ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၃၁)
ယွမ်ကျိုးက ဆိုင်စောစော ဖွင့်လိုက်သည်။ ညနေ ၄နာရီ ၄၀မိနစ်ခန့်သာ ရှိသေး၍ လူအများစု အလုပ်လုပ်နေသော အချိန်ဖြစ်သည်။ ပုံမှန်အားဖြင့် ဤအချိန်တွင် စားသုံးသူ ဖောက်သည် လာလေ့မရှိချေ။
သို့သော်လည်း ယွမ်ကျိုး ဆိုင်တံခါးဖွင့်ဖွင့်ချင်း ၁၀ယောက်ထက် ပိုများသော စားသုံးသူ ဖောက်သည်များက အပြင်ဘက်မှာ အဆင်သင့် စောင့်ဆိုင်းနေသည်။ သူက ငေးတိငေးငိုင် ကြည့်ကာ မေးမြန်းလိုက်သည်။
“ဒီနေ့ အစောကြီး ရောက်နေပါလား။ ဘယ်လို ဖြစ်ရတာလဲ”
“မစောပါဘူး။ ၅နာရီထိုးနေပြီလေ။ ခင်ဗျားပဲ နောက်ကျနေတာပါ”
တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်စဉ် လူအများအကြီးက ဆိုင်ထဲ ထိုးကြိတ် ဝင်ရောက်လာသည်။
“စကားလမ်းကြောင်းမလွှဲနဲ့ သူဌေးယွမ်။ ဟင်းလျာအသစ် ထွက်တယ်ဆိုတဲ့ သတင်းက အမှန်ပဲလား”
ဆိုင်သို့ မကြာခဏ လာရောက်လေ့ရှိသည့် ချစ်စရာကောင်းသော ညီမငယ်လေးက မေးမြန်းသည်။
“ဟေ့ ထိုင်ခုံနေရာယူထားတဲ့လူတွေက ဟင်းပွဲ မြန်မြန်မှာကြပါနော်။ မင်းတို့နောက်မှာ စောင့်နေတဲ့သူတွေ အများကြီး ရှိသေးတယ်”
ဆိုင်သို့ လာရောက်သော ဧည့်သည်များက ဤတစ်ကြိမ်တွင် ပိုများနေသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်တွင် ထိုင်ခုံ ၈လုံးခန့်သာ ရှိသောကြောင့် စားသုံးသူဖောက်သည် ၇ယောက်က မတ်တတ်ရပ်နေရသည်။ ထို့ကြောင့်လည်း ရုပ်ချောချော လူငယ်လေးက အလျင်စလို သတိပေးခြင်း ဖြစ်သည်။
“ကလေး၊ မင်းဘာသာမင်း နောက်ကျမှ ရောက်လာတာလေ။ အော်ဒါမတင်ခင် ငါ မေးချင်တာကို မေးပါရစေဦး”
ချစ်စဖွယ်ကောင်းသော ကောင်မလေးက ခေါင်းလှည့်ကာ ကောင်လေးကို မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် သူမက ကလူသော အမူအရာဖြင့် ယွမ်ကျိုးကို လှည့်ကြည့်သည်။ မျက်နှာထား ပြောင်းလဲခြင်းက မြန်ဆန်လွန်းပါဘိ။
တခြားသော ဖောက်သည်များလည်း အော်ဒါမမှာသေးဘဲ ယွမ်ကျိုး၏အဖြေကို စောင့်ဆိုင်းနေသည်။
“ဟုတ်တယ်။ အဲဒီသတင်းက အမှန်ပဲ။ ဒါပေမဲ့ ဟင်းပွဲအသစ်က မနက်ပိုင်းပဲရောင်းမယ်။ နေ့ခင်းပိုင်း နဲ့ ညနေပိုင်းမှာ မရောင်းဘူး”
ယွမ်ကျိုးက သူ ထိုင်နေကျ နေရာသို့ ပြန်သွားပြီး နှင်းတမျှ ဖြူဖွေးသော ရှေ့ဖုံးခါးစည်းကို တပ်ဆင်ကာ ခေါင်းပင်မဖော်ဘဲ ပြန်ဖြေသည်။
“ဘယ်လိုဖြစ်ရတာလဲ။ ညစာအနေနဲ့ ရှောင်လုံပေါင်း ရောင်းလည်း ပြဿနာ မရှိဘူးလေ”
ချစ်စဖွယ်ကောင်မလေးက မပျော်မရွှင် အမူအရာဖြင့် စကားပြောသည်။
“ဒါဆိုရင် ဒီကနေ့ညတော့ ရှောင်လုံပေါင်း မစားရတော့ဘူး ထင်တယ်။ သူဌေးယွမ်က အမြဲတမ်း စာအုပ်ကြီး။ ဒါဆိုရင်လည်း ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ”
ကောင်းစွာဝတ်စားထားသော အမျိုးသားက ချစ်စဖွယ်ကောင်မလေး ဘေးနားမှာ ထိုင်နေပြီး လက်လျှော့ဟန် ရယ်မောသည်။
“ကြက်ဥထမင်းကြော်”
တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် အော်ဒါတင်ကြသည်။
ဤမြင်ကွင်းကို စောင့်ကြည့်နေသူ အများစုက ယောက်ျားသားများဖြစ်ပြီး ကျန် ၇ဦးက အသက်ကြီးကြီး အမျိုးသမီးများ ဖြစ်သည်။ သူတို့အားလုံးက ရင့်ကျက်သော မျက်နှာအမူအရာ ရှိနေ၍ ချစ်စဖွယ်ကောင်းသော အပြုအမူကို လုပ်ဆောင်ရန် မသင့်လျော်ပေ။ သို့တိုင် မိန်းမငယ်လေးက ချစ်စဖွယ် အပြုအမူကို လုပ်ဆောင်နိုင်သည်။ ယွမ်ကျိုးက ကောင်မလေး၏ တောင်းဆိုမှုကို လက်ခံလျှင် လူတိုင်းက ရှောင်လုံပေါင်း အရသာကို မြည်းစမ်းခွင့်ရမည်။ ထို့ကြောင့်လည်း ကောင်မလေးက ယွမ်ကျိုးကို ဖျောင်းဖျနေသော မြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
“ဟုတ်ကဲ့ အော်ဒါတင်ထားတဲ့သူတွေက ခဏပဲစောင့်ပေးပါ” ယွမ်ကျိုးက သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ကြက်ဥထမင်းကြော် ပြင်ဆင်ရန် မီးဖိုချောင်းသို့ သွားသည်။
စားသောက်ဆိုက်၏ ပင်မခန်းမဆောင်ထဲတွင် စားသုံးသူ ဖောက်သည်များ ဆွေးနွေးပြောဆိုနေသည်။
“သူဌေးယွမ်မှာ ထူးချွန်တဲ့ ဟင်းချက်စွမ်းရည် ရှိတယ်လို့ ဘာကြောင့် ထင်တာလဲ”
ကြည့်ကောင်းသော ဆယ်ကျော်သက်လူငယ်က ခေါင်းစဥ် ရွေးချယ်ပေးပြီး ဟင်းပွဲ မရောက်ခင် စကားပြောသည်။
“သူဌေးယွမ်က သေချာပေါက် သာမန်လူ မဟုတ်ဘူး”
လူတိုင်းက တစ်ယောက်တစ်ခွန်း ပြန်မပြောခင် သူ့ကိုယ်သူ ပြောလိုက်သည်။
ချစ်စဖွယ်ကောင်မလေးက ကျက်သရေတင့်တယ်စွာဖြင့် မျက်လုံး ကလည်ကလည် လုပ်သည်။
“ပေါက်ပန်းလေးဆယ် မပြောနဲ့။ သာမန်လူက ဒီလိုအရသာရှိတဲ့ ဟင်းပွဲကို ချက်တတ်ပါ့မလား”
“ဟား ဟား ဟား၊ ဆန့်ကျင့်ဘက် ပြောရရင် သူဌေးယွမ်ရဲ့ ဟင်းချက်စွမ်းရည်က သာမန်ထက် သာလွန်တဲ့အပြင် နောက်တစ်ပွဲ ထပ်မရောင်းတဲ့ စည်းမျဉ်းကလည်း ထူးဆန်းနေသေးတယ်”
ဗိုက်ပြည့်အောင် မစားရသော ဖောက်သည်က မကျေနပ်ချက်ကို ပြောဆိုသည်။
“ဒါတော့ အမှန်ပဲ။ တခြားစည်းမျဉ်းတွေကို လက်ခံနိုင်ပေမဲ့။ နောက်တစ်ပွဲ ထပ်မရောင်းပေးတာကို လက်မခံချင်ဘူး။ ဘာလို့များ မရောင်းတာလဲ”မျိုးစုံ ဆွေးနွေးပြီးနောက် ခေါင်းစဉ် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားသည်။
လူတိုင်းက မတူညီသော ရှုထောင့်ဖြင့် ပြောဆိုခြင်း ဖြစ်သည်။
“သူဌေးယွမ်ကို သံလိုက်အိမ်မြှောင်လို့ ခေါ်တာ မထူးဆန်းဘူး။ သူက စည်းမျဉ်းပဲ သိတာလေ”
ချစ်စရာကောင်မလေးက ယွမ်ကျိုး၏ နာမည်ပြောင်ကို ခေါ်ကာ စားပွဲခုံကို မခံမရပ်နိုင် ခေါက်လိုက်သည်။
စားသုံးသူ ဖောက်သည်ဟောင်းများက ယွမ်ကျိုးပင် မသိဘဲ ယွမ်ကျိုးကို သံလိုက်အိမ်မြှောင်ဟု အမည်ပေးထားခြင်း ဖြစ်သည်။ ဤနာမည်ပြောင်ကို ယင်ယာက အစပျိုးခဲ့ခြင်း ဖြစ်သည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ဖောက်သည်အများကြီး ခေါ်လာပေးသူလည်း ဖြစ်သည်။ ဤဇာတ်လမ်းကို ပြောရလျှင် အစုံလိုက်ကြက်ဥထမင်းကြော် စတင်ရောင်းချသော နေ့ရက်မှ အစပျိုးရလိမ့်မည်။
ထိုစဉ်အခါက ယင်ယာသည် ရေမှော်ဟင်းချို နှင့် မုန်လာချဉ် ထပ်ထည့်ပေးရန် တောင်းဆိုခဲ့သော်လည်း ယွမ်ကျိုးက ငြင်းပယ်ခဲ့သည်။ ထို့နောက် သူမက စိတ်ဆိုးမာန်ဆိုးဖြင့် စားသောက်ဆိုင်မှ ထွက်သွားသည်။ သူမ အိမ်ပြန်ရောက်သောအခါ ဤအကြောင်းကို ထပ်တလဲလဲ တွေးတောမိ၍ မပျော်မရွှင် ဖြစ်နေသည်။
ရေမိုးချိုးပြီးနောက် မိတ်ကပ်မသုံးထားသော မျက်နှာကို ဓာတ်ပုံရိုက်ကာ [ ကျွန်မကို လှတယ်လို့ ထင်လား]ဟု စာတန်းထိုးကာ လိုင်းပေါ်တင်လိုက်သည်။
ချောမောသော မိန်းကလေးများက ဆွဲဆောင်မှု ရှိကြသည်။ ငယ်ငယ်တည်းက ရုပ်ရည်ချောမောသော ယင်ယာ၏ အလှအပက စာမဖွဲ့နိုင်ချေ။
မိတ်ကပ်မလိမ်းခြယ်ထားသော်လည်း ဖြူဖွေးသော အသားရေ၊ မက်မွန်သီးပုံစံမျက်ဝန်း၊ ဇင်ယော်တောင် မျက်ခုံး၊ နှင်းဆီးရောင်သန်းသော ပါးမို့မို့ နှင့် နှုတ်ခမ်းနီး မဆိုးထားလျှင်ပင် အနီရောင်သန်းနေသော နှုတ်ခမ်းကြောင့် သူမ၏အလှအပကို စံချိန်သတ်မှတ်လျှင် ၈/ ၁၀ ဖြစ်၏။
သူမ၏အလှအပ အဆင့်တန်းကြောင့် သူမ၏ ဓာတ်ပုံက သူမ၏သူငယ်ချင်းမိတ်ဆွေများကြား Like အများအပြား ရရှိသည်။ ယင်ယာက ယုံကြည်မှု ပြန်ရသောအခါ နောက်ထပ် စာတင်သည်။
[ဒီကနေ့ နေ့လည်ခင်းတုန်းက ကြက်ဥထမင်းကြော်ဝယ်စားတုန်းက ရေမှော်ဟင်းချို နဲ့ မုန်လာချဉ်ကို ပိုက်ဆံထပ်ပေးပြီး ဝယ်စားမယ်လို့ တောင်းဆိုခဲ့တာတောင် အငြင်းခံရတယ်]
သူမ တင်လိုက်သော စာသားအောက်တွင် ပြန်စာ(Reply)မျိုးစုံ ရှိသည်။
[ယင်ယာ၊ ဟန်နီ၊ ကိုယ်မင်းကို စားသောက်ဆိုင် တစ်ဆိုင်ဆိုင်မှာ လိုက်ဝယ်ကျွေးမယ်လေ] Bestie
[လိမ္မာနော်။ မင်း ကြိုက်တဲ့ အစားအသောက်တွေ လိုက်ကျွေးမယ်] Pretty Time
[မိန်းမပျိုလေးတွေကို ကြင်နာရကောင်းမှန်း မသိတဲ့ သူဌေးကို ကိုယ်နဲ့ ပေးတွေ့လိုက်စမ်းပါ]
ပြန်စာ အများစုက သူမ တင်လိုက်သော စာ၏အဓိက အချက်ကို မဖမ်းဆုပ်နိုင်ခဲ့ပေ။
[အလှလေး၊ မင်းလိုလူက ကြက်ဥထမင်းကြော်ကြိုက်တာ အံ့ဩစရာပဲ။ ငါတို့တော့ မကြိုက်ဘူး] Happy through poor
[အဲဒီဆိုင်ကို မင်းနဲ့အတူတူ လိုက်ခဲ့မယ်။ ဒါဆိုရင် မင်းက ကိုယ်မှာထားတဲ့ ဟင်းပွဲကို စားလို့ရတာပေါ့။ မင်းက ရုပ်ချောပြီး ကိုယ်က ရုပ်ဆိုးတယ်လေ]
So Ugly that Cosmestic Surgery is needed
[မင်းကို အစားအသောက် လိုက်ကျွေးရတာ ငါ့အတွက် ဂုဏ်ယူစရာပါ။ အသားကင် သွားစားကြမလား]
Drinking Beer While Eating Fired Chicken
သူငယ်ချင်းအများစုက ကိုယ်ပိုင်သီးသန့် စာတိုပို့ဆောင်ရေးမှ တဆင့် ဖြစ်ပျက်သမျှ အခြေအနေကို မေးမြန်းသည်။ ယင်ယာက ယွမ်ကျိုး၏ စားသောက်ဆိုင်လေးနှင့် ပတ်သက်၍ အသေးစိတ် ရှင်းပြခဲ့သည်။ ဤကာလအတောအတွင်း သူမက ယွမ်ကျိုးကို သံလိုက်အိမ်မြှောင်ဟု နာမည်ပြောင် ပေးခဲ့သည်။
ယင်ယာ ၏ သူငယ်ချင်းများ ကောင်းမှုဖြင့် ဤဇာတ်လမ်းလေးက တဖြည်းဖြည်းချင်း ပို၍ လူသိများလာခဲ့သည်။
ဤဆိုင်ပတ်ဝန်းကျင်နားမှ အလုပ်သမားများက အရသာကို မြည်းစမ်းကြည့်ရန် ဆိုင်သို့ လာရသည်။ အရသာကို မြည်းစမ်းကြည့်ပြီးနောက် ယွမ်ကျိုး စားသောက်ဆိုင်၏ သစ္စာရှိ ဖောက်သည်ဖြစ်သွားသည်။ မည်သို့ပင်ဆိုစေကာမူ အစာစားခြင်းသည် လူ့ဘဝ၏ အရေးပါဆုံး အစိတ်အပိုင်း ဖြစ်သည်။
စားသောက်ဆိုင်က ကျဉ်းပြီး ထိုင်ခုံအများကြီး မရှိသောကြောင့် အမြဲတမ်း လူပြည့်ကျပ်နေသည်။ ဖောက်သည်များကလည်း ကြုံနေကျ ပြဿနာရပ်ဖြစ်သောကြောင့် အစားအသောက် စားပြီးမှသာ ဆိုင်မှထွက်သွားလေ့ရှိသည်။ များပြားလှသော ပရိသတ်များကြောင့် စားဖိုမှူးယွမ်ကျိုးမှာ အနားယူချိန် မရှိပေ။
ပထမဆုံး ဖောက်သည် ၁၀ယောက်ကျော် ထွက်သွားပြီးနောက် ထိုင်ခုံများကို ထပ်ရောက်လာသော ဖောက်သည်များက နေရာယူသည်။ ထို့အပြင် မနက်ခင်းတုန်းက ရှောင်လုံပေါင်း စားခဲ့သော ဖောက်သည်များကလည်း ဆိုင်ထဲ အတင်းအကျပ် ပြေးဝင်လာ၍ ၃၀မီတာ ပတ်လည်ရှိသော အခန်းလေး ပြည့်ကျပ်နေသည်။
“လူငယ်လေး။ ငါ့မိန်းမနဲ့ ငါအတွက် ရှောင်လုံပေါင်း တစ်ပွဲချင်းစီ ပေးပါ။ နေ့ခင်းတုန်းက မစားလိုက်ရလို့ စားချင်တဲ့ အာသီသ ဖြစ်နေတယ်”
အဘိုးအိုက သူ့ဇနီးသည်၏လက်ကို ဆွဲပြီး ထိုင်ခုံမှာ နေရာယူလိုက်စဉ် စိတ်အားထက်သန်စွာ ပြောဆိုသည်။
“အားနာပါတယ်။ ရှောင်လုံပေါင်းကို နေ့ခင်းပိုင်းနဲ့ ညနေပိုင်းတွေမှာ မရောင်းပါဘူး”
ယွမ်ကျိုးက မနက်ခင်းမှ ဖောက်သည်များ ရောက်လာ၍ စိတ်ရှည်ရှည်ဖြင့် ရှင်းပြသည်။
ယွမ်ကျိုး၏စကားသံကို ကြားပြီးနောက် အဘိုးအို မှင်တက်သွားသည်။ အဘိုးအိုက သနားချင့်စဖွယ်ကောင်းသော လေသံဖြင့် ထပ်မံ့ တောင်းဆိုပြန်သည်။
“လူငယ်လေးရယ် ဒီလိုမလုပ်ပါနဲ့။ ကျုပ်တို့ အဘိုးကြီးအဘွားကြီး လင်မယားက မင်းရဲ့လက်ရာကို စားချင်လွန်းလို့ ဒီဆိုင်ကို ရောက်လာတာ ၂ခေါက် ရှိသွားပြီ”
“အားနာပါတယ်”ယွမ်ကျိုးက အဘိုးအို၏တောင်းဆိုမှုကို ငြင်းပယ်သည်။ ထိုနည်းတူစွာ ရှောင်လုံပေါင်း လာစားသော ဖောက်သည်များက တစ်ယောက်တစ်ခွန်း ပြောဆိုကြသည်။
“သူဌေး၊ ကျုပ် ခင်ဗျားရဲ့ရှောင်လုံပေါင်းကို မနက်ခင်းက စားပြီးတော့ နေ့လည်စာတောင် မစားဖြစ်တော့ဘူး။ တခြားအသားဟင်းပွဲကို စားရင်တောင် ခင်ဗျားရဲ့ရှောင်လုံပေါင်း အကြောင်းပဲ တွေးနေမိတယ်။ အခုဆိုရင် တခြားအစားအသောက်တွေက ကျုပ်အတွက် အရသာ မရှိတော့ဘူး”
အားကစားဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားက ခေါင်းကုတ်ရင်း စိတ်အားထက်သန်စွာ ပြောဆိုသည်။
“တခြားဆိုင်က ဖက်ထုပ်တွေကို စိတ်ထဲ ဝက်စာလို့တောင် ထင်နေမိပြီ”
ယွမ်ကျိုးက သူ့စကားကြောင့် ဆွံ့အသွားသည်။
“သူ ပြောတာအမှန်ပဲ။ ခင်ဗျား ဖန်တီးထားတဲ့ ရှောင်လုံပေါင်းက ကျွန်တော် စားဖူးသမျှထဲမှာ အရသာ အရှိဆုံးပဲ။ ချဲ့ကားပြောတာ မဟုတ်ဘူးနော်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ”
အဘိုးအို “…”
အပိုင်း(၃၁)
ပြီး၏။