ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၅)
“သူဌေးယွမ်၊ ခင်ဗျားက နည်းနည်းလေးတော့ ပြောပြပေးသင့်တယ်လေ”ဝူဟိုင်းက လက်မလျှော့ဘဲ ဆက်လက်မေးမြန်းသည်။
“ခင်ဗျားအော်ဒါမှာကြည့်ရင် သိသွားမှာပါ။ ဒီနေ့ ဘာစားချင်လဲ” ယွမ်ကျိုးက သူ့မေးခွန်းကို မဖြေဘဲ သူ့တာဝန်အရ မေးမြန်းခြင်းကိုသာ လုပ်ဆောင်သည်။
“သူဌေးယွမ်၊ ယောက်ျားဆိုတာ ရိုးသားဖြောင့်မတ်ပြီး ကြင်နာစိတ် ရှိရတယ်။ ခင်ဗျားကြည့်စမ်းပါဦး။ ခင်ဗျားရဲ့ အထူးပွဲက ဈေးမပေါဘူး။ အနည်းဆုံးတော့ များများ ထည့်ပေးထားလား နည်းနည်းထည့်ပေးထားလား ဖြေသင့်တယ်။ ပန်ကန်ပြားက ကြီးလား သေးလား ဖြေပေးသင့်တယ်လေ” ဝူဟိုင်း၏ဘေးနားက အမျိုးသားက စကားဖြတ်ပြောသည်။
ဈေးနှုန်းစာရင်း အထူးပွဲ၂၂ တစ်ပွဲလျှင် ၁၀၈ယွမ်
အထူးပွဲ၁၃ တစ်ပွဲလျှင် ၁၀၈ယွမ်
“အထူးပွဲ ပန်ကန်ပြားရဲ့အရွယ်အစားက မုန်လာချဉ်ထည့်တဲ့ ပန်ကန်ပြားလောက် အရွယ်အစား ရှိပါတယ်” ခဏကြာ တွေးကြံပြီးနောက် ယွမ်ကျိုးက သူတို့ကို ပြောပြရန် ဆုံးဖြတ်ခဲ့သည်။
“ဈေးနှုန်းအတူတူပဲဟာကို ဘာလို့များ နံပါတ်စဥ် တပ်ထားရတာလဲ။ နံပါတ်သေးတာက အရသာပိုရှိတာလား”
“ဒါက အရသာမတူတာကိုပဲ ဖော်ပြတာပါ။ နံပါတ်က ဘာသဘောမှ မဟုတ်ပါဘူး” ယွမ်ကျိုးက ရှင်းပြရခြင်းကို ငြီးငွေ့ပြီး စကားအများကြီးပြောရခြင်းကို အင်တင်တင် ဖြစ်နေသည်။
“သူဌေးယွမ်၊ ခင်ဗျားက ကျုပ်တို့ကို ဆိုးဆိုးရွားရွား ဆက်ဆံတာပဲ”
စကားဖြတ်ပြောသော အမျိုးသားက ယွမ်ကျိုးကို အထင်ကြီးလေးစားဟန်ဖြင့် လက်မထောင်ပြသည်။ သူဌေးယွမ်က ပန်ကန်ပြားသေးသေးလေးဖြင့် ထည့်ထားသော ဟင်းပွဲကို ယွမ်၁၀၀ဖြင့် ရောင်းချရဲသည်။ သူ့ငွေများက သစ်ပင်ပေါ်မှ ရလာခြင်းမဟုတ်၍ မမြည်းစမ်းရန် ဆုံးဖြတ်လိုက်သည်။
“ခေါက်ဆွဲစွပ်ပြုတ်အချို တစ်ပွဲပေးပါ”
၎င်းအမျိုးသားက ခေါက်ဆွဲပြုတ်ကို ချက်ချင်းမှာလိုက်သည်။
“မြည်းစမ်းကြည့်ပေးလို့ ကျေးဇူးပါပဲ။ ဈေးနှုန်းက ၂၆၈ယွမ်ပါ” ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြောသည်။
“သူဌေးယွမ်က အရင်လို အကျင့်ပုတ်တုန်းပဲ။ ပန်ကန်ပြားအရွယ်အစား အတူတူပဲ သုံးထားရင် နံပါတ်တွေ တပ်နေစရာ လိုအပ်လား။ ဘယ်သူက ပိုများများ ပါလဲတော့ ဖြေသင့်တယ်လေ”
ဝူဟိုင်းက နားငြီးဖွယ်ကောင်းအောင် တတွတ်တွတ် မေးမြန်းနေသည်။
ဝူဟိုင်းက စားရလည်း ပြဿနာရှာ၊ မစားရလည်း ပြဿနာ အမြဲရှာနေသည်။
ယွမ်ကျိုးက သူ့စိတ်ထဲမှာ ဟင်းပွဲနှစ်ပွဲကို နှိုင်းယှဉ်ကြည့်ပြီးနောက် စကားပြန်ပြောသည်။
“တစ်ခုက တခြားတစ်ခုထက် နည်းနည်းလျော့တယ်”
“ကောင်းပြလေ၊ ဒါဆိုရင် ငါ့စိတ် ပိုင်းဖြတ်လိုက်ပြီ။ ခေါက်ဆွဲစွပ်ပြုတ်အချို နဲ့ အထူးပွဲနံပါတ်၁၃ကို ပေးပါ။ တခြားဟာတွေကိုတော့ နောက်မှပဲ မှာတော့မယ်”
ဝူဟိုင်းက သူ့ဗိုက်ပြည့်လောက်သည့်အထိ ဟင်းပွဲကို ပြတ်ပြတ်သားသား မှာယူလိုက်သည်။ လူသားသဘာဝအလျောက် စူးစမ်းလိုစိတ်များသည်။ ထို့အပြင် ဝူဟိုင်းက သူများထက်ပို၍ တစ်မူသားသည်။
“အိုကေ၊ ခဏစောင့်ပေးပါ”
ယွမ်ကျိုးက ခေါက်ဆွဲအရင်ဆုံး ပြင်ဆင်ရန် မီးဖိုချောင်ထဲ ဝင်သွားသည်။
ကြက်ဥထမင်းကြော် မကြိုက်သော မားဝေ၏အမြင် ပြောင်းလဲသွားသည်။
“ငါ အရင်က တစ်ခါမှ စိတ်မဝင်စားခဲ့တဲ့ ကြက်ဥထမင်းကြော်က အရမ်းအရသာ ရှိနေပါလား”
ထိုစဥ် ဘေးနားထိုင်နေသော ဝူအန်းလုက နောက်တစ်ပွဲ ထပ်မှာခွင့်မရှိမှန်း သိ၍ ဖြည်းဖြည်းချင်း စားနေသည်။
မားဝေက ကြက်ဥထမင်းကြော်ကို မခွဲနိုင်မခွာရက်ဖြင့် မျက်နှာလွှဲကာ သူ့အပေါင်းအပါများ၏ အခြေအနေကို တစ်ချက်ရှိုးလ်လိုက်သည်။ သူတို့အားလုံးကလည်း အရသာရှိသော ဟင်းပွဲထဲ နစ်မြောနေပြီး ယခင်က မမြင်တွေ့ဖူးသော မျက်နှာအမူအရာမျိုးကို တွေ့ရသည်။
ပုံမှန်ဆိုလျှင် ဂုဏ်ပြုညစာစားပွဲများသည် အရက်သောက် အမြည်းမြည်းခြင်းဖြင့် စကားပြောကာ ဆူညံနေတတ်သည်။ ယခုတော့ သာမန်ထက်ပို၍ တိတ်ဆိတ်နေသည်။
“သူဌေးက ငါတို့ကို ရက်ရက်ရောရော ဝယ်ကျွေးတာပဲ။ နောက်တစ်ပွဲကို ငါတို့ဘာသာ မှာစားကြမယ်”
“အရသာရှိလွန်းလို့ ဈေးနှုန်းကို ဈေးပေါတယ်လို့တောင် ထင်မိသွားပြီ။ ငါ ရူးများရူးသွားသလား”
ကြက်ဥထမင်းကြော် မကြိုက်ဆုံး မားဝေက အရင်ဆုံး စားပြီးသွား၍ ချက်ချင်းထအော်သည်။
“သူဌေး၊ နောက်တစ်ပွဲထပ်ပေးပါ”
ဒုတိယမြောက်စားပြီးသော ဝူအန်းလုက သူ့ကို ဟန့်တားသည်။
“သူဌေးယွမ်ရဲ့စားသောက်ဆိုင်မှာ လူတိုင်းက ဟင်းတစ်ပွဲကို တစ်ခါပဲ မှာခွင့်ရှိတယ်။ နောက်တစ်ပွဲ သွားတောင်းရင်း အချိန်မဖြုန်းနဲ့”
“ဟမ် မရဘူးလား” ရုတ်တရက် ထအော်သူက ရှောင်လျှိုဖြစ်သည်။ အရောင်းဌာနတွင် ရှောင်လျှိုက စားကောင်းသောက်ဖွယ်များကို အနှစ်သက်ဆုံးဖြစ်သည်။ အရသာရှိသော ကြက်ဥထမင်းကြော်ကို တစ်ပွဲ မဆိုထားဘိ ၁၀ပွဲ ထပ်စားချင်သည်။
“အမ်၊ မင်းရော ထပ်မှာချင်တာလား ရှောင်လျှို။ မင်းတို့က ဒီဆိုင်ကို အခုမှ ရောက်ဖူးတာကို မေ့သွားတယ်။ တခြားဆိုင်ရောက်မှ တခြားအစားအသောက်တွေ ထပ်ဝယ်ကျွေးမယ်။ မင်းတို့ မငတ်စေရဘူး။ မစိုးရိမ်နဲ့”
ဝူအန်းလုက ရှောင်လျှိုကို ပြုံးကာ စကားပြောသည်။
“မရဘူး။ သူဌေး ကျွန်တော် လက်မခံနိုင်ဘူး။ အရသာရှိတဲ့ ကြက်ဥထမင်းကြော်က အစာအိမ်ထဲရောက်သွားတော့ ကျွန်တော့်အစာအိမ်က တခြားအစားအသောက်တွေကို လက်ခံပါ့မလား”
“ဟုတ်တယ်။ ဆိုင်ရှင်ကို ဖျောင်းဖျပြီး နောက်တစ်ပွဲ တောင်းကြည့်ပါလား။ သူဌေးက သူနဲ့ ပိုရင်းနှီးတယ်လေ”
မားဝေက တောင်းဆိုသည်။
တခြားသူများကလည်း မျှော်လင့်တကြီး ငေးကြည့်နေသည်။
ဝူအန်းလုက လက်ကိုခါရမ်းကာ စကားဆက်ပြောသည်။
“မလွယ်ကူလောက်ဘူး”
သူတို့ခေါင်းဆောင်ကြီးက စွမ်းဆောင်ရည်မရှိသော အမူအရာဖြင့် လက်လျှော့သွား၍ တခြားသူများက မကျေမနပ် ဖြစ်နေသည်။
“မင်းတို့တွေ စည်းမျဉ်းကို သေချာဖတ်ကြည့်သင့်တယ်”
ဝူဟိုင်းက ကြင်နာတတ်သူမဟုတ်၍ သူတို့ကို အမှန်အတိုင်း ပြောပြမည့် အစီအစဉ်မရှိပေ။ သူလည်း ယွမ်ကျိုးကြောင့် အကြိမ်ပေါင်းများစွာ စိတ်ဒုက္ခရောက်ခဲ့ဖူး၍ ပထမဆုံး ဖောက်သည်များကိုလည်း သူ့နည်းတူ ခံစားစေချင်သည်။
တခြားသူများ စိတ်ဒုက္ခရောက်နေခြင်းကို မြင်တွေ့ရခြင်းက အတော့်ကို ရယ်စရာကောင်းသည်။
“စည်းမျဉ်းတွေလား”
ဝူအန်းလုတို့အဖွဲ့က နံရံပေါ်မှ ဈေးနှုန်းစာရင်းကို လှည့်ကြည့်ကြသည်။
“သူဌေးယွမ်၊ ခင်ဗျားက ဟင်းပွဲအသစ်တွေ ထပ်ထည့်ထားတာပဲ။ စောနတုန်းက ဘာလို့ မပြောတာလဲ”
ဝူအန်းလုက သူ့မစားဖူးသေးသော ဟင်းပွဲစာရင်းကို ကြည့်ကာ ထအော်သည်။
မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသော ယွမ်ကျိုးက ချက်ချင်း ပြန်ဖြေသည်။
“ခင်ဗျား မမေးဘူးလေ”
“အမလေး သူဌေးယွမ်၊ ခင်ဗျား ပြန်ဖြေတဲ့ ပုံစံက ရိုက်ပေါက်နော်”
ယွမ်ကျိုးက ဝူအန်းလု၏ မကျေမနပ် ပြောဆိုသံကို မသိကျိုးကျွံပြုထားသည်။
ဝူအန်းလုက သူ့စိတ်သူ ထိန်းချုပ်ပြီး နံရံပေါ်မှာ ရေးထိုးထားသော စည်းမျဉ်းများကို တစ်လုံးချင်းစီ လေ့လာကြည့်သည်။
များစွာသော လုပ်ဖော်ကိုင်ဖက်အမျိုးသားများက သူတို့အမြင်ကို အရင်ဆုံး ထုတ်ပြောသည်။
“သူဌေး၊ ငါတို့လို ဝတုတ်နေတဲ့သူတွေက စည်းမျဉ်းတွေလိုက်နာရရင် ငတ်ပြတ်ကုန်မှာပဲ”
ရှောင်လျှိုက ထိုစကားကိုပြောလိုက်စဉ် ယွမ်ကျိုး၏တုံ့ပြန်မှုကို နားစွင့်နေသည်။ သူ့သနားချင့်စဖွယ်ကောင်းသော အပြုအမူက အောင်မြင်ရန် မျှော်လင့်ထားသည်။
“ငါက ကြက်ဥထမင်းကြော် တစ်ပွဲပဲ ထပ်လိုချင်တာပါ။ ဘယ်လိုအကြံထုတ်ရမလဲ မသိတော့ဘူး”
မားဝေက စည်းမျဉ်းကို ငေးကြည့်ကာ ကူကယ်ရာမဲ့ ပြောသည်။
“ငါတို့တွေ ဆိုင်ရှင်ကို ဓားပြတိုက်သလို အတင်းတောင်းဆိုကြမလား”
သူတို့အဖွဲ့ထဲမှ အချောဆုံးကောင်လေးက ဟာသဖောက်သည်။
သူတို့အဖွဲ့၏ အဖြေရှာနေသော အမူအရာများကို ငေးကြည့်ပြီး ဝူဟိုင်း အတော်လေး ကျေနပ်နေသည်။
အဖွဲ့ထဲမှ အတည်ငြိမ်ဆုံးမိန်းကလေးက ရုတ်တရက် စကားပြောသည်။
“သူဌေး၊ စည်းမျဉ်းကို သေချာကြည့်ပါဦး။ ဧည့်သည်တစ်ယောက်က ဟင်းပွဲတစ်ပွဲကို တစ်ခါပဲ မှာလို့ရတယ်လို့ပြောတာလေ။ တခြားဟင်းပွဲတွေလည်း ရှိသေးတာပဲ။ ကျွန်မတို့တွေ ရိုးရိုးကြက်ဥထမင်းကြော်ကို စမ်းမှာကြည့်မလား။ ဒါက စည်းမျဉ်းကို ချိုးဖောက်တာ မဟုတ်ဘူးလေ”
ထို့နောက် သူတို့အားလုံးက တစ်ပြိုင်နက်တည်း ထအော်သည်။
“သူဌေး၊ ကြက်ဥထမင်းကြော် ၆ပွဲပေးပါ။ အစုံလိုက်ပွဲ မဟုတ်ဘူး”
သူတို့အော်ပြီးနောက် ယွမ်ကျိုး၏အဖြေကို စိုးရိမ်တကြီး စောင့်နေသည်။
ထို့နောက် ယွမ်ကျိုးက ခေါင်းလှည့်ကာ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
“ခဏစောင့်ပေးပါ”
“ငါတို့အောင်မြင်ပြီ။ တကယ်ကို လွယ်ကူတာပဲ”
မားဝေက ဝံ့ကြွားစွာပြောသည်။ သူ့မန်နေဂျာ၏မျက်နှာ မည်းသည်းနေခြင်းကို သတိမပြုမိပေ။
သို့တိုင် သူ့လက်အောက်ငယ်သားများ၏ ဉာဏ်ရည်ထက်မြက်မှု အသိအမှတ်ပြုမိသည်။
စားသောက်ဆိုင်မှာ ရောင်းချသော ဟင်းပွဲများက နာမည်ကို အတိအကျ လိုက်နာသည်ဟု ယွမ်ကျိုး ခံစားမိသည်။ သာဓကဆိုသော် ခေါက်ဆွဲစွပ်ပြုတ်အချိုတွင် ခေါက်ဆွဲ နှင့် စွပ်ပြုတ်အရည်သာ ပါဝင်ပြီး ကြက်သွန်မြိတ်ကို မမြင်တွေ့ရပေ။
ခေါက်ဆွဲပြုတ် နှစ်ပွဲကို ဗန်းပေါ်တင်ပြီး အစိမ်းရောင်စပျစ်သီးပုံဖော်ထားသော ပန်းကန်ပြားကို ယူကာ ဘလူးဘယ်ရီယိုကို ခပ်ထည့်သည်။ ဝူဟိုင်းက ချိုမြသောယို နှင့် အငန်အရသာရှိသောခေါက်ဆွဲပြုတ်ကို အော်ဒါမှာထားသည်။
ခေါက်ဆွဲစွပ်ပြုတ်အချိုက အားလုံး၏ရှေ့မှောက်သို့ ပထမဆုံးအကြိမ် ရောက်လာခြင်း ဖြစ်သည်။
အပိုင်း(၄၅)
ပြီးပါပြီ။