဒါလင့်ကို .. "
" ကျေးဇူးတင်တယ်ဆို ထပ်ပြီးတော့ အထိအခိုက် မခံပါနဲ့။ နာကျင်စေမဲ့အရာတွေကို ဘယ်တော့မှ ထပ်မလုပ်ပါနဲ့ ဒေါ်ဒေါ် "
" ထပ်မဖြစ်စေရဘူးလို့ မြ ကတိပေးပါတယ်ကွယ် "
ချစ်ရသူရဲ့ အိမ်ပြန်လမ်းလေးကိုပဲ ကြိုတာပါ။ ဘယ်လိုနည်းနဲ့ပဲ ပြန်လာပြန်လာ အိမ်ပြန်ရောက်ဖို့သာ လိုအပ်သည်။
အိမ်ထောင်မပြုပါဘဲ ယခုအချိန်အထိ မူပိုင့်အနားမှာ ရှိနေပေးခဲ့သော တီချယ်သည် သာမန်အုပ်ထိန်းသူဆိုတာထက် ပိုလေးနက်၏။ ထို့ကြောင့် တီချယ့်သဘော ဆန္ဒတွေအတိုင်း ရှင်သန်နေထိုင်ပေးခဲ့ခြင်း ဖြစ်သည်။
ပထမဆုံးအကြိမ် တီချယ့်ကို အလေးမထားမိခြင်း ဖြစ်သည်။ ထိုအရာအတွက် ခွင့်လွှတ်သည်ဖြစ်စေ၊ ခွင့်မလွှတ်သည်ဖြစ်စေ မူပိုင် နောင်တရမည် မဟုတ်ပေ။
" ကျုပ်စိတ်လောသွားလို့ပါ တီချယ် "
" အို ရပါတယ်ကွယ်၊ အခုထိုင်ပြီး အေးဆေးပြောကြတာပေါ့ လာလေ "
တီချယ် ညွှန်ပြသော ခွေးခြေခုံပုလေး၌ ဝင်ထိုင်လိုက်သောအခါ ဝရံတာဘက်သို့ မျက်နှာမူနေသည့် အနေအထား ဖြစ်သွား၏။ စကားပြောဖို့ ကြံရွယ်ထားပါသော်လည်း နှစ်ယောက်စလုံး တိတ်ဆိတ်ကာ အဝေးသို့ ငေးကြည့်နေမိကြသည်။ ဘယ်အရာအား တီချယ် ငေးနေမည်မှန်း မသိပါ၊ ကျုပ်ကတော့ မှိတ်တုပ်မှိတ်တုပ် ကြယ်ကလေးတွေကို အသံတိတ် ရေတွက်နေခြင်း ဖြစ်၏။
" ပိုင် "
" ပြောပါ တီချယ် "
" ကြယ်တွေလှလား "
ကျုပ်ငေးနေသောအရာကို တီချယ် သိသွားသည်မှာ မထူးဆန်းပေ။ တီချယ်ဟာ အမြဲလိုလို ကျုပ်စိတ်ကို ခန့်မှန်းနိုင်ခဲ့၏။
" လှတယ် တီချယ် "
" ငေးမှလှတဲ့ အရာတွေကို ငေးပဲငေးရတယ်။ ပိုင်ဆိုင်ချင်လို့ မရဘူးကွဲ့ "
" ဒါပေမဲ့ ကျုပ်ကတော့ မရရအောင် .. "
" ငယ်ငယ်တုန်းက တီချယ် သင်ပေးခဲ့တဲ့ အင်္ဂလိပ်ပုံပြင်တစ်ပုဒ်ကို မှတ်မိလား။ ရေကန်ထဲမှာပေါ်နေတဲ့ လအရိပ်ကို ကြိုးနဲ့ဆွဲယူတဲ့ လူအကြောင်းလေ "
" ဟုတ် မှတ်မိပါတယ် "
" လမင်းကြီးပဲဖြစ်ဖြစ်၊ ကြယ်ကလေးဖြစ်ဖြစ် ရေကန်ထဲမှာပေါ်နေတာက အရိပ်ပဲ။ အရိပ်ဆိုတာ ဘယ်တော့မှ စစ်မှန်လာမှာ မဟုတ်ဘူး ပိုင်။ ဘယ်တော့မှပေါ့ "
" တီချယ် ဘာကိုဆိုလိုနေတာလဲ "
" အားလုံးကို ကြားပြီးသွားပြီ ပိုင်။ မြရံဟာ မြရံခြယ်ဖြစ်ကြောင်း၊ ပြီးတော့ လူသေတစ်ယောက်ဖြစ်ကြောင်း "
" တော်တော့ "
ဒေါသတကြီး ထရပ်လိုက်ခြင်းကြောင့် ခွေးခြေခုံပုလေးမှာ အနောက်သို့ ယိုင်လဲသွားရ၏။ အကြိမ်ကြိမ် ငိုထားရပါသော်လည်း မျက်ရည်စများဟာ တစ်ဖန်ပြန်လည်လို့ ဝေ့ဝဲလာခဲ့သည်။ တင်းကြပ်စွာ ဆုပ်ထားမိသော လက်သီးစုပ်လေးနှင့်အတူ ရင်ခွင်တစ်စုံဟာ တင်းတင်းကြပ်ကြပ်။
" ပိုင်ဟာ ပညာတတ်တစ်ယောက်၊ ပြီးတော့ ထက်မြတ်တဲ့ မိန်းမတစ်ယောက်။ မြရံခြယ် ပါးစပ်ကနေ ဘာဆိုပြီး အတိအကျမပြောရင်တောင် ဘာကိုဆိုလိုနေမှန်း တီချယ် မရှင်းပြလည်း ပိုင် သိမှာပါ။ ပိုင် သိနေရက်နဲ့ ရူးမိုက်ပစ်ဖို့ မတွေးစမ်းပါနဲ့ကွယ် "
" ကျုပ်လူက ဘာပဲဖြစ်နေဖြစ်နေ အမြဲတမ်းအတွက် ကျုပ်လူပဲ။ ရူးမိုက်တယ်ဆိုတော့လည်း ကမ်းကုန်ပေါ့ တီချယ်ရယ်။ လမင်းပဲဖြစ်ဖြစ်၊ ကြယ်ကလေးပဲဖြစ်ဖြစ် ကျုပ်ကတော့ ကြိုးနဲ့ဆွဲယူနေမိမှာပဲ "
" ဘာလို့မိုက်ချင်ရတာလဲ ပိုင် "
" ချစ်လို့၊ ကျုပ်လူကို ကျုပ်သိပ်ချစ်လို့ တီချယ်ရဲ့ "
ဤစကားအား ငိုပြီးလည်း ပြောပြဖူးသလို၊ သေပြီးလည်း ပြောပြဖူးပါရဲ့။ ထိုသည်အထိတောင် ချစ်တယ်ဆိုသော စကားသည် ဘေးလူတွေအတွက် စစ်မှန်တယ်ဟု ထင်ချင်စရာ မကောင်းခဲ့လေသလား။
" ဒေါ်မြရံခြယ်ကို ကျုပ်ချစ်တယ်ဆိုတာ တိုင်းဆပြလို့ မရဘူး တီချယ်။ ပြီးတော့ ခိုင်းနှိုင်းပြလို့လည်း မရဘူး "
ဝုန်းဒိုင်းကြဲချင်နေသော စိတ်ရိုင်းကို တစ်ထစ်လျှော့ကာ တီချယ်နံဘေး၌ ဒူးထောက်ထိုင်ချလိုက်သည်။ ကုလားထိုင် လက်တန်းပေါ်တင်ထားသော တီချယ့်လက်ဖမိုးလေးကို အုပ်ကိုင်ရင်း ထပ်မံစကားဆိုဖြစ်၏။
" ပြန်လည်ရှင်သန်လာတာ ဒေါ်မြရံခြယ် တစ်ယောက်တည်း မဟုတ်ဘူး တီချယ်၊ ကျုပ်လည်းပါတယ်။ ဒေါ်မြရံခြယ် မရှိဘဲ ဖြတ်သန်းခဲ့ရတဲ့ ရက်ပေါင်းများစွာမှာ ကျုပ်သေဆုံးနေခဲ့တာ။ အခုမှ .. အခုမှသာ ကျုပ်ရဲ့ ရှင်သန်ခြင်း အစစ်အမှန် "
" အိုကွယ် "
" ကျုပ်မရှင်သန်နိုင်လို့ပါ တီချယ်ရယ်။ ကျုပ်တကယ်မရှင်သန်နိုင်တော့လို့ပါ "
မူပိုင်ရဲ့ ရှိုက်ငိုသံလေးများမှာ ပို၍ ကျယ်လောင်လိုလာ၏။ အမြဲလိုလို တိတ်ဆိတ်နေတတ်သော လူတစ်ယောက်မှာလည်း မထင်ထားလောက်အောင် ကြေကွဲဖွယ်ကောင်းသော ဒဏ်ရာတို့ရှိသည်။
" သနားစရာ ကလေးလေးရယ် "
မူပိုင်ဟာ ထက်မြတ်သည်၊ တိတ်ဆိတ်သည်။ မျက်နှာထားတည်ကာ ခံစားချက်မဲ့သူနှင့်လည်း တူ၏။ တစ်နေ့တာကို အချိန်ဇယားအတိုင်း လှုပ်ရှားတတ်ပြီး ယစ်မူးမှုကိုလည်း မရှာဖွေတတ်သူပင်။ လူအများအမြင်၌ မူပိုင်ဟာ မိန်းကလေးဖြစ်ပါသော်လည်း အားကိုးချင်စဖွယ် ကောင်းနေနိုင်သည်။ သို့သော် မူပိုင်ဟာ အချစ်နဲ့ပတ်သက်ရင် အငိုသန်၏။
အိပ်ခန်းဆီသို့ ပြန်ရောက်သောအခါ ညဆယ်နာရီခွဲလေပြီ။ သို့သော်လည်း ဒေါ်ဒေါ် မအိပ်သေးပေ၊ ကုတင်ခြေရင်း၌ထိုင်ကာ ချည်ထိုးနေလေသည်။
" ဒေါ်ဒေါ် "
ချည်ထိုးနေရင်းမှ ခပ်ပြုံးပြုံးလေး မော့ကြည့်လို့လာ၏။ ဒီအပြုံးလေးကိုသာ မြင်နေရမည်ဆိုလျှင် အကြမ်းတမ်းဆုံး နေ့ရက်တွေကိုတောင် ဖြတ်သန်းနိုင်မှာ အသေအချာ။
" မအိပ်သေးဘူးလား၊ အချိန်လင့်နေပြီကို "
" မြ စောင့်နေတာလေ "
" နောက်ဆို ကျုပ်ကိုမစောင့်ပါနဲ့ "
" ဟင့်အင်း မစောင့်လို့မရဘူးလေ။ မြက ဒါလင့်ကို ဖက်ထားပြီး အိပ်ချင်တာ "
" ခြွေလိုက်တာ ခင်ဗျားရယ် "
" မြ အတွက်ပဲ ကြွေကျပေးပါ ဒါလင် "
" သေချာပေါက် ခင်ဗျားအတွက်ပဲပေါ့ "
ထိုညက ချစ်ရသူအား ရင်ခွင်ထဲထွေး၍ အိပ်မပျော်နိုင်ခဲ့ပေ။ မျက်လုံးများ မှိတ်ချလိုက်သည့်အခါ ဖြစ်ခဲ့သမျှ အရာအားလုံး အိမ်မက်ဖြစ်နေမှာစိုးလို့၊ ချစ်ရသူဟာ ပျောက်ကွယ်တတ်တဲ့ အတွေးပုံရိပ်လေး ဖြစ်နေမှာစိုး၍ပင်။
လောဘတွေ ကြီးလာတဲ့အခါ လူတွေဟာ ဆင်ခြင်တုံတရား ကင်းမဲ့လာကြသည်။ ကျုပ်ဟာလည်း ထိုလူတွေထဲမှ လူတစ်ယောက်ပါပဲ။ ဒေါ်ဒေါ်က ကျုပ်လောဘကြီးမိသည့် တစ်ခုတည်းသော ချမ်းသာကြွယ်ဝမှု၊ ပြီးပြည့်စုံမှု အရာရာဖြစ်သည်။
ဝါညစ်ညစ် မီးသီးလုံးလေး တစ်လုံးရဲ့ အလင်းရောင်သာရှိသော အိပ်ခန်းငယ်။ ဖွင့်ဟထားပါသော်လည်း ဘယ်သောအခါမှ နေရောင်ခြည် ထိုးဖောက်ဝင်ရောက်လာခြင်း မရှိသည့် ပြတင်းတံခါးနှင့် တိတ်ဆိတ်ခြင်းတို့ဟာ ခြောက်ခြားဖွယ်အတိပင်။ ထိုသို့သော အိပ်ခန်းငယ်အတွင်း မြရံခြယ် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ။
နွေးထွေးမှု မရှိ၊ ချစ်ခြင်းမေတ္တာ မရှိသော မနက်ခင်းတိုင်းဟာ စိတ်နှလုံးသားကို အလုံအလောက် နာကျင်စေခဲ့၏။ ယခုအခါ၌ နွေးထွေးမှုလည်း ရှိသလို၊ ချစ်ခြင်းမေတ္တာတို့လည်း ရှိနေလေပြီ။
နဖူးသို့ ထိတွေ့နေသော လေငွေ့နွေးနွေးတွေ၊ ယှက်နွယ်ဖက်တွယ်ထားသော လက်မောင်းပြည့်ပြည့်တွေ၊ ချစ်ရသူဆိုသော အသိနှင့်တင် နွေးထွေးခြင်းဟာ အူလှိုက်သည်းလှိုက်။
" ဒါလင် "
" အင်း " ဟူသည့် သံရှည်ဆွဲလေးသာ ထွက်ပေါ်လို့လာ၏။ ဒေါ်မြရံခြယ်ကို ဖက်ထားလျက်ဖြင့် မျက်လုံးများ မှိတ်ထားလေသည်။
" အလုပ်သွားရမယ် မဟုတ်လား၊ ထတော့လေ "
" ကျုပ်ကို နမ်းပါဦး "
" အိုကွယ် ရှက်စရာကြီး "
" မနမ်းရင် လုံးဝမထဘူးနော်။ ကျုပ်ဘယ်လောက်ခေါင်းမာမှန်း ခင်ဗျားသိပါတယ် ဒေါ်ဒေါ်ရယ် "
" တကယ့်အဆိုးလေး "
ပထမဦးစွာအဖြစ် နဖူးပြေပြေလေးဆီသို့ အနမ်းတစ်ပွင့် ပေးလိုက်သည်။ ချက်ချင်းဆိုသလို ကော့တက်လာသော မူပိုင့်နှုတ်ခမ်းဖျားလေးကြောင့် မြ ကိုယ်တိုင်လည်း ထပ်တူပြုံးမိ၏။
" ချစ်တယ် ဒါလင် "
ထို့နောက် ဖိပိတ်ထားသော မျက်ခွံမို့မို့လေးတွေဆီ ၊ ပါးပြင်နုနုလေးတွေဆီ၊ နီထွေးထွေး နှုတ်ခမ်းပါးတွေဆီသို့ တစ်ဆင့်ချင်း အနမ်းခြွေမိလေသည်။ မြတ်နိုးရသူထံသို့ ပေးအပ်နှင်းသည့် တမြတ်တနိုး အနမ်းပန်းတွေ ဖြစ်၏။
" ဒီလိုနေ့ရက်တွေကို ကျုပ်လွမ်းနေတာ "
" ထပ်တူပါပဲ ဒါလင်ရယ် "
မနက်ဖြန်တွေမှာ ဘာဆက်ဖြစ်မယ်မှန်း မြတို့တွေ မသိကြပေမဲ့ သေချာပေါက်တော့ မနေ့ကထက် ဒီနေ့ ပိုချစ်ဖြစ်၏။ ဘယ်လိုစည်းဘောင်မှ မရှိ၊ ဘယ်လိုကန့်သတ်ချက်မှ မရှိပါဘဲ မြတို့နှစ်ဦး အိမ်ထောင်သည်ဘဝလေးကို စိတ်လွတ်ကိုယ်လွတ် ဖြတ်သန်းဖြစ်ခဲ့ကြသည်။
" ဒါလင် မရှိလို့မဖြစ် " ဆိုပြီး မတွေးမိသည်အထိ ဒါလင့်ကို မြ အနားတွင် ထာဝရရှိသွားစေချင်၏။ ဒါဟာ ချစ်မေတ္တာရဲ့ အစွန်းထွက် အတ္တတွေပဲ ဖြစ်မည်။
" ဘယ်သွားမို့လဲ ဒါလင် "
" ပိတောက်တွေ ဝေနေပြီမို့ သွားခူးလိုက်ဦးမယ် "
" ဘယ်သူ့အတွက်တုန်း "
" သေချာပေါက် ဒေါ်ဒေါ့်အတွက်ပေါ့ "
" ဒါဆို ခြံထဲကပဲ လှမ်းခူးနော်။ ခြံရှေ့ထွက်တဲ့အခါ ကလေးတွေ ရေပတ်တာခံနေရဦးမယ် "
" ဟုတ်ကဲ့ပါ "
သင်္ကြန်အကြတ်နေ့ရောက်မှ ဝေဝေဆာဆာ ပွင့်လန်းနေသော ပန်းပိတောက်ဝါများ။ ပင်လုံးကျွတ်မို့ ဝါရီရီ အလှတရားဟာ တင့်တင့်တယ်တယ်။
နွေမှာရူးခဲ့ကြတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်သည် အဆက်ဆက်သော နွေဥတုတို့၌ လှလှပပ တည်ရှိလို့နေသည်။ အမျိုးသမီးနှစ်ဦးသည် ထာဝရဆိုသော စကားလုံးအတွက် အရာရာကို စတေးလို့ ချစ်မေတ္တာချင်း ဖလှယ်ခဲ့ကြ၏။ တစ်ခုသော နွေဥတုလေးတွင်။
______
(အညို)
ဇာတ်ကောင်နှစ်ယောက်ရဲ့ မွေးနေ့လေးတွေ မပြောပြထားမိဘူး ထင်တယ်။ သူတို့ရဲ့ wedding date ကတော့ အောက်တိုဘာ ၂၅ရက်နေ့နော်။
အစ၊အဆုံး ပြန်ဖတ်ကြည့်ပြီး မွေးနေ့နဲ့ ပတ်သက်တာ မပြောထားမိရင် နောက်အပိုင်းတွေထဲ ထည့်ရေးပေးမယ်။ ကောင်းသောနေ့ရက်ကလေး ဖြစ်ကြပါစေရှင်။