မူပိုင် အပိုင်းနှစ်။ ။
အခန်းတံခါးလက်ကိုင်အား ဆုပ်ကိုင်လာသည့် လက်တစ်စုံမှာ အနည်းငယ် တုန်ရီလျက်ရှိ၏။ ကျွီခနဲမြည်သံနှင့်အတူ ပွင့်ဟသွားသော ကျွန်းတံခါးချပ် အနောက်၌ ဆွေးမြေ့မြေ့ အတိတ်တို့က ဆီးကြိုလို့နေလေသည်။
ပိတောက်ပန်းရနံ့တွေ ၊ ရယ်သံလွင်လွင်လေးတွေ ၊ ခြေသံ မတိုးမကျယ်တွေ အစရှိသဖြင့် အမှတ်တမဲ့ အရာတွေဟာ အမှတ်တရအဖြစ် လောင်ကျွမ်းကုန်၏။
သယ်ဆောင်လာသော အဝတ်အိတ်များအား နံရံနားသို့ ကပ်ထားလိုက်ပြီး အခန်းအတွင်းသို့ ဝေ့ဝဲကြည့်ဖြစ်သည်။ အချို့သော အသုံးအဆောင် ပစ္စည်းများမှာ ပြန်သုံးဖို့ရန် မသင့်တော်တော့ပေ။ ကြည့်မှန်အဝိုင်းသည်လည်း နှစ်ပေါင်းများစွာ ပစ်ထားခဲ့ခြင်းကြောင့် ညစ်ထေးလို့နေ၏။
" ခင်ဗျားက ကျုပ်မျက်လုံးထဲ အလှဆုံးဖြစ်ခဲ့တာ "
ဒေါ်ဒေါ် အလှပြင်နေတိုင်း ထိုင်ငေးခဲ့ရသူက ကျုပ်ပဲမို့ ညစ်ထေးထေး မှန်အဝိုင်းလေးကို ကြည့်ရင်း မျက်ရည်ဝဲမိ၏။ လွမ်းသည့်စိတ်ဟာ တကယ့်ကို အူလှိုက်သည်းလှိုက်။
အသုံးအဆောင် ပစ္စည်းများကို လှည့်ပတ်ကြည့်ပြီးနောက် ခြေလှမ်းတစ်စုံသည် ပိတ်အဖြူဖြင့် ဖုံးအုပ်ထားသော ပန်းချီကားချပ်ရှေ့၌ အဆုံးသတ်၏။ ပြတင်းပေါက်မှ တိုးဝင်နေသော လေတဖြူးဖြူးကြောင့် ပိတ်အဖြူစလေးမှာ တလွင့်လွင့်။
" ချစ်တယ် " ဆိုတာ ထာဝရအတွက် မဟုတ်ဘူးလို့ ပြောလာခဲ့ရင် ကျုပ်မျက်ရည်တွေနဲ့ သက်သေပြပါ့မယ် ဒေါ်ဒေါ်။ အချစ်အတွက် သေရဲတဲ့လူတွေထက် ကျုပ်က ပိုပါတယ်၊ ဘာလို့ဆို ကျုပ်က အချစ်အတွက် ပြန်လည်မွေးဖွားလာတာ။
ခပ်ကြမ်းကြမ်း လှပ်တင်လိုက်ခြင်းကြောင့် ပိတ်အဖြူစလေးသည် လေထဲ၌ စက္ကန့်ပိုင်းမျှ ဝေ့ဝဲပြီးမှသာ ကြမ်းခင်းပေါ်သို့ သက်ဆင်းသွားလေ၏။
" ကျုပ်တို့ ပြန်ဆုံကြမယ် မဟုတ်လား ဒေါ်ဒေါ် "
ဒေါ်ဒေါ့်နံဘေးမှာရှိနိုင်ဖို့ ဘယ်အရပ်ဒေသဆီ ကျုပ်လှမ်းခဲ့ရမလဲ။ ဒေါ်ဒေါ့်မျက်ဝန်းလေးတွေကို နောက်တစ်ကြိမ် ထပ်ပြီးငေးကြည့်နိုင်ဖို့ အချိန်ဘယ်လောက်စောင့်ရမလဲ။ ကျုပ်က အရူးအမူး ချစ်တာမို့၊ ဒီထပ်ပိုပြီး မဝေးချင်တော့တာမို့ ဘယ်ဘုရားဆီ ဆုတောင်းရမလဲ ဒေါ်ဒေါ်။
ချစ်မေတ္တာဆိုတာ ဝါရီရီ ပန်းပိတောက်တွေလိုပါပဲ။ ဝေလည်းဝေရဲသလို၊ ကြွေလည်းကြွေရဲတယ်။ ကျုပ်ဘဝက ဒေါ်ဒေါ့်ဆံထုံးကြားက ပန်းဝါဝါကလေးတွေလိုပါ။
ရန်ကုန်သို့ရောက်သည်မှာ နှစ်နှစ်တိတိ ရှိလေပြီ။ တီချယ့်ကျန်းမာရေး အခြေအနေကြောင့် ပန်းချီပြခန်းကို ဖွင့်မနေဘဲ စီးပွားရေးလုပ်ငန်းများကိုသာ ဝင်ကူခဲ့၏။ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသော မိသားစုလုပ်ငန်းဖြစ်တာမို့ နားလည်တတ်ကျွမ်းရန် အချိန်အတော်ကြာ ရင်းနှီးခဲ့ရလေသည်။
ပတ်ဝန်းကျင်နှင့် နေသားတကျ နေထိုင်တတ်နေပြီ ဖြစ်သော်လည်း ကျွန်းတံခါးနောက်ရှိ အိပ်ခန်းလေးဆီ ဝင်ရောက်မိတိုင်း မျက်ရည်တို့ဟာ ဝေ့လည်ဝေ့လည်။ နေသားတကျ ဖြစ်နေပြီးကာမှ နေသားမကျခြင်းတွေပေါ့ ဒေါ်ဒေါ်ရယ်။ လူ့ပတ်ဝန်းကျင် မဟုတ်ဘဲ ကျုပ်ပတ်ဝန်းကျင်မှာ ခင်ဗျားမှ ရှိမနေဘဲ။
" အိမ်တော်ထိန်း အသစ်ခန့်ဖို့ကိစ္စ ဘယ်လိုလဲ ပိုင် "
" တီချယ် ကောင်းမယ်ထင်သလို စီစဉ်ပါ "
" အရှုပ်အရှင်းကင်းအောင် အသက်လေးဆယ်ဝန်းကျင်ထဲက အပျိုကြီးပဲ ခန့်မလားလို့ "
" တီချယ့်သဘောပါ "
" ဒါဆို တီချယ်ပဲ ရွေးလိုက်တော့မယ်နော် "
" ဟုတ်ကဲ့ "
အိမ်တော်ထိန်းဆိုလို့ ကျုပ်ဖြင့် အစ်မရီကို သတိရမိသား ဒေါ်ဒေါ်ရယ်။ ခင်ဗျားအတွက် သူမက အစ်မတစ်ယောက်လို အားကိုးအားထားပြုရတဲ့သူ မဟုတ်လား။
" ဒီညတော့ ရုံးမှာပဲ အိပ်ဖြစ်မှာမို့ စောင့်မနေပါနဲ့ တီချယ် "
" အစစအရာရာ ဂရုစိုက်နော် ပိုင် "
" ဟုတ်ကဲ့၊ ဒါဆို သွားလိုက်ပါဦးမယ် "
ဒေါ်မြရံခြယ်ရဲ့ ထွက်ခွာသွားခြင်းဟာ သိပ်တိတ်ဆိတ်လွန်းသလို ပြန်လည်ရောက်ရှိလာခြင်းသည်လည်း အသံလုံ၏။ မည်သို့ပင်ဖြစ်ပါစေ၊ ဒေါ်မြရံခြယ်ဟာ ပိတောက်ပန်းတွေ ဝေဆာအောင် ပွင့်နေသော အရပ်ဒေသ၌သာ တည်ရှိလေသည်။
" နာမည်ဘယ်လိုခေါ်သလဲ "
" မြ .. မြရံလို့ခေါ်ပါတယ် "
" အို နာမည်က လှလိုက်တာ။ အိမ်တော်နာမည်နဲ့တောင် ခပ်ဆင်ဆင်ဖြစ်နေသေးတယ် "
" မြလည်း တွေ့တွေ့ချင်း အံ့ဩမိပါသေးတယ် "
" ကဲ အခန်းထဲ အထုတ်တွေချပြီး ခဏနားလိုက်ဦးနော်။ ကားစက်ရပ်သံကြားမှသာ ထွက်လာခဲ့ချေ "
" ဟုတ်ကဲ့ပါ "
မိနစ်အနည်းငယ်ကြာသောအခါ ကားစက်ရပ်သံကို ကြားရ၏။ ထို့ကြောင့် အိမ်ရှင်မှာထားသည့်အတိုင်း အခန်းအပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
" ထွက်ကြိုလိုက်ပါဦး မြရံ။ သူက ဒီစံအိမ်ရဲ့ အိမ်ကြီးသခင်မပဲ "
" ဟုတ်ကဲ့ မြ ထွက်ကြိုလိုက်ပါ့မယ် "
ပိတောက်ပန်းရနံ့တွေ ၊ လေပြည်အေးအေးတွေ ၊ ထို့အပြင် ခြေသံခပ်တိုးတိုးတွေ။ နီးကပ်လာသော ပုံရိပ်နှင့်အတူ အခုန်မြန်လာသော ဝဲဘက်ရင်အုံရှိ နှလုံးသား။ လက်တစ်စုံဟာ သိသိသာသာ တုန်ရီလို့နေသည်။
" ခင်ဗျား "
တလိမ့်လိမ့် ကျဆင်းလာသော မျက်ရည်များနှင့် အက်ကွဲစွာ ထွက်ပေါ်လာသည့် တိုးလျလျခေါ်သံ။ တစ်ဆက်တည်းမှာပဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော လက်ဆွဲအိတ်ကလေး။
" ခင်ဗျားက "
" ကြိုဆိုပါတယ် သခင်မလေး။ မြက .. "
" ကျုပ်လွမ်းနေခဲ့တာ "
ပြေးဖက်လာသူကြောင့် မြ ကိုယ်လုံးကလေး ရေခဲရိုက်ထားသလိုနှယ် တောင့်ခဲသွားရ၏။ မြ ပခုံးပေါ်သို့ အဆက်မပြတ် ထိတွေ့နေသည့် ရေစက်တွေဟာ မျက်ရည်တို့သာ ဖြစ်မည်။ သူမ ငိုနေခဲ့တာ၊ ကလေးတစ်ယောက်လိုမျိုး အားပါးတရ ငိုနေခဲ့တာလေ။
" ချစ်တယ် ခင်ဗျားရယ် "
ချစ်မေတ္တာဟာ ရင်ထဲသို့ တအုံနွေးနွေး ပျော်ဝင်လေ၏။ တစ်စုံတစ်ယောက်ရဲ့ " ချစ်တယ် " ဆိုသော စကားဟာ အခြားတစ်စုံတစ်ယောက်အတွက် ရှင်သန်ခြင်း ဖြစ်နေနိုင်သည်။
" ဒါလင် "
" ကျုပ်အကြားချင်ဆုံးပါပဲ "
" မြကို မှတ်မိနေတယ်ပေါ့ "
" ကျုပ်က ခင်ဗျားကိုချစ်ဖို့ ပြန်မွေးဖွားလာတဲ့ကောင် "
မြရံခြယ်ဆိုတဲ့ မိန်းမကလည်း မူပိုင်ကို အချိန်အကြာကြီးကြာအောင် စောင့်နေခဲ့ကြောင်းအား မပြောဖြစ်တော့ပေ။ တစ်ချို့အရာတွေက မသိလေ၊ ပိုကောင်းလေ မဟုတ်လား။
" လာ .. ကျုပ်တို့ အခန်းထဲသွားမယ် "
" ဟင့်အင်း "
" ဘာလို့လဲ "
" မြက ဒီအိမ်ရဲ့ အိမ်တော်ထိန်း၊ မူပိုင်က အိမ်ကြီးသခင်မ။ လူချင်းတူပေမဲ့ အနေအထားချင်း မတူတော့ဘူး မူပိုင် "
" ဒီအရပ်ဒေသကို ဘယ်လိုပုံစံ၊ ဘယ်လိုနည်းလမ်းနဲ့ပဲ ပြန်လာပြန်လာ ခင်ဗျားက ကျုပ်ရဲ့ အိမ်သူပဲ။ မူပိုင်က သခင်မဆို ဒေါ်မြရံခြယ်က အရှင်ဘုရင်မ၊ ကျုပ်ဘဝကို စိုးမိုးချုပ်ကိုင်ပိုင်ခွင့် ခင်ဗျားမှာအပြည့် ရှိတယ် "
" မဟုတ် .. မဟုတ်သေးဘူးလေ "
" အိမ်တော်ထိန်းမလုပ်ဘဲ အိမ်ရှင်မပဲ လုပ်စမ်းပါ ခင်ဗျားရယ်။ လာ .. ကျုပ်အနောက်လိုက်ခဲ့ "
နွေအလယ်မှာ တခုပ်တရပွင့်တဲ့ ပန်းဝါဝါကလေး။
ချစ်မေတ္တာဆိုတာ ဒီလိုပါလားလို့ ရေရွတ်ရင်း
ပခုံးစွန်းလေးအပေါ် ခေါင်းမှီချထားချင်တယ်။
လက်ဖဝါးလေးကို ခပ်ဖွဖွ ဆုပ်ကိုင်ရင်း
ထွက်မသွားစေချင်ကြောင်း ခဏခဏပြောမယ်။
တကယ်ပါ .. ပန်းဝါဝါကလေးဟာ
ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဖြစ်လို့နေတယ်။
" ကျုပ်လူကို ပြန်ရှာတွေ့ပြီ တီချယ် "
" ဘယ်လို "
" ဒီကိစ္စကို နောက်မှပြောကြရအောင် တီချယ် "
မျက်ရည်တွေကြားမှ မူပိုင့်အပြုံးလေးဟာ တောက်ပလို့နေခဲ့သည်။ တက်တက်ကြွကြွ စကားပြောဟန်တွေ၊ စိတ်လောနေဟန်တွေဟာ ရှားပါးပုံရိပ်ကလေးများ ဖြစ်၏။
" အင်းပါ ပြီးမှပြောကြတာပေါ့ "
" ဒါဆို ကျုပ်တို့ကို ခွင့်ပြုပါဦး တီချယ် "
လှေကားထစ် တစ်ထစ်ချင်းဆီဟာ ရင်ဖိုလှိုက်မောမှုကို ပေးစွမ်း၏။ တွဲထားသော လက်တစ်စုံ၊ ခပ်မြန်မြန် ခြေလှမ်းတွေနှင့် အပြုံးကိုယ်စီဟာ အလှပဆုံး ဇာတ်ဝင်ခန်းလေး တစ်ခုကဲ့သို့နှယ်။
" ခဏလေးနေပါဦး မူပိုင် "
" ဘာဖြစ်လို့လဲ ဒေါ်ဒေါ် "
အခန်းတံခါး ဖွင့်ခါနီးမှ ရပ်တန့်လိုက်ရခြင်းကြောင့် မူပိုင်ရဲ့ အပြုံးလေးများ အနည်းငယ် မှေးမှိန်သွားလေသည်။
" တကယ်အဆင်သင့်ဖြစ်ပြီလား "
" ဘာကိုလဲ "
" မြကို မူပိုင့် အပိုင်အဖြစ် ပြန်လက်ခံဖို့ တကယ်အဆင်သင့်ဖြစ်တာလားလို့ မေးချင်တာ "
" အရင်ဘဝကတည်းက အဆင်သင့်ဖြစ်ခဲ့တာပါ ဒေါ်ဒေါ်။ ခင်ဗျားကို ရူးမတတ် ပိုင်ဆိုင်ချင်နေတဲ့သူက ဒီဘဝကော၊ နောင်ဘဝပေါင်းများစွာအတွက်ကော အဆင်သင့်ဖြစ်နေပြီးသားပါ "
" ချစ်တယ် ဒါလင်ရယ် "
မည်မျှနက်မှန်း မသိပါသော်လည်း ဤချောက်ကလေးထဲ မြ လိုလိုလားလား ခုန်ဆင်းဖြစ်ခဲ့သည်။ အထူးတလည် ကျိုးကြေစရာ မရှိတော့သော ဘဝမို့ ဘယ်အရာကိုမှ မြ မကြောက်ချင်တော့ပါ။ မြ အချစ်ကို ယုံသည်၊ ဒါလင့်ကို ယုံသည်။
မြရဲ့ အိပ်ခန်းကလေး၊ တစ်နည်းပြောရရင် မြတို့နှစ်ဦးရဲ့ မင်္ဂလာဦး အိပ်ခန်း။ အသုံးအဆောင် ပစ္စည်းတစ်ချို့ ပြောင်းလဲသွားတာကလွဲရင် အငွေ့အသက်တွေဟာ အတိတ်ထဲ နစ်မြုပ်ထားချင်စဖွယ်။
မျက်ဝန်းညိုတွေကြားမှ စိမ့်ကျလာသော အရည်ကြည်လေးများကို တမြတ်တနိုး ငေးမိသည်။ သနပ်ခါးပါးကွက်ကြားပေါ် ဖြတ်သန်းသွားသော မျက်ရည်စီးကြောင်းလေးကိုလည်း မြတ်နိုးရပြန်၏။ ဒေါ်မြရံခြယ်ရဲ့ မျက်ရည်တွေကအစ ချစ်တာလို့ပြောရင် ပိုမည်မဟုတ်နိုင်။
" ကျုပ်လွမ်းနေခဲ့တာ ခင်ဗျားရယ် "
" မြ ဘယ်လိုပြန်ရောက်လာသလဲလို့ မမေးတော့ဘူးလား ဒါလင် "
" ပြောပြချင်တယ်ဆို နားထောင်ဖို့ အသင့်ပါပဲ။ တကယ်လို့ မပြောပြချင်လည်း ရတယ်။ အဓိကက ကျုပ်အနားမှာ ခင်ဗျားရှိနေဖို့ပဲ လိုတယ် "
အသံထွက်သည်အထိ ငိုချလိုက်မိသောအခါ မူပိုင်က ချက်ချင်းဆိုသလို ထွေးပွေ့ပေးလေသည်။ ချစ်ရသူ၏ ရင်ခွင်ကျယ်ထဲ နစ်မြုပ်ရင်း သယ်ပိုးထားသမျှ ဝမ်းနည်းစိတ်တို့ကို လွှတ်ချခွင့်ရခဲ့သော အခိုက်အတန့်။ ဒီလိုအချိန်၊ ဒီလိုအခြေအနေကိုရောက်ဖို့ မြ စောင့်ခဲ့ရသော နှစ်ပေါင်းများစွာအတွက် ပင်ပန်းရကျိုးနပ်သည်။
ဘဝရဲ့ အခက်အခဲဆုံး၊ အမှောင်ဆုံး နေ့ရက်တွေမှာတောင် မူပိုင်ကိုချစ်ဖို့ ထိုက်တန်ခဲ့၏။ ။
_______
(အညို)
ဒေါ်မြရံခြယ်က ဘယ်လိုပြန်ရောက်လာသလဲဆိုတာ မူပိုင်က မသိချင်ပေမဲ့ စာဖတ်သူတွေ သိရအောင်လို့ နောက်တစ်ပိုင်းမှာ ရှင်းပြပါ့မယ်။ စိတ်ကူးယဉ်ဝတ္ထုဆိုတော့ စိတ်ကူးယဉ်ဆန်ဆန်လေးပေါ့ရှင်။
ဒီကြားထဲ update တွေ ကြာမြင့်သွားလို့ တောင်းပန်ပါတယ်။ စိတ်အတက်အကျ ဖြစ်ခဲ့ရတဲ့ နေ့ရက်ဟောင်းတွေ အကြောင်းကိုတော့ အထူးတလည် ရင်မဖွင့်ချင်တော့ပါဘူး။ နောက်ပိုင်းတွေတော့ update မှန်နိုင်အောင် ကြိုးစားပေးပါ့မယ်ရှင်။