ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၆)
“ကောင်းပြီလေ။ ဒါဆိုရင် နေ့ခင်းဘက် နေ့လည်စာ သွားစားကြမယ်”
ကျွမ်းရှင်းမူက ချက်ချင်း သဘောတူလိုက်သည်။ သူ့ကောင်လေး စွဲလမ်းနေသော စားသောက်ဆိုင်က ဘယ်လိုဟင်းလျာမျိုးကို ရောင်းချမလဲ သိချင်မိသည်။
“ပြဿနာ မရှိဘူး။ ချစ်လေးလည်း သဘောကျသွားလိမ့်မယ်” ဝူကျိုးက ကောင်မလေး၏ပခုံးကို ပုတ်လိုက်ပြီး ပြုံးကာ ပြန်ပြောသည်။
ဆိုင်ဖွင့်ချိန် သတ်မှတ်ပြီးတည်းက ယွမ်ကျိုးက ပုံမှန်ထက် ပို၍ အလုပ်ရှုပ်သွားသည်။ မနက်ခင်း ၆နာရီ ၃၀ခန့်တွင် အိပ်ရာထပြီး ရှောင်လုံပေါင်း ရောင်းချရန် ပြင်ဆင်သည်။ ဤအပြုအမူက အိပ်ရာစောစော ထလေ့မရှိသော ယွမ်ကျိုးအတွက် လက်ခံရန် ခက်ခဲသည်။ အထက်တန်းကျောင်းပြီးတည်းက မနက်စောစော ထလေ့ရှိသော အကျင့် မရှိပေ။ ကြယ်သုံးပွင့်အဆင့်ရှိသော ဟိုတယ်တွင် အလုပ်လုပ်စဥ်က မနက် ၁၀နာရီထက် စောရောက်လျှင်ပင် အဆင်ပြေသည်။ ယခုတော့ ကိုယ်ပိုင်စီးပွားရေးလုပ်မှ မနက်စောစော ထနေရသည်။
ယနေ့က စနေနေ့ဖြစ်၍ အနီးအနားရှိ အလုပ်သမား၏ အလုပ်ပိတ်ရက် ဖြစ်သည်။ သူတို့လည်း ပိတ်ရက်ကို ပျော်ပျော်ပါးပါး ကုန်ဆုံးလိမ့်မည်ဟု တွေးမိသောအခါ ယွမ်ကျိုးက ဆက်အိပ်ရန် ဆုံးဖြတ်လိုက်သည်။ ပုံမှန်ဆိုလျှင် သူက မနက် ၁၀နာရီ ၃၀မိနစ်အထိ အိပ်စက်လေ့ရှိသည်။
“လူငယ်လေးက ဘာလို့ဆိုင်မဖွင့်သေးတာလဲ”
အဘိုးအိုက ကြက်ဥထမင်းကြော် နှင့် ရှောင်လုံပေါင်း၏ ဆွဲဆောင်မှုကြောင့် စားသောက်ဆိုင်၏ပင်တိုင် ဖောက်သည် ဖြစ်လာခဲ့သည်။ သို့သော်လည်း ၃ရက် ၅ရက်ကြာမှ တစ်ကြိမ်လာလေ့ရှိသည်။ မည်သို့ပင်ဆိုစေကာမူ သူ့မိန်းမ၏ ဟင်းချက်လက်ရာများကိုလည်း အားပေးရဦးမည်။
တကယ်တမ်း သူ့မိန်းမ အဘွားအိုကိုလည်း သူနှင့်အတူတူ ခေါ်လာသည်။
“ဒါလင်။ ဒီနေ့ ဆိုင်ဖွင့်မှာ သေချာရဲ့လား” အိုမင်နေသော ဆံပင်ဖြူဖြူ အဘွားအိုက သံသယဖြင့် မေးမြန်းသည်။
“ခဏနေရင် ဆိုင်ဖွင့်မှာပါ။ သူဌေးယွမ်က သူ စီးပွားရေးစလုပ်တည်းက ဆိုင်ကို တစ်ခါပဲ ပိတ်ဖူးတယ်”
ဝူဟိုင်းကလည်း ဆိုင်အနား လမ်းလျှောက်လာပြီး ပျင်းရိစွာ ပြန်ပြောသည်။
“မနက် ၈နာရီ ၃၀မိနစ်တောင် ရောက်နေပြီလေ။ ခဏနေရင် ဆိုင်ဖွင့်မှာပါ”
အဘိုးအိုက နာရီကို တစ်ချက်ကြည့်လိုက်သည်။
“အွန်း။ ကျွန်မ ဗိုက်ဆာနေပြီ။ လူငယ်လေးရဲ့ ရှောင်လုံပေါင်းက အရသာရှိတယ်။ တစ်ခုတည်းသော ပြဿနာက အရွယ်အစားသေးတာပဲ”
အဘွားအိုက ပြုံးလျက်ဖြင့် ယွမ်ကျိုး၏ ရှောင်လုံပေါင်းကို မြင်ယောင်ကြည့်သည်။
ယွမ်ကျိုး၏လုံ့လဝီရိယ နှင့် အဘိုး၏ မလျော့သောဇွဲတို့ကြောင့် အဘွားအိုသည် ရှောင်လုံပေါင်း၏အရသာကို မြည်းစမ်းခွင့် ရခဲ့သည်။
အဘွားအိုက သူ့တစ်သက်တာလုံး ဟင်းချက်လာခဲ့သော်လည်း ယွမ်ကျိုး၏ ဟင်းချက်စွမ်းရည်ကို မယှဉ်နိုင်မှန်း နားလည်သည်။
“မင်းတို့အားလုံး ဒီနေရာမှာ ဘာလို့မတ်တတ်ရပ်နေတာလဲ။ သူဌေးယွမ် ဆိုင်မဖွင့်သေးဘူးလား”
ပုံမှန်ဖောက်သည်က ရုတ်တရက် စကားလှမ်းပြောသည်။ အဘွားအိုက သူ စားခဲ့ဖူးသော ရှောင်လုံပေါင်းအရသာကို စိတ်ကူးယဉ်နေခြင်းဖြစ်သည်။
ကံဆိုးစွာဖြင့် ဤအချင်းအရာများက အတိတ်က မှတ်ဉာဏ်မျှသာ ဖြစ်သည်။ တကယ်တမ်း လက်တွေ့တွင် ဆာလောင်သော ခံစားချက်ကြောင့် ဗိုက်တဂွီဂွီမြည်နေသည်။ အဘွားအိုက သူ့အသက်အရွယ်ကြောင့် သိက္ခာထိန်းကာ သွားရည်များကို မျိုချလိုက်သည်။
“မဖွင့်သေးဘူး။ ငါတို့ကို အရူးတစ်ပိုင်း ဖြစ်စေတယ်”
စားသောက်ဆိုင်ဝင်ပေါက် အပြင်ဘက်တွင် လူများ ပို၍ စုရုံးလာသည်။ သူတို့ထဲမှ တစ်ယောက်က စကားပြောသည်။
“သူဌေးယွမ်ရဲ့ဖုန်းနံပါတ် မရှိဘူးလား။ သူ့ကို ဖုန်းဆက် မေးကြည့်လို့ ရတယ်လေ”
လူတိုင်းက တစ်ယောက်မျက်နှာတစ်ယောက် ငေးကြည့်သည်။ သို့သော်လည်း မည်သူမှ ဖုန်းနံပါတ် မရှိမှန်း သဘောပေါက်လိုက်သည်။
“ဝူဟိုင်း၊ ခင်ဗျားမှာရော ဖုန်းနံပါတ်ရှိလား။ ခင်ဗျားက သူ့နဲ့ အိမ်အနီးဆုံးလေ” အဘိုးအိုက မေးမြန်းသည်။
“ကျွန်တော့်မှာလည်း မရှိဘူး။ ကျွန်တော် အရမ်းဗိုက်ဆာနေပြီ”
ဝူဟိုင်းက သူ့ကိုယ်သူ အရမ်းကို တုံးအလွန်းသည်ဟု ခံစားမိသည်။ သူက စားသောက်ဆိုင်၏ အနီးအနားမှာ နေထိုင်သော်လည်း ယွမ်ကျိုးကို ဖုန်းနံပါတ်တောင်းရန် မတွေးခဲ့မိပေ။
စောင့်ဆိုင်းခြင်းက ၁နာရီခန့် ကြာခဲ့ပြီး မနက် ၉နာရီ ရောက်သွားသည်။ စားသုံးသူဖောက်သည်များ တိုးလာသည့်တိုင် ဆိုင်တံခါးဖွင့်မည့် အရိပ်အယောင်ကို မမြင်တွေ့ရပေ။
“ထားလိုက်ပါတော့။ နေ့ခင်းဘက်မှ ထပ်လာတော့မယ်။ ဒီနေရာမှာ မတ်တတ်ရပ်နေရတာ ပိုဗိုက်ဆာလာပြီ။ မနက်စာ သွားစားတော့မယ်”
ထိုစကားကိုပြောပြီးနောက် သူတို့ထဲမှ တစ်ယောက်က ထွက်သွားသည်။ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွား၍ လူနည်းစုသာ ကျန်ခဲ့သည်။ ထို့နောက် လူစု တဖြည်းဖြည်းချင်း ခွဲကာ ၇ယောက်၊ ၈ယောက်ခန့်သာ ကျန်ခဲ့သည်။
၎င်းလူအုပ်စုထဲ ဝူဟိုင်း ရှိနေသေးသည်။ သူက စားသောက်ဆိုင် ဖွင့်လုဖွင့်ခင် မျှော်လင့်ကာ တံခါးပေါက်ကို အချိန်ပြည့် ငေးကြည့်နေသည်။
သူ ခေါင်းမော့ကြည့်လိုက်သောအခါ ယွမ်ကျိုးနေထိုင်သော ဒုတိယထပ်၏ ပြတင်းပေါက် ဖွင့်နေခြင်းကို တွေ့သွားသည်။
ခဏတွေးကြံပြီးနောက် ဝူဟိုင်း ပြောသည်။
“ဒုတိယထပ် ပြတင်းပေါက် ဖွင့်ထားတယ်။ သူ့ကို လှမ်းခေါ်ကြမလား”
“လူငယ်လေးကို နှောင့်ယှက်တာ ကောင်းပါ့မလား” အဘိုးအိုက သူ့အမြင်ကို ထုတ်ပြောသည်။
“ကိစ္စမရှိဘူး။ သူဌေးယွမ် တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အော်ခေါ်ကြမယ်။ အတူတူ အော်ကြတာပေါ့”
ဝူဟိုင်း၏ဘေးနားမှာ မတ်တတ်ရပ်နေသော အမျိုးသားက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့အကြံအစည်ကို သဘောတူလိုက်သည်။
“အော်မယ်”
လူအိုကြီးစုံတွဲမှ လွဲ၍ ကျန်သောလူငယ်များက သဘောတူကြသည်။
“သူဌေးယွမ်၊ သူဌေးယွမ် ခင်ဗျားရှိလား”
တခြားအဆောက်အဦမှာ နေထိုင်သူများက ပြတင်းပေါက်မှ တဆင့် လှမ်းကြည့်ကြသည်။
ယွမ်ကျိုးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်း မဟုတ်၍ လန့်နိုးသွားသည်။
အိပ်ရာနိုးနိုးချင်း ပထမဆုံး လုပ်ဆောင်သော အပြုအမူက အိပ်ချင်မူးတူးဖြင့် အိပ်ရာပေါ်မှာ ထိုင်နေခြင်း ဖြစ်သည်။
၅မိနစ်ခန့်ကြာပြီးနောက် အောက်ထပ်မှ အော်သံများ တိုးလျသွားသည်။ ထို့နောက် ယွမ်ကျိုးက အိပ်ရာပေါ်မှာ ပြန်လှဲပြီး ဆက်အိပ်သည်။ ယွမ်ကျိုးက နေ့လည် ၁၁နာရီမှ အိပ်ရာထရန် ဆုံးဖြတ်ထားသည်။
…
မနက် ၁၁နာရီ ၅မိနစ်တွင် ယွမ်ကျိုးက စားသောက်ဆိုင်တံခါးကို ဖွင့်သည်။
“သူဌေးယွမ်၊ ခင်ဗျား တကယ်ပဲ အိမ်မှာ ရှိနေတာလား။ ခင်ဗျားရဲ့အခုလို အပြုအမူတွေကြောင့် ဖောက်သည်အများကြီး ဆုံးရှုံးသွားတာ သိရဲ့လား”
ဝူဟိုင်းက ဆိုင်တံခါးဖွင့်ဖွင့်ချင်း မကျေမနပ် ပြောဆိုသည်။
“အိုကေပါ။ ဆိုင်ထဲဝင်လာခဲ့ပါဗျ”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ဆိုင်ထဲ ဝင်ခွင့်ပေးသည်။
ဝူဟိုင်းက ပေါ့ပါးသော ခြေလှမ်းများဖြင့် ယွမ်ကျိုး၏နောက်မှ လမ်းလျှောက်လာသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသောဒေါသ အငွေ့အသက်များကို ယွမ်ကျိုး ခံစားမိသည်။
“ဘာများ သုံးဆောင်မလဲ”
ယွမ်ကျိုးက ဝူဟိုင်းကို မေးမြန်းသည်။
“ဗိုက်ဆာတယ်။ အစုံလိုက်ကြက်ဥထမင်းကြော် မြန်မြန်ပေး”
ဝူဟိုင်းက ယွမ်ကျိုးကို တည့်တည့်ကြည့်လိုက်သည်။ သနားစဖွယ်ကောင်းသော ဝူဟိုင်းကို တစ်ချက်ကြည့်ပြီး ယွမ်ကျိုးက စကားတစ်ခွန်းမျှ မပြောဘဲ ကြက်ဥထမင်းကြော် ပြင်ဆင်ရန် ထွက်သွားသည်။
ယွမ်ကျိုးက ပုံမှန်ထက် မြန်ဆန်သော နှုန်းဖြင့် ကြက်ဥထမင်းကြော်ကို ပြင်ဆင်ခဲ့၍ ၂မိနစ်ခန့်သာ ကြာခဲ့သည်။ ဝူဟိုင်း၏ မကျေလည်သော ခံစားချက်အားလုံး ပြယ်လွင့်သွားစေချင်သော ရည်ရွယ်ချက် ဖြစ်သည်။
ဝူဟိုင်းက ကြက်ဥထမင်းကြော် စားလိုက်၊ ဟင်းချိုသောက်လိုက်၊ မုန်လာချဉ်စားလိုက်ဖြင့် ပျော်ရွှင်နေသည်။ သူ့ယခင်က စိတ်အခြေအနေသည် ပုံရိပ်ယောင်ကဲ့သို့ ပျောက်ကွယ်သွားပြီး ကြည်နူးသော ခံစားချက်သာ ဖြစ်ပေါ်နေသည်။
ကြက်ဥထမင်းကြော်တစ်ပွဲက အရမ်းမများပေ။ ထို့ကြောင့် ဝူဟိုင်း သေချာ ညက်အောင် ဝါးပြီး မျိုချသည့်တိုင် နာရီဝက်ခန့်သာ ကြာခဲ့သည်။ ထိုစဉ် ဝူကျိုးက သူ့ကောင်မလေးနှင့်အတူတူ စားသောက်ဆိုင်သို့ ရောက်လာသည်။ သူက မနက်ခင်းက ထွက်သွားသော စားသုံးသူဖောက်သည်များနှင့် မထင်မှတ်ဘဲ ပက်ပင်တိုးသည်။
အပိုင်း(၃၆)
ပြီး၏။