ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၃)
ဝူဟိုင်းက တစ်နေ့ခင်းလုံး ဗိုက်ဆာလောင်နေသည်။ သူက တစ်ရေးအိပ်ရုံမှအပ နေ့လည်ခင်းမှာ ဘာမှမလုပ်ဆောင်နိုင်ပေ။
သူ အိပ်ရာမှ နိုးလာသောအခါ ညနေဘက် ရောက်နေပါပြီ။ ကံကောင်းမလား ကံဆိုးမလား တွေးနေမိသည်။ ကံကောင်းခြင်းက ယွမ်ကျိုး ချက်ပြုတ်သော ဟင်းပွဲကို ချက်ချင်း စားရခြင်းဖြစ်ပြီး ကံဆိုးခြင်းက ယွမ်ကျိုး၏ ဟင်းပွဲအသစ်ကို မြည်းစမ်းခွင့် မရခြင်း နှင့် ဟင်းပွဲအဟောင်းကို ချက်ချင်း မစားရခြင်းကို ဖြစ်သည်။
၇မိနစ်၊ ၈မိနစ်ခန့်ပင် မကြာလိုက် ယွမ်ကျိုးက ဟင်းပွဲများကို အပြင်သယ်လာသည်။
“မင်းတို့ရဲ့အစုံလိုက်ကြက်ဥထမင်းကြော်ရပြီ”
အဘိုး နှင့် အဘွားက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ကြက်ဥထမင်းကြော်က အတော်အတန် အရသာရှိမည်ဟု လက်ခံလိုက်သည်။
အဘွားအိုက သူ့တစ်သက်တာလုံး ချက်ပြုတ်ခဲ့ရသော အိမ်ရှင်မဖြစ်သည်။ ရိုးရှင်းသော ကြက်ဥထမင်းကြော်က သူမအတွက် ချက်ပြုတ်ရန် မခက်ခဲပေ။ သို့သော်လည်း ဤဆိုင်တွင် ရောင်းချသော ကြက်ဥထမင်းကြော်က ရွှေရောင်သန်းနေသည်။ အဆီတဝင်းဝင်းတောက်နေသော ရွှေရောင် မဟုတ်ဘဲ နေရောင်ခြည်လင်းလက်ကဲ့သို့ ရွှေရောင်သန်းနေခြင်း ဖြစ်သည်။ သို့တိုင် ဈေးနှုန်းကို တွေးမိသောအခါ အဘွားအို ခေါင်းကိုက်မိသည်။
ဟင်းပွဲလာချပေးသောအခါ ကြက်ဥထမင်းကြော်က ၁၈၈ယွမ်နှင့် ထိုက်တန်သည်ဟု ခံစားမိသည်။
အဘွားအိုက အဆီများသော အစားအသောက်များကို မနှစ်သက်ပေ။ ထို့ကြောင့် ရေမှော်ဟင်းချိုကို အရင်ဆုံး တစ်ငုံသောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“ဟူး”
လူသားများ အိုမင်လာသောအခါ အရသာခံအာရုံက ပိုဆိုးရွားလာသည်။ ထို့ကြောင့် အရသာပြင်းသော အစားသောက်ကို ပိုနှစ်ခြိုက်၍ ဆားများများ သုံးတတ်သည်။ ရေမှော်ဟင်းချိုက ရေကဲ့သို့ အရသာကင်းမဲ့လိမ့်မည်ဟု တွေးမိသည်။ တခြားဆိုင်များတွင်လည်း ဟင်းချိုက ရေအရသာ ဖြစ်နေသည်။
သို့သော်လည်း တစ်ငုံသောက်ကြည့်ပြီးနောက် သူရှင်သန်လာသော ကာလတစ်လျှောက် ယခုလို အရသာမျိုးကို မစားဖူးဟု ခံစားမိသည်။ သူ ငယ်ရွယ်စဥ်က ကဲ့သို့ ခံစားလွယ်သော အရသာခံ အာရုံကို ပြန်လည်ရရှိသည်ဟု ထင်မိသည်။
အဘွားအိုက မယုံကြည်နိုင်စွာ နောက်တစ်ဇွန်း ထပ်သောက်ကြည့်သည်။ သူမ စိတ်ကူးယဉ်နေခြင်း မဟုတ်ဘဲ ဟင်းချိုထဲမှ အနံ့အရသာ အားလုံးကို ခံစားနိုင်သည်။ ရေ၏အနည်းငယ် ချိုမြမှု နှင့် နူးညံ့သော ရေမှော်ဟင်းချိုကို ခံတွင်းတွေ့မိသည်။ အသက်အရွယ်ရလာသည်နှင့်အမျှ ဟင်းလျာများကို အရသာခံနိုင်စွမ်း ကင်းမဲ့လာသော အဘွားအိုကို ကျေနပ်စေသည်။ သူမက ငယ်ရွယ်စဉ်က အစားအသောက်ကောင်းများကို နှစ်သက်ခဲ့သည်။
ရေမှော်ဟင်းချိုကို အကြိုက်တွေ့ပြီးနောက် မုန့်လာချဉ် နှင့် ကြက်ဥထမင်းကြော်ကို ဆက်စားကြည့်ချင်သည်။ သို့သော်လည်း မုန်လာချဉ်ကို အရင်ဆုံး စားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ သလင်းကျောက်ကဲ့သို့ ဖြူဖွေးနေသော မုန်လာချဉ် နှင့် အညိုရောင်တူက အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။
"ကြက်ဥထမင်းကြော်ရဲ့ အရသာရော ဘယ်လိုမျိုးပါလဲ"
အဘွားအိုက သူ့စိတ်ထဲ ရေရွတ်သည်။ မကျေနပ်သော အမူအရာများက သူ့မျက်နှာပေါ်မှာ ပျောက်ကွယ်သွားပါပြီ။ နောက်ထပ်ဟင်းပွဲ၏အရသာကို စူးစမ်းလိုသော ခံစားချင်ဖြင့် ကြည်နူးနေသည်။
ပြောစရာပင် မလိုအပ်အောင် အဘွားအို ဘေးနားက အဘိုးအိုက ပျော်ရွှင်စွာ စားသောက်နေသည်။ မနက်ခင်း လမ်းလျှောက်ထွက်မိခြင်းက ဉာဏ်အမြော်အမြင် ရှိပြီး ကံကောင်းသည်ဟု ခံစားမိသည်။
သူက အိုမင်သော်လည်း သာယာအေးချမ်းသော မိသားစုဘဝကို ပိုင်ဆိုင်ထားသည်။ သူ့သားများ နှင့် မြေးများက သူ့ကို ကောင်းကောင်းမွန်မွန် ထား၍ သူ့အလုပ်က အိပ်လိုက်စားလိုက် ဖြစ်သည်။ သူ့ကျန်ရှိသော ဘဝသက်တမ်းတစ်လျှောက် အလိုအပ်ဆုံး တောင်းဆိုမှုက ကောင်းကောင်းအိပ် ကောင်းကောင်းစားရန် ဖြစ်သည်။ ယွမ်ကျိုး၏စားသောက်ဆိုင်က သူ့လိုအပ်ချက်ကို ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးသည်။
ရုံးဝတ်စုံနှင့်လူငယ်၏အမည်က ဝူကျိုး ဖြစ်သည်။ တကယ်တမ်း သူ့အလုပ်က Programmer(ကွန်ပြူတာညွှန်ကြားချက် ရေးသားသူ) ဖြစ်၍ မညှာမတာခိုင်းသော သူဌေးက ညဉ့်နက်ချိန်အထိ အချိန်ပိုဆင်းခိုင်းသည်။
လုံ့လဝီရိယရှိသော လူငယ်လေးတွင် ၅နှစ် ချစ်သူသက်တမ်းရှိသော ကောင်မလေးရှိသည်။ သူ့ကောင်မလေးနှင့် အမြန်ဆုံး နီးစပ်ချင်၍ လစာကောင်းသော မြို့ထဲသို့ ပြောင်းလာခြင်းဖြစ်သည်။ သူ့အိပ်မက်က တိုက်ခန်းဝယ်ပြီး သူ့ကောင်မလေးနှင့် လက်ထပ်ရန်ဖြစ်သည်။
သူ့လက်ရှိအလုပ်က တစ်လလျှင် လစာ ယွမ် ၂၂၀၀၀ရသည်။ ယွမ် ၂၀၀၀၀ကို လစဥ်လတိုင်း သူ့ကောင်မလေး၏ဘဏ်အကောင့်ထဲ ပို့ပေးပြီး ၂၀၀၀ကို လစဥ် အသုံးစရိတ် သတ်မှတ်ထားသည်။ သူက အလုပ်အမြဲရှုပ်နေသူ ဖြစ်၍ ငွေဖြုန်းချိန် မရှိပေ။ သူက ဆေးလိပ်မသောက် ၊ အရက်မသောက်၊ မိန်းမ မရှုပ်တတ်သူလည်း ဖြစ်သည်။ သူတခြားသော အထွေထွေ အသုံးစရိတ်များကို သူငယ်ချင်းများက ပေးသည်။ အိမ်ငှားရမ်းခကို သူ့ကောင်မလေးက ပေးသည့်အပြင် အဝတ်အစား၊ ဖိနပ် နှင့် အတွင်းခံများကိုပင် ဝယ်ပေးတတ်သည်။ တစ်ပတ်တစ်ခါ သူ့အိမ်လာပြီး ဟင်းချက်ပေးသည်။ ယခုလို အကောင်းတကာ့ အကောင်းဆုံး ချစ်သူလေးကို ပိုင်ဆိုင်ထားရ၍ ဂုဏ်ယူဝင့်ကြွားမိသည်။
ဝူကျိုးက သူ့အရှေ့က ၂၈၈ယွမ်တန် အစုံလိုက်ဟင်းပွဲကို ပျော်ရွှင်စွာ စားသုံးနေသော်လည်း ယနေ့ အသုံးပြုငွေက ယွမ်၄၀၀ကျော်သွား၍ စိတ်ညစ်မိပြန်သည်။ လဝက်ခန့်သာ ရှိသေးသော်လည်း သူ့ပိုက်ဆံအိတ်ထဲ ယွမ်၅၀၀ခန့်သာ ကျန်တော့သည်။
သူ့ဘေးနားတွင် ထိုင်နေသော ဝူဟိုင်းက ယခုလိုပြဿနာမျိုး မရှိပေ။ သူက ချမ်းသာကြွယ်ဝ၍ အသေးအမွှားပြဿနာရပ်ကို ဂရုစိုက်နေရန် မလိုအပ်ချေ။
ဝူဟိုင်းက မုန်လာချဉ်များက အရည်တစ်စက်မှ မကျန်အောင် ကြက်ဥထမင်းကြော်ပေါ် လောင်းချလိုက်သည်။ ထို့နောက် စားပွဲခုံပေါ်မှာ ရေမှော်ဟင်းချို နှင့် ပန်းကန်ပြားလေးကို တင်လိုက်သည်။
သူက ပန်ကန်ပြားကို ကိုင်ပြီး ကြက်ဥထမင်းကြော်ကို စားနေသည်။ အစာစားနေစဥ် သူ့ပျော်ရွှင်မှုကို ဘုရားသခင်သာ သိလိမ့်မည်။
ပျော်ရွှင်ကြည်နူးစွာ အစာစားနေသူများ နှင့် ဇွန်းသံ ခွက်သံများကို ကြားသောအခါ ထိုင်ခုံစောင့်နေသော ဖောက်သည်များသည် ခံရခက်လာပြီး မတ်တတ်ရပ်ပြီး စားသုံးခွင့်ပေးရန် တောင်းဆိုကြသည်။
အရသာရှိသော အစားအသောက်ကို စားရမည်ဆိုလျှင် မတ်တတ်ရပ်စားရခြင်း နှင့် ထိုင်စားရခြင်းက ပြဿနာရပ် မဟုတ်ပေ။
ယနေ့မှစ၍ ယွမ်ကျိုးက သူ မနက်ခင်း အိပ်ရာနိုးနိုးချင်း မနက် ၆နာရီ ၃၀မိနစ်တိုင်း ရှောင်လုံပေါင်းကို ပြင်ဆင်ရမည်။ ထိုမှသာ ရှောင်လုံပေါင်း ပွဲ၁၀၀ကို အချိန်မီ ပြီးစီးလိမ့်မည်။ တစ်နာရီအတွင်း ရောင်းကုန်ပြီးနောက် နေ့လည်ခင်းအထိ ဆိုင်ပိတ်ထားပြီး နေ့လည်ခင်းတွင် ၂နာရီခန့်ကြာအောင် ဆိုင်ဖွင့်လိမ့်မည်။ ညနေခင်းတွင် ၃နာရီကြာအောင် ဆိုင်ဖွင့်လျှင် စုစုပေါင်း ဆိုင်ဖွင့်ချိန်က ၆နာရီသာ ဖြစ်လိမ့်မည်။ ပုံမှန်အားဖြင့် ည၇နာရီအထိ မည်သူမှ အလုပ်မလုပ်ကြပေ။ အချိန်ပို အလုပ်ဆင်းရသူများက ခြွင်းချက် ဖြစ်သည်။
ဆိုင်ဖွင့်ချိန်ကို လျှော့ချလိုက်၍ ဖောက်သည် လျော့သွားမည့်အစား ယွမ်ကျိုး၏ စားသောက်ဆိုင်က အံ့ဩစရာကောင်းလောက်အောင် တိုးကြိတ်နေသည်။ ဝင်ပေါက်နားမှာ တန်းစီးနေသူများလည်း ရှိသည်။
အချိန်တရွေ့ရွေ့ ကုန်ဆုံးလာပြီး သောကြာနေ့ ရောက်လာသည်။ ယွမ်ကျိုး၏ စီးပွားရေးက ညနေပိုင်းတွင် အကောင်းဆုံးဖြစ်သည်။ အံ့ဩစရာကောင်းလောက်အောင် ဝူကျိုးက ပုံမှန်ထက် တစ်နာရီစော၍ ဆိုင်သို့ ရောက်လာသည်။ အချိန်ပို မဆင်းရ၍ ဖြစ်နိုင်သည်။
“ဝူကျိုး၊ အစောကြီး မပြန်နဲ့လေ။ ငါတို့တွေ အသားကင်သွားစားမလား”
သူက အိတ်ဆွဲပြီး အပြင်ထွက်ခါနီး ခံ့ညားချောမောသော မျက်နှာက သူ့အရှေ့ပေါ်လာသည်။
“အားနာပါတယ်။ ငါ မသွားတော့ဘူး” ဝူကျိုးက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
“ဘာပြဿနာ ရှိလို့လဲ။ အချိန်ပိုမဆင်းရတာတောင် ကြာပြီလေ။ ဒါတောင် မင်းပုံစံကြည့်ရတာ ပျော်နေပုံ မပေါက်ဘူး”
ခံ့ညားသောလူငယ်က ပြုံးရွှင်စွာ ပြောသည်။
“ခင်ဗျားအတွေးလွန်နေပြီ။ ကျွန်တော်က ကြက်ဥထမင်းကြော်ပဲ စားချင်တယ်”
ဝူကျိုးက စိတ်ပျက်အားလျော့နေ၍ လမ်းဆက်မလျှောက်ချင်ပေ။
“မစားရတာ ငါးရက်ရှိသွားပြီ။ ဘယ်အချိန်မှ လကုန်မှာလဲ”
ထိုစကားကို ပြောလိုက်စဥ် ဝူကျိုး စိတ်ဆတ်နေသည်။
ခံ့ညားသော လူငယ်က မျက်လုံးကလည်ကလည်ဖြင့် မေးမြန်းသည်။
“ကြက်ဥထမင်းကြော်က ဘယ်နေရာမဆို ဝယ်စားလို့ရတယ်လေ။ ခဏခဏစားဖို့ တန်လို့လား။ ငါတို့နဲ့အတူတူ အသားကင် မစားချင်ဘူးလား”
“မစားချင်ဘူး”
ဝူကျိုးက သူ့ပခုံးကို လာတင်ထားသော လက်ကို ဖယ်ထုတ်လိုက်သည်။ သူ့အိတ်ကပ်ထဲ ယွမ်၃၀၀ခန့်သာ ရှိတော့၍ ယွမ်ကျိုး၏ ကြက်ဥထမင်းကြော်ကိုသာ တွေးနေမိသည်။
ဝူကျိုးက သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏လိုအင်ကို ဖြည့်ဆည်းရန် အဆာပြေမုန့်ရောင်းသော လမ်းသို့ သွားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သူ ဆက်လက်ရှင်သန်ရန် ယွမ်ကျိုး၏ဆိုင်မှ အစားအသောက်များမှ လွဲ၍ တခြားအစားအသောက်များကို မစားနိုင်ဟု တွေးမိလာသည်။
သူ မကြာခဏ သွားလေ့ရှိသော လမ်းဘေးဆိုင်ဘက်သို့ ဖြတ်လျှောက်သွားစဉ် ကြောက်မက်ဖွယ်ကောင်းသော စိတ်ကူးကို တွေးမိသည်။
“သူဌေး ၊ ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ။ နောက်ပြီး သေချာထုပ်ပိုးပေးပါ”
“ရပါတယ်။ ခဏစောင့်ပေးပါ။ ခဏနေရင် အဆင်သင့်ဖြစ်စေရမယ်”
သူဌေးက အချီကြီးပြုံးကာ ပြန်ဖြေသည်။
အပိုင်း(၃၃)
ပြီး၏။