နူးညံ့ခြင်းကင်းသော ခင်ပွန်း< part 10 >
အိပ်ရာခင်းနှင့် နှစ်ယောက်လုံး ချွတ်ထားသည့် အဝတ်အစားတွေကို နှင်းက လာပေးလျှင် သူအော်ထုတ်လိုက်၏။ သူ့အော်သံကြောင့် နှင်း လန့်သွားသည်။ ထို့နောက် သူ့ကို ပြူးကြောင်ကြောင်ကလေး ကြည့်ပြီး မျက်ရည်က ဝဲလာလေသည်။
"ဟိတ်....မင်းကို ဘာလုပ်ရသေးလို့ ငိုမှာလဲ"
"အကိုက အော်တာကိုး။ ဒီမှာ လန့်သွားတာပေါ့။"
"အော်အောင် လုပ်ရင် အော်မှာပေါ့။ မငိုနဲ့။ "
"ငိုချင်လာတာကို ဘယ်လိုလုပ်ရမလဲ"
သူ့အင်္ကျီပွပွကြီး ယူဝတ်ပြီး အဝတ်တွေလည်းထွေးပွေ့ထားကာ မျက်ရည်တစမ်းစမ်းဖြစ်နေသည့် ထိုတစ်ယောက်ကိုကြည့်ပြီး သူခေါင်းကုတ်လိုက်မိသည်။ စိတ်ပျက်သလို ရေရွတ်ကာ...
"လာ....ယူလာခဲ့"
"ဟုတ်...."
သူက ယူခဲ့ဆိုတော့ ဟုတ်ဆိုပြီး အထဲဝင်လာသည်။ လျှော်ရမည့်ဟာတွေကို ကြွေပြားပေါ်ချပြီး ပြန်ထွက်သွားဖို့ လုပ်လျှင်....
"မင်းက ဘယ်သွားမှာလဲ"
"အိမ်ရှေ့သွားမို့လေ"
"ဘာကိုသွားမှာလဲ။ ဒါတွေကို မင်းလည်းကူလျှော်"
"ဟင်...နှင်းမှ မလျှော်တတ်တာ။ အကိုပဲ လျှော်လိုက်လေ။ နော်...နော်လို့။"
"တစ်ယောက်ထဲ လျှော်စရာ အကြောင်းကို မရှိဘူး။ လာ...ကူလျှော်"
"နှင်းမှ မလျှော်တတ်တာ။"
"ကျုပ်လည်း မကျွမ်းဘူး။ အတူလျှာ်ရမှာပဲ။ လုပ်...ရေဘားဖွင့်။ အဝတ်တွေကို ရေစွတ်"
"ဟုတ်..."
သူကပြောလျှင်တော့ အကုန်လုပ်သည်။ ထမင်းဟင်းချက်တာ သင်ပေးတုန်းကလည်း သူသင်ပေးသမျှ အကုန်လုပ်လေသည်။ သေချာလည်း လိုက်မှတ်၏။ ဒီလောက် သင်လွယ်တတ်လွယ်သည့် မိန်းကလေးတစ်ယောက်ကို မိုးရိပ်က အိမ်ထဲမှာပဲ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားထားတာကို အံ့ဩသည်။ သူကတော့ မိုးရိပ်လို ထားမည်မဟုတ်။ အကုန်ပြန်ခိုင်းမှာ။
"အကို...ရပြီလား။ လှမ်းရတော့မှာလား။"
"အဝတ်ကို ရေစွတ်ယုံနဲ့ ဘယ်ရမှာလဲ။ ဆပ်ပြာနဲ့လျှော်ရဦးမယ်။ "
"ဟုတ်လား။ "
"အင်း...အဲ့ဒီ့ အဝတ်တွေကို ရေချိုးကန်ထဲထည့်လိုက်။ ပြီးရင် ဆပ်ပြာမှုန့်ထည့်ပြီး ရေထည့်"
နှင်းက သူ့ကို လျှော်ခိုင်းပေမဲ့ သူက နှင်းကိုပဲပြန်ခိုင်းကာ အကုန်လုပ်ခိုင်းလေသည်။ ရေချိုးကန်ထဲ အဝတ်တွေထည့်၊ ဆပ်ပြာတွေထည့်ပြီး ရေဖွင့်ကာ ရေပါဖြည့်လိုက်သည်။ ပြီးလျှင် သူ့ကို မော့ကြည့်တော့ သူက ဘေစင်ကိုမှီထားပြီး ပါးစပ်နှင့်ခိုင်းပြန်သည်။
"ရပြီ။ လက်နဲ့ပွတ်လျှော်။ ကျုပ်အင်္ကျီတွေပါတယ်မလား။"
"ဟုတ်...ဒီမှာလေ"
နှင်းက သူ့ရှပ်အင်္ကျီကိုမြှောက်ပြ၏။ သို့သော် သူ့အင်္ကျီနှင့်အတူ နှင်း၏ အတွင်းခံပန်းရောင်လေးပါ ကပ်ပါလာလေသည်။
"ဟင်...မင်းဟာတွေပါ ရောလျော်တာလား။"
"ဟုတ်...ဘာဖြစ်လို့လဲအကို"
နှင်းက မသိရိုးမှန်စွာ ပြန်မေးလျှင် သူက မှုန်ကုတ်ကုတ်ကြည့်ကာ....
"မင်းရဲ့အောက်ခံဘောင်းဘီတွေနဲ့ ကျုပ်အင်္ကျီကို ရောလျှော်တော့ ဘုန်းနှိမ့်ကုန်တော့မှာပေါ့။ မင်းအစ်ကိုက ဒါလေးတောင် မပြောပြထားဘူးလား။"
သူအော်တော့ နှင်းမှာ မျက်နှာကလေးညိုးသွားလေသည်။ ခေါင်းလေးငုံ့ပြီး နှင်း အဝတ်စားတွေကို ဘေးသို့ဖယ်ကာ သူ့အဝတ်တွေကို သပ်သပ်ပြန်လျှော်လိုက်၏။ အဝတ်ကို လက်ဖြင့် ပွတ်ပါများပြီး လက်ဥဥကလေးတွေ နီရဲပွန်းပဲ့လာပြီး စပ်လာလေသည်။ သူ့အဝတ်တွေ လျှော်လို့ပြီးတော့ နှင်းလက်ကလေး မခံစားနိုင်အောင် နာလာလေသည်။ ငိုပြီး သူ့ကိုမော့ကြည့်ကာ....
"အကို...."
"ပြော...ဘာဖြစ်ပြန်ပြီလဲ"
"နှင်း လက်တွေစပ်လို့"
သူလက်တွေကို ယူကြည့်သည့်အခါ အခွံလေးတွေလန်နေသည်မို့ ဆက်မလျှော်ခိုင်းတော့ပေ။
"မင်းကလည်း ဒါလေးလုပ်တာတောင် မရဘူး။"
"နာတာကိုး အကိုရဲ့။ အခုတအားစပ်နေတယ်။"
"လာ...."
သူအခန်းထဲပြန်ခေါ်ပြီး လက်ကို ခြောက်အောင်ထားခိုင်းလိုက်သည်။
"ကျုပ်ရေချိုးပြီးမှ ဆေးထည့်ပေးမယ်။ ခဏအခြောက်ခံထားလိုက်"
"ဟုတ်....အကို့..ဟို"
"ကျစ်....ဘာလဲ"
"အကို့အင်္ကျီတွေက လျှော်ပြီးပြီး နှင်းရဲ့ဟာတွေမလျှော်ရသေးဘူး။ အကို လျှော်ပေးနော်"
"မလျှော်ပေးဘူး။"
"အကိုကလည်း နှင်း လက်နာနေတာကို...နော်...နော်လို့"
"မလျှော်နိုင်ဘူး။"
သူက တစ်ခွန်းထဲငြင်းကာ ရေဝင်ချိုးလေသည်။ သို့သော် ရေချိုးခန်းထဲရောက်တော့ သူမ ဘော်ဘီနှင့် အတွင်းခံပန်းရောင်လေးက ကြမ်းပြင်ပေါ်မှာ အပုံလိုက်ဖြစ်သည်။ ခြေထောက်နဲ့ဘေးကပ်ဖို့ လုပ်လိုက်ပေမဲ့ မနေသာဘဲ ကောက်ပြီးလျှော်လိုက်၏။ အတွင်းခံတွေသာမက သူမဂါဝန်ပါ လျှော်လိုက်သည်။ ရေချိုးပြီး ထွက်လာသည့်အခါ လျှော်ပြီးသားအဝတ်တွေကို ဝရံတာထွက်ပြီး တစ်ခါထဲလှမ်းထားလိုက်သည်။
သူယူသွားသည့်အထဲမှာ နှင်း၏ အဝတ်တွေကို တွေ့လိုက်ရ၍ နှင်း ပြုံးလိုက်မိသည်။ အဝတ်လှမ်းနေသည့် သူ့နောက်ကို လိုက်သွားကာ နောက်ကနေ ခါးကိုဖက်ထားလိုက်၏။
"ဘာလုပ်တာလဲ..."
"အကိုက ချစ်ဖို့ကောင်းလို့"
သူက အဝတ်ကို ပြီးအောင်သာလှမ်းနေလိုက်သည်။ သူမ အတွင်းခံတွေကို ချိတ်မှာသေချာချိတ်ပြီး လှမ်းနေတုန်း ဘေးတိုက်ကနေ လှမ်းကြည့်နေသည့် ဘဲတစ်ပွေကြောင့် သူမျက်မှာင်ကျုံ့သွားလေသည်။ ဘဲရဲ့ မျက်လုံးတွေက သူ့ဆီမှာ ရှိမနေတာတော့သေချာသည်။
နှင်း သူ့အင်္ကျီကို ယူဝတ်ပြီးဒီအတိုင်းနေနေသည်ကို သတိရသွားသည့်အခါ နောက်ကနေဖက်နေသည့် နှင်းကို ဆက်ခနဲဆွဲလှည့်ပြီး အိမ်ထဲခေါ်လာခဲ့လိုက်သည်။
"မင်းဘာလုပ်တာလဲ"
"နှင်း ဘာလုပ်လို့လဲ"
"ဘာလို့ ဒီပုံစံနဲ့ထွက်လာတာလဲ"
"ဘာဖြစ်လို့လဲ။ အင်္ကျီဝတ်ထားတာပဲကို။"
အင်္ကျီဝတ်ထားပေမဲ့ အင်္ကျီက သူ့ရှပ်အင်္ကျီ။ ကြယ်သီးက အပြည့်မတွယ်။ သူမရင်ညွှန့်ထိပေါ်နေသည်။ ဘောလီကမဝတ်၊ အောက်က အတွင်းခံမရှိ။ သူမသာ သူ့ကို ခါးမဖတ်ဘဲ လည်ပင်းလှမ်းဖက်လျှင် အောက်က ဟောင်းလောင်းဖြစ်မှာ သေချာသည်။ တစ်ဖက် တိုက်ကလှမ်းကြည့်နေသည့် ဘဲက သူမကို သွားရည်ကျနေမှာသေချာလေသည်။
"မင်းအင်္ကျီက မလုံဘူး။ အကုန်ပေါ်နေပြီ။ သွား...ရေချိုးပြီး အဝတ်လဲ"
"ဟုတ်..."
သူပြောတာနဲ့ ချက်ချင်းပြေးချိုးလေသည်။ သူလည်း နေ့လယ်စာပြင်ရင်း သူမကို ထိုင်စောင့်နေလိုက်သည်။ သိပ်မကြာခင် ဂါဝန်တိုတိုလေးနှင့် ဆံပင်လေးတွေကို ဖားလျားလေးချကာ သူ့အနားရောက်လာသည်။ ပြီးလျှင် သူ့ဘေးနားကပ်ကာ လက်ကလေးတွေကို ထောင်ပြလေသည်။
"အကို့...နှင်းလက်ကလေးတွေကို ကြည့်ဦး။ တအားနာနေတယ်။ အကို ဆေးထည့်ပေးမယ်ဆို။"
"အင်း...ထမင်းစားပြီးရင် ထည့်ပေးမယ်။"
"ဟုတ်...."
သူချက်ထားသည့် နေ့လယ်စာကို စားတော့ သူမက ဇွန်းကိုသေချာမကိုင်ပေ။ လွတ်ကျလေသည်။ သူကြည့်လိုက်သည့်အခါ မျက်နှာငယ်လေးဖြင့် ခေါင်းငုံ့ကာ....
"လက်နာလို့...."
"ဟ...."
သူဘာမှမပြောဘဲ ပါးစပ်ဟခိုင်းသည့်အခါ သူမက ပြုံးပြီးဟပေးလေသည်။ သူ့မှာ နှိပ်စက်ဖို့ယူထားသည့်မိန်းမကို ကလေးတစ်ယာက်လို ပြန်ပြုစုနေရလေသည်။ ထမင်းစားပြီးတော့လည်း လက်ကိုဆေးထည့်ပေးရသည်။ သူမက ဆေးထည့်လိုက်သည့်အခါ မျက်နှာကလေးမဲ့ပြီး ရှုံ့သွားလေသည်။
"အား....စပ်တယ်...."
"ဖူး....ဖူး....ဖူး....."
သူ့မှာ အမြန်ကုန်းမှုတ်ပေးရသည်။ နှင်းက လက်ကလေးတစ်ခါခါဖြစ်နေ၏။
"နောက်ခါကြရင် အဝတ်မလျှော်တော့ဘူး။ အဟင့်...ဟင့်....ဟင့်"
"မလျှော်လို့ရမလား။ ယောက်ျားယူပြီးရင် အိမ်မှုကိစ္စလုပ်ရမှာပေါ့"
"အကို လုပ်။ နှင်းတော့ မလုပ်ချင်ဘူး။"
"မလုပ်ချင်လည်း လုပ်ရမယ်။ မင်းကို အလှကြည့်ဖို့ ယူထားတာမဟုတ်ဘူး။ "
သူ့စကားကြောင့် နှင်းဝမ်းနည်းသွားလေသည်။ စပ်နေသည့် လက်ကလေးကိုမြှောက်ထားပြီး သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးကာ တရှိုက်ရှိုက်ငိုလေသည်။
"နှင်းကို မချစ်ဘူးဆိုပြီးပြောဦးမှာလားဟင်။ "
"ဟုတ်နေတာပဲကို။"
"မချစ်လည်း ရင်ထဲမှာပဲထားလေနော်။ နော်...လို့အကို"
"ကျုပ်ဘာသာ ထားချင်တဲ့နေရာထားမှာပေါ့။ မင်းနဲ့ဘာဆိုင်လို့လဲ"
"အကိုကလည်း...."
နှင်းက သူ့ရင်ခွင်ထဲခါင်းလေးမှီပြီး ငိုနေလေသည်။ သူက တွန်းဖယ်ပြီး မတ်တပ်ရပ်ကာ အပြင်ထွက်ဖို့ ပြင်လိုက်၏။
"အကို ဘယ်သွားမလို့လဲဟင်"
"ကျုပ် ဘယ်ကိုသွားသွားမင်းကို ပြောရဦးမှာလား"
"နှင်းကို ကိုကို့ဆီလိုက်ပို့မယ်လို့ ပြောထားတယ်လေ။"
ဟုတ်သားပဲ။ သူလိုက်ပို့ရဦးမည်။ လက်က နာရီကိုကြည့်ပြီး သူမကိုတစ်ချက်ပြန်ကြည့်ကာ....
"ထ....ခဏပဲအချိန်ရမယ်"
"ဟုတ်..."
ဒါကြတော့ ချက်ချင်းမျက်ရည်သုတ်ပြီး ထလာသည်။ တိုက်ခန်းကို စရောက်ကတည်းက အပြင်မထွက်ဘူးသည့် နှင်းမှာ ပထမဆုံးအကြိမ် တိုက်ခန်းအပြင်ထွက်သည့်အခါ သူ့ကို သေချာကိုင်ထားလေသည်။ တိုက်ခန်းကနေ ကျော်လွန်ပြီး ကားမှတ်တိုင်ရောက်သည့်အခါ ဘက်စ်ကားတိုးစီးဖို့ ပြင်လ်ုက်ပေမဲ့ လူကြပ်နေသည့်ကားတွေကြောင် သူတိုးမစီးတော့ပေ။
နှင်းကလည်း မတ်တပ်ရပ်စီးနိုင်မှာ မဟုတ်ပေ။ လက်ကလည်း ဒဏ်ရာရှိနေ၍ တက်ဆီသာငှားလိုက်၏။ တက်ဆီပေါ်ရောက်တော့လည်း နှင်းက သူ့လက်မောင်းကို မလွတ်တမ်းဖက်ထားလေသည်။ တက်ဆီကို နှင်းအိမ်ရှေ့မှာ မရပ်ဘဲ မင်းအဏ္ဍဝါမှာ သူ့အိမ်ရှေ့မှာသာ ရပ်ခိုင်းသည်။
ကားပေါ်က ဆင်းတော့မှ နှင်းကို အိမ်ပြန်ခိုင်း၏။
"မင်းကိုကိုကို တွေ့ချင်တာမလား။ သွားတွေ့။ ကျုပ်အိမ်ကနေပဲ စောင့်နေမယ်။ နာရီဝက်နေရင် ပြန်လာခဲ့"
"ဟုတ်...."
နှင်းမှာ သူ့ကို တစ်ချက်မှလှည့်မကြည့်ဘဲ သူမနေခဲ့သည့်အိမ်လေးထဲကို ပြေးဝင်သွားလေသည်။
"ကိုကိုရေ.....ဟင်"
သူမက ပျော်ပြီးအိမ်ထဲ ဝင်သွားပေမဲ့ အိမ်ထဲရောက်သည့်အခါ မြင်ရသည့်မြင်ကွင်းကြောင့် နှင်း စိတ်မကောင်းဖြစ်သွားရလေသည်။
"ကိုကို...."
မိုးရိပ်မှာ ညီမဖြစ်သူအသံကို မနည်းနားထောင်ပြီး ခေါင်းလေးထောင်ကြည့်လာ၏။
"ကိုကို...."
"ညီမလေးလား..."
"ကိုကို....ဘာဖြစ်လို့လဲ...ဘာဖြစ်လို့...အဟင့်ဟင့်ဟင့်....အရက်တွေသောက်နေတာလဲ။"
နှင်းမှာ အမူးသမားဖြစ်နေသည့် အစ်ကိုကိုဖက်ကာ ငိုလေသည်။ မိုးရိပ်မှာ ညီမလေးအိမ်ပြောင်းသွားသည့်သတင်းကြောင့် ရှာမရ၍ စိတ်လေပြီး အရက်သာအဖော်ပြုမိလေသည်။ အလုပ်ချိန်မှာ အလုပ်ကိုလုပ်ပေမဲ့ အိမ်ပြန်ရောက်သည်နှင့် အရက်နဲ့သာအဖော်ပြုလေသည်။
မင်းအဏ္ဍဝါ၏ မိခင်ကို နှင်းရှိမည့်နေရာ မေးပေမဲ့ ဒေါ်တင်မမကလည်း မသိ၍ သူလည်းသေချာမရှာနိုင်ပေ။ ဒီတော့ စိတ်မကောင်းဖြစ်သမျှကို အရက်နဲ့သာဖြေရလေသည်။
"ကိုကို အရက်တွေမသာက်ပါနဲ့နော်။ အရက်သာက်တာ မကောင်းဘူးလေ။ မသောက်ပါနဲ့ကိုကိုရယ်....နော်...."
"အင်း.....ကိုကိုမသာက်တော့ဘူး။"
မိုးရိပ်မှာ ညီမဖြစ်သူစိတ်ချမ်းသာအောင် ပြောလိုက်ပေမဲ့ အမူးကမပြေသေးပေ။ သိူ့သော် သူ့ညီမလေးကိုတော့ ဖက်ပြီး မျက်ရည်ကျနေလေသည်။
"ကိုကို့ဆီ ညီမလေး ခဏခဏလာလည်မယ်နော်။ ကိုကို အရက်မသောက်ပါနဲ့နော်"
"ကိုကိုမသောက်တော့ပါဘူး။ ညီမလေး မကြိုက်ရင်မသောက်တော့ဘူးနော်"
နှင်းမှာ ခေါင်းလေးညိတ်လိုက်ပြီး ဘေးမှာရှိနေသည့် အလုပ်သမားများကို ကြည့်ကာ....
"ကိုကို့အတွက် ပျားရည်ယူခဲ့ပေးပါ"
"ဟုတ်ကဲ့ မမလေး"
ကောင်မလေးတစ်ယာက်က သွားဖျော်ပေးပြီး ပြန်လာကာ နှင်းပျားရည်ကို ယူလိုက်၏။ ကိုကို့ကိုတိုက်ပြီး မျက်ခုံးနဲ့နားထည်တွေကို နှိပ်ပေးလိုက်သည်။
"ကိုကို သက်သာလား"
"အင်း....ရပြီ။ရပြီ။ ကိုကို့ညီမလေး လက်တွေနာကုန်မယ်....ဟင်....."
မိုးရိပ်မှာ ညီမဖြစ်သူလက်ကို ယူကြည့်လိုက်သည့်အခါ ဒဏ်ရာတွေနဲ့မို့ မျက်နှာပျက်သလို ဒေါသဖြစ်သွားလေသည်။
"ဘာဖြစ်တာလဲ ညီမလေး။ "
"ဟို...."
"ကိုကို့ကိုပြော....ဟိုအကောင် ညီမလေးကို နှိပ်စက်တာလား။ လူမဆန်တဲ့အကောင်"
"မဟုတ်ပါဘူး ကိုကို။ ညီမလေး အဝတ်လျှော်ရင်း ထိမိတာပါ။"
"ဘယ်လို....အဝတ်လျှော်ရတယ်ဟုတ်လား။ ကိုကို့ညီမလေးက အဝတ်လျှော်နေရတယ်ပေါ့။ ဟုတ်လား။ တောက်....."
မိုးရိပ်မှာ ညီမဖြစ်သူကို ပိုးလိုဥပြီးမွေးခဲ့သမျှ မင်းအဏ္ဍဝါဆိုသည့်ကောင်က ယူပြီးခိုင်းစားသည့်အခါ ဒေါသထွက်လို့မဆုံးပေ။ မူးနေတာတွေပါပျောက်လျှက် ဒေါသထွက် ညီမဖြစ်သူ လက်ကလေးကိုသာ အံတကြိတ်ကြိတ်ကြည့်ပြီး တောက်ခေါက်လိုက်မိသည်။
"ညီမလေး...အိမ်ပေါ်တက်။ ဒီကောင်နဲ့ ပြန်မလိုက်သွားနဲ့"
"ဟင်...ကိုကို"
"ဒီကောင့်လက်ထဲ ညီမလေးကို ကိုကိုပြန်မထည့်နိုင်ဘူး။ "
"မဟုတ်ဘူး ကိုကို။ဟို...ဟို...."
"နှင်းငွေ့ဖြူ....."
"ဟင်....."
အိမ်ရှေ့ကနေ လှမ်းခေါ်လိုက်သံကြောင့် နှင်း ကိုယ်လုံးလေးဆက်ခနဲ တုန်ယင်သွားရလေသည်။ မိုးရိပ်ကလည်း အိမ်ရှေ့ကို လှမ်းကြည့်လိုက်၏။ အိမ်ထဲဝင်လာသည့် မင်းအဏ္ဍဝါက မျက်လုံးတွေ စူးရဲနေကာ နှင်းကိုပဲ ဆိုက်ကြည့်နေလေသည်။
"မင်းကို နာရီဝက်ပဲ အချိန်ရမယ်လို့ မပြောလိုက်ဘူးလား။"
"ဟို....နှင်း ကိုကို့ကို စကားပြောနေလို့ပါ"
"ပြီးပြီမလား...ပြန်မယ်"
"ဟိတ်ကောင်....."
မိုးရိပ်မှာ မင်းအဏ္ဍဝါအနားကို ရောက်သွားပြီး အင်္ကျီကနေ ဆုပ်ကိုင်လိုက်လေသည်။ မင်းအဏ္ဍဝါက လက်တွေကို ပုတ်ချပစ်လိုက်၏။ သူတို့နှစ်ယောက်ကို ကြည့်၍ နှင်းမှာ အလန့်လန့်အထိတ်ထိတ်ဖြစ်ရသည်။ အရက်ဂျိုးဖြစ်နေသည့် ကိုကိုက မင်းအဏ္ဍဝါတွန်းထုတ်လိုက်သည့် အရှိန်ကြောင့် ယိုင်ကျသွားလျှင် နှင်း ပြေးထူလိုက်၏။
"ကိုကို....ကိုကို....ဘာဖြစ်သွားသေးလဲ။"
မိုးရိပ်က ခေါင်းခါလိုက်ကာ....
"ကိုကို ဘာမှမဖြစ်ဘူး။ ညီမလေး အပေါ်တက်တော့။"
"ကိုကို...."
"နှင်းငွေ့ဖြူ....လာခဲ့"
"ဟင်....."
"အပေါ်တက် ညီမလေး"
သူတို့နှစ်ယောက်ကြားမှာ နှင်း ဘာလုပ်ရမှန်း မသိဖြစ်နေလေသည်။ နှင်း သူ့ကိုပဲ ကြည့်လိုက်ကာ....
"နှင်း....နှင်း...ကိုကို့ဆီမှာ ခဏလောက်နေပါရစေ။"
"ဘာ..."
မင်းအဏ္ဍဝါဒေါသထွက်သွားလေသည်။
"မရဘူး အခုပြန်မယ်။"
"ဟို....နှင်းတောင်းပန်ပါတယ်။ ကိုကို့ဆီမှာ ခဏလောက်နေပါစေ။ ကိုကိုနေမကောင်းဘူး။ နှင်း ရှိချင်လို့ပါ။"
သူက ဘာကိုမှ နားမဝင်ဘဲ လက်ကနေဆွဲခေါ်လိုက်၏။ ထိုအခါ နှင်းဆီကနေ နာကျင်သည့်အသံလေးထွက်လာလေသည်။
"အား...."
သူလက်ကိုကြည့်လိုက်မှ သူမ ဒဏ်ရာရသည့်လက်ဖြစ်နေလေသည်။ သူချက်ချင်းပြန်လွတ်ပေးလိုက်၏။ နှင်းက သူ့ကို အသနားခံသည့် မျက်လုံးတို့ဖြင့် ကြည့်ကာ....
"တစ်ရက်ထဲပါနော်....အကို....တစ်ရက်ထဲပဲလေ"
သူဘာမှမပြောဘဲ လှည့်ထွက်ခဲ့လိုက်သည်။ တိုက်ခန်းကိုတော့ မပြန်ပေ။ ခေါင်းရင်းက သူ့မိခင်ခြံကိုသာ ပြန်လိုက်၏။ နှင်းကို အစက ရအောင် ပြန်ဆွဲခေါ်ဖို့လုပ်ထားပေမဲ့ မခေါ်ဘဲ ထားရစ်ခဲ့မိသည်ကို သူ့ကိုသူ အံ့လည်းအံ့ဩမိ၏။
Bon Bon summer 🌞