Chapter 233
Part 233January 16, 2023
"ကျန်းယန်ရှန့်..."
ရှုလီချန်သည် အော်ဟစ်ကာ နိုးလာသည်။
ဟိုတယ်ခန်း၏ဧည့်ခန်းထဲမှ ကျန်းယန်ရှန့်က တိတ်ဆိတ်စွာ ထကြည့်၍ အိပ်ခန်းထဲသို့ လျှောက်လာလိုက်သည်။
"ဘာဖြစ်နေတာလဲ...နင့်မျက်နှာကလည်း သရဲလို ဖြူဖွေးနေတာပဲ..."
ကျန်းယန်ရှန့်က အိပ်ယာဘေးတွင်ရပ်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့ အဲ့လောက်တောင် ချွေးတွေပြန်နေတာလဲ..."
ရှုလီချန်က အသက်ပြင်းစွာရှူနေရာမှ ကျန်းယန်ရှန့်ကို မော့ကြည့်လိုက်ရင်း အနည်းငယ် စိတ်ရှုပ်နေသည်။
နောက် နှစ်စက္ကန့်မျှကြာမှ သူရောက်နေသည်မှာ ဟိုတယ်ခန်းဖြစ်ကြောင်း ရှုလီချန် သတိရသွားသည်။ မနေ့က သူနှင့် ကျန်းယန်ရှန့်တို့သည် လမ်းဘေးတွင် ဘီယာများစွာသောက်ခဲ့ကြ၍ ဟိုတယ်သို့ပြန်ရောက်သောအခါတွင်လည်း ရှုလီချန်က ဝိုင်အနီကို သောက်ခဲ့သေးသည်။ ထိုနောက်ပိုင်း ဘာဖြစ်ခဲ့သည်ကိုတော့ မမှတ်မိတော့ချေ။
"ငါ..."
ရှုလီချန်၏ခေါင်းသည် တစစ်စစ်ကိုက်နေ၍ လည်ချောင်းကလည်း ခြောက်သွေ့နေကာ ခန္ဓာကိုယ်တစ်ခုလုံးက အရက်နာကျသည့် လက္ခဏာများပြနေသည်။
"ငါ အိပ်မက်ဆိုးမက်နေတာ..."
ကျန်းယန်ရှန့် ဆွံ့အသွားသည်။
"ဘာအကြောင်း မက်နေလို့လဲ..."
ရှုလီချန်၏မျက်နှာသည် ကြောက်စိတ်ဖြင့်ဖြူလျော်သွားသည်။
"နင်မသိပါဘူး.. ငါဘယ်သူ့ကိုအိပ်မက်မက်နေလဲ နင်လုံးဝစဉ်းစားနိုင်မှာမဟုတ်ဘူး...ငါ ဝမ့်ချမ်ကို အိပ်မက်မက်နေတာ..."
ရှုလီချန်သည် သူ၏ကိုက်ခဲနေသောနားထင်ကိုပွတ်၍ ဆက်ပြောလိုက်သည်။
"ငါဘာလို့ သူ့ကို အိပ်မက်မက်နေတာလဲ အံ့ဩစရာပဲ...နင်လဲ ပါတယ်...အိပ်မက်ထဲမှာ ငါတို့သုံးယောက်က တော်တော်ခင်ကြတာတဲ့...ငါတို့အကုန် အတန်း ၈ မှာ နေ့တိုင်း တတွဲတွဲနဲ့...နေရာအစုံလျှောက်ပျော်ပါးလိုက်...လူမိုက်လုပ်လိုက်...ကျောင်းပြေးလိုက်နဲ့...နောက်ဆုံးကျတော့ နင်နဲ့ငါ နှစ်ယောက်လုံး ကျောင်းထုတ်ခံလိုက်ရတယ်..."
ကျန်းယန်ရှန့် အလွန်အံ့အားသင့်သွားမိသည်။
ရှုလီချန်က ခေါင်းငုံ့ကာ ခေါင်းကိုပွတ်၍ အသိစိတ်မဝင်သေးသလို ဆက်ပြောနေသည်။
"ငါ့အိပ်မက်ထဲမှာ ငါက နင့်ကိုကြိုက်နေပြီး နင်ကလည်း ငါ့ကိုပြန်ကြိုက်တယ်တဲ့...ဒါပေမယ့် ဝမ့်ချမ်က ကြားထဲက ဝင်ခလောက်ဆန်ပြီး ငါတို့ကို ခွဲပစ်လိုက်တာ...နောက်တော့ နင်က K မြို့မှာနေခဲ့ပြီး ငါက နိုင်ငံခြားကိုထွက်သွားတယ်..."
"ငါနိုင်ငံခြားရောက်တော့ အရက်စသောက်ပြီး မူးယစ်ဆေးတွေလည်း သုံးတတ်လာတယ်...ငါတော်တော်ပျက်စီးနေတဲ့ဘဝကိုနေခဲ့တာပဲ...ငါ အရမ်းကို ပိန်ခြောက်သွားပြီး တစ်ချက်တွန်းလိုက်ရင်တောင် လဲတော့မယ့်အထိ ပိန်သွားတာ..."
"ငါ့ဘဝက တော်တော်ကို စုတ်ပြတ်နေတော့ တရုတ်ပြည်ကိုပြန်ပြီး နင်နဲ့လည်း မတွေ့ရဲခဲ့ဘူး...ပြည်ပမှာပဲ ပုန်းနေပြီး ပြန်မလာရဲခဲ့တာ...ဒါပေမယ့် တစ်နေ့ကျတော့ ဝမ့်ချမ်က ငါ့ကို ဖုန်းဆက်ပြီးပြောတယ်...နင်သေသွားပြီတဲ့..."
"တကယ်ပဲ...နင်သေသွားပြီဆိုတာ ကြားလိုက်တုန်းက ငါ့နှလုံးကို ဆွဲဆုတ်ခံလိုက်ရသလိုပဲ...ငါအခုထိတောင် ခံစားနေရသေးတယ်...တကယ်အဆင်မပြေဘူးဟာ...တကယ်ကို မမိုက်ဘူး...နင်က ဘာဖြစ်လို့ သေသွားရတာလဲ...ဝမ့်ချမ်ပြောတာက နင့်ကို တစ်ယောက်ယောက်က ဆေးခတ်ပြီး နင်က ဆေးနဲ့ ဓာတ်မတည့်တော့ သေသွားတာ တဲ့...သေလိုက်ပါလားဟာ...အဲ့လိုသေပုံကြီးက ဘယ်လိုကြီးလဲ...နင် ဘာလို့ အဲ့လို အဖြစ်ဆိုးကြီးနဲ့ သေသွားရတာလဲ...ငါမယုံနိုင်ဘူး...အဲ့ဒါ နင်နဲ့ကို မတူတာ..."
ကျန်းယန်ရှန့် သူမ၏လည်ပင်းများ သွေ့ခြောက်လာသည်ကို ခံစားမိကာ ခက်ခက်ခဲခဲ မေးလိုက်သည်။
"နောက်တော့ ဘာဆက်ဖြစ်လဲ..."
"နောက်တော့ ငါတရုတ်ကိုပြန်လာတယ်...နင့်အသုဘကို လာဖို့လေ...နောက်တော့ လေယာဉ်ပျံ...လေယာဉ်ပျံ..."
ရှုလီချန်၏ မျက်နှာက ပြန်ဖြူလျော်သွားပြန်သည်။ သူ့အိမ်မက်၏ တကယ့်အဖြစ်အပျက်ကဲ့သို့ ခံစားချက်ကို ယခုထိပင် ခံစားနေရကာ ရှုလီချန်၏နှလုံးသည် သေတော့မလို ဆွဲဆုတ်ခြင်းခံနေရသည်။
"နောက်တော့ အဲ့လေယာဉ်က ပျက်ကျသွားတယ်...အောက်ကိုစိုက်ဆင်းပြီး...ငါတို့တွေအကုန် အောက်ကိုထိုးကျသွားတယ်...လူတိုင်း အော်ဟစ်နေကြတယ်...ငါ အရမ်းပေါ့ပါးနေခဲ့တယ်...ငါ့နှလုံးက တော်တော်ကို အဆင်မပြေဖြစ်နေတာ..."
"သေစမ်း..."
ရှုလီချန်သည် လက်ဖြင့် မျက်နှာကို အုပ်လိုက်၍ ခပ်ကြမ်းကြမ်း ပွတ်လိုက်ရင်းက ခပ်တိုးတိုးပြောနေပြန်သည်။
"တော်တော်ဆိုးတာပဲ...တကယ်ဆိုးတယ်...အရမ်းကိုဆိုးတယ်..."
အမြင့်မှပြုတ်ကျသည်ကို ကြောက်ခြင်းနှင့် သေခြင်းနှင့် နီးကပ်လာသည်ဆိုသော ခံစားချက်က ရှုလီချန်၏တစ်ကိုယ်လုံးကို အေးစက်သွားစေသည်။
ရှုလီချန် မော့ကြည့်လိုက်သည်။
"ကျန်းယန်ရှန့်...ငါ့ကိုပြောစမ်းပါ...အဲ့ဒီအိပ်မက်က..."
ဖြန်း။
ကျန်းယန်ရှန့်သည် ရှုလီချန်၏မျက်နှာကို ခပ်ကြမ်းကြမ်း ရိုက်ပစ်လိုက်သည်။
ရှုလီချန်၏မျက်နှာသည် ဘေးသို့စောင်းသွား၍ မလှုပ်မယှက် တောင့်တင်းသွားသည်။
"..."
ကျန်းယန်ရှန့်ကမေးလိုက်သည်။
"နင် သေချာနိုးပြီလား..."
ရှုလီချန်သည် မျက်နှာကိုအုပ်၍ လင်ကိုကြောက်ရသော ဇနီးကဲ့သို့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။
"အဲ့ဒါက အိပ်မက်တစ်ခုပဲလေ...နင့်ကိုယ်နင်ပြန်ကြည့်...ငါလည်းအခု ဒီမှာ...နင်လည်းအခုဒီမှာ...ဝမ့်ချမ်လည်း ငါတို့ဘဝထဲကထွက်သွားတာ ကြာပြီ...ငါတို့နှစ်ယောက်လုံးကလည်း အတန်း ၈ မှာမဟုတ်တော့ဘူး...နင့်အိမ်မက်နဲ့ အခု နင့်မျက်စိရှေ့မှာမြင်နေရတာ ဘယ်ဟာကို ပိုယုံလဲ..."
"ယုံတယ်...ငါအခု မြင်နေရတာကို ယုံတယ်..."
ရှုလီချန်က အားနည်းစွာပြောလိုက်သည်။
ကျန်းယန်ရှန့်က ရွံရှာသည့်လေသံဖြင့်ပြောလိုက်သည်။
"အဲ့ဒါဆို အခု ရေသွားချိုး...နံစော်နေတာပဲ...နင့်တစ်ကိုယ်လုံး အရက်နံ့တွေကြီးပဲ..."
ရှုလီချန်သည် အိပ်ယာထဲမှထွက်၍ ရေချိုးခန်းထဲသို့ မျက်နှာအိုအိုဖြင့် ဝင်သွားသည်။
ရေချိုးပြီး၍ မွှေးကြိုင်စွာ ပြန်ထွက်လာသောအခါ ကျန်းယန်ရှန့်ကို စာကြည့်စားပွဲ၌ တွေ့လိုက်ရသည်။
"?"
ရှုလီချန်က မေးလိုက်သည်။
"နင် ဘာလုပ်နေတာလဲ..."
ကျန်းယန်ရှန့်က သူ့စာအုပ်ပေါ်တွင် တစ်ခုခုရေးလိုက်သည်။
"အိမ်စာတွေ အမှီပြန်လုပ်နေတာလေ..."
ရှုလီချန်: “…”
နိုးလာပြီးသောအခါ "အိမ်စာ" ဟူသောစကားကို ကြားလိုက်ရသည်နှင့် ရှုလီချန်သည် အဘယ်ကြောင့် ရင်ဘတ်များတင်းကျပ်၊ အသက်ရှူများမြန်လာကာ ကြောက်စိတ်များဝင်လာရပါသနည်း။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့အတန်းဖော်များက အိမ်စာပေးလိုက်သည့်အခါ ရှုလီချန် ဤသို့ မခံစားခဲ့ရပါ။
ရှုလီချန်သည် နှလုံးရှိရာနေရာသို့ ဆုပ်ကိုင်လိုက်၍ သက်ပြင်းချလိုက်ကာ မဝံ့မရဲပြောလိုက်သည်။
"အဲ့ဒါဆို နင် K မြို့ကို အရင်ပြန်နှင့်ပါလား..."
ကျန်းယန်ရှန့်က ဓားကဲ့သို့ စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"ငါကလား..."
ရှုလီချန်က ရှင်းပြလိုက်သည်။
"ငါက ဒီနေ့နဲ့မနက်ဖြန် ၂ခန်း ရိုက်ဖို့ကျန်သေးတယ်...ပြီးရင် ငါ့ဇာတ်ကောင်က အသတ်ခံရတော့မှာ...မနက်ဖြန် ရုပ်ရှင်ရိုက်ပြီးတာနဲ့ ငါပြန်လာမယ်လေ..."
ကျန်းယန်ရှန့်ကပြောလိုက်သည်။
"ငါ နင့်ကို စောင့်မယ်..."
ရှုလီချန်က မနေနိုင်ပဲ ပြောလိုက်သည်။
"အဲ့ဒါဆိုလည်း ဟိုတယ်မှာပဲ အေးအေးဆေးဆေးနေခဲ့...ငါ ညနေကျ ပြီးတာနဲ့ အစောဆုံးပြန်ခဲ့မယ်..."
"မလိုပါဘူး..."
ကျန်းယန်ရှန့်က အိမ်စာစာအုပ်ကို ပိတ်လိုက်သည်။
"ငါ နင့်ကို အဖော်လိုက်လုပ်ပေးမယ်..."
ရှုလီချန်သည် အလုပ်တွင် အထက်လူကြီးမှ စောင့်ကြည့်သည်ကို ခံခဲ့ရဖူး၍ ယခုလည်း ဤသို့ပင် ခံစားနေရကာ မသက်မသာဖြစ်နေသည်။
ရုပ်ရှင်ရိုက်ကူးရေးဆီသို့ အသွားတွင် ကျန်းယန်ရှန့်က မေးလိုက်သည်။
"နင် ရုပ်ရှင်ရိုက်တဲ့ဆီကနေ ပိုက်ဆံရလား..."
"ရတာပေါ့...ဘာလို့ မရရမှာလဲ..."
ရှုလီချန်က ပေါင်ကိုပုတ်ကာ ပြောလိုက်သည်။
"ငါက ငါ့အရည်အချင်းတွေနဲ့ ပိုက်ဆံရှာမှာလေ..."
"ဘယ်လောက်ရလဲ..."
"တစ်ရက်ကို ယွမ် ၆၀၀..."
ကျန်းယန်ရှန့်: “…”
ဤပိုက်ဆံပမာဏသည် အခြား အရံမင်းသားများထက်အနည်းငယ် သာသည်ကို ကျန်းယန်ရှန့်မသိသော်လည်း.......
"အဲ့ဒီတော့ နင်က တစ်ရက်ကို ယွမ် ၆၀၀ ရတဲ့အလုပ်ကိုလုပ်ဖို့ တစ်ညကို ယွမ် ၃၆၀၀ ပေးရတဲ့ ဟိုတယ်ခန်းမှာနေနေတာပေါ့..."
ရှုလီချန်က ဂျစ်ကန်ကန်ပုံဖြင့် ပြန်ပြောလိုက်သည်။
"ဒါက မတူဘူးလေ..."
ရိုက်ကွင်းသို့ရောက်သောအခါ ရှုလီချန်က ဒါရိုက်တာနှင့် သွားစကားပြောနေသည်ကို ကျန်းယန်ရှန့် တွေ့လိုက်ရသည်။ ရှုလီချန်သည် စကားပြောနေသည့်တစ်ချိန်လုံး ပြုံးနေကာ လက်များကို တောင်းပန်သလိုလုပ်ပြနေသည်။ ဒါရိုက်တာက ကျန်းယန်ရှန့်ကို လှမ်းကြည့်၍ ပြုံးကာ ခေါင်းခါပြလိုက်သည်။
ရှုလီချန်တစ်ယောက် မနေ့က အဖြစ်အပျက်အတွက် ဒါရိုက်တာကို တောင်းပန်နေသည်လား။
ရှုလီချန်သည် အိမ်၏အကြီးဆုံးသားဟူသော မာနရှိ၍ စိတ်ဆတ်မှုကလည်း ကျန်းယန်ရှန့်နှင့် ထူးမခြားနားပင်ဖြစ်သည်။ ရှုလီချန် ဘယ်တုန်းကများ ဤမျှ ရိုကျိုးသွားရပါသနည်း။ ကျန်းယန်ရှန့်သည် ထူးဆန်းသလို ခံစားနေရသည်။
ရှုလီချန် အလုပ်များရှုပ်နေသည်ကို သူမ တိတ်ဆိတ်စွာပင် ကြည့်နေလိုက်သည်။
Xxxxxxx
Ei Thet Hmue