လေးလံနေသောစိတ်တို့အား ဖြေလျော့လျက် ကားမောင်းနေသည့်နွေသည် ဖွင့်ထားသောသီချင်းသံနဲ့စီးမြောလို့နေသည်။သို့ထက် အတွေးနှင့်စီးမြောနေသည်ဟုဆိုလျှင်ပိုမှန်ပေလိမ့်မည်။
မနက် ၆နာရီခန်းကတည်းက ထွက်လာသည်မို့ နေ့လည်၁၂ကျော်၌ ရန်ကုန်မြို့တွင်းသို့ ရောက်နှင့်နေပြီဖြစ်သည်။
လမ်းတွင်မရပ်မနားဘဲ တဟုန်ထိုးမောင်းလာခြင်းကြောင့် ထိုကဲ့သို့စောခဲ့ခြင်ပင်။
"အစ်မမေ ဒီနေ့နားလိုက်တော့ နွေအိမ်ကိုလိုက်ပို့ပေးမယ်.."
"ဒါဆိုရင်တော့နွေ့ကိုကျေးဇူးတင်ရတော့မယ်.."
"မဟုတ်တာ နွေကတောင်ကျေးဇူးတင်ရမှာ မေမေတို့ကဆိုင်ဖွင့်ပွဲကိုမလာနိုင်တော့ နွေ့မှာတော်တော်အခက်တွေ့သွားတာ အစ်မမေသာမရှိရင် နွေပိုဆိုးလိမ့်မယ်.."
"ဟုတ်ပါပြီရှင်..ဟုတ်ပါပြီ..."
စကားပြောရင်းမောင်းလာသည်မို့ သိပ်မကြာမီပင်အစ်မမေ၏အိမ်ရှေ့သို့ရောက်လာခဲ့၏။
အိမ်ပေါ်သို့တက်ရန် ဖိတ်ခေါ်ပါသော်လည်းနွေမတက်နိုင်ပါ။ခရီးပန်းလာ၍ အိမ်ကိုသာအမြန်ပြန်ချင်မိသည်။သည်ထက်ပို၍ဘယ်နေရာမှနွေမ၀င်ချင်တော့ပေ။
အစ်မမေသက်၏အိမ်နှင့် နွေ့အိမ်မှာ ဝေးသည်ဟုဆိုနိုင်သည်။နေ့လည်ဖြစ်သောကြောင့် ကားလမ်းမှာအနည်းငယ်ရှုပ်၍ ၁နာရီကျော်ခန့်မှသာ အိမ်သို့ရောက်လာခဲ့၏။
အိမ်ဆိုသည့်အတိုင်း အေးချမ်းလွန်းလှပါသည်။ခရီးပန်းသော်လည်းအမောပင်ပြေလေပြီ။
"ဟယ်လိုမေမေ...."
"....."
"နွေပြန်ရောက်ပြီနော်"
"......"
အိမ်ပြန်ရောက်သည်နှင့်ပထမဆုံး အသိပေးမိသည်က မိခင်ဖြစ်သူဆီပါ။နွေ့ဘ၀အတွက် အလင်းရောင်ပေးတဲ့အမျိုးသမီးကိုမေးပါဆိုလျှင်မိခင်ဖြစ်သူဒေါ်ခက်ထားသွယ်ဟုသာဖြေကြားပါလိမ့်မည်။
နွေ့မိဘအရင်းများကို ယခုအသက်အရွယ်ထိတိုင် မသိခဲ့သလို၊နွေကိုယ်တိုင်လည်းမသိချင်ခဲ့ပါ။နွေ့အတွက် ယခု မိသာစုလေးကသာအေးချမ်း၏။
ပင်ပန်းခဲ့သမျှအာအိပ်ရာထက်တွင်ခ၀ါချရန်
Black pink ရဲ့ Stayဆိုတဲ့သီချင်းအေးအေးလေးအားဖွင့်လိုက််၏။
"တီ....တီ...."
ဖုန်း၏တုန်ခါသံတို့ကြောင့် အိပ်ပျော်လုဆဲဆဲဖြစ်သောနွေ့သည် ကုတင်ဘေးရှိစားပွဲ၌တင်ထားသောဖုန်းအားကောက်ကိုင်လိုက်၏။
"ဟယ်လို...."
"......."
"ခေတ်သွန်းမာန်....နင်လား...."
"........"
"ok ငါအိမ်မှာစောင့်နေမယ် လာခဲ့လိုက်..."
"..."
ဖုန်းချပြီးသည်နှင့် ရေချိုးရန်ပြင်ဆင်လိုက်၏။
ခေတ်သွန်းမာန်သည်နွေ့အတွက် သူငယ်ချင်းတစ်ယောက်ဟုဆိုနိုင်၏။တက္ကသိုလ်ရောက်မှသာခင်သည်ဆိုသော်လည်း အတော်လေးရင်းနှီးကြသည့်ဆက်ဆံရေးတွင်ရှိသည်။နွေယခုတိုင် singleအဖြစ်တည်ရှိနေခြင်းသည် ခေတ်သွန်းမာန်ကြောင့်သာ။
နွေ့အနားကပ်ခဲ့သည့် ယောက်ျားသားများအားခေတ်
သွန်းမာန်ဟူသော အမျိုးသမီးငယ်က ပထုတ်ခဲ့သည်တဲ့လေ။အနည်းငယ်ရယ်ချင်ဖွယ်ကောင်းပေမယ့် ခေတ်သွန်းမာန်သည် အမှန်အကန်လုပ်ခဲ့၏။
တက္ကသိုလ်စတက်စဥ်ကတည်းကရင်းနှီးခဲ့ကြသော်လည်းအနည်းငယ်သာဖြစ်သည်
နောက်ပိုင်းမှသာ အမူအကျင့်ကအစတူသလောက်ဖြစ်၍သူငယ်ချင်းအဖြစ်သို့ရောက်ရှိခဲ့ခြင်းပင်။အမူအကျင့်များအပြင်ဂီတ၊စာပေနှစ်သက်ခြင်းလည်းတူပေသည်။သို့သော် နွေတို့နှစ်ဦးတွင်မတူသည့်အချက်တော့ရှိ၏။
၀ရံတာမှ ခြံအရှေ့ဘက်အားငေးကြည့်ရင်း ခေတ်သွန်းမာန်၏ကားအားတွေ့သည်ဖြစ်၍ အောက်ထပ်သို့ဆင်းလာလေသည်။
"နွေခက်သွယ်တို့များ ဧည့်၀တ်မကျေချက်ကတော့ ကျစ်....ငါ့အသားတွေမဲကုန်ပြီ...."
ခေတ်သွန်းမာန်သည် ထိုကဲ့သို့သောလူစားမျိုးပင်။သွက်လက်သည်။ဖြတ်ထိုးဉာဏ်လည်းကောင်းသည်။သူမ၏အထိမခံဆုံးအချက်က အလှအပပင်။
အလှအပဟုဆိုက Make upထူထူလိမ်းတတ်သည့်သူမျိုးတော့မဟုတ်ပါ။
အောက်ခံအသားအရေအားအထိမခံသည့်သူမျိုးသာဖြစ်၏။
မျက်နှာတွင်၀က်ခြံတစ်လုံးပေါက်သည်တောင်မကြိုက်သူလည်းဖြစ်၏။
သူမ၏အလှသည်လည်း ပြောစရာပင်မလိုလှပါ။
အမျိုးသားများသာမက အမျိုးသမီးများပါ နောက်ပြန်ငေးကြည့်ရမည့်အလှမျိုးပင်။
ရှိရင်းစွဲဆံနွယ်အားကောက်ထားသည့်အသွင်နှင့် ခဲပြာရောင်ဆံနွယ်တို့သည် သူမ၏မျက်နှာကျနှင့်လိုက်ဖက်ညီလှသည့်အပြင် ဖြူ၀င်းကြည်လင်လှသောအသားအရည်ကြောင့် သူမ၏အလှအားပိုမိုပေါ်လွင်စေ၏။
"ဖြစ်ရလေ ခေတ်သွန်းမာန်ရယ် နေပူထဲနည်းနည်းထွက်တာ မမဲပါဘူးဟ"
"နေကဒီလောက်ပြင်းတာ မမဲရင်တောင်ပူတာပေါ့..."
"ကဲပါမမလေးရယ် နောက်တစ်ခါကျရင် ကျွန်တော်မျိုးမက ထီးနဲ့လာကြိုပါ့မယ်နော်"
"နွေခက်သွယ်...နင်နော်..."
ခေတ်သွန်းမာန်ထိုကဲ့သို့စွာခြင်းဟာ နွေ့ကြောင့်ဆိုလျှင်လည်းမမှားနိုင်ပါ။နွေအနားသို့ကပ်ခဲ့သည့်ယောက်ျားသားများအား ပထုတ်ရင်း ပိုပိုစွာလာခြင်းဖြစ်သည်။
"ဘယ်လိုလဲ ဟိုမှာအဆင်ပြေခဲ့ရဲ့လား"
ဧည့်ခန်းရှိဆိုဖာပေါ်တွင်ထိုင်ကာဖုန်းသုံးနေသော ခေတိသွန်းမာန်အား အအေးခွက်ပေးကာမေးလိုက်၏။
"ပြေပါတယ် ဒါပေမယ့် ဒီမှာလိုနေလို့မပျော်တာတော့အမှန်ပဲ"
"ငါတော့ အဲ့လိုနေရာမျိုးမှာနေရတာကြိုက်လို့ပျော်ဖို့ကောင်းမယ်လို့ထင်ထားတာ..."
"နေဖို့တော့ကောင်းပါတယ် ကလောမြို့ကြီးကအေးချမ်းသား ခက်တာက အဲ့ကလူတွေနဲ့ငါနဲ့ကသိမှမသိတာ မမကလည်း သူ့အလုပ်မှာချည်းပဲ ပြီးတော့သူနဲ့ကတည့်တာမဟုတ်ဘူး daddyနဲ့ ကတိပေးထားလို့သာသွားရတာ ပျင်းစရာပါဟယ်..."
လွန်ခဲ့သော၃လခန့်က ကားအသစ်လဲပေးရန်တာဆူနေသော ခေတ်သွန်းမာန်ကြောင့် ဖခင်ဖြစ်သူဦးစိုင်းမာန်မှ အမဖြစ်သူနှင့်၃လခန့်နေလျှင် လဲပေးမည်ဟုကတိပေးထား၏။ကလောမြို့ကြီးသည်သာယာပါသော်လည်း ခေတ်သွန်းမာန်အတွက် ငြီးငွေ့ဖွယ်သာရှိလိမ့်မည်ဟုနွေခန့်မှန်းခဲ့ပြီသားပင်။ခေတ်သွန်းမာန်သည် အစ်မဖြစ်သူနှင့်မတည့်သောကြောင့်ဖခင်ဖြစ်သူမှတမင် သွားခိုင်းခြင်းဖြစ်သည်။
"အခုတော့ ကားအသစ်ရလာပြီမဟုတ်ဘူးလား နင့်ဆန္ဒပြည့်သွားတာပဲလေ..."
"အင်းပေါ့လေ လိုချင်တာရှိမှာတော့ ရင်းရတာလည်းရှိမှာပေါ့....ဒါနဲ့နွေ နင့်ဆိုင်ခွဲရော အဆင်ပြေရဲ့လား"
"ပြေတယ်လို့ပဲပြောရမှာပေါ့ အခုက ခနပြန်လာတာ နောက်တစ်ခေါက်ကျရင် မေမေတို့နဲ့ပြန်သွားရမယ်ထင်တယ်.."
"နွေ...အဲ့ကျရင်ငါလည်းလိုက်ခဲ့လို့ရမလား...ငါကတိပေးပါတယ် ဘာပြဿနာမှမရှာဘဲ နင့်အနားမှာငြိမ်ငြိမ်လေးပဲနေမယ်.."
"ခေတ်သွန်းမာန်ရယ် နင့်အဖေက လွှတ်ပါ့မလား...."
"နာမည်အပြည့်အစုံမခေါ်ပါနဲ့ဆိုနွေရာ..လုပ်ပါ
ဒယ်ဒီ့ကို ငါပြောယူပါ့မယ်..နော်နော်..."
"အွန်း ပြဿနာလုံး၀မရှာပါဘူးလို့ကတိပေးရင်လိုက်ခွင့်ပေးမယ်..."
နွေကြောက်ပါသည်။အထူးသဖြင့် တက္ကသိုလ်မှာကဲ့သို့ဆိုလျှင် သူမ၏ယခုပုံစံနှင့်ပေါင်းပါက သေချာပေါက် ရန်ပွဲဖြစ်နိုင်သည်။
သို့သော်နွေမငြင်းရက်ပါ။ခေတ်သွန်းမာန်သာအနားမှာရှိပါက သူမပျင်းရမည်မဟုတ်။အငယ်ဆုံးသမီးဖြစ်သည့်အပြင် မိခင်ဖြစ်သူမှအလိုလိုက်ထား၍ဆိုးချင်တိုင်းဆိုးနေသည်လေ။
"နေ့လည်စာစားခဲ့လား အိမ်မှာတော့ဘာမှမရှိဘူး မာန်
အပြင်သွားစားမှရမယ်"
"ရတယ် ငါကမစားချင်သေးဘူး နင်စားရင်တော့သွားစားမယ်လေ"
ဆိုဖာကိုမှီကာဖုန်းကြည့်နေသည့်အနေအထားနှင့်အဆင်ပြေသည့်ဟန်ဖြင့်ပြောလာ၏။
"ငါမဆာသေးပါဘူး"
နွေသည် သာမန်လူနှင့်ဆိုလျှင်အနေအေးလှသည့်အနေအထားပင်။ခေတ်သွန်းမာန်နှင့်လည်းထိုနည်းတူစွာပါ။သို့သော်စကားနည်းသည့်အထဲတော့မပါပေ။
"နိုးပြီလား နွေ..."
ခရီးပန်းထားသည်မို့ ခေတ်သွန်းမာန်နှင့်စကားပြတ်သွားကတည်းက သူမအိပ်ပျော်သွားသည်ဖြစ်လိမ့်မည်။
"ဘယ်အချိန်ရှိပြီလဲ မာန်..."
"ညနေ၄နာရီရှိပြီ...ထပ်မအိပ်နဲ့တော့ နင်ဖျားလိမ့်မယ် မနက်ကတင်ပြန်ရောက်တာကို..."
"အခုတောင်ခေါင်းတွေထုံထိုင်းနေပြီ..ရေထပ်ချိုးမှနဲ့တူတယ်"
"ဟိုမှာ ရေခဲသေတ္တာထဲမှာသံပုရာရည်ဖျော်ထားပေးတယ်"
နွေ့အကြောင်းသိစွာဖြင့် ဧည်ခန်းနံရံတွင် လက်ပိုက်ထားသည့်အနေအထားနှင့် မီးဖိုချောင်ဘက်သို့မေးငေါ့ကာပြောလေသည်။
"ကျေးဇူးပဲ မာန်"
"နင် ဆေးရုံသွားသင့်တယ်မထင်ဘူးလား"
ရုတ်တရက်ထွက်ပေါ်လာသည့်ခေတ်သွန်းမာန်၏စကားကြောင့် နွေကြောင်သွား၏။
"ရပါတယ်မာန်ရယ် ဖြစ်နေကျပဲကို နင်လည်းသိရက်နဲ့"
"နင်အဲ့လိုပေါ့ပေါ့လုပ် အသက်ကငယ်ငယ်ပဲရှိသေးတယ် နောက်မှကူကယ်မရဖြစ်နေမယ်"
နံရံတွင်မှီကာရပ်နေသည့်အနေအထားမှ နွေ့ဘေးတွင်ထိုင်ချလိုက်၏။
"နင်စိတ်ပူတာကိုငါနားလည်ပါတယ် အချိန်ရရင်သွားပြလိုက်မယ် ဟုတ်ပြီလား.."
"ကျစ် ပြောလိုက်ရင်အဲ့အတိုင်းချည်းပဲ..."
နွေအား အားမရစွာဖြင့် ပြောကာ ထထွက်သွား၏။
ခေတ်သွန်းမာန်၏စိုးရိမ်စိတ်အား နွေသိပါသော်လည်း ဆေးရုံဆေးခန်းသွားရသည်ကို ဘယ်လောက်ကြောက်လဲဆိုတာနွေအသိဆုံးသာ။
ကလေးမဟုတ်သူငယ်မဟုတ်လို့ပြောလျှင်လည်းခံရပေဦးမည်။
"မာန်...မာန် နေဦးလေ...ငါသွားပြမှာပါ မနက်ဖြန်သွားပြမယ် ဟုတ်ပြီလား...."
"သေချာလား..ဒါဆိုမနက်ဖြန်မနက်ငါလာခဲ့မယ် စောင့်နေ ငါ့အသိnurseကို ဆရာ၀န်ကြီးတစ်ယောက်နဲ့ချိတ်ခိုင်းလိုက်မယ်"
"အေး..အေးပါ"
ခေတ်သွေးမာန်ကြောင့် မနက်ဖြန်တော့ ဆေးရုံသွားရပေဦးမည်။မတတ်နိုင်တော့ပါ။နွေကိုယ်တိုင်လည်းပြသင့်နေပြီဟုထင်မိပါသည်။
☁️☁️☁️
ညစာစားပြီးနောက်အိမ်ပေါ်သို့တက်လာသောနွေသည် ယခုတွင် ဖုန်းအားကိုင်လျက် အခန်းထဲသို့ခေါက်တုန့်ခေါက်ပြန်လျှောက်နေပြန်၏။
Contactထဲရှိ အစ်မဟုမှတ်ထားသည့်ဖုန်းနံပါတ်အား နွေမရဲတရဲလေးနှိပ်ရန်ကြိုးစားနေ၏။
သို့သော်မလုပ်နိုင်ခဲ့သေးပေ။
"နွေခက်သွယ်...နွေခက်သွယ်...နင်မခေါ်ရင် အစ်မကနင့်ဖုန်းနံပါတ်ကိုဘယ်လိုသိမှာလဲ ခေါ်စမ်းပါ"
ကိုယ့်ကိုယ်ကို အားမရစွာဖြင့်တီးတိုးရေရွတ်လိုက်၏။နောက်ဆုံးတွင်နွေလုပ်နိုင်ခဲ့ပါသည်။
"ဟယ်လို..."
တစ်ဖက်မှအသံချိုချိုလေးကြောင့် နွေလက်တွေအေးစက်လာ၏။သူမ၏စကားအားတုန့်ပြန်ရန် နွေစကားလုံးရှာမတွေသေးပေ။
"ဟယ်..ဟယ်လို အစ်မ"
"နွေလား"
"ဟုတ်ကဲ့ နွေပါ"
"အဆင်ပြေရဲ့လားနွေ အစ်မဖြင့်စိတ်ပူလိုက်ရတာကွယ်.."
အစ်မဘက်မှအသံသည်အနည်းငယ်တိမ်၀င်သွား၏။
နွေမှားခဲ့၏။ အမှန်ဆိုလျှင် ရွာမှပြန်ရောက်သည့်နေ့ကတည်းကဆက်သင့်သည်လေ။
"ဟုတ် ပြေပါတယ်အစ်မ နွေအခု ရန်ကုန်ပြန်ရောက်နေပြီ ဟိုရက်က ရွာကပြန်ရောက်တော့ နွေ့ဆိုင်ကအစ်မက ဆိုင်ဖွင့်ပွဲအတွက် မော်လမြိုင်ရောက်နေတယ်ဆိုလို့ အဲ့တာ အဲ့ကိစ္စတွေနဲ့ နွေဖုန်းဆက်ဖို့မေ့သွားခဲ့တာ.."
"ရပါတယ်ကွယ် နွေအဆင်ပြေရင် ရပါပြီ"
"အစ်မရော အဆင်ပြေရဲ့လား"
"တို့ကအဆင်ပြေပါတယ်ကွယ်.."
"ဒါနဲ့အစ်မ..."
နွေပြောရန်တွန့်ဆုတ်နေပါသည်။ထို့စကားအား ပြောသင့်မပြောသင့်စဥ်စားနေမိသည်။
"ပြောလေကွယ် ဒါနဲ့ပြီးတော့ ဘာလဲ"
"အစ်မ Facebook သုံးလား"
"နောက်တစ်ခေါက်မှပေါ့နွေ နောက်တစ်ခေါက်တွေ့ဖြစ်ကြရင် အစ်မပေးပါ့မယ် အစ်မစိတ်ထင်တော့ တို့တွေ ရေစက်ရှိပါသေးတယ်"
နွေထပ်ပြောမည်ကိုသိဟန်ဖြင့် အစ်မကငြင်းလိုက်သည်လား။နွေအနည်းငယ်ကြောင်သွား၏။ဘာကြောင့်များအစ်မနဲ့ဖုန်းပြောနေချိန် နွေ့အသိစိတ်တွေပြတ်တောက်ပြတ်တောက်ဖြစ်နေပါလဲ။
"ဟုတ်ကဲ့အစ်မ.."
နွေ့တွင် ပြောစကားစကားမရှိတော့ပါ။အစ်မသည်လည်းထို့နည်းတူတိတ်ဆိတ်လို့နေသည်။ထို့ကြောင့် နှုတ်ဆက်စကားပြောကာ ဖုန်းချလိုက်ကြ၏။
☁️☁️☁️
"သမီးရေ နွေ အောက်မှာ ခေတ်လေးရောက်နေတယ်"
မိခင်ဖြစ်သူ ဒေါ် ခက်ထားသွယ်ကြောင့် ဖတ်လက်စစာအုပ်အား ပိတ်လျက်အောက်သို့ဆင်းလာခဲ့၏။
မနက်စောစောနိုးသော်လည်း ယခုထိမနက်စာမစားရသေးပေ။မနက်ခင်း၏အငွေ့အသက်အားခံစားရန်သာ ပြတင်းပေါက်အားဖွင့်လျက် စာကြည့်စားပွဲတွင် ဖတ်လက်စ၀တ္ထုတစ်ပုဒ်အားထိုင်ဖတ်နေသည်။
မိခင်ဖြစ်သူ၏အသံကြားသည်နှင့် အင်္ကျီလဲကာ အောက်ထပ်သို့ဆင်းလာခဲ့၏။
"စောလှချည်လားမာန်ရယ် အခုမှ၇နာရီပဲရှိသေးတာကို..."
ထမင်းစားခန်းထဲမှ ဖခင်ဖြစ်သူနှင့် ကော်ဖီသောက်ကာ စကားပြောနေသည့်ခေတ်သွန်းမာန်အားတွေ့၍ ပြောလိုက်၏။
"အဲ့ဒေါက်တာက ဆေးခန်းထိုင်တာရှားတယ်တဲ့ဟ နောက်ပြီးသူကဦးနှောက်နဲ့အာရုံကြောမှာဆရာတစ်ဆူပဲတဲ့ သူနဲ့ပြဖို့ဆိုရင် ၂ရက်လောက်ကြိုပြီးပြောထားရတာ အခုတောင်Nurseချိတ်ပေးလို့သာရတာ မနက်ပိုင်းဆို ဆရာ၀န်မက မအားပေမယ့်ကြည့်ပေးမယ်တဲ့"
ခပ်စွာစွာလေးပြောလာသည့် ခေတ်သွန်းမာန်သည် သူမအားမည်မျှစိတ်ပူနေသည်ကိုနွေသိပါသည်။
"ဟုတ်သားပဲနွေရယ် ခေတ်က သမီးကိုစိတ်ပူလို့ပြောနေတာကို မဟုတ်ရင်တောင် ဖေဖေတို့ကလိုက်ပို့ပေးမလို့ပဲ သမီးခေတ်ကကြိုချိတ်လိုက်ပြီဆိုတော့အတော်ပဲဖြစ်သွားတာပေါ့ မဟုတ်ဘူးလား ခက်"
"ဟုတ်ပါ့ သွားလိုက်နော်သမီး ပြန်ရောက်ရင်နားလိုက် ဆိုင်မလာနဲ့တော့.."
ဆေးရုံဆေးခန်းကြောက်သည့်နွေ့အား နှစ်သိမ့်စွာဖြင့်ပြောလေသည်။
"ဟုတ် နွေနားလိုက်ပါ့မယ်"
ထို့နောက် မိဘများအလုပ်သွားပြီးသည်နှင့်နွေတို့လည်းထွက်လာခဲ့၏။
ဆေးခန်းသည် မြို့တွင်းမှာဟုဆိုသော်လည်း အနည်းငယ်တော့သွားရ၏။ရုံးတက်ချိန်မို့ ကားလမ်းမှာကြပ်သည့်အတွက်၉နာရီထိုးခါနီးမှသာ ဆေးခန်းသို့ရောက်သွားလေသည်။
"မနေ့ညနေက ချိတ်ထားတဲ့လူနာပါ နာမည်ကနွေခက်သွယ်"
"ဟုတ်ကဲ့ရှင့် ဟိုနားလေးကထိုင်ခုံမှာ စောင့်ပေးပါနော် အလှည့်ကျရင်နာမည်ခေါ်လိုက်ပါ့မယ်"
သူမတို့ရှေ့တွင် လူနာတစ်ဦးသာရှိ၏။ထပ်၍လည်းမရောက်လာသည့်အပြင် ထိုလူနာသည်လည်း လျင်မြန်စွာပြန်ထွက်လာသည်မို့ ယခင် ကုသထားသောလူနာများဟုကောက်ချချလိုက်၏။
ထိုလူနာပြန်ထွက်လာချိန်၌နွေတို့နှစ်ဦး၀င်သွားကြလေသည်။
အခန်းထဲသို့ရောက်သည်နှင့် ဒေါက်တာမှ သူမ၏အရှေ့ရှိခုံအား လက်ပြကာထိုင်စေသည်။ထိုင်ခုံမှာတစ်လုံးတည်းသာရှိသည့်အတွက် ခေတ်သွန်းမာန်သည် မတ်တပ်ရပ်အနေအထားအတိုင်းသာ။
"ခေါင်းကမကြာမကြာကိုက်တာလား.."
"အာရုံစိုက်ပါများရင်ကိုက်သလို နည်းနည်းလေးပင်ပန်းရင်လည်းကိုက်တယ် အဆိုးဆုံးက နေပူထဲထွက်ရင်ပိုကိုက်တယ်"
"ဒီမှာရှင့်..တို့လူနာကိုမေးနေတာနော် မင်းကလူနာမို့လို့လိုက်ဖြေပေးနေတာလား"
ဆရာ၀န်မ၏အမေးအား နွေ့အကြောင်းသိသည့် ခေတ်သွန်းမာန်မှ တရဆက်ပြောခြင်းကြောင့် ဒေါက်တာ၏ပြန်ငေါက်ခြင်းကိုသာခံလိုက်ရ၏။
နွေခန့်မှန်းမိပါ၏။ထိုဒေါက်တာသည် စကားပြောရခက်ပေလိမ့်မည်။
ခေတ်သွန်းမာန်မှာဒေါက်တာ၏ငေါက်ခြင်းအားခံလိုက်ရ၍ အနည်းငယ်တင်းသွားပါသော်လည်း တိတ်ဆိတ်နေဟန်ရှိပြန်သည်။သို့သော်နွေထင်သလိုမဟုတ်ပါ။
"ဒီမှာနွေက ဆေးရုံဆေးခန်းကြောက်တတ်လို့ ပြောပြတာပါ နွေဆေးခန်းကြောက်တာလည်းမပြောနဲ့ ဒီလိုဒေါက်တာတွေရှိနေတာကိုး"
ခေတ်သွန်းမာန်သည် ဒုတိယတစ်ခွန်းအား တစ်ကိုယ်တည်းကြားရုံမျှသာရေရွတ်လိုက်၏။
"ဒီမှာ တို့နားမပင်းသေးဘူး"
ဒေါက်တာသည်မာန့်အားငေါက်လျက်ဆေးစစ်စရာအချို့အားစစ်ဆေးကာ နွေ့အားဆေးစာရေးပေးလို့နေ၏။
ထိုတွင် ဆေးစစ်နေသည့်တစ်လျှောက်လုံးတိတ်ဆိတ်လာသည့်ခေတ်သွန်းမာန်မှ..။
"ဒါနဲ့ ဒီက ဒေါက်တာစွာတေးရဲ့နာမည်ကဘာလဲ"
"မင်း...တို့ကိုဘယ်လိုခေါ်လိုက်တာလဲ တို့မှာနာမည်ရှိပြီးသား မသေမခြင်းမှတ်ထား တို့နာမည်
အမရာမြတ်ထည်"
"မလိုက်ပါဘူး ဒေါက်တာစွာတေးဆိုတာလေးနဲ့မှလိုက်တာ....."
"ဘာ...မင်းဘာစကားပြောတာလဲ.."
"စိတ်မဆိုးပါနဲ့ဒေါက်တာစွာတေးရယ် "
"မင်း ငါ့နာမည်ကိုဖျက်တာ ၃ခါရှိပြီနော်..."
ပွဲမှာအတော်ပင်အရှိန်တက်လာပြီဖြစ်၍နွေကသာကြားထဲကတားရသည်။
"တော်ပါတော့မာန်ရယ် ဒီကဒေါက်တာကိုလည်း နွေတောင်းပန်ပါတယ်နော် နွေ့သူငယ်ချင်းကဒီလိုပဲဘောက်ဆက်ဆက်လေးမို့လို့လေ တောင်းပန်ပါတယ်နော်"
"လူနာမျက်နှာကြောင့်နော်...."
ခေတ်သွန်းမာန်၏လက်အား အလျင်အမြန်ဆွဲကာ အခန်းထဲမှာထွက်လာခဲ့၏။အခန်းထဲမှ ထွက်ခါနီးတောင် ဒေါက်တာအားပြောင်ကာထွက်လာသည့် ခေတ်သွန်းမာန်ကြောင့် သူမ၏လက်မောင်းအားနွေရိုက်လိုက်၏။
အပြင်သို့ရောက်သည်နှင့်Nurseများကစိုက်ကြည့်စိုက်ကြည့်ဖြင့် ကြည့်ကြသည်မို့ ဆေးကောင်တာသို့အလျင်အမြန်ထွက်ခဲ့ကြ၏။
"ညီမလေးတို့ကဒေါက်တာအကြောင်းမသိလို့ထင်တယ် ဒေါက်တာကအပြောဆိုးပေမယ့် စေတနာတော့ကောင်းရှာပါတယ် ဒါပေမယ့် ဒီနေ့တော့စိတ်နည်းနည်းဆက်နေတယ်ထင်ပါရဲ့"
"မဟုတ်ပါဘူးအစ်မရယ် သူကသာဒေါက်တာကိုသွားစတာ"
"ဟာ နွေကလည်း ငါကသူစွာလို့ ဒေါက်တာစွာတေးလို့ခေါ်လိုက်တာကို"
ခေတ်သွန်းမာန်၏စကားအဆုံး၌ ဆေးခန်းရှိnuresအကူ၂ယောက်နှင့် ဆေးကောင်တာမှအစ်မအပါအ၀င် သန့်ရှင်းရေးအန်တီကြီးကပါ ရယ်လာလေသည်။
ဆေးခန်းတွင်ကြာကြာနေလျှင် အဆင်မပြေတော့သည်ကိုသိ၍ခေတ်သွန်းမာန်၏လက်အားဆွဲကာ ကားအနားသို့ဆွဲခေါ်လာရသည်။
"တော်၀င်တဲ့လား....ခေတ်သွန်းမာန်မှတ်ထားလိုက်ပြီဒေါက်တာစွာတေးရေ.."
ဆေးရုံနာမည်အားကြည့်ကာ တေးနေသည့် ခေတ်သွန်းမာန်ကြောင့် ကားထဲသို့အမြန်ဆွဲတင်ရ၏။မဟုတ်လျှင် ဒီထက်ဆိုးလိမ့်မည်။
"နွေရာ လွှတ်စမ်းပါ ငါပြန်မှာပါဟ.."
"မာန်ရာ နင်တော်တော်မလွယ်ဘူး"
ခေါင်းခါကာပြောရင်း မောင်းသူနေရာတွင်ထိုင်လေသည်။သူမ မမောင်းလျှင် အိမ်ရောက်ဖို့မရှိတော့ပါ။
ဆေးခန်းမှာတင်သောင်တင်နေလိမ့်မည်။
☁️☁️☁️
"မာမီကလည်းကွာ မာန်အပြင်မထွက်ချင်ပါဘူးဆိုနေ"
"ဆေးကဒီနေ့တစ်ရက်စာပဲရှိတော့လိုပါမာန်ရယ် မာမီရော သမီးဒယ်ဒီရောက အလုပ်အားကြတာမဟုတ်ဘူးလေ အရင်လိုဆိုသွား၀ယ်လို့ရပေမယ့် အခုက အိမ်ကိုတောင်ညဥ့်နက်မှပြန်ရောက်တာကို သိသားနဲ့ကွယ်"
မိခင်ဖြစ်သူဒေါ်ကလျာဆွေမှ အဖွားဖြစ်သူအတွက် ဆေးအချို့၀ယ်ခိုင်းနေခြင်းဖြစ်သော်လည်း အပြင်မထွက်ချင်၍ငြင်းဆန်နေခြင်းဖြစ်သည်။အကြောင်းမှာစိတ်မကြည်၍သာ။အထူးသဖြင့် တော်၀င်ဟူသောဆေးခန်းမှ ဒေါက်တာစွာတေးကြောင့်ဖြစ်သည်။
"မေမေကလည်းကွာ ပြော ဘယ်ဆေးခန်းလဲ မနက်ဖြန်မာန်စိတ်ကြည်ရင်သွားပေးမယ်"
"ဗဟန်းဘက်မှာ ဆေးခန်းနာမည်ကတော်၀င်"
"တော်၀င်....ဒေါက်တာစွာတေးရဲ့ဆေးခန်းလား"
"မာန်က ဒေါက်တာနဲ့သိတာလား.."
"သိတာမဟုတ်ဘူးမာမီ မှတ်မိနေတာ မာန့်ဘ၀မှာအဲ့လောက်စွာတဲ့ဒေါက်တာမျိုးမတွေ့ဖူးသေးဘူး"
"ကဲပါမာန်ရယ် သွားလိုက်နော်"
"မာမီမာန့်ကို ကြိုက်တဲ့နေရာသွားခိုင်း မာန်သွားမယ် အဲ့ဒေါက်တာဆီကိုတော့မသွားချင်ဘူး"
ဒေါ်ကလျာဆွေတစ်ယောက် သမီးဖြစ်သူအား ခေါင်းတခါခါဖြင့်သာ ကြည့်နေမိ၏။
"ခေတ်သွန်းမာန်...မိဘကသွားလိုက်ဆိုသွားလိုက်ပေါ့ ဘာတွေအထွန့်တက်နေပြန်တာလဲ"
သူမတို့စကားသံအားကြားသည့်ဟန်ဖြင့် ၀င်လာကာဆူပူနေသည့်အဖွားကြာင့် ခေတ်သွန်းမာန်တစ်ယောက်သက်ပြင်းသာအကြိမ်ကြိမ်ချမိတော့၏။
"သွားမယ် မနက်ဖြန်ကိုသွားပေးမယ် ပြီးရင်အဲ့ဒေါက်တာနဲ့လည်းတစ်ပွဲချလာဦးမှာ"
စားပွဲပေါ်ရှိ ဆေးစာအုပ်နှင့်ဆေးကဒ်နမူနာတို့အားယူကာ အခန်းထဲသို့စောက်ကြီးအောင့်ကြီးဖြင့်၀င်လာလေသည်။
အိမ်တွင်အငယ်ဆုံးဖြစ်သည့်မို့မိဘနှစ်ပါးအပေါ်ဆိုးနိုင်ပါသော်လည်း ငယ်စဥ်ကတည်းက ကြိမ်လုံးစာကျွေးထားသည့်အဖွားဖြစ်သူအား မလွန်ဆန်နိုင်ပါ။
8.3.2024